Chapter 26.2
“ယောကျာ်းပြန်လာပြီ”
အန်ဒီကို အပြင်လိုက်ပို့ပြီးနောက် သူက စိတ်ဓာတ်ကျကာ အိမ်ထဲဝင်လာသည်၊ သူက ဆိုဖာပေါ်မှာ စိတ်ပျက်လက်ပျက်ထိုင်ကာ ဘာလုပ်ရမလဲမသိပေ။
အန်တီဝမ်က သူ့ကို ချီဝိုင်ကိုဖြည့်ထားသည့် လတ်ဆတ်သော လက်ဖက်ရည်တစ်ခွက်ကို ယူလာပေးသည်။
“မင်းကချီဓာတ်ချို့တဲ့နေလို့ ဘယ်ရီလက်ဖက်ရည် နေ့တိုင်းဖျော်ပေးဖို့ မစ္စတာရှန်ကမှာထားတယ်။”
ရှန်းယုဟန်က စိတ်မပါသလို ပြောလိုက်သည်။ “ကျေးဇူးပါ”
အန်တီဝမ်က ဘေးမှာရပ်နေပြီး ပုံမှန်လိုထွက်မသွားပဲ သူမပါးစပ်ကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ “မစ္စတာရှန်း.. မင်းနဲ့ အဲ့ဒီလူလေးနဲ့ပြောတာကို ကျွန်မကြားခဲ့တယ်။”
“ဟုတ်?” ရှန်းယုဟန်က ခေါင်းမော့လိုက်သည်။ အန်တီဝမ်က မီးဖိုချောင်ကိစ္စကလွဲရင် သူ့နဲ့ တခြားအကြောင်းပြောတာရှားသည်။
အန်တီဝမ်က အသက်ငါးဆယ်အရွယ်ဖြစ်ပြီး သေချာထိန်းသိမ်းထားတာကြောင့် အမျိုးသမီးများစွာထက် စိတ်ထားပိုကောင်းပြီး စကားသိပ်မပြောပေ။ တကယ်တော့ ရှန်းယုဟန်သည် သူမက စကားများပြီး တခြားသူများနှင့် ပေါင်းသင်းဆက်ဆံတတ်သူဆိုတာကို သိသည်။ သူမက ပုံမှန်ဆိုရင် အလုပ်ကိုတော့ ငြိမ်ငြိမ်လေးလုပ်တတ်သူဖြစ်၏။
ဒီနေ့တော့ သူမထိုင်မကြည့်နိုင်တော့၍ သူမပါးစပ်ကိုဖွင့်လိုက်သည်။
အန်တီဝမ်က ပြောလာသည်။ “ကျွန်မ မစ္စတာရှန်းအတွက် ချက်ပြုတ်ပေးနေတာကြာပါပြီ၊ ကျွန်မက သခင်လေးထက် အသက်ကြီးပေမယ့် အသက်အရွယ်ကို အခွင့်ကောင်းမယူချင်ပါဘူး။ ဒါပေမယ့် မစ္စတာရှန်းအတွက် တရားမျှတအောင် စကားနည်းနည်းတော့ပြောပေးချင်တယ်။ အဲ့ဒီလူငယ်လေးပြောတာကို နားမထောင်ပါနဲ့၊ သူတို့ရဲ့နယ်ပယ်က ပရမ်းပတာနိုင်ပါတယ်။ ကျွန်မက ဒီနေရာမှာ အချိန်အကြာကြီးအလုပ်လုပ်ခဲ့ပေမယ့် မစ္စတာရှန်း လူခေါ်လာတာကိုတော့ တစ်ခါမှမတွေ့ဖူးပါဘူး။”
ခက်ခက်ခဲခဲမြှင့်တင်ထားရသော ရှန်းယုဟန်၏စိတ်ဓာတ်က ထိုးထောင်လာပြီး မစိုးရိမ်သလိုဟန်ဆောင်ကာ ပြောလိုက်သည်။ “သိပါတယ်၊အန်တီ စိတ်မပူပါနဲ့၊ ကျွန်တော်က ခိုင်မာမှုမရှိတာတွေကို မယုံပါဘူး။”
အန်တီဝမ်က သူ့အမူအရာက ပြန်တည်ငြိမ်လာတာကိုတွေ့တော့ ပြုံးလိုက်သည်။ “ဒါကအကောင်းဆုံးဘယ်ရီပဲ၊ မင်းကျန်းမာရေးအတွက်ကောင်းတယ်။ သောက်ပြီးရင် နောက်တစ်ခွက်ဖျော်ပေးပါမယ်။”
“ဟုတ်ကဲ့၊ အန်တီ” သူကလည်း အန်တီကိုယုံချင်ပေမယ့် သူ့ခင်ပွန်းကို လိုချင်တပ်မက်နေသော လူအများကြီးရှိတာက သိသာနေတာကြောင့် သူက အနည်းငယ်ဝမ်းနည်းနေသည်။ အရင်ကဆို ထိပ်တန်းကျောင်းသားလည်းရှိခဲ့ပြီး အခုတော့ ရှို့မျိုးစုံရော ဇီးရိုးလေးတွေရော စုံလင်နေသည်၊ ဇနီးကောင်းတစ်ယောက်အနေနဲ့ သူ့ရာထူးက အန္တရာယ်ရှိနေသည်။
ခေတ်သစ်အမျိုးသားတစ်ယောက်ရဲ့ ဇနီးဖြစ်ရတာ ခက်ခဲလိုက်တာ။
–
အန်ဒီက ရှန်းယုဟန်နှင့် ရှန်ချီဟွမ်း၏ အိမ်မှထွက်လာပြီးနောက် စတူဒီယို ပြန်ရောက်ရောက်ချင်း စတူဒီယို၏ ဆန့်ကျင်ဘက်ကော်ဖီဆိုင်မှာ တွေ့ဆုံရန်တောင်းဆိုထားသော ဖုန်းခေါ်ဆိုမှုတစ်ခုကိုရရှိခဲ့သည်။
အန်ဒီက ထိုင်လိုက်ပြီးနောက် တစ်ဖက်လူက စိတ်မရှည်စွာမေးလာသည်။ “ငါပြောခိုင်းသမျှကို ပြောခဲ့ရဲ့လား?”
အန်ဒီက သူ့ကိုစိတ်မရှည်တော့ပဲ “ဒီအကြောင်းကို ရှန်းယုဟန်ကို ဘာလို့ပြောခိုင်းတာလဲ ငါနားမလည်ဘူး။ ဒီတစ်ကြိမ်ပဲ.. ငါမင်းအပေါ်တင်ထားတဲ့အကြွေးကို ဆပ်ပြီးပြီလို့မှတ်လိုက်တော့၊ ရှန်ချီဟွမ်းက ငါရဲ့ဖောက်သည်ဟောင်းပဲ၊ ဒီကိစ္စကိုသူသိသွားရင် ငါ့ကုမ္ပဏီက အရေးကြီးဖောက်သည်တစ်ဦးကို ဆုံးရှုံးရလိမ့်မယ်။”
ဆန့်ကျင်ဘက်မှာထိုင်နေသော လူက ရှန်ချီယွင်ဖြစ်သည်။
ရှန်ချီယွင်က လွန်ခဲ့သည့်နှစ်ရက်မှာ သူ့အပေါ် အေးစက်စွာဆက်ဆံသည့် ရှန်းယုဟန်အကြောင်းကို တွေးနေခဲ့ပြီး အခုတော့ သူက မျက်ကွင်းတောင်ညိုနေခဲ့သည်။ “သူကလွဲရင် ငါမင်းကို တခြားဖောက်သည်တွေနဲ့ မိတ်ဆက်ပေးပါမယ်။”
အန်ဒီက မှုန်ကုပ်ကုပ်မျက်နှာဖြင့် ပြောလိုက်သည်။ “ရှန်းယုဟန်က မင်းနဲ့ အခုဘာမှမပတ်သတ်တော့တာကို ဒီလိုလုပ်လို့ဘာရမှာလဲ? ရှန်းယုဟန်က ရိုးရှင်းတဲ့လူလို့ ငါထင်တယ်၊ သူနဲ့ရှန်ချီဟွမ်းကြားက ဆက်ဆံရေးကို ဒီလိုဖျက်စီးပစ်တာက မင်းအတွက်မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် ရှန်ချီဟွမ်းက မင်းအစ်ကိုဖြစ်ပြီး ရှန်းယုဟန်က မင်းမရီးပဲ။”
ရှန်ချီယွင်က ခါးသီးသောကော်ဖီကို တစ်ငုံသောက်ပြီး လန်းဆန်းသွားကာ မျက်နှာကြုတ်ပြီး ပြောလိုက်သည်။ “ရှန်းယုဟန်က ရိုးရှင်းတဲ့လူ? မင်းမှားနေပြီး ယောကျာ်းတွေအပေါ် မင်းအမြင်က တကယ်ကိုမကောင်းတာပဲ။”
အန်ဒီက သူ့ကိုစိတ်ဆိုးသွားကာ ဒေါသတကြီးထရပ်လိုက်သည်။ “လူတွေကိုထုတ်ဖော်လို့ရပေမယ့် အားနည်းချက်ကိုတော့ မထုတ်ဖော်မိစေနဲ့၊ ပြီးတော့ ဒီကိစ္စထဲ ငါ့ကိုဆွဲမထည့်နဲ့၊ မင်းတို့ညီအစ်ကိုတွေကြား ငါဝင်ပါမှာမဟုတ်ဘူး။”
“စိတ်မပူပါနဲ့ ရှန်းယုဟန်က မင်းကိုသံသယမဝင်ပါဘူး။ သူက အဲ့လောက်ဉာဏ်မကောင်းဘူး။” ရှန်ချီယွင်က အခိုင်အမာပြောလိုက်ပြီး သူ၏တင်းမာနေသောမျက်နှာက ယုံကြည်မှုအပြည့်ရှိနေသည်။
ရှန်းယုဟန်က သူ့ကိုဆွဲဆောင်ဖို့ ရှန်ချီဟွမ်းကို အသုံးချမှတော့ သူက သူနဲ့ရှန်ချီဟွမ်းကြားက ငြိမ်းချမ်းရေးကို ဖျက်စီးပစ်မယ်၊ ရှန်ချီဟွမ်း သူ့ကိုကာကွယ်ပေးနိုင်သေးလား ကြည့်ကြတာပေါ့။
ဒီလိုလုပ်ပြီး ရှန်းယုဟန်နှင့် ရှန်ချီဟွမ်း အနာဂတ်မှာ အတူတူရှိသွားမှာကို အဆုံးသတ်ပစ်မည်။
ရှန်းယုဟန်က သူ့ကိုကြိုက်နေပြီး ရှန်ချီဟွမ်းကို ဆွဲဆောင်နေတာမို့ ရှန်ချီဟွမ်း၏ မျက်နှာအစစ်ကို သူမြင်အောင်ပြပေးရတာပေါ့။
–
ယူအက်စ်အဝေးတစ်နေရာမှာရောက်နေသော ရှန်ချီဟွမ်းက သူ့ကုတ်ကို ဝတ်ထားပြီး အပူချိန်က သူတို့မြို့ထက် ကျဆင်းတာမြန်နေသည်။
ဒီနှစ်ရက်က ကုန်တာမြန်လွန်းပြီး ဒီနေ့ညှိနှိုင်းမှုက ချောမွေ့နေပြီး သူက ရှန်းယုဟန်နှင့် ပိတ်ရက်ကိုဖြတ်သန်းဖို့ စောစောအိပ်ပြန်နိုင်ပြီ။
ခြောက်နာရီတွင် လမ်းမပေါ်မှာ ဖြတ်သွားဖြတ်လာသိပ်မရှိပဲ ယူအက်စ်က လူတွေက အခြေခံအားဖြင့် အချိန်ပိုမဆင်းကြပဲ အချိန်ပိုဆင်းသူရှိရင်လည်း လုံခြုံရေးအစောင့်က တိုင်ကြားနိုင်သည်။
လက်ထောက်ချွီက ဇိမ်ခံဘရန်းဆိုင်ကို သွားဖို့အချိန်ကျပြီလို့ ရှန်ချီဟွမ်းကို ပြောခဲ့သည်။ ရှန်ချီဟွမ်းက ခေါင်းညိတ်လိုက်ပြီး အခုချိန် နာခံစွာအိပ်ရာဝင်နေလောက်သည့် ရှန်းယုဟန်ကိုတွေးကာ သူ၏တင်းမာသောမေးရိုးက ပျော့ပျောင်းသွားသည်။ “အခုသွားရအောင်”
နာရီဝက်ကြာတော့ သူတို့က လူရှုပ်သောဝန်းကျင်က ဇိမ်ခံဘရန်းလက်ဝတ်ရတနာဆိုင်တစ်ခုကို ရောက်လာသည်။
ဝတ်စုံပြည့်ဝတ်ထားသော မန်နေဂျာက ရှန်ချီဟွမ်းကို ကြိုဆိုခဲ့ပြီး သူ့ကိုဗီအိုင်ပီအခန်းသို့ ခေါ်သွားခဲ့သည်။ ထို့နောက် နောက်ဆုံးပေါ်လက်ဝတ်ရတနာ ကတ်တလောက်ကို ရှန်ချီဟွမ်းရွေးလို့ရအောင် ကိုယ်တိုင်ယူလာပေးခဲ့သည်။
တစ်နာရီကြာတော့ မန်နေဂျာက ဖောက်သည်ကြီး ထွက်သွားတာကို ဦးညွတ်နှုတ်ဆက်လိုက်သည်။
ရှန်ချီဟွမ်းက အထုပ်ကြီးတစ်ခုကိုဆွဲကာ လက်ထောက်ချွီနှင့်အတူ ပြန်လာခဲ့သည်။
ဟိုတယ်အပြန်လမ်းမှာ လက်ထောက်ချွီက သူ့ရင်ထဲကနေ တွေးနေခဲ့သည်။ သူဌေးက ဇိမ်ခံဘရန်းဝယ်ဖို့ ဒီလောက်ငွေအများကြီးသုံးတာ ဘယ်သူ့အတွက်မို့လဲ?
အားလုံးက မိန်းကလေးအကြိုက် အသုံးအဆောင်များဖြစ်သည်။
သူက သူဌေးရဲ့ ထိတွေ့လို့မရတဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို ထိခဲ့မိတာလား?
မဖြစ်နိုင်ဘူး၊ သူဌေး၏ဇနီးအတွက်ပဲဖြစ်မည်။ တင်္နလာနေ့က သူဌေး၏ဇနီး ကုမ္ပဏီကိုလာတော့ ကာတီယာနောက်ဆုံးပေါ်လက်ကောက်ကြိုးနဲ့ နားကပ်ဝတ်ထားတာကိုတွေ့ခဲ့ရသည်။ ယင်းကို ကဖေးထဲမှာရိုက်ထားသောပုံမှတစ်ဆင့် ကုမ္ပဏီက မိန်းကလေးတစ်ယောက်က ရှာတွေ့ခဲ့တာဖြစ်သည်။
သူအခုဝယ်လိုက်သောရတနာများထဲတွင် လက်စွပ်စျေးက ဂဏန်းခုနှစ်လုံးထက်မနည်းပဲ ရက်ရောလွန်းသည်။
သူဌေးရဲ့ဇနီးဖြစ်ရတာ တကယ်ကောင်းလို့ သူတောင်အားကျသွားသည်။
သူတို့ဟိုတယ်ကိုပြန်ရောက်စဥ် ရှန်ချီဟွမ်းက လက်ထောက်ချွီကိုမေးလိုက်သည်။ “သဘက်ခါကျန်းချန်ကို ဘယ်အချိန်ရောက်မှာလဲ?”
လက်ထောက်ချွီကပြောလိုက်သည်။ “မနက်ဆယ်နာရီပါ။ ဆယ့်တစ်နာရီဝန်းကျင်လောက် အိမ်အရောက်ပို့ပေးပါမယ်။”
ရှန်ချီဟွမ်းက ခေါင်းညိတ်လိုက်သည်။ “အိမ်အရင်မပြန်နဲ့.. ရှန်းယုဟန်ရဲ့ စန္ဒယားသင်တန်းကို တိုက်ရိုက်ပို့ပေး။”
ဒီနှစ်ရက်မှာ ဘာတွေဖြစ်ခဲ့လဲမသိပေမယ့် ရှန်းယုဟန်က သူ့ဗီဒီယိုကောလ်များကိုမဖြေခဲ့ပဲ စာလည်းမပြန်ပေ။
–
အိမ်မှာ ရက်အနည်းငယ်ကြာအောင်နေပြီး ရှန်းယုဟန်က နေပြန်ကောင်းသွားကာ စနေနေ့မှာ သင်တန်းတက်နိုင်ခဲ့သည်။
သူက မနက်ခင်းမှာ ပုံမှန်အတိုင်းလာကြိုဖို့ ချိန်းဆိုခဲ့ပြီး ဒရိုက်ဘာက သူ့ကိုစန္ဒယားသင်တန်းကို ပို့ပေးခဲ့သည်။ သူက အိမ်မှာ စီရီနဲ့ ဂီတအမှတ်ကိုလေ့လာခဲ့ပြီး ဒီကိုရောက်တော့ ဆရာက သူ့ကို အကြိမ်များစွာ စိတ်ရှည်ရှည်သင်ပေးခဲ့လို့ သူက စန္ဒယား စတင်တီးခတ်ခဲ့သည်။
သူက ဂီတကို သဘာဝကျကျခံစားခဲ့ပြီး ကီးပေါ်ကို လက်ချောင်းနှင့်ဖိလိုက်စဥ် သဘာဝဆန်ဆန် နားလည်သွားကာ ဆရာက သူ၏ ဂီတစွမ်းရည်ကို ချီးကျူးနေသည်။
တစ်မနက်လုံးလေ့ကျင့်ပြီးနောက် ရှန်းယုဟန်၏ လက်ချောင်းများက အနည်းငယ်နာကျင်လာပြီး လက်ချောင်းပင်ပန်းတာသက်သာစေဖို့ အိမ်ပြန်ရောက်ရင် ရေနွေးနွေးလေးနဲ့ စိမ်ထားနိုင်ကြောင်း ဆရာကပြောခဲ့သည်။
သူက လွန်ခဲ့သည့်တစ်ပတ်က ပျက်ကွက်ခဲ့သော နေ့လည်ခင်း အကသင်တန်းကို ဒီအပတ်တော့ သွားတက်ရမည်။
သူအတန်းထဲကထွက်လာတော့ ရှန်းယုဟန်သည် အရင်အပတ်က စန္ဒယားသင်တန်းရှေ့ အနားယူထိုင်ခုံမှာ ဖြစ်ပျက်ခဲ့သည့်မြင်ကွင်းမျိုးကို ပြန်မြင်ခဲ့ရသည်။ အနားယူထိုင်ခုံမှာ စွဲမက်ဖွယ်ကောင်းသော အမျိုးသားတစ်ယောက်က ပန်းစည်းကိုကိုင်ကာ ထိုင်နေပြီး စန္ဒယားသင်တန်း လာတက်ခဲ့သော ကျောင်းသားများ၏အာရုံကို ဆွဲဆောင်ခဲ့သည်။
ရှန်းယုဟန်က ထိုနေရာကို ပေါ့ပေါ့ပါးပါးကြည့်လိုက်ပြီး တစ်ဖက်လူက ဘယ်သူမှန်းမသိပဲ သူက သူစိမ်းယောကျာ်းများကို စိတ်မဝင်စားပေ။
သို့သော် သူ စန္ဒယားသင်တန်းက ထွက်လာတော့ ပန်းစည်းကိုင်ထားသော အမျိုးသားက ရှန်းယုဟန်ဆီ တည့်တည့်လျှောက်လာပြီး နောက်အခိုက်အတန့်မှာ တစ်ဖက်လူက သူ့ရှေ့မှာရပ်လိုက်သည်။
ရှန်ချီယွင်က ရှန်းယုဟန်အကြိုက်ဆုံးဖြစ်သော နူးညံ့သောအပြုံးဖြင့် ညင်ညင်သာသာ ပြောလိုက်သည်။ “ယုဟန်”
တစ်ချိန်တည်းမှာ အနားယူထိုင်ခုံကနေ တီးတိုးရွေရွတ်သံများထွက်လာသည်။ လူချောလေးတစ်ယောက်က ဒီလူကိုစောင့်နေပုံရပြီး အရင်အပတ်ကလည်း သူ့ကိုစောင့်နေခဲ့သော လူချောလေးတစ်ယောက်ရှိခဲ့သည်။ စျေးကွက်ကတော့ ကောင်းပြီ။
လမ်းပိတ်ခံလိုက်ရသော ရှန်းယုဟန်က သူ့နှုတ်ခမ်းကိုဖိကာ နောက်နှစ်လမ်းဆုတ်လိုက်ပြီး ရှန်ချီယွင်နဲ့ ခွာလိုက်သည်။
ရှန်းယုဟန်၏ လှုပ်ရှားမှုက ညစ်ပစ်တာတစ်ခုခုမြင်သွားသလို ဖြစ်နေ၍ ရှန်ချီယွင်က စိတ်မသက်မသာဖြစ်သွားသည်။
ရှန်ချီယွင်က တိုးတိုးလေးပြောလိုက်သည်။ “နေ့လည်စာအတူစားရအောင်”
ရှန်းယုဟန်က သူနဲ့ခပ်ခွာခွာဆုတ်ကာ ပြောလိုက်သည်။ “ယောက်ဖ၊ ဒါမသင့်တော်ပါဘူး။”
တစ်ချိန်တည်းမှာ ရှန်းယုဟန်က ရှန်ချီယွင်ကိုကျော်ကြည့်လိုက်တော့ တံခါးအပြင်ဘက်မဝေးသော တစ်နေရာမှာ အရပ်ရှည်သော ခရီးသွားတစ်ယောက်၏ပုံစံကို တွေ့လိုက်ရသည်။
သူ့မျက်လုံးများက ရုတ်တရက်တောက်ပလာတော့ ရှန်ချီယွင်က သူစိတ်ပြောင်းသွားပြီဟု ထင်လိုက်ပေမယ့် ရှန်းယုဟန်က သူ့ကိုကျော်ကာ ထွက်ပြေးသွားသည်။
ရှန်းယုဟန်က သတိမထားမိပဲ မြေပြင်ပေါ်က ကျောက်တုံးကို နင်းမိကာ ချော်လဲသွားသည်။ ကံကောင်းစွာပင် လက်တံခြေတံရှည်သော အမျိုးသားက သူ့ကိုလွယ်လွယ်ဖမ်းလိုက်နိုင်သည်။
အမျိုးသား၏မျက်နှာက အစပိုင်းမှာ မကောင်းလှသော်လည်း သူက ရှန်းယုဟန် ချောင်းဆိုးနေတာကို တွေ့လိုက်သောအခါ တင်းမာနေသော သူ့မျက်နှာက ပြန်ပျော့သွားပြီး အသံနက်ကြီးဖြင့် ပြောလိုက်သည်။ “ဘာလို့ပြေးနေတာလဲ? မင်းက နမော်နမဲ့နိုင်တာပဲ”
ရှန်ချီဟွမ်း၏ အဖက်ခံထားရသော ရှန်းယုဟန်က သူ့ရင်ဘတ်က ကုတ်အင်္ကျီအစွန်အဖျားကို ဆွဲထားပြီး သူ၏အထိန်းအကွပ်မဲ့မှုကို ဂရုမစိုက်ပဲ သူ့မျက်လုံးများက တောက်ပနေကာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။ “ခင်ဗျား… ပြန်လာပြီလား?”
အလုပ်ကိစ္စအတွက် နိုင်ငံခြားရောက်နေသော သူ့ယောကျာ်း ပြန်လာပြီ!