Chapter 27.2
“ဒါမဟုတ်ဘူး..နောက်ကစာကြောင်း”
ကားဆီပြန်လာပြီးနောက် ရှန်ချီဟွမ်းက ရှန်းယုဟန်ကို နေ့လည်စာဘာစားချင်လဲမေးခဲ့သည်။
ရှန်ချီဟွမ်း၏မျက်နှာက အနည်းငယ်ဖြူဖျော့နေကာ ရှန်းယုဟန်က သူ့အတွက် စိတ်မကောင်းဖြစ်ကာ အိမ်စောစောပြန်မှ သူ့ခင်ပွန်းက စောစောအနားယူနိုင်မှာဖြစ်၍ သူကပြောလိုက်သည်။ “အိမ်မှာပဲစားကြမလား?”
ရှန်ချီဟွမ်းက မငြင်းပေ၊ ဆယ်နာရီကြာအောင် လေယာဥ်စီးခဲ့သဖြင့် သူက တကယ်ကိုပင်ပန်းနေခဲ့သည်။ “ကောင်းပြီ၊ အိမ်ပြန်ပြီး အနားယူရအောင်”
ထိုအချိန်တွင် ရှန်းယုဟန်က ရှန်ချီဟွမ်းကို ပြောချင်သည့် စကားများစွာရှိနေပေမယ့် ကားထဲမှာ တခြားသူတွေရှိသဖြင့် သူအဆင်ပြေရဲ့လားဆိုတာကိုပဲ မေးလိုက်သည်။
သူ့ဦးနှောက်ကို အလုပ်ပေးပြီးနောက် ရှန်းယုဟန်က အကြံတစ်ခုရသွားပြီး သူက လက်ချောင်းကိုညှစ်ကာ ရှန်ချီဟွမ်းကို မေးလိုက်သည်။ “အမေရိကန်စတိခ်က အရသာရှိလား?”
“မဆိုးပါဘူး” ရှန်ချီဟွမ်းက သူ၏ရှုပ်ယှက်ခတ်နေသော အသွင်အပြင်ကိုကြည့်ကာ သူ၏ပင်ပန်းနွမ်းနယ်မှုက အများကြီးသက်သာသွားခဲ့သည်။ “မင်းက စတိခ်စားချင်လို့လား?” မဟုတ်ရင် ဘာလို့အဲ့လောက်အာရုံစိုက်နေမှာလဲ?
သူက မူလရှန်းယုဟန် စတိခ်စားဖူးလားမသိပေမယ့် သူကတော့ တစ်ခါမှမစားဖူးပေ။
ရှန်းယုဟန်က အချက်အလက်အများကြီးကို မကြာသေးခင်က ရခဲ့ပြီး သူက စတိခ်အကြောင်းသိပေမယ့် တစ်ခါမှမစားဖူးသဖြင့် အမှန်အတိုင်းပြောလိုက်သည်။ “အမေရိကန်စတိခ် မစားဖူးဘူး”
ဤမှတ်ချက်က ယူအက်စ်မသွားဖူးလို့ အမေရီကန်စတိခ်မစားဖူးတာလို့ ဆိုလိုနိုင်ပြီး တစ်ချိန်တည်းမှာ သူက ဘာအသားကင်မှ မစားဖူးတာကို ရှင်းပြနေခြင်းဖြစ်သည်။
သူတို့ချီတိုင်းပြည်မှာ နွားက အလွန်အဖိုးတန်သော တိရစ္ဆာန်ဖြစ်ပြီး အလုပ်လုပ်ဖို့အိုနေသော နွားကိုသာစားကြပြီး အိုမင်းသော အမဲသားကတောင် အတော်စျေးကြီးပြီး ချမ်းသာသောမိသားစုများကသာ စားနိုင်သည်။ သူက အရင်က အမဲသားစားဖူးပြီး ဒီကမ္ဘာကို ရောက်လာတော့လည်း အကြိမ်များစွာစားဖူးပေမယ့် ခေတ်သစ်လူသားတွေပြောကြသော အမဲသားစတိခ်ကိုတော့ မစားဖူးပေ။
ရှန်ချီဟွမ်းက သူတောင်းဆိုသမျှကိုပေးဖို့ ဆန္ဒရှိသည်။ “မနက်ဖြန်နေ့လည်စာအတွက် စတိခ်စားဖို့ခေါ်သွားပေးမယ်။”
လတ်ဆတ်သော အစားအစာကို မြည်းစမ်းခြင်းက ရှန်းယုဟန်ကို စိတ်လှုပ်ရှားစေပြီး အပြင်ထွက်ကာ ကမ္ဘာသစ်ကိုကြည့်ရှုခြင်းက ရှန်းယုဟန်အတွက် ကောင်းသောအရာဖြစ်ပြီး ရှန်ချီဟွမ်းကိုဖြေသော သူ့လေသံက မြင့်တက်သွားသည်။
သူက မျက်လုံးမှေးကာ ပြုံးလိုက်သည်။ “အိုကေ”
ရှန်းယုဟန်၏တောက်ပသော မျက်နှာကိုကြည့်ရင်း ရှန်ချီဟွမ်းက သူ့အပြုံးကို ကျေနပ်နေကာ စိတ်ကြည်လင်ပြီး မနက်ဖြန်ခရီးစဥ်အတွက် အစီစဥ်ဆွဲလိုက်သည်။
အိမ်ပြန်ရောက်တော့ အန်တီဝမ်က နေ့လည်စာပြင်ဆင်ထားပြီးလေပြီ။ ရှန်ချီဟွမ်းနှင့် ရှန်ချီယွင်တို့ စကားပြောနေစဥ် ရှန်းယုဟန်က အန်တီဝမ်ကို ဖုန်းခေါ်ကာ နေ့လည်စာပြင်ထားဖို့ မှာခဲ့ပြီး အိမ်ရောက်တာနဲ့ အစားအစာရနံ့ကိုတောင် ရနေခဲ့သည်။
သူတို့ကို ပြန်ပို့ပေးသည့် လက်ထောက်ချွီ၏ ကြိုးစားမှုကို ထည့်စဥ်းစားပြီး ရှန်ချီဟွမ်းက မပြန်ခင် ထမင်းစားသွားဖို့ပြောခဲ့သည်။ စိတ်ခံစားချက်ကို အကဲဖြတ်တတ်သော လက်ထောက်ချွီက ယဥ်ကျေးစွာ ငြင်းဆိုခဲ့ပြီး သူဌေးနဲ့ သူဌေး၏ဇနီးကို အချိန်ပေးရန် ပြီးပြည့်စုံသောဆင်ခြေကို ရှာခဲ့သည်။
ထွက်လာပြီးနောက် သူက သူဌေး၏ဇနီးက နေ့လည်မှာ အကသင်တန်းရှိတာကို သတိရသွားပေမယ့် အခုတော့ ဆရာမကို ထပ်ပြီးခွင့်တိုင်ရမယ့်ပုံပေါ်သည်။
–
နေ့လည်စာက ရိုးရှင်းသော အိမ်ချက်ဟင်းလျာဖြစ်ပြီး ရှန်းယုဟန်က အအေးမိထားသဖြင့် အန်တီဝမ်က ဆားနဲ့ဆီများသော ဟင်းလျာများကိုမချက်ခဲ့ပဲ ရှန်ချီဟွမ်းက အန်တီဝမ်၏စီစဥ်မှုကို ကျေနပ်နေသည်။
အန်တီဝမ်က လူငယ်စုံတွဲ၏ ပြန်စုံစည်းမှုကို မနှောင့်ယှက်တော့ပဲ ရှောင်ပေးခဲ့သည်။ နေ့လည်စာစားပြီးနောက် ရှန်းယုဟန်က ပန်းကန်ဆေးကာ သူ့ခင်ပွန်းကျန်းမာရေးအတွက် အသီးလှီးပေးလိုက်သည်။
ရှန်ချီဟွမ်းက တကယ်ကိုပင်ပန်းနေပြီး ထမင်းစားပြီးနောက် ဆိုဖာပေါ်မှီကာ မလှုပ်ရှားချင်တော့ပဲ အနည်းငယ်ငိုက်မျဥ်းနေကာ မေးစေ့ကို လက်နဲ့ထောက်ထားကာ မျက်လုံးမှိတ်ထားသည်။
ရှန်းယုဟန်က ကော်ဖီစားပွဲပေါ်မှာ သစ်သီးပန်ကန်ပြားကို တင်လိုက်ပြီး ဆိုဖာပေါ်မှာ ညင်ညင်သာသာ ထိုင်လိုက်သည်။
သို့သော် ရှန်ချီဟွမ်းက အဝေးကနေ သူ့ကိုယ်ပေါ်ကရနံ့ကို ရှုရှိုက်ပြီး မျက်လုံးဖွင့်လိုက်သည်။ လက်စားချေဖို့ အချိန်တန်ပြီ။
ရှန်ချီဟွမ်းက သူ့ဘေးက နေရာကိုပုတ်ပြကာ “ဒီကိုလာ၊ စကားပြောမယ်။”
စကားပြောမယ်ဆိုသော စကားလုံးက ရှန်းယုဟန်အတွက် မကောင်းသောမှတ်ဉာဏ်ကို သတိရစေပြီး ရှန်ချီဟွမ်း အလုပ်ခရီးမထွက်ခင် သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ဝင်မစွက်ဖက်ဖို့ ပြောခဲ့တာကို ပြန်စဥ်းစားကြည့်လိုက်တော့ သူက စိတ်ဆိုးကာ ဒေါသထွက်သွားပြန်သည်။
“ဘာအကြောင်းပြောမှာလဲ?” ရှန်းယုဟန်က ရှန်ချီဟွမ်းနှင့် နှစ်ပေအကွာမှာရှိပြီး သူ့မျက်လုံးများက သတိထားနေကာ ရှန်ချီဟွမ်းကို ဘေးစောင်းကြည့်လိုက်သည်။
ရှန်ချီဟွမ်းက သူ့အမှားကိုလည်း ပြန်တွေးမိကာ ရှန်းယုဟန်၏ ရုတ်တရက်စိုးရိမ်နေသော အမူအရာကြောင့် ရွှင်မြူးသွားပြီး သူက နူးနူးညံ့ညံ့ရယ်မောလိုက်သည်။ “အဲ့လိုမဟုတ်ဘူး” သူက ရှန်းယုဟန်ဘေးကိုတိုးကာ တစ်ဖက်လူက သူ့ဆီမလာရင် သူက တစ်ဖက်လူဆီသွားမည်။ “အရင်နှစ်ရက်က ငါ့ဗီဒီယိုကောလ်ကို ဘာလို့မကိုင်တာလဲ၊ ပြန်စာကလည်း နှေးလွန်းပြီး တစ်ရက်မှာ တစ်ကြောင်းနှစ်ကြောင်းပဲပြန်တယ်။”
ရှမ်းယုဟန်က မမျှော်လင့်ထားသော မတော်တဆမှုမရှိပဲ ရှန်ချီဟွမ်းနှင့် ရှားရှားပါးပါး နီးကပ်နေကာ ရှန်ချီဟွမ်းကိုယ်ပေါ်က ထင်းရှုးရနံ့က သူ့ကိုဖုံးလွှမ်းနေသဖြင့် သူ့စိတ်က ချာချာလည်နေသည်။
ဗီဒီယိုခေါ်ဆိုမှုကို မကိုင်တာနဲ့ စာမပြန်တာကို ပြောရရင် ရှန်းယုဟန်က ရှန်ချီဟွမ်းကို သနားစရာကောင်းသော မျက်လုံးများနှင့်ကြည့်လိုက်သည်။
သူက သူ့လက်ကို သားရေဆိုဖာပေါ်မှာတင်ကာ သတိလက်လွတ်ကုတ်ဖဲ့နေသည်။ “ဒီကိစ္စကို ခင်ဗျားကိုမေးရမှာ”
“ဘာမေးမှာလဲ?” ရှန်ချီဟွမ်းက သူစိတ်ဆိုးအောင် ဘာများထပ်လုပ်မိခဲ့တာလဲ။
ရှန်ချီဟွမ်း၏ပေါင်က ရှန်းယုဟန်၏ပေါင်ကို မတော်တဆထိမိသွားပြီး ရှန်းယုဟန်က လန့်သွားသည်။ ခင်ပွန်းက ရုတ်တရက် သူ့အနားကပ်လာတော့ ရှန်းယုဟန်၏မျက်နှာက နီမြန်းသွားပြီး သူ့ခင်ပွန်းက အနီးကပ်စောင့်ကြည့်နေလို့ စကားပြောတာမဖြောင့်တော့ပေ။
ရှန်းယုဟန်က ရှက်ကိုးရှက်ကန်း ခေါင်းငုံ့လိုက်ပြီး သူ့နားရွက်ဖျားက နီရဲနေကာ စကားထစ်နေသည်။ “ခင်ဗျားအပြင်မှာ…”
“ငါက ဘာလဲ?” ရှန်းယုဟန်၏အသံက တိုးနေပြီး ရှန်ချီဟွမ်းက ရှင်းရှင်းလင်းလင်းမကြားရသဖြင့် သူက ရှန်းယုဟန်အနားကို ပိုတိုးကာ ထိမိလုနီးပါး သူ့နားထဲတွင် တီးတိုးပြောလိုက်သည်။ “ကျယ်ကျယ်ပြော၊ မင်းအခုလေးတင် ထမင်းစားပြီးတာ”
ရှန်းယုဟန်က အောက်နှုတ်ခမ်းကိုကိုက်ကာ ရှန်ချီဟွမ်းက အနှောင့်အယှက်ကင်းသော ဘဝကိုနေချင်လို့ အပြင်မှာ တစ်ယောက်ယောက်ရှိနေလောက်သည်ဟု တွေးနေသည်။ သူက သူနဲ့နီးကပ်နေသော ရှန်ချီဟွမ်းကို ဒေါသတကြီးတွန်းလိုက်ပေမယ့် တွန်းလို့မရတာကြောင့် နှုတ်ခမ်းဆူလိုက်သည်။
ရှန်ချီဟွမ်းက သူဘာလုပ်နေလဲမသိပေမယ့် ဖွဖွလေးအတွန်းခံလိုက်ရတာကြောင့် ကလိထိုးနေသလိုဖြစ်နေသည်။ “အရင်တစ်ခေါက်က ဖြစ်ခဲ့တာအတွက် တောင်းပန်ပါတယ်၊ ဒါပေမယ့် အခုက ဘာကိုပြောနေတာလဲ?”
“အဲ့ဒါက.. အဲ့ဒါက.. ခင်ဗျားက အပြင်မှာ တခြားတစ်ယောက်ရှိနေတယ်တဲ့” ရှန်းယုဟန်၏နှာခေါင်းက အနည်းငယ်ချဥ်စူးနေပြီး သူ့မျက်လုံးများက အနည်းငယ်နီရဲနေပေမယ့် သူကမငိုခဲ့ပေ။ သူက ခေါင်းငုံ့ကာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ “ချီတိုင်းပြည်လူတွေလို ဇနီးတစ်ယောက်နဲ့ မယားငယ်တစ်ယောက် ဘယ်တစ်ဖက်ညာတစ်ဖက် ဖက်ထားချင်တာလား.. ကျွန်တော်က..”
သူက ထိုအကြောင်းကိုတွေးခဲ့ပြီးပြီ၊ သူ့ခင်ပွန်းက မယားငယ်ထားချင်ရင် သူက လက်ခံပေးရုံသာရှိပြီး အနာဂတ်မှာ သူ့ကိုယ်သူထောက်ပံ့ဖို့ ပိုက်ဆံရှာကာ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးတော့မည်။
ရှန်ချီဟွမ်းက မျက်မှောင်ကြုတ်ကာ သူ့ကိုဖြတ်ပြောလိုက်သည်။ “ငါဘယ်တုန်းက အပြင်မှာ တခြားတစ်ယောက်ရှိခဲ့လို့လဲ? မင်းဘယ်သူ့စကားကို နားထောင်နေတာလဲ?”
ရှန်းယုဟန်က သူ့ခေါင်းကိုမော့ကာ ရှန်ချီဟွမ်း၏မျက်လုံးများတွင် သူ့ပုံရိပ်ကိုတွေ့လိုက်ရသည်။ “တကယ်လို့…”
“တကယ်လို့ဆိုတာမရှိဘူး၊ ငါ့မှာတခြားတစ်ယောက်မရှိဘူး၊ မင်းစိတ်က နေ့တိုင်းကြုံသလိုတွေးနေတော့တာပဲ။” ရှန်ချီဟွမ်းက သူ့လက်ကိုမြှောက်ကာ သူ့ဆံပင်ကိုဖွလိုက်သည်။ “အဲ့ဒါကြောင့် မင်းငါနဲ့ဗီဒီယိုကောလ် မပြောချင်တာလား?”
ရှန်းယုဟန်က စိတ်ထဲကနေပြောလိုက်သည်။ အဲ့ဒီနှစ်ခုကြောင့်ပဲ မဟုတ်ပဲ သူက ဒီနှစ်ရက်မှာ ရှုပ်ယှက်ခတ်နေကာ အားလုံးကိုစိတ်ပျက်နေပြီး သူ့ခံစားချက်များက ရှန်ချီဟွမ်းကို ထိခိုက်သွားမှာကို စိုးရိမ်ခဲ့လို့ သူက ဖုန်းမကိုင်ခဲ့တာဖြစ်သည်။ သေချာတာကတော့ သူက သင်ယူလေ့လာရင်း ပင်ပန်းသွားလို့ စကားပြောစရာလူမရှိပဲ စိတ်ဓာတ်ကျသွားတာဖြစ်မည်။
သို့သော် သူ့ခင်ပွန်းက မေးနေလို့ ခေါင်းညိတ်ပြလိုက်သည်။ “အွန်း”
ရှန်ချီဟွမ်းက ထိုသည်မှာ သူ့ကိုထိခိုက်လွယ်စေသော အရင်က ကိစ္စကြောင့်ဖြစ်မည်ဟုတွေးကာ မေးခွန်းထပ်မမေးတော့ပဲ သက်ပြင်းချကာ ပြောလိုက်သည်။ “နောက်တစ်ခါ ဒါမျိုးတွေကြားခဲ့ရင် ငါ့ကိုတိုက််ရိုက်မေးပါ။”
“အို” ရှန်းယုဟန်က စိတ်မပြေသေးပဲ ထပ်မေးလိုက်သည်။ “တကယ်မရှိဘူးလား?”
ရှန်ချီဟွမ်း၏မျက်လုံးများက စတင်ပြောင်းလဲလာပြီး သူက လေးလေးနက်နက် ပြောလိုက်သည်။ “ရှန်းယုဟန်၊ ငါမင်းကိုမလိမ်ပါဘူး၊ ငါလုပ်သမျှ မင်းကိုပြောပြမှာပါ၊ ငါမလုပ်ခဲ့ဘူးဆိုရင် မလုပ်ခဲ့ဘူးပဲ၊ အာမခံပေးနိုင်တယ်။”
ရှန်းယုဟန်က ခေါင်းငုံ့ကာ သူ၏အဖြူရောင်ချည်သားဖိနပ်ထိပ်ကို ကြည့်လိုက်တော့ ယုန်ပုံသဏ္ဍန် ချစ်စရာကောင်းသော မျက်လုံးနှစ်လုံးရှိနေပြီး ရှန်ချီဟွမ်းက အလုပ်ခရီးထွက်နေစဥ် သူ့အတွက်ဝယ်ပေးခဲ့တာဖြစ်သည်။ သူက သူ့ခင်ပွန်းကို ယုံကြည်ရမည်ဟုတွေးလိုက်သည်။
“သိပါတယ်၊ ကျွန်တော်ခင်ဗျားကိုယုံပါတယ်။”
ရှန်ချီဟွမ်းက ရှန်းယုဟန် သူ့ကိုယုံဖို့ မမျှော်လင့်ထားခဲ့ပေ။ ဖြည်းဖြည်းချင်း အချိန်ကသက်သေပြသွားလိမ့်မည်၊ ပြီးတော့ အရင်က သူ့လုပ်ရပ်ကလည်း လူတွေ သူ့ကိုယုံကြည်နိုင်ဖို့ မလွယ်ကူခဲ့ပေ။ “အပေါ်ထပ်ကိုလိုက်ခဲ့၊ ငါမင်းအတွက် ယူအက်စ်ကနေ လက်ဆောင်ဝယ်လာခဲ့တယ်။”
ရှန်းယုဟန်က နာခံစွာ ရှန်ချီဟွမ်းနောက်ကနေ အပေါ်ထပ်ကိုလိုက်သွားသည်။ ရှန်ချီဟွမ်းက လှပစွာထုပ်ပိုးထားသော ဘူးလေးကိုယူလိုက်သည်။ “ဘာလက်ဆောင်လဲ” ရှန်းယုဟန်၏မျက်လုံးများက ထပ်မံတောက်ပလာသည်။
ရှန်ချီဟွမ်းက ဘူးကိုဖွင့်လိုက်သည်။ အထဲမှာ လည်ဆွဲ၊လက်ကောက်၊နားကပ်.. စသဖြင့်ရိုးရှင်းပြီး ရည်မွန်သော လက်ဝတ်ရတနာ တစ်ဆက်ပါဝင်ပြီး ထိုရတနာတစ်ဆက်နဲ့ ကွဲပြားသော လက်စွပ်တစ်ကွင်းလည်း ရှိနေသည်။
ထိုလက်စွပ်မှာ ရှန်းယုဟန်ဝတ်ဆင်ဖူးသော ကျောက်မျက်ရတနာများထက် ကြီးမားသော ရှားပါးကျောက်မျက်ရတနာဖြစ်ပြီး မီးရောင်အောင်မှာ လက်ရာမြောက်ကာ တောက်ပနေသည်။ ထိုသည်မှာ ပိုစျေးကြီးသော ကျောက်မျက်ရတနာဟုသာ သူတွေးခဲ့ပြီး ရှန်းယုဟန်ကို ငိုအောင်လုပ်ခဲ့မိပြီး နှစ်ရက်အကြာ နိုင်ငံခြားမသွားခင် ညနေခင်းတစ်ခုမှာ ကျောက်မျက်ရတနာဆိုင်တစ်ခုက ရှန်ချီဟွမ်းမှာပေးခဲ့သည့် အဝါရောင် စိန်လက်စွပ်လို့မထင်ခဲ့ပေ။
ရှန်ချီဟွမ်းက လက်စွပ်ကိုထုတ်ကာ “ဘယ်လက်ကို ထုတ်လိုက်”
သူတို့နှစ်ယောက်လုံးက လက်ထပ်ပွဲနေ့က လက်ထပ်လက်စွပ်ကို ဝတ်ထားပေမယ့် နောက်နေ့မှာချွတ်ထားကာ နှစ်ယောက်လုံးက ဝတ်မထားခဲ့ကြပေ။
ရှန်းယုဟန်က နာခံစွာ ဘယ်လက်ကိုပေးလိုက်ပြီး ရှန်ချီဟွမ်းက ရှန်းယုဟန်ကို လက်စွပ်စွပ်ပေးလိုက်ပေမယ့် ဒီတစ်ကြိမ်မှာတော့ သူ့ဆန္ဒအလျောက် လိုလိုလားလား လုပ်ပေးခဲ့တာဖြစ်သည်။
သူ့လက်ချောင်းများက ရှည်လျားသွယ်လျကာ အလွန်လှသည်။ အရင်က နည်းနည်းလေးနူးညံ့ပေမယ့် အခုတော့ ထိလိုက်တာနဲ့ ချောမွေ့နေသည်။
လက်စွပ်ကို ရှန်းယုဟန်၏ ဆိုဒ်အလိုက် သေချာပြင်ဆင်ခဲ့တာဖြစ်ပြီး ရှန်းယုဟန်၏ ဘယ်ဘက်လက်သူကြွယ်နှင့် အံဝင်ခွင်ကျဖြစ်ကာ မချောင်လွန်း မကျပ်လွန်းပဲ ကွက်တိဖြစ်နေသည်။
ရှန်းယုဟန်က မြင်မြင်ချင်း သဘောကျခဲ့သည်။
“ဒါကို တစ်ချိန်လုံးဝတ်ထားရမလား?” ရှန်းယုဟန်သည် ယင်းကို အလင်းရောင်အောက်မှာ ဘယ်ညာနှိုင်းယှဥ်ကာ သူ့အလှကို ဘယ်လိုစကားနဲ့ ဖော်ပြရမလဲမသိတော့ပေ။
“မင်းဝတ်ချင်တဲ့အချိန်အထိဝတ်လို့ရတယ်။” ရှန်ချီဟွမ်းက စျေးနှုန်းကိုဂရုမစိုက်ပဲ သူ့ရည်ရွယ်ချက်က ရှန်းယုဟန်၏ မျက်လုံးထဲက ပျော်ရွှင်မှုကို မြင်ချင်တာဖြစ်သည်။
ရှန်းယုဟန်က သူ့ခင်ပွန်း သူ့ကိုကြည့်နေတာကို သတိထားမိသွားပြီး ရှက်ကိုးရှက်ကန်း လက်ကိုရုတ်ကာ တီးတိုးပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ ယောကျာ်း”
“ဘာပြောလိုက်တာလဲ?” ရှန်ချီဟွမ်းက တမင်တကာမေးလိုက်သည်။
ရှန်းယုဟန်က ခဏလောက်စဥ်းစားကာ ထပ်ပြောလိုက်သည်။ “ကျေးဇူးပါ”
ရှန်ချီဟွမ်းက သူ့မျက်လုံးထဲကိုကြည့်ကာ ညွှန်ပေးလိုက်သည်။ “ဒါမဟုတ်ဘူး.. သူ့နောက်ကစကား”
“ယော်..” ရှန်းယုဟန်က ရှန်ချီဟွမ်း သူ့ကိုပြုံးပြီးကြည့်နေတာကို တွေးလိုက်ရပြီး သူ့ပါးပြင်က နီမြန်းသွားသည်။ သူ့ခင်ပွန်းက ပြုံးလိုက်ရင် ဆွဲဆောင်မှုရှိလွန်း၍ သူကမျက်နှာလွှဲကာ ပါးစပ်ပိတ်လိုက်သည်။
သူ့ခင်ပွန်းက အရမ်းဆိုးတာပဲ။
ရှန်ချီဟွမ်းက သူ့ကိုတွန်းအားမပေးပဲ ကုတင်ပေါ်မှာထိုင်ကာ ပြောလိုက်သည်။ “ငါနည်းနည်းပင်ပန်းနေလို့ ခဏလောက် အတူအိပ်ပေးပါလား”
“ကောင်းပြီ” ကုမ္ပဏီတွင် ရှန်ချီဟွမ်းက သူအိပ်လျှင် အဖော်ပြုပေးလေ့ရှိသည်။
ခဏအကြာတွင် ရှန်ချီဟွမ်းက အိပ်ပျော်သွားသည်။ သူက တကယ်ကိုပင်ပန်းနေပြီး ယူအက်စ်မှာ ဟိုဟိုသည်သည် ပြေးနေခဲ့ရပြီး အနားမယူခဲ့ရပေ။ ရှန်းယုဟန်က သူ့ဗီဒီယိုကောလ်ကို မဖြေတာကြောင့် တစ်ချိန်လုံးစိတ်ပူခဲ့ရပြီး အိမ်ကိုအမြန်ပြန်ခဲ့သည်။
ရှန်းယုဟန်က သူ့ဘေးမှာလှဲကာ သူ့ကိုအကြာကြီးကြည့်နေပြီး သူက အိပ်မောကျကာ မျက်ခုံးတွန့်တာပြေလျော့သွားပြီး ဗီဒီယိုထဲက ခင်ပွန်းနဲ့ယှဥ်လျှင် အပြင်မှာ ပိုကြည့်ကောင်းသည်။
သူက သူ့ခင်ပွန်းက အိပ်ပျော်သွားပြီဟုတွေးကာ လက်ကိုကိုင်ထားလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ “ယောကျာ်း.. အလုပ်ကြိုးစားခဲ့ပါတယ်။”