Chapter 28.2
“သူက မိန်းကလေးမဟုတ်ဘူး၊ ယောကျာ်းလေး”
ထိုပန်ချီကားရှေ့တွင် ရပ်နေသူများစွာရှိပြီး တချို့က ဖုန်းနဲ့ ဓာတ်ပုံရိုက်နေကြသည်။ ပန်ချီကားက အင်တာနက်ပေါ်မှာ ညတွင်းချင်း နာမည်ကြီးတရုတ်ပန်းချီဖြစ်လာတာပဲ။
နိုင်ငံက ရိုးရာယဥ်ကျေးမှုကို အားပေးနေပြီး ဒီလိုလှုပ်ရှားမှုအမျိုးအစားကိုလည်း မြှင့်တင်ပေးနေသည်။ ဒီပန်းချီကားက မနေ့ညက အင်တာနက်ပေါ်မှာ ရေပန်းစားခဲ့သဖြင့် စီစဥ်သူများက ပြပွဲဧရိယာမှာ အထင်ရှားဆုံးဖြစ်အောင် ချိတ်ဆွဲထားကြသည်။
ယခင်ကြည့်ရှုသူများက ဓာတ်ပုံရိုက်ပြီး ထွက်ခွာသွားပြီးနောက် ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက ပန်းချီကားကို ရှင်းရှင်းလင်းလင်းမြင်နိုင်အောင် ဆက်လျှောက်လာခဲ့သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ညာဘက်ကနေ ကာကွယ်ပေးထားပြီး ရှန်းယုဟန်ကို သဘောကျလားမေးတော့မည့်အချိန်မှာ သူက ရှန်းယုဟန် နှုတ်ခမ်းကိုက်ကာ ဖြူဖျော့လာတာကို တွေ့လိုက်ရသည်။
ဘာဖြစ်လို့လဲ၊ နေမကောင်းလို့လား?
ရှန်းယုဟန်က ရှေ့တိုးကာ ပန်းချီကားပေါ်က ယိဖန့်ကျွီရှီး ဆိုသော ကမ္ပည်းစာတန်းကို ကြည့်ဖို့ကြိုးစားနေသည်။ ယင်းမှာ သူ့လက်ရေးနှင့်ရေးထားသော ကမ္ပည်းစာတန်းဖြစ်ပေမယ့် 'ဟွမ်ချွမ် ဆိုသော ပန်းချီဆရာနာမည်ကို ပန်ချီကားဘေးမှာရေးထားသည်။
ရှန်ချီဟွမ်း၏လက်ကို တင်းတင်းဆုပ်ကိုင်ထားကာ မျက်လုံးများမှာ မျက်ရည်စီးကျလာပြီး စိုးရိမ်တကြီးပြောလိုက်သည်။ “ယောကျာ်း၊ ဒီပန်းချီက.. ဒီပန်းချီက.”
“ပန်းချီကဘာဖြစ်လို့လဲ?” ရှန်ချီဟွမ်းကလည်း ကွက်ကွက်ကွင်းကွင်းနှင့်လက်တွေ့ဆန်သော အင်တာနက်ဆယ်လီ တရုတ်ပန်းချီကားကိုကြည့်လိုက်သည်။ ပန်းချီပေါ်က လူငယ်နှင့် ကြောင်လေးက အလွန်လက်တွေ့ဆန်ပြီး နောက်ကရှုခင်းက လက်ရာမြောက်ကာ ပန်းချီဆရာက ပုံဆွဲနေချိန် မင်းဆက်၏ ဝိသေသလက္ခဏာများကို ဂရုတစိုက်စစ်ဆေးထားပုံရသည်။
“ဒါက ကျွန်တော့်ပန်းချီကားပါ!” ရှန်းယုဟန်က တိုးတိုးလေးပြောလိုက်သည်။ “ကျွန်တော့်ပန်းချီကား ဘာလို့ဒီရောက်နေလဲမသိပေမယ့် ကျွန်တော်က ဆွဲလို့ပြီးတော့ ကောင်တာကလူကိုပေးခဲ့တာ။ ယုံပေးပါ၊ ဒီပန်းချီက ကျွန်တော်ဆွဲထားတာပါ။”
ရှန်ချီဟွမ်းက သူ့နောက်ကျောကို ပုတ်ပေးကာပြောလိုက်သည်။ “ငါမင်းကိုယုံတယ်” သူ့လက်ရေးလှကိုမြင်ပြီးနောက် သူက ရှန်းယုဟန်မှာ ဒီအရည်အချင်းရှိတာကိုယုံသည်။ ရှန်းယုဟန်က တနင်္လာနေ့မှာ လက်ရေးလှနဲ့ ပန်းချီသင်တန်းကျောင်းမှာ စာမူနှစ်ခုပေးခဲ့တာကို ရှန်ချီဟွမ်းက သတိရသွားသည်။
သူသာ ရှန်းယုဟန်၏ လက်ရေးလှကို မနေ့ကမတွေ့ခဲ့ရင် ဒီနေ့မှာ ဒီကိစ္စကို အလေးအနက်မထားတာ ဖြစ်နိုင်ပေမယ့် အခုတော့ ကိစ္စက မတူတော့ပေ။
“မင်းရဲ့တံဆိပ်တုံးပြန်ရပြီလား?” သူက ထိုတံဆိပ်တုံးကို ယိဖန့်ကျွီရှီးလို့ ခေါ်တာကိုမှတ်မိသည်။ ထိုအချိန်က သိချင်စိတ်ဖြင့် သေချာကြည့်ခဲ့တာကြောင့် အခုထိမှတ်မိနေဆဲဖြစ်သည်။
“ပြန်ရပါပြီ၊ အိမ်မှာပါ။”
“စိတ်မပူနဲ့၊ ငါဖြေရှင်းပေးမယ်။” ရှန်ချီဟွမ်းက ရှန်းယုဟန်၏အေးစက်နေသော လက်ကိုညှစ်လိုက်သည်။ သူက တကယ်ကိုစိတ်ပူနေပြီး သူ့မျက်နှာက ဒေါသကြောင့် ဖြူဖျော့နေတာကိုတွေ့နိုင်သည်။
ရှန်ချီဟွမ်းက တင်းချွမ်ကို ဆက်သွယ်ခါနီးမှာ ပန်းချီဆရာကိုယ်တိုင် ပြပွဲကိုလာခဲ့သည်ဟု ပြောသံကြားလိုက်သည်။ သူ့ကိုအင်တာဗျူးနေသော သတင်းထောက်လည်းရှိနေပြီး အခုတော့ သူတို့က ဒီဘက်ကိုလျှောက်လာကာ ပန်းချီနှင့်ပုံရိုက်ချင်တယ်လို့ ပြောနေပြီး ပန်းချီဆရာကလည်း ဒီပန်းချီကားဖြစ်လာပုံကို မျှဝေချင်တယ်လို့ပြောလာသည်။
လူအနည်းစုက ဒီမှာရှိနေပြီး ရှန်းယုဟန်နှင့် ရှန်ချီဟွမ်း၏ အသွင်အပြင်က လူတွေကိုဆွဲဆောင်နေကာ ရှန်းယုဟန်၏စကားကလည်း ဖြတ်သွားဖြတ်သွားများကို ဆက်နေပြီး ပွဲကြည့်ဖို့ ဆွဲဆောင်နေခဲ့သည်။
ကြည့်လို့ကောင်းပြီ၊ မူရင်းပန်းချီဆရာရောက်နေတယ်။
ရှန်ချီဟွမ်းက ပန်းချီကားအောက်က ပန်းချီဆရာ၏နာမည်ကို သက်သေအဖြစ် ဓာတ်ပုံနှင့်ဗီဒီယိုရိုက်ထားသည်။
ရှန်ချီဟွမ်း၏ နှစ်သိမ့်မှုကြောင့် ရှန်းယုဟန်က စိတ်သက်သာရာရပြီး သူက ဒီပန်းချီကားက ဒီနေရာမှာရှိနေမယ်လို့ မတွေးထားပေ။ သူက ရှေးခတ်က ဝိဉာဏ်တစ်ခုသာမဟုတ်ခဲ့ရင် ထိုပန်းချီက ကိုးကားမှုလို့ လက်ခံပေးမှာဖြစ်ပေမယ့် တကယ်တမ်းမှာ ထိုပန်းချီက သူ၏အမှတ်တရတစ်ခုဖြစ်ပြီး သူ့အတွက် အဓိပ္ပါယ်နက်နဲသည်။ လူတွေမှာ တူညီသောအတွေ့အကြုံ မရှိနိုင်သဖြင့် တစ်ယောက်ယောက်က ခိုးယူသွားသည့်အခါ သူက စိတ်မကောင်းဖြစ်သွားသည်။
သူက ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ကျွန်တော်တို့ လက်ရေးလှပန်းချီသင်တန်းကျောင်းကို ပန်းချီကား ဘယ်ရောက်သွားလဲ မေးသင့်လား?”
ရှန်ချီဟွမ်းက သူ့ပခုံးကိုပုတ်လိုက်သည်။ “မေးစရာမလိုဘူး။ မင်းရဲ့ပန်းချီကားနဲ့ ဂုဏ်သတင်းကို ငါပြန်ယူပေးမယ်။”
ရှန်းယုဟန်က ထပ်ပြောလိုက်သည်။ “သူက ကျွန်တော့်ပစ္စည်းကိုခိုးသွားတာ.. ရဲခေါ်လိုက်သင့်လား?”
ရှန်ချီဟွမ်းက သုံးစက္ကန့်လောက်တွေးပြီး ပြောလိုက်သည်။ “ဒါက အဓိပ္ပါယ်ရှိတယ်”
ဒါကြောင့် ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ဘေးသို့ဆွဲခေါ်လိုက်ပြီး အရေးပေါ်ဖုန်းကိုနှိပ်ကာ ရဲကိုတိုက်ရိုက်ခေါ်လိုက်သည်။
အနုပညာပြပွဲဟောခန်းရှေ့မှာ သတင်းထောက်များ၏ အင်တာဗျူးခံနေရသော ဟွမ်ချွမ်က အထဲဝင်လာကာ ပန်းချီကားအလယ်မှာရပ်နေပြီး သူ၏ဖန်တီးမှုလက်ရာကို လူတိုင်းနှင့်မျှဝေနေသည်။
သူက လှပသော ရှေးခတ်မိန်းကလေးတစ်ယောက်နှင့် ကြောင်တစ်ကောင်ကို အိပ်မက်မက်ခဲ့ပြီး နိုးလာတော့ အိမ်မက်ကိုဆွဲခဲ့ပြီး ဒီလိုမျိုးကြီးမားသော တုံ့ပြန်မှုရှိလာမယ်လို့ မမျှော်လင့်ထားသဖြင့် လူတိုင်း၏အချစ်အတွက် ကျေးဇူးတင်ကြောင်းပြောနေသည်။
ဤပန်းချီကား၏စျေးနှုန်းက မြှင့်တက်သွားပြီး ပန်ချီကားက ယွမ်ရှစ်သိန်းနှင့် ရောင်းလို့ရသည်ဟု စီစဥ်သူက အကြောင်းကြားလာသည်။ ဟွမ်ချွမ်က သွားကျွတ်မတတ်ပြုံးနေသည်။
ထိုအချိန် လူတစ်ယောက်က မေးလာသည်။ “မင်း ဒီပန်းချီကိုတကယ်ဆွဲခဲ့တာလား? ဒီပန်းချီက သူ့ဟာဖြစ်ပြီး မင်းဆွဲထားတာမဟုတ်ဘူးလို့ ကြားလိုက်တယ်။”
ဟွမ်ချွမ်၏မျက်နှာက ပြောင်းလဲသွားသည်၊ ဒါကတိုက်ဆိုင်မှုမဖြစ်နိုင်ပေ။
ဒါပေမယ့် ဒီတစ်ကြိမ်မှာ သူက သေချာစီစဥ်ထားပြီး ပန်းချီကား၏ ဇာစ်မြစ်ကိုဘယ်သူမှမသိပေ။ “ဒီပန်းချီကားက ကျွန်တော်ဆွဲထားတာပါ။ ကျွန်တော့်ရဲ့ကိုယ့်ကျင့်သိက္ခာကို မစွပ်စွဲပါနဲ့။”
ပြပွဲတာဝန်ခံက ဟွမ်ချွမ်အတွက် ပြောပေးလိုက်သည်။ “မစ္စတာဟွမ်က ပညာတတ်မိသားစုမှာမွေးပြီး တင်းကြပ်စွာကြီးပြင်းလာခဲ့တာ။ သူက တခြားတစ်ယောက်ရဲ့ပန်းချီကို ခိုးတာမျိုးလုပ်နိုင်မလား? ဒါကနိမ့်ကျပြီး မိုက်မဲလွန်းတယ်။”
ထိုအမျိုးသားက ထပ်ပြောလိုက်သည်။ “တကယ့်ပိုင်ရှင်က အခုလေးတင်ဒီမှာရှိနေတာ၊ မင်းမှာသံသယရှိရင် သူနဲ့မျက်နှာချင်းဆိုင်ဖြေရှင်းလို့ရတယ်၊ ပန်းချီက တကယ်ကို မင်းရဲ့ကိုယ်ပိုင်ဖန်တီးမှုဆိုရင် စွပ်စွဲခံရတာကို ကြောက်နေစရာမလိုဘူး။”
ဟွမ်ချွမ်၏နှလုံးက တစ်ချက်ခုန်သွားပြီး လက်နဲ့ခြေကအေးစက်လာပေမယ့် တာဝန်ခံက ယုံကြည်မှုရှိစွာပြောလိုက်သည်။ “မစ္စတာဟွမ်၊ ကျွန်တော် ခင်ဗျားရဲ့ အကျင့်စာရိတ္တကိုယုံတယ်၊ တဖက်လူကို ထိပ်တိုက်ရင်ဆိုင်လိုက်ရအောင်၊ သတင်းထောက်တွေလည်း ဒီကိုရောက်နေတော့ ဒီလိုအသရေဖျက်မှုနဲ့ စွပ်စွဲမှုအတွက် တရားစွဲလို့ရတယ်။” တာဝန်ခံက သူ့ကိုယ်ပိုင်တွက်ချက်မှုရှိနေပြီး ဤဖြစ်ရပ်အသေးလေးကနေ သူက ရေပန်းစားသွားနိုင်ပြီး ဟွမ်ချွမ်၏ကျော်ကြားမှုကို အမြတ်ထုတ်နိုင်သည်။ သူ့လက်ရာတွေ စျေးမတက်မှာနဲ့ပတ်သတ်ပြီး စိုးရိမ်စရာမလိုတော့ပေ။
လူတစ်ယောက်က ရှန်ချီဟွမ်းနှင့်ရှန်းယုဟန် တခြားတစ်ဖက်မှာ ဖုန်းတစ်လုံးနဲ့ရပ်နေတာကိုတွေ့ပြီး သူတို့နှစ်ယောက်လုံးက အရပ်မြင့်ကာ ကြည့်ကောင်းကြသဖြင့် လူပုံလယ်မှာ သတိမထားမိဖို့ မဖြစ်နိုင်ပေ။ ဒါကြောင့် သူတို့၏ပြောစကားကို စပ်စုသူများက ကြားသွားခဲ့သည်။
လူတစ်ယောက်ကပြောလိုက်သည်။ “ဒီပန်းချီက ခင်ဗျားဆွဲထားတာမဟုတ်ဘူးလို့ သူတို့ကပြောနေတယ်။”
ရှန်းယုဟန်နှင့်ရှန်ချီဟွမ်းက ရုတ်တရက် လူတွေဝန်းရံတာကို ခံလိုက်ရပြီး သူက အနည်းငယ်ထိတ်လန့်နေသဖြင့် ရှန်ချီဟွမ်း၏လက်မောင်းကို မှီလိုက်သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏လက်မောင်းကို ကိုင်ထားပြီး သူ့ကိုရိုက်နေသော ကင်မရာကို ပိတ်ဆို့လိုက်သည်။ သူက မီဒီယာကို မကြာခဏ ရင်ဆိုင်ရတာကြောင့် ဒီလူတွေရုတ်တရက်ပေါ်လာတာကို ဘာမှမခံစားရပေ။ ဆန့်ကျင်ဘက်အနေနဲ့ ရှန်းယုဟန်က အမြဲတမ်း ကျောင်းသားတစ်ယောက်ဖြစ်ခဲ့တာကြောင့် သူက လူထုအမြင်သဘောထားကို ခံစားနိုင်မှာမဟုတ်ပေ။
သို့သော် သူအိပ်ချင်နေစဥ် ခေါင်းအုံးကမ်းပေးမည့် လူတစ်ယောက်ရှိနေတာ တကယ်ကောင်းသည်။
ဟွမ်ချွမ်က သူတို့ကို ထွက်သွားဖို့ အမြန်ပြောချင်နေပြီး အင်တာဗျူးကို ဆက်မလုပ်ချင်ပေမယ့် တာဝန်ခံ၏မျက်လုံးများက ရေပန်းစားသော သတင်းခေါင်းစဥ်အပေါ်မှာရှိနေသည်။ “ဒီပန်းချီကားက မစ္စတာဟွမ်ရဲ့ပန်းချီမဟုတ်ဘူးလို့ မင်းတို့နှစ်ယောက်ပြောခဲ့တယ်နော်၊ ဒီလိုပြောတာ တာဝန်မဲ့တာပဲ။”
ရှန်ချီဟွမ်းက တာဝန်ခံကိုမကြည့်ပဲ ဟွမ်ချွမ်ကိုကြည့်ကာ ပြောလိုက်သည်။ “မင်းက ဟွမ်ချွမ်လား?”
ဟွမ်ချွမ်က အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်ဖြစ်ပြီး ရှန်ချီဟွမ်း၏ မျက်လုံးထဲမှာ သူ့ပုံစံက သာမန်ဖြစ်ပြီး သူက အပြစ်ရှိစိတ်ဖြင့်ပြောလာသည်။ “ဟုတ်ပါတယ်။”
ရှန်ချီဟွမ်းက သူ့ကိုတစ်ချက်ကြည့်ပြီး တာဝန်ခံကိုမေးလိုက်သည်။ “မင်းက စီစဥ်သူတာဝန်ခံလား?”
“ဟုတ်တယ်၊ ကျွန်တော်က တာဝန်ခံ” တာဝန်ခံက လူလတ်ပိုင်း ထိပ်ပြောင်တစ်ယောက်ဖြစ်ပြီး ရင်ပူနေတာကြောင့် ဒီနေ့လာရောက်သူများက ချမ်းသာသော အထက်တန်းလွှာများဖြစ်ပြီး စော်ကားလို့မရဘူးဆိုတာကို မေ့သွားခဲ့သည်။
ရှန်ချီဟွမ်းက သူ့ဖုန်းကိုချကာ ပြောလိုက်သည်။ “ဒီပန်းချီက ငါ့သူငယ်ချင်းရဲ့ပန်းချီကားပါ၊ မင်းထပ်ပြလို့မရတော့ဘူး။”
တာဝန်ခံကပြုံးကာ ပြောလိုက်သည်။ “ဆရာ၊ ကျွန်တော်တို့က ကူးချတာနဲ့ပတ်သတ်ပြီး မှားယွင်းစွပ်စွဲလို့မရပါဘူး။ မစ္စတာဟွမ်က ခင်ဗျားကိုအသရေဖျက်မှုနဲ့ တရားစွဲလို့ရတယ်၊ စကားကိုဆင်ခြင်ပေးပါ။”
ရှန်ချီဟွမ်းက ပြောလိုက်သည်။ “မင်းကိုပြင်ပေးမယ်၊ ဒါကကူးချတာမဟုတ်ဘူး၊ ပန်းချီကားကိုခိုးထားတာ၊ မင်းကိုပြောပြမယ်၊ ခိုးတာက မဟုတ်မမှန်ပြောတာထက် ပိုအမှုကြီးတယ်။”
တာဝန်ခံက ရှန်ချီဟွမ်း၏စကားကြောင့် ပါးစပ်ပိတ်သွားသည်၊ ဘယ်ဟာက ပိုအမှုကြီးတာလဲ ခိုးတာလား၊ မဟုတ်မမှန်ပြောတာလား?
ပန်းချီကားက ခိုးလို့ရသည့်အရာမဟုတ်။ ဟွမ်ချွမ်က သတင်းထောက်များရှေ့မှာ ပန်းချီကားအတွက် ကိုးကားခြင်းကို အလေးပေးဖော်ပြနေသည်။
ဟွမ်ချွမ်၏မျက်နှာက ဖြူဖျော့သွားပေမယ့် သူက လူတိုင်းရှေ့မှာ ဝန်မခံနိုင်သောကြောင့် အလောတကြီးပြောလိုက်သည်။ “မဟုတ်တာတွေမပြောပါနဲ့၊ ကျွန်တော်က ဒီပန်းချီကိုဆွဲခဲ့တာပါ၊ လူကြီးမင်းက ကျွန်တော်ပန်းချီခိုးထားတယ်လို့ပြောချင်ရင် သက်သေရှိဖို့လိုပါတယ်!”
ရှန်ချီဟွမ်းက အချိန်တိုအတွင်းမှာ ပန်းချီကား၏ နာမည်ကြီးမှုကို အွန်လိုင်းမှာ စစ်ဆေးထားပြီး သူက ဟွမ်ချွမ်၏ဝေ့ပေါ်ကိုလည်းတွေ့ခဲ့ပြီး သူက ဖန်တီးမှုအကြောင်း အဆက်အစပ်မရှိ ရှင်းပြထားတာကို ကြားခဲ့ရသည်။
တာဝန်ခံက ဇာတ်လမ်းကို အတိအကျမသိသေးပေမယ့် သူက အလယ်မှာ တစ်ခုခုဖြစ်မှာကြောက်နေပြီး ချောချောမွေ့မွေ့ပြီးသွားချင်သည်။ “မစ္စတာဟွမ်က ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတာ ကြာပါပြီ။ အထင်လွဲတာဖြစ်နေမလား?”
ရှန်ချီဟွမ်းက အပြုံးမမည်သောအပြုံးဖြင့် ပြောလိုက်သည်။ “အထင်လွဲတာလား? ငါတို့ တရားဥပဒေနည်းလမ်းအတိုင်း ဆောင်ရွက်ကြတာပေါ့၊ သူက ဒီပန်းချီကို သူဆွဲထားတာလို့ သက်သေပြနိုင်ရင် ငါတို့က စွပ်စွဲချက်ကို ရုတ်သိမ်းပေးမယ်၊ မဟုတ်ရင်တော့ တရားသူကြီးက လိုအပ်တာကို ဆုံးဖြတ်ပေးလိမ့်မယ်။”
“ကျွန်တော်မလုပ်ခဲ့တဲ့ကိစ္စအတွက် မတောင်းပန်နိုင်ဘူး။ ဒီပန်းချီကားက ခင်ဗျားသူငယ်ချင်းဆွဲထားတယ်ဆိုတာ သက်သေရှိလား?” ဟွမ်ရှန့်က သူ၏ငြင်းဆန်ချက်ကို ထိန်းသိမ်းထားသော်လည်း သူ့လက်ဖဝါးက ချွေးပျံလာသည်။ တစ်ဖက်လူမှာ သက်သေမရှိဘူး!
ရှန်ချီဟွမ်းက သူ့ကို သိသာသော သက်သေတစ်ခုကို ပေးလိုက်သည်။ “မင်းပြောခဲ့တာ ပန်းချီကားထဲက မိန်းကလေးဆို.. ဟုတ်တယ်မလား?”
ဟွမ်ချွမ် “ ဟုတ်တယ် သူမက မိန်းကလေး!”
ရှန်ချီဟွမ်းကပြောလိုက်သည်။ “ဒါပေမယ့် ငါ့သူငယ်ချင်းက ယောကျာ်းလေးတစ်ယောက်ပုံကို ဆွဲခဲ့တာ မိန်းကလေးမဟုတ်ဘူး”
ကြည့်ရှုသူတစ်ချို့ကလည်း သူက ယောကျ်ားလေးဖြစ်ပြီး မိန်းကလေးတစ်ယောက်မဟုတ်ဘူးလို့ ပြောနေခဲ့သည်။
ဟွမ်ချွမ်၏အမူအရာက ပိုပြီးဆိုးရွားလာသည်။ “မဟုတ်ဘူး၊ သူမက မိန်းကလေး! ငါဆွဲထားတာက မိန်းကလေး!”
ရှန်ချီဟွမ်းကပြောလိုက်သည်။ “ဒါဆို အဲ့ဒါက တိုက်ဆိုင်မှုသက်သက်ပဲ၊ ငါ့သူငယ်ချင်းက ပုံဆွဲရင်း ညှပ်ရိုးမှာမှဲ့နီလေးတစ်ခုကို ထည့်ဆွဲထားတယ်၊ မိန်းကလေးကရော ညှပ်ရိုးမှာမှဲ့ရှိတာလား?”
ကြည့်ရှုသူများက ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ပန်းချီကို သွားပြန်ကြည့်ကြသည်။
ထိုကောင်လေး၏ ညှပ်ရိုးမှာ မှဲ့နီလေး တကယ်ရှိနေခဲ့သည်။ သေချာမကြည့်ရင်မမြင်နိုင်ပေ။
ဟွမ်ချွမ်က သေသေချာချာ မရှင်းပြနိုင်တော့ပေ။
သူက သူ့ဦးလေးဆီက အမြဲတမ်း ယူလာသော ပန်းချီကားများက တစ်နေ့မှာ ဒီလိုဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့ပေ။
ထိုအချိန်တွင် ရှန်ချီဟွမ်းက သူ့နာရီကိုကြည့်ကာ တစ်မိနစ်အကြာတွင် လူတစ်စုက ပြခန်းကိုရောက်လာပြီး လက်ထောက်ချွီက သက်တော်စောင့်အပါအဝင် ရဲတွေနဲ့အတူ သူ့အရှေ့မှာပေါ်လာသည်။
မိန်းကလေးနှင့်ကြောင်ပန်းချီကားကို ချိတ်ပိတ်လိုက်ပြီး ရဲစခန်းကိုပို့လိုက်သည်။
ရဲတွေက ဟွမ်ချွမ်ကိုခေါ်သွားပြီး ရဲကားထဲမဝင်ခင် ဟွမ်ချွမ်၏မျက်နှာက မယုံကြည်နိုင်သလိုဖြစ်နေသည်။
သတင်းထောက်က ဟွမ်ချွမ်၏ ထိတ်လန့်နေသော အမူအရာကို ဓာတ်ပုံရိုက်ယူကာ အင်တာဗျူးခဲ့ပြီး ရှန်ချီဟွမ်းနှင့် ရှန်ချီဟွမ်းက လူတစ်ယောက်ကို ကာကွယ်ပေးကာ ကားထဲပို့နေပုံကိုလည်း ရိုက်ကူးထားခဲ့သည်။
ကောင်းတယ်၊ ဒီနေ့ခေါင်းစဥ်ကိုတော့ရပြီ။
ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က သက်တောင်စောင့်များ၏ စောင့်ကြပ်မှုအောက်မှာ ကားထဲဝင်ကာ ထိုကိစ္စကိုကိုင်တွယ်ရန် ရဲစခန်းကိုသွားခဲ့သည်။
ထိုအချိန်တွင် ရှန်းယုဟန်က ပိုပြီးစိတ်သက်သာရာရသွားသည်။
ရှန်ချီဟွမ်းက သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး သူက ရှန်ချီဟွမ်းကို မသေချာသလို မေးလိုက်သည်။ “ယောကျာ်း၊ ကျွန်တော့်ပန်းချီကိုပြန်ရနိုင်လား?”
ယောကျာ်းလို့ခေါ်သံကို ရှန်ချီဟွမ်းက တုံ့ပြန်လိုက်သည်။ “စိတ်မပူပါနဲ့၊ ပြန်ယူပေးပါမယ်။”
ရှန်းယုဟန်၏နှလုံးသားမှာ ပြန်လည်သက်သာလာပြီး သူ့ခင်ပွန်းက သူ့ညှပ်ရိုးပေါ်က မှဲ့နီလေးကို သတိထားမိတာကိုတွေးမိတော့ သူ့မျက်နှာက အနည်းငယ်ပူသွားပြီး ခေါင်းငုံ့လိုက်သည်။