Chapter 29.2
“သူများမှာရှိတာ မင်းမှာလည်းရှိရမယ်”
ရှန်းယုဟန်မှာ အကျင့်ကောင်းတစ်ခုရှိသည်။ သူက သူရှေ့က အစားအစာကို ကုန်အောင်စားတတ်ပြီး မဖြုန်းတီးတတ်ပေ၊ သူက အိမ်ပြင်မထွက်သော ကောဖြစ်တာကြောင့် သူ့မိသားစုက အစားစာကို မဖြုန်းတီးရကြောင်း သတိပေးကာ သင်ပေးလေ့ရှိသည်။
နောက်ကျသောနေ့လည်စာမှာ အနည်းငယ်ကြို့ထိုးနေသော်လည်း အဆုံးမှာ ချောမွေ့နေခဲ့သည်။
စားသောက်ဆိုင်မှထွက်ခွာပြီးနောက် ရှန်းယုဟန်နှင့်ရှန်ချီဟွမ်းက အောက်ဆင်းဖို့ ဓာတ်လှေကားကိုစောင့်နေကာ သူက ရှန်ချီဟွမ်းကို ဒွိဟဖြစ်စေသော မျက်လုံးများဖြင့်ကြည့်နေသည်။
“ယောကျာ်း၊ ကျွန်တော်တို့ ဘယ်သွားကြမှာလဲ?”
“မင်းဘယ်သွားချင်လဲ?” ရှန်ချီဟွမ်းက အစက သူ့ဆုံးဖြတ်ချက်အတိုင်း လုပ်ချင်ခဲ့ပေမယ့် သူက ရှန်းယုဟန်၏ အတွေးကို လေးစားနေဆဲဖြစ်သည်။
ရှန်းယုဟန်က အရင်အပတ်ဆန်းဒေးက ဖြတ်သွားခဲ့သောရင်ပြင်ကိုတွေးကာ ပြောလိုက်သည်။ “ကျွန်တာ် လူတွေသီချင်းဆိုကပြတာကိုကြည့်ချင်တယ်။”
ရှန်ချီဟွမ်းက သူ့စကားကို နားလည်မှုလွဲသွားသည်။ “လတ်တလောမှာ အဆိုတော်တွေရဲ့ ရှိုးပွဲမရှိသေးလို့ ဒီနေ့သွားလို့မရဘူး။”
မရည်ရွယ်ပဲ ရှန်းယုဟန်က ရှိုးပွဲဟူသော စကားလုံးအသစ်ကို သင်ယူခဲ့ပြီး အိမ်ပြန်ရောက်ရင် စီရီကိုမေးလိုက်မည်။
ခေတ်သစ်လူသားတွေ သီချင်းဆိုပြီး ကပြတာကို ရှိုးပွဲလို့ခေါ်ပုံရသည်။
သူက ဝမ်းနည်းကာ မျက်နှာပေါ်က အပြုံးတစ်ဝက်က ပျောက်ကွယ်သွားသည်။ “အရင်တစ်ခေါက်က ဖြတ်သွားခဲ့တဲ့ ရင်ပြင်ကိုသွားလို့မရဘူးလား”
“ရင်ပြင်ကလူတွေ ကတာကိုကြည့်ချင်တာလို့တော့ မပြောနဲ့။” ရှန်ချီဟွမ်းက သူ့အကြိုက်က လွန်ကဲနေသည်ဟု တွေးလိုက်သည်။
ကွာခြားချက်ရှိပုံရသည်၊ ရှန်းယုဟန်က ရှန်ချီဟွမ်း၏ စကားအဓိပ္ပါယ်ကို နားလည်သွားပြီး သူက ရှိုးပွဲ သို့မဟုတ် ရင်ပြင်အကကို မကြားဖူးသဖြင့် သွားကြည့်ချင်သည်။
ရှန်ချီဟွမ်းက သူပြောချင်တာကို တားလိုက်သည်။ “မင်းကြည့်ချင်တာကိုသိတယ်၊ မင်းအရင်က မမြင်ဖူးဘူးလား”
သူက ဒီတစ်ကြိမ်မှာ ရှန်ချီဟွမ်း သူ့ကိုသံသယဖြစ်သွားတာကို မလိုချင်သဖြင့် ရှန်းယုဟန်က သူ့လက်သန်းကို ကိုင်လိုက်သည်။ “ကျွန်တော့်ယောကျာ်းနဲ့ မကြည့်ဖူးဘူးလေ” အခု သူက ခေတ်သစ်လူသား၏ ဆက်ဆံရေးနည်းလမ်းများနှင့် ဖြည်းဖြည်းချင်းရင်းနှီးလာပြီး သူက သူ့ခင်ပွန်းနှင့် အပြင်မှာလက်ကိုင်ထားဖို့ သတ္တိရှိလာသည်။
ရှန်ချီဟွမ်းက စိတ်ဓာတ်ကျသလိုတွေးလိုက်သည်။ -အရမ်းကောင်းတယ်၊ အဲ့ဒါသူ့လှည့်ကွက်ပဲ။
အခုလေးတင် သူက ရှန်ချီယွင်နှင့် ရုပ်ဆင်သည့် ဖျော်ဖြေသူကိုကြည့်လာပြီး အခုတော့ သူ့ကိုမြှူစွယ်ဖို့ ထပ်ကြိုးစားနေသည်။ စိတ်နှစ်ခွရှိတဲ့မြေခွေးလေးကတော့….
ရှန်ချီဟွမ်းက နောက်ဆုံးမှာ သဘောတူလိုက်သည်။ သူက သူ့လက်ကိုကိုင်ခံထားရစဥ် မငြင်းနိုင်ခဲ့ပေ။ “ကောင်းပြီ၊ ဒါပေမယ့် ရင်ပြကပွဲက ညနေမှာပဲရှိတာ၊ ငါတို့အနီးနားဝန်းကျင်ကို လည်ပတ်ပြီး သရေစာစားလို့ရတယ်၊ ညစျေးက အရင်တစ်ခေါက်ဖြတ်လာတဲ့ နေရာထက် စည်ကားတယ်။”
သူက ပုံမှန်ဆို အလုပ်ရှုပ်နေပြီး စျေးဝယ်ထွက်ဖို့ အချိန်မရှိခဲ့ပေ၊ ရှန်းယုဟန်၏ အပြင်ထွက်ချင်စိတ်ကို ကျေးဇူးတင်ရမည်၊ သူ့မှာ သာမန်ပိတ်ရက်ရှိလာ၍ဖြစ်သည်။
ရှန်းယုဟန်က သူညစျေးကို လည်ပတ်နိုင်တာကို ကြားလိုက်ရတော့ စိတ်ရွှင်သွားသည်။
“ဒါဆို ဒီနေ့အိမ်မပြန်ခင် အပြင်မှာညစာစားကြမလား?” သူကလည်း ခေတ်သစ်ညစျေးကို ကြုံဖူးချင်သည်။
“အင်း”
ရှန်းယုဟန်က အရင်တစ်ခေါက်က ကားထဲကနေရခဲ့သော ဘာဘီကျူးအနံ့ကိုမှတ်မိပြီး ဒီနေ့တွေ့ရင် စားကြည့်ရမည်။
လက်ရှိမှာ နေ့လည်နှစ်နာရီထိုးပြီဖြစ်၍ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို အောက်ထပ်သို့ အရင်ခေါ်လာပြီး ထိုနေရာကို တိုက်ရိုက်လျှောက်သွားလိုက်သည်။
မြေပုံကိုကြည့်တော့ ဆယ့်ငါးမိနစ်လျှောက်ရမှာဖြစ်သည်။
သို့သော် ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က မိနစ်ငါးဆယ်လျှောက်ခဲ့တာတောင် မရောက်သေးပေ။
သူတို့နောက်လိုက်လာသော သက်တော်စောင့်များက စကားစမြည်ပြောလာခဲ့သည်။
ဘောဒီဂတ်အေ: “သူဌေးနှင့် သူဌေးဇနီးက ဘာလို့လမ်းကြားထဲကို လျှောက်နေတာလဲ.. မပျင်းကြဘူးလား? စာငှက်တစ်ကောင်တောင် မမြင်ရဘူး။”
ဘော်ဒီဂတ်ဘီ: “ဒါက လူသိပ်မရှိတဲ့နေရာမှာ ဒိတ်တာမျိုးမဟုတ်ဘူးလား?”
ဘော်ဒီဂတ်အေ: “ဒါပေမယ့် သူတို့ကလက်တွဲပြီး ဘာမှလည်းမလုပ်ကြဘူး။”
ဘော်ဒီဂတ်ဘီ: “မဖြစ်နိုင်..”
မှန်တယ်.. ရှန်ချီဟွမ်းက လမ်းပြစနစ်အတိုင်းသွားခဲ့ပေမယ့် လမ်းမှားသွားတာကြောင့် သူတို့နှစ်ယောက်က လမ်းကြားထဲမှာ လမ်းပျောက်နေပြီး တဝဲလည်လည်ဖြစ်နေသည်။
အကြောင်းမှာ ရှန်းယုဟန်က လမ်းကြောင်းဆိုင်ရာ အသိပညာကို မတတ်ကျွမ်းသေးတာကြောင့် သူက လမ်းဘယ်လောက်လျှောက်ရမလဲဆိုတာကို မမေးခဲ့ပဲ လျှောက်လာခဲ့လို့ဖြစ်သည်။
လမ်းလျှောက်ရင်း သူ့ခြေထောက်များ နာလာသဖြင့် သူက နှာခေါင်းရှုံ့ကာ ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်တို့ဘယ်လောက်ကြာအောင် သွားရဦးမှာလဲ၊ ကျွန်တော်တို့ ဘာလို့ပိုဝေးလာသလို ခံစားနေရတာလဲ?”
သရေစာဆိုင်က လှုပ်လှုပ်ရှားရှား စည်ကားနေရမှာ မဟုတ်ဘူးလား?
သူက ရှန်ချီဟွမ်း၏လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ကြောက်နေတာကြောင့် အပြင်မှာရောက်နေတာကိုလည်း ဂရုမစိုက်တော့ပေ။
ဤလမ်းကြားတွင် ဗေဒင်ဆရာများစွာ ထိုင်နေကြပြီး သူတို့အားလုံးက သူတို့နှစ်ယောက်ကို အမူအရာမဲ့သော မျက်နှာဖြင့်ကြည့်နေကြသည်မှာ ဗိုက်ဆာနေသော ဝံပုလွေက အဆီပြည့်အသားကိုကြည့်နေသလိုပင်၊ ရှန်းယုဟန်က သူ့ကံကြမ္မာကိုပြောနိုင်သော ဗေဒင်ဆရာများ၏ ဗေဒင်ဟောခံရမည်ကို ကြောက်နေသည်။
လိမ္မော်သီးခြောက်နှင့်တူသော မျက်နှာရှိသည့် အဘိုးကြီးက ရုတ်တရက်ပါးစပ်ကိုဖွင့်လိုက်သည်။ “လူငယ်လေး၊ မင်းဗေဒင်တွက်ချင်လား? မင်းမှာ ထူးခြားတဲ့ကံကြမ္မာရှိတာကို ငါမြင်နေရတယ်၊ ပြီးတော့ မကြာသေးခင်က ကြီးမားတဲ့ကိစ္စကြောင့် မင်းစိုးရိမ်နေတာကို ငါမြင်နေရတယ်။”
ရှန်းယုဟန်က ခေါင်းခါကာ ပြောလိုက်သည်။ “မတွက်ဘူး၊ မတွက်ဘူး၊ ကျွန်တော်ပိတ်မိနေတာမဟုတ်ဘူး။” သူက ထိတ်လန့်နေပြီး ဖုန်းထဲကနေ လမ်းကြောင်းရှာနေသော ရှန်ချီဟွမ်းကို ကမန်းကတန်းဆွဲလိုက်သည်။
ထို့နောက် လမ်းကြားထဲကနေ လျှောက်ထွက်လာခဲ့ကြသည်။
လမ်းကြားထဲမှာက တိတ်ဆိတ်နေပေမယ့် အပြင်မှာ ဆန့်ကျင်ဘက်အဖြစ် ကားအသွားအလာရှိနေသည်။
ရှန်းယုဟန်က ဗေဒင်ဆရာကြောင့် ထိတ်လန့်ကာ နဖူးမှချွေးများထွက်လာသည်။
ရှန်ချီဟွမ်းက သူလမ်းမှားသွားတာကို ဝန်ခံဖို့ငြင်းနေပြီး ရှန်းယုဟန်၏ စိုးရိမ်မှုကို သတိမထားမိခဲ့ပေ။ သူက တည်ငြိမ်ချင်ယောင်ဆောင်ကာ ခေါင်းမာနေခဲ့သည်။ “ဒီနေရာက အရမ်းထူးခြားတာပဲ”
စိတ်ထဲမှာ လျှို့ဝှက်ချက်ကို ဖုံးထားရသော ရှန်းယုဟန်က ဖြစ်သလို ခေါင်းညိတ်လိုက်သည်။ “အွန်း၊ အွန်း ဒါပေမယ့် ကျွန်တော်က ဗေဒင်တွက်တာကို စိတ်မဝင်စားဘူး။”
ရှန်ချီဟွမ်းက မုန့်စျေးတန်း၏ ခုံးကျော်ကို ညွှန်ပြလိုက်သည်။ “အရှေ့မှာ မုန့်စျေးတန်းပဲ၊ အချိန်အကြာကြီး လမ်းလျှောက်ပြီးလို့ ငါဗိုက်ဆာနေပြီ။”
သေချာတာကတော့ ရှန်းယုဟန်၏အာရုံက ပြောင်းသွားပြီး ရှန်ချီဟွမ်းက တိတ်တဆိတ် သက်ပြင်းချကာ အရှက်ရခြင်းမှ သူ့ကိုယ်သူကာကွယ်နိုင်ခဲ့သည်။
တိုက်ဆိုင်စွာပင် သူတို့နှစ်ယောက်က လမ်းကြားကိုလျှောက်ခဲ့ပြီး ဗေဒင်ဆရာအား တွေ့ခဲ့တာကို မေ့သွားခဲ့ကြသည်။
–
လူအများကြီးစုဝေးနေသောနေရာကို ပထမဆုံးအကြိမ်လာခဲ့သည့် ရှန်းယုဟန်က ဗိုက်ဆယ်ခု၊ မျက်လုံးဆယ်စုံနှင့် ခြေထောက်ဆယ်ချောင်းရှိဖို့ မျှော်လင့်နေသည်။
သူက ဆိုင်များရှိ သရေစာအားလုံးကို မြည်းစမ်းကြည့်ချင်နေပြီး ဖွင့်ထားသော စတိုးဆိုင်များကို သွားချင်နေသည်။
စားနေရင်း စျေးဝယ်ထွက်တာက လူတွေကို မပင်ပန်းစေပဲ ဗိုက်ပြည့်နေမှသာ ပင်ပန်းတာဖြစ်၏။
ရှန်းယုဟန်က ဘာဘီကျူး၏အနံ့ကိုရှူလိုက်သည်။ ထိုသည်မှာ ရာစုနှစ်ကြာပြီဖြစ်သော ရှေးဟောင်းဝက်ကင်ဆိုင်ဖြစ်သည်။ အပြင်မှာ လူအများကြီးတန်းစီနေပြီး ရှန်းယုဟန်က သူ့ဗိုက်ကိုထိကာ ထပ်မစားနိုင်တော့ပေ။
မဟုတ်ဘူး၊ အဲ့ဒါက သူ့ခင်ပွန်းက သူ့ကို ထပ်စားနိုင်အောင် မကူညီပေးလို့ပဲ။
ရှန်ချီဟွမ်းက သူ တခြားနေရာကိုကြည့်နေတာကို တွေ့သွားပြီး ချက်ချင်းတားဆီးလိုက်သည်။ “ရှန်းယုဟန်၊ မင်းစားနေတဲ့ သရေစာတွေက အကန့်အသတ်ကျော်နေပြီ”
“အို” ရှန်းယုဟန်က သူ့လေသံထဲက နောင်တကို မဖုံးဖိနိုင်ပဲ “ကျွန်တော်ဗိုက်ပြည့်နေပြီ၊ ယောကျာ်း.. သွားပြီးအနားယူရအောင်”
ရှန်ချီဟွမ်းက သူ့ကို မုန့်စျေးတန်းမှ ချက်ချင်းဆွဲခေါ်သွားသည်။ သူထပ်စားရင် ဆီနဲ့ဆားပမာဏကိုကျော်လွန်သွားလိမ့်မည်။ သူတို့နှစ်ယောက်က ရင်ပြင်ကိုလျှောက်လာပြီး ထိုအချိန်မှာ ညရောက်သွားကာ ဘယ်တော့မှ မအိပ်သည့် မြို့အလင်းရောင်က ဖြည်းဖြည်းချင်း လင်းထိန်လာကာ လူများ၏ မျက်နှာပေါ်မှာ ရောင်ပြန်ဟပ်နေသည်။
ဒီနေ့ရာသီဥတုက မမျှော်လင့်ထားစွာ နွေးထွေးနေပြီး နေဝင်သွားလို့ နည်းနည်းအေးနေပေမယ့် ရင်ပြင်မှာ ကစားကာ အလုပ်လုပ်နေကြသော လူများ၏ စိတ်အားထက်သန်မှုအပေါ်ကိုတော့ သက်ရောက်မှုမရှိပေ။
တစ်နေ့လုံးလမ်းလျှောက်ပြီးနောက် ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ပင်ပန်းသွားသဖြင့် သူတို့က ထိုင်ဖို့ခုံရှာကာ အနားယူလိုက်သည်။
ရှန်းယုဟန်က ထိုနေ့က သူဝယ်ချင်ခဲ့သော ဘောလုံးကိုထပ်တွေ့ခဲ့သည်။ “ယောကျာ်း၊ ကျွန်တော်အဲ့ဒါလိုချင်တယ်၊ ခင်ဗျားဝယ်ပေးမယ်လို့ ပြောထားတယ်လေ”
ရှန်ချီဟွမ်းက သူ့ခေါင်းကိုပုတ်လိုက်သည်။ “မင်းကငါ့ကို ဘယ်လိုအမိန့်ပေးရမလဲဆိုတာပဲသိတယ်။”
ရှန်းယုဟန်က စားပြီးလမ်းလျှောက်ခဲ့ရလို့ ပင်ပန်းနေသဖြင့် အသံကိုပျော့ပျောင်းစေပြီး “ဝယ်ပေးပါ၊ လိုချင်တယ်၊ ကျွန်တော် အဲ့ဒီယုန်ဖြူကြီးကို လိုချင်တယ်။”
“ကလေးဆန်လိုက်တာ” ရှန်ချီဟွမ်းက တွန့်ဆုတ်နေသော်လည်း သူက မတ်တပ်ရပ်ကာ ဘောလုံးရောင်းနေသော အန်ကယ်ဆီကို သွားလိုက်သည်။ သူက ရှန်းယုဟန်လိုချင်သော ယုန်ဖြူကိုယူလိုက်ပြီး သူ့ဘေးမှာ သူ့လက်ထဲက ဘောလုံးကိုကြည့်နေသော ကလေးတစ်ယောက်ရှိသည်။ ရှန်ချီဟွမ်းက ထိုကလေး၏မျက်လုံးသည် ရှန်းယုဟန်လို ကြည်ရှင်းတယ်လို့ ခံစားလိုက်ရတာကြောင့် သူ့အတွက်တစ်လုံးဝယ်ပေးလိုက်တော့ ကလေးက ကျေးဇူးတင်စကားပြောခဲ့သည်။ “ကျေးဇူးပါ၊ အန်ကယ်”
ရှန်ချီဟွမ်းက ပြောလိုက်သည်။ “ရပါတယ်၊ သွားကစားတော့”
ရှန်ချီဟွမ်းက ခုံတန်းလျားကိုပြန်လာစဥ် ရှန်းယုဟန်က သူ့ကိုမကြည့်ပဲ နားရွက်တွေက နီနေသည်။ အေးလို့လားတော့မသိပေမယ့် သူက ရှန်းယုဟန်ကြည့်နေသော ထိုင်ခုံနောက်တစ်လုံးကို လိုက်ကြည့်မိတော့ စုံတွဲတစ်တွဲက နမ်းရှိုက်နေကြသည်။
ရှန်းယုဟန်က ခဏလောက် မျက်လုံးကို ကျယ်ကျယ်ဖွင့်ထားကြီး ခေါင်းကိုပြန်လှည့်လိုက်သည်။ ရှက်စရာကြီး!
ရှန်ချီဟွမ်းက ချဥ်စူးစူးပြောလိုက်သည်။ “ကြည့်စရာဘာရှိလို့လဲ?”
ရှန်းယုဟန်က သူ့အနားကိုတိုးသွားပြီး တိုးတိုးလေးပြောလိုက်သည်။ “သူတို့က အပြင်မှာ ရင်းနှီးတာတွေလုပ်နေကြတယ်။”
ရှန်ချီဟွမ်းက ရှန်းယုဟန် သူ့အနားထပ်ကပ်လာပြီး မျက်နှာက ပန်းရောင်သန်းနေတာကို တွေ့လိုက်ရသည်။ သူက ရှန်းယုဟန်၏ နှုတ်ခမ်းကိုကြည့်ပြီး သူ့ပါးစပ်ထောင့်ကိုလျက်ကာ ပြောလိုက်သည်။ “ဘာတွေအံ့သြစရာကောင်းလို့လဲ?”
ရှန်းယုဟန်ု တကယ်ကိုသိချင်နေသဖြင့် သူလှည့်ကာ နောက်တစ်ခါကြည့်လိုက်သည်။ ဝေါင်း.. အဲ့အတွဲက နမ်းနေတုန်းပဲ။
သူခေါင်းကိုလှည့်လိုက်တော့ သူ့ကိုစောင့်နေသည်မှာ ရှန်ချီဟွမ်း၏ ခန့်ညားသောမျက်နှာဖြစ်ပြီး ရှန်ချီဟွမ်းက သူတို့ရှေ့မှာ ဘောလုံးကို ပိတ်ဆို့လိုက်ကာ ပုစဥ်းတစ်ကောင်က ရေမျက်နှာပြင်ကို ထိနေသလို သူ့နှုတ်ခမ်းဖြင့် ရှန်းယုဟန်၏ နှုတ်ခမ်းကိုထိလိုက်သည်။
သူက ထုံထိုင်းနေသော ရှန်းယုဟန်၏လက်ထဲကို ဘောလုံးထည့်ပေးကာ “ဒီမှာ မင်းဘောလုံး”
တခြားသူမှာရှိတာ မင်းမှာလည်းရှိရမယ်။ အားကျစရာမလိုဘူး။
ထို့နောက် ရှန်ချီဟွမ်းက ဂရုမစိုက်သလို ဟန်ဆောင်လိုက်ပြီး ရင်ပြင်မှာ ကနေသောအန်တီကိုကြည့်ကာ ကြည့်မိတာနောင်တရသွားသည်။
ခဏကြာတော့ ရှန်းယုဟန်က အသံထွက်လာပြီး တိုးတိုးလေးရေရွတ်လိုက်သည်။ “ယောကျာ်း.. ခင်ဗျား.. ခင်ဗျားကျွန်တော့်ကိုနမ်းလိုက်တယ်။”
ရှန်ချီဟွမ်းက မျက်နှာတည်ဖြင့် လိမ်ပြောလိုက်သည်။ “မဟုတ်ဘူး။ မင်းဘာမင်း အနားကပ်လာတာ”
ရှန်းယုဟန်က ကြီးမားသော အဖြူအနက် မျက်လုံးကြီးများနှင့် သူ့ကို မျက်တောင်ခတ်ပြလိုက်သည်။ “...” အဲ့ဒါက အနမ်းဆိုတာ သိသာနေတာကို!