Chapter 30.1
Viewers 1k

Chapter 30.1

“ထွက်ပြေးဖို့အခွင့်အရေးယူသွားတယ်”


ရင်ပြင်ရှိ နားကန်းစေသော တေးဂီတသည် ရှန်ချီဟွမ်း၏ ဗုံလိုခုန်​နေသော နှလုံးသားကို မဖုံးကွယ်နိုင်ခဲ့ပဲ လူများသော ထိုကဲ့သို့နေရာများတွင် ဒီလိုအရာမျိုးလုပ်တာက သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုအရာကိုလုပ်ပြီးနောက် သူက နောင်တနည်းနည်းရသည်။ ဒါတွေအားလုံးက ရှန်းယုဟန်က သူ့ကိုမြှူစွယ်နေလို့ဖြစ်ပြီး ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ အရိပ်အမြွက်ပြနေလို့ဖြစ်သည်။ မဟုတ်ရင် သူက ထိုကဲ့သို့ စိတ်လိုက်မာန်ပါလုပ်မိမှာမဟုတ်ပေ။

တခြားတစ်ဖက်တွင် ရှန်းယုဟန်က သူ၏နီရဲနေသောပါးပြင်ကို ပြေလျော့စေရန် အေးစက်သော လက်များကို အသုံးပြုခဲ့ပြီး သူက ဘောလုံးနဲ့ကစားချင်စိတ်တောင် ပျောက်သွားခဲ့သည်။ သူတွေးနိုင်တာက ပုစဥ်းတစ်ကောင်က ရေကိုထိလိုက်သည့်အလား ဖြစ်ခဲ့သော ရှန်ချီဟွမ်း၏အနမ်းဖြစ်သည်။


သူတို့နှစ်ယောက်က ခုံတန်းလျားပေါ်မှာ အတွေးတစ်ခုစီနှင့်တိတ်တဆိတ်ထိုင်နေသည်။


ရှန်းယုဟန်၏ မျက်နှာပေါ်က အပူချိန်က ကျဆင်းမသွားပဲ ရှန်ချီဟွမ်းကတော့ သူ့မျက်နှာကို တင်းထားသည်။


ရင်ပြင်နာရီက ၇နာရီမှာရပ်နေပြီး ရှန်ချီဟွမ်းက သူ၏အတွင်းစိတ်ကို ထိန်းချုပ်ပြီးနောက် ရှန်းယုဟန်ကို မေးလိုက်သည်။ “မင်းမြင်ချင်တာရှိသေးလား?”

ရှန်းယုဟန်က လမ်းသိပ်မလျှောက်တာ ကြာနေပြီဖြစ်၍ သူ့ခြေထောက်တွေကို သိမ်မွေ့စွာမတ်ထားပြီး တစ်ညနေလုံးလမ်းလျှောက်ပြီးနောက် သူ့ခြေထောက်တွေက နာကျင်နေသဖြင့် ခေါင်းခါပြလိုက်သည်။ “မရှိတော့ဘူး။”



“ဒါဆိုအိမ်ပြန်မယ်” ရှန်ချီဟွမ်းက ကောင်းကင်နှင့်မြေကြီးကိုကြည့်ပြီး ရှန်းယုဟန်ကို တိုက်ရိုက်မကြည့်ပဲ ထိုသည်မှာ သူပင်ပန်းနေလို့မဟုတ်ပဲ ထွေရာလေးပါးစားထား၍ ဗိုက်တင်းနေလို့ဖြစ်နိုင်သည်။ “မင်းမကြည့်ချင်တော့ရင် အိမ်ပြန်မယ်၊ တစ်ခုခုစားချင်လား? မုန့်နည်းနည်းဝယ်သွားလို့ရတယ်။”

ရှန်းယုဟန်က မနီးမဝေးမှလူတစ်ယောက် သကြားလုံးရောင်းတာကိုကြည့်နေပေမယ့် ထပ်မစားနိုင်တော့သဖြင့် သူက ရှန်ချီဟွမ်းကို တိုးတိုးလေးမေးလိုက်သည်။ “ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်လာဦးမှာလား?”



“အင်း ရာသီဥတုနွေးလာရင်ပြန်လာမယ်၊ သွားစို့” ရှန်ချီဟွမ်းက ထိုစကားပြောပြီးနောက် မတ်တပ်ရပ်ကာ သူက သူ့အိပ်ကပ်ထဲလက်ထည့်ပြီး ရှေ့ကိုလျှောက်သွားကာ သူ၏ စိတ်လိုက်မာန်ပါ လုပ်ခဲ့သော အပြုအမူကို ဖုံးကွယ်ဖို့ကြိုးစားနေသည်။


လေကိုတားဆီးမယ့်သူမရှိ၍ ရှန်းယုဟန်၏မျက်နှာက အေးစက်နေပြီး ခဏလောက်အံ့အားသင့်နေကာ သူ့ယောကျာ်းက လေကိုကာပေးထားသဖြင့် သူက စိတ်ကြည်လင်စွာ ရှန်ချီဟွမ်းအနောက်ကလိုက်နေခဲ့သည်။ ရှန်ချီဟွမ်းက သူလမ်းလျှောက်မြန်နေတာကို သတိထားမိပြီး အရှိန်လျှော့ကာ သူ့ကိုစောင့်နေသည်။


သူတို့လက်ထပ်ပြီးသည့်နေ့ကတည်းက ရှန်ချီဟွမ်းက သူ့ထက်ခြေတစ်လှမ်းအမြဲနောက်ကျနေသော ရှန်းယုဟန်ကို စောင့်နေခဲ့သည်။ သို့သော် သူစောင့်နေတိုင်း ရှန်းယုဟန်က မှီသွားပြီး နှစ်ယောက်လုံးက တူတူလျှောက်လှမ်းလေ့ရှိသည်။


ရှန်းယုဟန်က သူ၏တစ်နေ့တာခရီးစဥ်ကို တွန့်ဆုတ်စွာအဆုံးသတ်လိုက်ပြီး အိမ်ပြန်ရောက်တော့ ခြေဖဝါးများနီမြန်းနေရုံမက နွမ်းနယ်လာသည်ကိုတွေ့လိုက်ရသည်။ ရေချိုးနေစဥ် နာလာလို့ငိုမိသွားပေမယ့် သူ့ခင်ပွန်းကတော့ အဆင်ပြေနေပုံရသည်။


ရေချိုးပြီးသည့်ရှန်းယုဟန်က မွှေးကြိုင်နေပြီး သူက ရှန်ချီဟွမ်းကိုရှာရန် သူ့ရနံ့ကို သယ်ဆောင်လာသည်။


ထိုအချိန်တွင် ရှန်ချီဟွမ်းက ဝီချက်မှတစ်ဆင့် ဧည့်ခန်းထဲမှာ သူ့သူငယ်ချင်းများနှင့် စကားစမြည်ပြောနေပြီး သူက သူ့ကုတ်အင်္ကျီကိုမဝတ်ထားပဲ ခြေထောက်တုန်နေသော ရှန်းယုဟန်ကိုတွေ့တော့ သူ့မျက်လုံးထဲတွင် မကျေနပ်မှုဖြတ်ပြေးသွားသည်။


“မင်းအအေးထပ်မိပြန်ပြီလား?” ပြောပြီးသည်နှင့် သူက စိုးရိမ်စွာမေးလိုက်သည်။ “ရေချိုးခန်းထဲမှာ ချော်လဲခဲ့တာလား?”


ရှန်းယုဟန်က ညအိပ်ဝတ်ထူထူကို ဝတ်ဆင်ထားပြီး အိမ်မှာ အပူပေးစက်ဖွင့်ထားပြီး တကယ်မအေးတာကြောင့် သူက ရှန်ချီဟွမ်းဘေးမှာလာထိုင်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “မဟုတ်ပါဘူး၊ ​ခြေထောက်နာပြီး အရေကြည်ဖုထွက်နေလို့ပါ”


ရှန်ချီဟွမ်းက ရှန်းယုဟန်၏မျက်လုံးများကို ကြည့်လိုက်သည်။ “ဒီတော့”


ရှန်းယုဟန်က အောက်နှုတ်ခမ်းကိုကိုက်ကာ သွယ်ဝိုက်ပြောလိုက်သည်။ “အရေပြားကကွာနေပြီး ရေထိရင်နာတယ်၊ ဒါကြောင့်ဆေးလိမ်းဖို့လိုတယ်။”


ရှန်ချီဟွမ်းက သူ့ခြေထောက်ကို ဒေါသတကြီးကြည့်လိုက်သည်။ “ငါက မင်းရဲ့ကလေးထိန်းလား၊ ဆေးကို ကိုယ်တိုင်မရှာပဲ ငါ့ကိုလာရှာနေတယ်။”



ရှန်းယုဟန်က သူ့ခြေထောက်ကိုခါယမ်းကာ ချည်သားဖိနပ်ပေါ်က ယုန်ဖြူက ထင်းနေပြီး သူတို့ဝယ်လာပြီး တီဗီဘေးမှာချိတ်ထားသော ယုန်ဖြူပူ​ဖောင်းနှင့်ဆင်သည်။


သူက သတိထားပြီးပြောလိုက်သည်။ “ခင်ဗျားက ကျွန်တော့်ယောကျာ်းလေ၊ ကလေးထိန်းမဟုတ်ဘူး။”


ရှန်ချီဟွမ်းက သူ့ဖုန်းကိုချကာ သူ့အတွက် ဆေးသွားယူပေးလိုက်သည်။


သူက ဆေးယူလာပြီး ရှန်းယုဟန် ကိုယ်တိုင်လိမ်းနိုင်ရန် ပြင်ပေးလိုက်သည်။ ထို့နောက် ရှန်းယုဟန်၏အကြည့်အောက်တွင် ကြိတ်မှိတ်အားစိုက်ကာ ပုလင်းအဖုံးကိုဖွင့်လိုက်ပြီး ဂွမ်းစကိုယူလိုက်သည်။

“မင်းခြေထောက်ကို ငါ့ပေါင်ပေါ်တင်လိုက်၊ ဆေးလိမ်းပေးမယ်။”


ရှန်းယုဟန်က သူ့ခင်ပွန်းကို ခြေထောက်ပြရတာ စိတ်ထဲမထားပဲ ဖိနပ်ချွတ်လိုက်ပေမယ့် ရှန်ချီဟွမ်း၏ ပေါင်ပေါ်မှာတော့ ခြေထောက်ကို ရှက်ကိုးရှက်ကန်းတင်လိုက်သည်။


ရှန်ချီဟွမ်းက သူ့ခြေဖမိုးကိုဖိကာ နောက်ဆုံးအကြိမ် ခြေထောက်ဆေးပေးစဥ်က သေချာမကြည့်ခဲ့ပေမယ့် ဧည့်ခန်းထဲက အလင်းရောင်က သိသိသာသာ တောက်ပနေသဖြင့် ရှန်းယုဟန်၏ခြေထောက်က ဖြူရှင်းနေကာ ခြေသည်းများက ညီညီညာညာ ညှပ်ထားသည်။


သူက ဝါဂွမ်းကို ဒဏ်ရာပေါ်ပွတ်လိုက်ပြီး အေးစက်မှုက ရှန်းယုဟန်၏ ခြေချောင်းများကို ကွေးသွားစေသည်။ 


ရှန်ချီဟွမ်းက သူ့လှုပ်ရှားမှုကို အရှိန်လျှော့ကာ သူ့ကိုမေးလိုက်သည်။ “အရမ်းနာလား?”


ရှန်းယုဟန်က ခေါင်းအုံးကိုဖက်ထားပြီး သူ့မျက်နှာတစ်ခြမ်းကို ဖုံးထားကာ လှပသောမျက်ဝန်းတစ်စုံကိုသာ ဖော်ထားသည်။ “သိပ်မနာပါဘူး။”


“မင်းအပြင်မှာ ထပ်လည်ပတ်ချင်သေးလား ကြည့်ကြသေးတာပေါ့၊ တစ်ညနေလုံး ရပ်တောင်မရပ်ဘူး၊ မင်းကိုအိမ်မှာချည်ထားသင့်တယ်။” ရှန်ချီဟွမ်းက ပါးစပ်ကသာ မာထန်သောစကားလုံးများကို ပြောနေပေမယ့် သူ့လှုပ်ရှားမှုက အလွန်နူးညံ့နေပြီး သူက ရှန်းယုဟန်အတွက် လိမ်းဆေးကို တိုက်ရိုက်လိမ်းပေးလိုက်သည်။ ထိုစဥ် ရှန်းယုဟန်က သူ့ကိုကြည့်နေပြီး ဘာမှမပြောတော့ပေ၊ နာလည်းမနာတော့ပဲ ဆေး၏အေးမြမှုသာ ကျန်နေခဲ့သည်။

အတိတ်မှာ သူအိမ်မှာရှိစဥ် ထိခိုက်ဒဏ်ရာရတိုင်း ကျန်းမာရေးကိုဂရုမစိုက်ခဲ့ပေ။ ဒုတိယအစ်ကိုက သူ့ကိုလာတွေ့ကာ အမြဲဆူလေ့ရှိပြီး သူက ထိုကြိမ်းမောင်းမှုများကို နားထောင်တိုင်း အိပ်ချင်လာခဲ့သည်။ 


ရှန်ချီဟွမ်းက ဆူပူတတ်သူမဟုတ်ပဲ စကားအနည်းငယ်သာပြောခဲ့ပေမယ့် သူကလည်း သူ့မိဘတွေအနားမှာရှိနေသလို ရင်းနှီးမှုကို ခံစားမိသည်။ အနာဂတ်မှာ သူ့မိသားစုကို သိပ်လွမ်းနေတော့မှာမဟုတ်ပေ၊ အကြောင်းမှာ သူ့မိသားစုဝင်နှင့်တူသော သူ့ခင်ပွန်းရှိနေလို့ပင်၊ မဟုတ်သေးဘူး၊ သူ့ခင်ပွန်းက သူ့မိသားစုပဲ။


ခြေထောက်နှစ်ဖက်လုံးမှာ ဆေးလိမ်းပြီးနောက် ရှန်ချီဟွမ်းက ရှန်းယုဟန် သူ့ကိုကြည့်နေတာကို တွေ့လိုက်ရပြီး သူ့အကြည့်ကြောင့် အနည်းငယ်နေရခက်ကာ ခြေထောက်ကို ညင်ညင်သာသာ တွန်းဖယ်လိုက်သည်။


ရှန်ချီဟွမ်းက ဂွမ်းကို အမှိုက်ပုံးထဲထည့်ကာ ဂုဏ်ယူသလိုပြောလိုက်သည်။ “ကောင်းပြီ၊ သွားအိပ်တော့”


သို့သော် ရှန်းယုဟန်​က ခေါင်းအုံးကိုဖက်ကာ မလှုပ်မယှက် ရှန်ချီဟွမ်းကိုကြည့်နေသည်။


ရှန်ချီဟွမ်းက သူ့အပြုအမူကြောင့် နေရခက်နေသည်။ “ဘာကြည့်နေတာလဲ?”


ရှန်းယုဟန်က ဖျော့တော့တော့ပြုံးပြလိုက်သည်။ “အရင်ကဆို ဖျားနေရင် ဒါမှမဟုတ် ဒဏ်ရာရရင် ကျွန်တော့်မိသားစုဆူမှာမို့ သူတို့အကြောင်းတွေးနေတာ။ ယောကျာ်း၊ ခင်ဗျားက သူတို့နဲ့တူတယ်၊ ကျွန်တော့်အပေါ်အရမ်းကောင်းတာပဲ။”


ရှန်းယုဟန်၏မိသားစုကိစ္စနဲ့ပတ်သတ်ပြီး ရှန်ချီဟွမ်းက မရင်းနှီးသလို နားလည်းမလည်ပေမယ့် သူပြောတာကိုနားထောင်ကြည့်တော့ မိသားစုဝင်ကြားမှာ နွေးထွေးမှုရှိတာကို တွေ့ရသည်။ ယင်းမှာ ရှန်ချီဟွမ်း မကြုံဖူးသည့်အရာဖြစ်လို့ သူကထပ်တူမခံစားနိုင်ပေမယ့် သူက ရှန်းယုဟန်၏ အမှတ်တရကိုတော့ နှောင့်ယှက်မှာမဟုတ်ပေ။


ရှန်ချီဟွမ်းက ချီးကျူးခံရတာကို နေရခက်ပေမယ့် ရင်ထဲမှာ နည်းနည်းစိတ်လှုပ်ရှားနေသည်။ “ဘာကောင်းတာလဲ”


သူက ရှန်းယုဟန်ကို တကယ်ကောင်းပေးတာလား?


သူက သူ့ကိုအင်္ကျီတွေအများကြီးဝယ်ပေး၊ စျေးဝယ်ထွက်ပေးပြီး ပန်းချီကားနဲ့ ပတ်သတ်ပြီး ကူညီပေးလို့ဖြစ်မည်။


တကယ်တော့ ရှန်းယုဟန်က အင်တာနက်ဆယ်လီပန်းချီကားကိုလည်း ဆွဲနိုင်ပြီး စျေးနှုန်းကလည်း တစ်သန်းအထိမြှင့်တက်ခဲ့သည်။ ထိုသည်မှာ သိပ်မဆိုးတာကြောင့် သူ့အပေါ် နည်းနည်းကောင်းပေးတာက ကိစ္စကြီးမဟုတ်ပေ။

“အရမ်းကောင်းတယ်” ရှန်းယုဟန်က စိတ်အားထက်သန်စွာ ပြောခဲ့ပြီး ရှန်ချီဟွမ်းက သူဒီကမ္ဘာကိုရောက်လာပြီးနောက် ကောင်းပေးခဲ့သော ပထမဆုံးလူဖြစ်ကာ သူ့မှာ အရည်အချင်းအများကြီးရှိသည်။ “ခင်ဗျားက လူကောင်းတစ်ယောက်ပါ။”


လူကောင်းဖြစ်ကြောင်းကတ်ကို ရုတ်တရက်ထုတ်ပေးခံခဲ့ရသော ရှန်ချီဟွမ်းက ပိုပိုရှက်ရွံ့လာသည်။ သူ့ကိုဘယ်သူမှအဲ့လိုမချီးကျူးဖူးပေ။


ရှန်ချီဟွမ်းက ချောင်းဟန့်ကာ ပြောလိုက်၏။ “ငါ့ကိုချီးကျုးဖို့မလိုပါဘူး။ သွားအိပ်တော့၊ ငါ့သူငယ်ချင်းတွေနဲ့ သွားသောက်လိုက်ဦးမယ်။”



ရှန်းယုဟန်က သူ့ဖုန်းပေါ်က သူငယ်ချင်းအကြောင်းကို တွေးမိသွားပေမယ့် ရှန်ချီဟွမ်းအပြင်ထွက်တာကို မတားခဲ့ပေ။ သို့သော် သူ့မျက်လုံးများမှာ စိုးရိမ်မှုနဲ့ပြည့်နေသည်။ 


ရှန်ချီဟွမ်းက သူ့လက်ပေါ်က လိမ်းဆေးကို ဆေးကြောလိုက်ပြီး ကုတ်အင်္ကျီကိုယူကာ အပြင်ထွက်မလို့လုပ်စဥ် ရှန်းယုဟန်က သူ့ကို မျက်လုံးရွဲများနှင့် ကြည့်နေတာကိုတွေ့လိုက်ပြီး သူပြောချင်တာကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။ သူက မသိစိတ်ဖြင့် သူ့ကိုကတိပေးလိုက်သည်။ “ဒီတိုင်းသောက်ရုံပါပဲ၊ တခြားမပါဘူး။”


ရှန်းယုဟန်က ခြုံထည်ယူဖို့ စင်ကိုလျှောက်သွားပြီး ရှန်ချီဟွမ်းကို ခြုံပေးလိုက်သည်။ “ဒါဆို.. ယောကျာ်း၊ အိမ်ကိုစောစောပြန်လာနော်၊ နောက်ကျတဲ့ထိသောက်ပြီး မူးမလာပါနဲ့”



ရှန်ချီဟွမ်းက ခေါင်းငုံ့ကာ ခြုံထည်ပတ်ပေးတာကို ခံလိုက်သည်။ “ကောင်းပြီ၊ မမူးစေရဘူး။”



ထို့နောက် သူက မောင်းထွက်သွားပြီး မထွက်ခင်  ​ကြမ်းပြင်မျက်နှာကျက်ဆက်ပြတင်းပေါက်မှ ရပ်ကြည့်နေသော ရှန်းယုဟန်ကို ကြည့်သွားသည်။


ကားမောင်းထွက်သွားပြီးနောက် သူက အကူအညီမဲ့စွာပြုံးလိုက်သည်။ “တကယ်ပါပဲ”


အဲ့ဒီမှာ ဝမ်ဖူရှီးလိုရပ်နေတယ်။ 

(ဟောင်ကောင်တောင်ကုန်းပေါ်က ကျောက်တုံးကိုပြောတာပါ။)


သူထွက်သွားပြီးနောက် ရှန်းယုဟန်က အထဲဝင်ကာ ကုတင်ပေါ်တက်သွားသည်။


သူက စောင်နှင့်ဟိုလိမ့်ဒီလိမ့်လုပ်နေပြီး အိပ်မပျော်နိုင်ပဲ သူ့ခင်ပွန်းက ဘယ်သူနဲ့ပျော်နေမလဲ၊ ဘယ်လိုဂိမ်းမျိုးကစားနေမလဲ၊ သူ့ကိုအဖော်ပြုပေးနေသော စားပွဲထိုးရှိနေမလား စဥ်းစားနေသည်။ သူတို့က သူ့လက်မောင်းထဲ ပစ်ဝင်သွားရင် ရှန်ချီဟွမ်းက ဘယ်တစ်ယောက် ညာတစ်ယောက် ဖက်ထားနိုင်မလား။



သူက သူ့ခင်ပွန်း ဒီနေ့တစ်ညလုံး အပြင်မှာနေမလား စိုးရိမ်နေသည်။



ယနေ့ညက နမ်းခဲ့သောအနမ်းကိုပြန်သတိရကာ ရှန်းယုဟန်က သူ့ခင်ပွန်းက စိတ်နှစ်ခွဖြစ်နေတာမဟုတ်ပဲ သူ့ကိုနည်းနည်းသဘောကျနေသည်ဟု ခံစားမိသည်။ ဘာပဲဖြစ်ဖြစ် သူက သူ့ရဲ့ကြင်စဦးဇနီးပဲလေ။


ခင်ပွန်းက အရမ်းတော်လွန်းနေတာ စိတ်ပျက်ဖို့ပင်ကောင်းသည်။


ရှန်းယုဟန်ကြောင့် ပြေးလွှားရတာ ပင်ပန်းနေသော ရှန်ချီဟွမ်းက သူ့သူငယ်ချင်းများနှင့် ချိန်းထားသောနေရာကိုလာခဲ့ပြီး ထိုနေရာမှာ အရင်တစ်ခေါက်ကလို ရှုပ်ထွေးသောဝန်ဆောင်မှုများမရှိပဲ လေးနက်သော နေရာဖြစ်သည်။


သို့သော် မိသားစုမရှိ၊ အလုပ်အကိုင်မရှိသူများက သူငယ်ချင်းနှင့် ချစ်သူများကိုခေါ်လာကာ ရှန်ချီဟွမ်းကသာ တစ်ယောက်တည်းလာတာဖြစ်သည်။


သူက ရောက်လာတာနဲ့ လူအားလုံး၏ အာရုံစူးစိုက်မှုဗဟိုချက်ဖြစ်လာသည်။


လျှိုထန်က ရှန်ချီဟွမ်းဘေးက ခုံမှာထိုင်နေသည်။


ဒီနေ့လာခဲ့သော လူများက အတူကစားလေ့ရှိသော မိတ်ဆွေများဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းသိကြသည်။

လူတိုင်းက ယနေ့ဖျော်ဖြေရေး သတင်းခေါင်းစီးပိုင်းက သူ့ပုံရိ​ပ်ကိုသိနေကြပြီး သတင်းကောင်းက တံခါးအပြင်ကိုမကျော်ပဲ သတင်းဆိုးကတော့ မိုင်ထောင်ချီပျံ့နှံ့လေ့ရှိသည်။


သူငယ်ချင်းများက ဖြစ်စဥ်အသေးစိတ်ကို မေးလာကြပြီး ထိုအတင်းအဖျင်းက သူတို့သူငယ်ချင်းဆက်ဆံရေးကို ထိန်းသိမ်းပေးမယ့် နည်းတစ်ခုဖြစ်သည်။


သူငယ်ချင်းတစ်ယောက်က ရှန်ချီဟွမ်းကို မေးခဲ့သည်။ “ညီအစ်ကိုဟွမ်း.. ဗီဒီယိုထဲမှာ မင်းလူတစ်ယောက်ကို ကာကွယ်ပေးနေတာကိုတွေ့ခဲ့တယ်၊ အဲ့ဒါဘယ်သူလဲ၊ ငါတို့နဲ့မိတ်ဆက်ပေးဖို့ ဘယ်ချိန်ခေါ်လာမှာလဲ?”


ရှန်ချီဟွမ်းက တည့်ပြောလိုက်သည်။ “မင်းတို့ခယ်မလေး”



သူ့သူငယ်ချင်းက သူနောက်နေတာဟု တွေးခဲ့သည်။ “အဲ့ဒါလည်း အမှားဖြစ်ပုံမရပါဘူး။”


လျှိုထန်က ပြုံးလိုက်ပြီး အနီးနားမှာ သွားသောက်ဖို့ ပြောလိုက်သည်။ သူက ရှန်ချီဟွမ်းနဲ့ စကားနည်းနည်းပြောချင်နေသည်။ “အဲ့ဒါက ခယ်မလေးလား၊ ဒါကြောင့် မီဒီယာတွေ ပုံရိုက်လို့မရအောင် တားခဲ့တာလား?”

“ဒီလိုဖြစ်သွားတယ်။” ရှန်ချီဟွမ်း၏မျက်လုံးထဲမှာ ရှန်းယုဟန်၏မျက်မှာက နုနယ်လွန်းပြီး သူ့ထက် ခုနှစ်နှစ်တောင်ငယ်သည်။

“အတည်လား?” လျှိုထန်က သူ့ဆံပင်ကိုညှပ်ထားတာ မကြားသေးတာကြောင့် လက်တစ်ချောင်းနဲ့ ကွေးလိမ်မနေနိုင်တော့ပေ။ “သူ့ပန်းချီက တကယ်ကိုချစ်စရာလေး၊ ငါတွေ့တုန်းက အိမ်မှာချိတ်ထားဖို့တောင် ဝယ်ချင်ခဲ့တာ၊ မင်းက အနုပညာကျောင်းသားလေးကို တွေ့ခဲ့မယ်လို့ မထင်ထားဘူး။ မင်းအိမ်ကတစ်ယောက်ကို ဘယ်လိုလုပ်မလဲ? ဆက်ပေါင်းမှာလား?”

“အင်း” ရှန်ချီဟွမ်းက လျှိုထန်ပြောခဲ့သော အနုပညာကျောင်းသားနှင့် အိမ်ကတစ်ယောက်ကို ခွဲခြားမနေတော့ပဲ သူတွေးနေတာက အိမ်ကတစ်ယောက်နဲ့ အနုပညာကျောင်းသားက တူတူပဲဖြစ်သည်။ ရှန်းယုဟန်မှာ အနုပညာပါရမီရှိသည်။ “ငါသူ့ကိုဆက်မပေါင်းရင် ငါ့ဆီလာပြီး ငိုပြလိမ့်မယ်။” သူငိုရင် ချော့ဖို့မလွယ်ဘူး။


“မင်းရဲ့ဒီနေ့သတင်းနဲ့ပတ်သတ်ပြီး အရမ်းဆူညံပွက်လောရိုက်နေတာနော်၊ မင်းသူငယ်ချင်းလေးရဲ့ ပန်းချီကားက နာမည်ကြီးလာပြီး မင်းလည်း ဖောက်ပြန်နေတယ်လို့ သံသယဝင်ခံရနေရတယ်။ ဘယ်လိုဖြေရှင်းမလဲ စဥ်းစားပြီးပြီလား?” သူငယ်ချင်းတစ်ယောက်အနေနဲ့ လျှိုထန်က သူ့အတွက် စိတ်ပူနေခဲ့သည်။

“အခြေအမြစ်မရှိတာတွေကို ဖြေရှင်းဖို့မလိုဘူး။ ငါက အနုပညာရှင်လည်းမဟုတ်ဘူး။ သတင်းထောက်တွေက သူတို့ရေးချင်တာကို ရေးနိုင်တယ်။” ရှန်ချီဟွမ်းက ဝိုင်တစ်ငုံသောက်ပြီး ဒီကိုမရောက်တာကြာပြီဖြစ်၍ လျှိုထန်အနားက လူတွေကိုတောင် မမှတ်မိတော့ဘူးလို့ တွေးနေသည်။

“ဒါပေမယ့် မင်းမိသားစုရဲ့ သခင်ကြီးက အဲ့ဒီမဒမ်တွေကြောင့် သေချာပေါက်ခေါင်းဆေးခံရမှာပဲ။” လျှိုထန်က ဘွင်းဘွင်းပြောလိုက်သည်။


“သူက အစတည်းက ငါ့မိသားစုရဲ့ သူငယ်ချင်းလေးပဲ၊ အဖေက ဘာမှပြောမှာမဟုတ်ဘူး။” ရှန်ချီဟွမ်းက လျှိုထန်ဘာကိုစိတ်ပူနေလဲ နားမလည်ပေ။


လျှိုထန်သည် ရှန်ချီဟွမ်းက အိမ်ကတစ်ယောက်နဲ့ အပြင်ကတစ်ယောက်ကို ဟန်ချက်ညီညီထိန်းကျောင်းနိုင်ပါစေလို့ တွေးလိုက်သည်။ အိမ်ကတစ်ယောက်က သခင်ကြီးအတင်းပေးစားခဲ့တာဖြစ်ပြီး အပြင်က သူငယ်ချင်းလေးက အချစ်စစ်ဖြစ်သည်။


(T/N တစ်ယောက်တည်းရှုပ်နေသော လျှိုထန်:))