Chapter 30.2
Viewers 1k

Chapter 30.2

“ထွက်ပြေးဖို့အခွင့်အရေးယူသွားတယ်”


ရှန်ချီဟွမ်းက ဝိုင်အနည်းငယ်သောက်ခဲ့ပေမယ့် အများကြီးမသောက်ပဲ တခြားသူများက စကားစမြည်ပြောကာ ဂိမ်းကစားနေစဥ် သူက ဘေးမှာထိုင်ပြီး ပန်းချီကားနဲ့ပတ်သတ်သော အင်တာနက်ပေါ်က ကွန်းမန့်များနှင့် သတင်းများကို စစ်ဆေးနေသည်။ အများစုက ဟွမ်ချွမ်ကို ဆဲနေကြပြီး အနည်းစုက ရှန်းယုဟန်ကို ဆူနေကြသည်။ သို့သော် အင်တာနက်သုံးစွဲသူများက ပန်းချီကား၏ပိုင်ရှင်ကို ရှန်းယုဟန်လို့ခေါ်တယ်ဆိုတာ မသိသေးပဲ ယိဖန့်ကျွီရှီးလို့သာ သိထားကြသည်။


ယင်းမှာ တကယ်စိတ်ဝင်စားဖို့ကောင်းပြီး လုပ်ငန်းရှင်တစ်ဦးဖြစ်သော ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ပန်းချီကားမှ စီးပွားရေးအခွင့်အလမ်းကိုတွေ့ခဲ့ပြီး သူ့ကိုမြှင့်တင်ပေးကာ လက်ရေးလှနှင့်ပန်းချီကို စျေးကွက်ဖန်တီးပြီး ယီဖန့်ကျွီရှီးကို ဘရန်းအမှတ်တံဆိပ်တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်သည်။ သူတို့နှစ်ယောက်က အနာဂတ်မှာ အဆင်မပြေခဲ့ရင်တောင် သူက ဤနည်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနိုင်လိမ့်မည်။


ရှန်ချီဟွမ်းက သူအဝေးကြီးကိုတွေးနေတယ်ဆိုတာ သတိထားမိလိုက်သည်။ အကြောင်းမှာ ရှန်းယုဟန်က ဒီညမှာ သူ့ကိုမိသားစုအကြောင်းပြောပြခဲ့၍ ရင်ထဲထိသွားကာ သူက သူ့ကိုယ်စား နည်းနည်းပိုစဥ်းစားပေးနေတာဖြစ်သည်။

ရှန်းယုဟန်က သူနဲ့တစ်ချိန်လုံးနေရင် ဒီလိုလုပ်ဖို့မလိုအပ်ပေ။

သူက လက်ချောင်းများကိုလှုပ်ကာ လုပ်ဆောင်ရန်အချက်များတွင် တစ်ခုကိုမှတ်သားထားလိုက်သည်။ 'ပန်းချီ’

သူတို့နှစ်ယောက်က အနာဂတ်မှာ ကွဲမသွားနိုင်ဘူးလို့ ပြောလို့မရပေ။ သူက မှုန်ကုပ်ကုပ်နှင့် ဝိုင်ကိုပါးစပ်အပြည့်သောက်လိုက်သည်။


သူနဲ့ရှန်းယုဟန်​က တူညီသောသူငယ်ချင်းမရှိ၊ တူညီသောအလုပ်အကိုင်မရှိ၊ တူညီသောဝါသနာလည်းမရှိ​ပေ။ သူတို့က ဒီတိုင်းလက်ထပ်ထားကြပြီး ရှန်ထျန်းဖုန်း၏ဆုံးဖြတ်ချက်ကြောင့်သာဖြစ်၍ တည်မြဲပါ့မလား?


သူကိုယ်တိုင်က မဖြစ်နိုင်ဘူးလို့ တွေးလိုက်သည်။


အနည်းငယ်စိတ်မသက်မသာဖြစ်လာကာ သူက ဝိုင်နှစ်ငုံထပ်သောက်လိုက်သည်။


သူ ဝိုင်ကိုဆက်သောက်နေစဥ် လူတစ်ယောက်က သူ့ဘေးမှာလာထိုင်ပြီး ပြုံးပြလာသည်။

“မစ္စတာရှန်၊ နောက်ဆုံးတော့ လူချင်းဆုံလိုက်ရပြီမို့ ဂုဏ်ယူမိပါတယ်၊ ကျွန်တော်က ခင်ဗျားကို လေးစားနေတာကြာပါပြီ။”


ရှန်ချီဟွမ်းက ဒီလူကိုရင်းနှီးသလို ခံစားမိပြီး သူ့မှတ်ဉာဏ်ကသိပ်မကောင်းပေမယ့် ဒီလူကိုမသိတာတော့သေချာသည်။ ဒါကြောင့် သူက ခပ်ခွာခွာနေလိုက်သည်။ သူ့ကို သိချင်နေသော လူကအများကြီးရှိသည်။

“မင်းကဘယ်သူလဲ?”

“ကျွန်တော်က မကြာသေးခင်က သတင်းထဲမှာပါခဲ့တာလေ၊ မှတ်မိလားတော့မသိဘူး။”



နောက်ဆုတ်ပြီးနောက် ရှန်ချီဟွမ်းက တစ်ဖက်လူက အသားဖြူပြီးလှကြောင်း သိသွားပေမယ့် ရှန်းယုဟန်လိုတော့ ဖြူဖွေးကြည်လင်မနေပေ။ ဒီလူက မိတ်ကပ်လိမ်းထားလို့ စစ်မှန်သောအသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။


သတင်းထဲမှာ ရောက်နေပြီး သူ့ကိုသိချင်တဲ့သူဆိုတာ.. မဖြစ်နိုင်မှ..



ရှန်ချီဟွမ်းက မထူးခြားသလိုပြောလိုက်သည်။ “​တောင်းပန်ပါတယ်၊ အလုပ်ရှုပ်နေလို့ပါ။”


ထိုအချိန်တွင် လျှိုထန်​က သူ့ဘေးက သူငယ်ချင်းကိုစကားပြောပြီးနောက် ခေါင်းလှည့်လာသည်။ သူက ရှန်ချီဟွမ်းကိုပြောလိုက်သည်။ “ဒါက ငါမင်းကိုအရင်ကပြောဖူးတဲ့ ဘဏ္ဍာရေးဋ္ဌာနက ထိပ်တန်းကျောင်းသားလေ”


လျှိုထန်၏သတိပေးချက်နှင့်အတူ ရှန်ချီဟွမ်းက သတိရသွားပြီး တစ်ချိန်တည်းမှာ ရှန်းယုဟန်၏ ကြည်လင်သန်စင်၍ တောက်ပသောမျက်လုံးများက သူ့စိတ်ထဲမှာပေါ်လာသည်။


ရှန်ချီဟွမ်းက သူ့ကိုနှုတ်ဆက်လာသော ထိပ်တန်းကျောင်းသားကို လျစ်လျူရှုကာ ဝိုင်ခွက်ကိုချလိုက်ပြီး လျှိုထန်ကိုပြောလိုက်သည်။ “ငါ့မှာလုပ်စရာရှိလို့ အရင်ပြန်နှင့်မယ်။”

လျှိုထန်က စလိုက်သည်။ “ခဏလောက်ထိုင်ပြီး ဘာလို့ပြန်ချင်နေတာလဲ၊ ငါ့ခယ်မလေးက စည်းကမ်းတင်းကျပ်ထားလို့လား?”

ရှန်ချီဟွမ်းက သူ့ပခုံးကိုပုတ်လိုက်သည်။ “ဟုတ်တယ်၊ မင်းခယ်မလေးက စည်းကမ်းကြီးတယ်၊ ငါမပြန်ရင် သူငိုလိမ့်မယ်၊ မင်းလည်းစောစောပြန်ပြီး ပြဿနာတွေကို ရှောင်ရှားသင့်တယ်။”

လျှိုထန်က သူအခုလေးတင် မိတ်ဖွဲ့ခဲ့သော သူငယ်ချင်းလေးကို နှစ်သိမ့်ရဦးမည်ဟုတွေးလိုက်သည်။ “ပြန်တော့၊ ပြန်တော့၊ ငါလည်းခဏနေရင်ပြန်တော့မှာ။” သူက သူ့သူငယ်ချင်းက အိမ်ထောင်ကျပြီးနောက် မယားကြောက်ရသော ခင်ပွန်းဖြစ်လာမည်ဟု မမျှော်လင့်ခဲ့ပေ။ ရှန်ချီဟွမ်းက သူ့အိမ်ထောင်ဘက်ကို စိတ်မဝင်စားမှန်းသူသိသည်။ သူ့ကိုစိတ်ဝင်စားစေတာ တခြားတစ်ယောက်ဖြစ်ပေလိမ့်မည်။

ရှန်ချီဟွမ်းက တွေ့ဆုံပွဲကို ပျင်းစရာကောင်းတယ်လို့ထင်ပြီး အမြန်ဆုံးပြန်သွားခဲ့သည်။

နောက်မှာကျန်နေခဲ့သော ထိပ်တန်းကျောင်းသားက နားမလည်နိုင်ဖြစ်ကာ လျှိုထန်ကိုမေးလိုက်သည်။ “မစ္စတာလျှို၊ ခင်ဗျားပြောတော့ မစ္စတာရှန်က ကျွန်တော်ပုံစံကိုကြိုက်တယ်ဆို?”


လျှိုထန်က ပခုံးတွန့်ပြလိုက်သည်။ “ငါဘာမှမသိဘူး၊ သူနဲ့ပတ်သတ်ဖို့မကြိုးစားနဲ့တော့။” သူ့မှတ်ဉာဏ်ထဲမှာ ရှန်ချီဟွမ်းက အလုပ်စွဲလမ်းသူဖြစ်ပြီး ဘယ်သူ့ကိုများကြိုက်ခဲ့လို့လဲ၊ သူက လူတစ်ယောက်ကို သဘောကျဖို့တောင် အချိန်မရှိခဲ့ပဲ အခုတော့ သဘောကျသည့် သူငယ်ချင်းလေးရှိလာပြီ၊ ဒါပေါ့ သူက ထိုပုပ်နေသော မက်မွန်ပွင့်များကို ဖယ်ရှားဖို့ သူ့သူငယ်ချင်းကို ကူညီပေးမှာပင်။

ထိပ်တန်းကျောင်းသားက ဆန်းကြယ်စွာပြုံးပြလိုက်သည်။ ခက်ခက်ခဲခဲလိုက်ရတာက စိတ်ဝင်စားဖို့ကောင်းသည်၊ သူ့မှာ အခုဆိုရင်ပန်းတိုင်ရှိသွားပြီ၊ အဲ့ဒါက ရှန်ချီဟွမ်းကို ဖမ်းမိဖို့ဖြစ်သည်။


ရှန်ချီဟွမ်းက တစ်ဖက်လူ၏အတွေးများကို ဘာမှမသိပဲ သိခဲ့ရင်တောင် သူကဂရုမစိုက်ပေ၊ မနက်တစ်နာရီထိုးနေပြီဖြစ်၍ သူက ဒရိုက်ဘာကို အိမ်လိုက်ပို့ပေးခိုင်းကာ ရေချိုးဖို့ အခန်းထဲကို တိတ်တိတ်လေးဝင်သွားခဲ့ပြီး ပင်ပန်းနွယ်နယ်မှုနှင့် ဆေးလိပ်အရက်နံ့တွေကို ဆေးကြောပြီး သွားလည်းတိုက်ခဲ့သည်။


ခဏလောက် တုံ့ဆိုင်းနေပြီးနောက် သူက ဆန့်ကျင်ဘက် တံခါးကိုဖွင့်ပြီး နွေးထွေးသောအိပ်ရာထဲကိုဝင်လိုက်သည်။


ရှန်းယုဟန်က အိပ်မောကျမနေပဲ ယောင်ဝါးဝါးပြောလိုက်သည်။ “ယောကျာ်း၊ ပြန်လာပြီလား?”


ရှန်ချီဟွမ်းက သူတို့နှစ်ယောက်လုံးအပေါ် စောင်ခြုံပေးလိုက်ပြီး “အွန်း၊ အိပ်တော့၊ နှစ်နာရီထိုးတော့မယ်။”


ရှန်းယုဟန်က သက်တောင့်သက်သာဖြစ်သော နေရာကိုတွေ့ပြီး ဆက်အိပ်လိုက်သည်။ ထိုသက်တောင့်သက်သာဖြစ်သော နေရာမှာ ရှန်ချီဟွမ်း၏ဘေးဖြစ်ပြီး သူ့နဖူးကို ရှန်ချီဟွမ်း၏ပခုံးပေါ်ကိုတင်ကာ လက်တစ်ဖက်ဖြင့် လက်မောင်းကိုကိုင်ထားလိုက်သည်။


ရှန်ချီဟွမ်းက လဲလျောင်းကာ သူ့ကိုမှီခွင့်ပေးလိုက်သည်။ အိမ်ပြန်လာမှ စိတ်သက်သာရာရပြီး ဆေးလိပ်နှင့်အရက်နံ့လည်းမရှိတော့ပေ။ သူက တခြားလူတွေ သူ့ကိုလိုက်နေတာကိုမကြိုက်ပဲ၊ အရင်ကဆိုရင် ဖျော်ဖြေနေတယ်လို့ သတ်မှတ်မှာဖြစ်ပေမယ့် အခုတော့ ရှန်းယုဟန်က မဟုတ်မမှန်သော အတင်းအဖျင်းများကို ကြားသွားမှာကိုစိုးရိမ်မိသည်။ 

ရင်းနှီးသော ရနံ့ကိုရှုရှိုက်ကာ ရှန်ချီဟွမ်းက အိပ်ပျော်သွားသည်။


နောက်ရက်အနည်းငယ်မှာ ရှန်းယုဟန်က ပန်းချီဆွဲခြင်းနှင့် လက်ရေးလှအတန်းများကို ရပ်လိုက်သည်။ အကြောင်းမှာ သူ၏ကျွမ်းကျင်မှုအဆင့်ကြောင့် အတန်းထပ်တက်စရာမလိုတော့လို့ဖြစ်ပြီး သူက အိမ်မှာ ခဲယဥ်းသောဘောပင်လက်ရေးလှကိုသာ လေ့ကျင့်နေသည်။

ရဲတွေက အမှုကိုမြန်မြန်ကိုင်တွယ်ပြီး နှစ်ရက်ကြာတော့ ပန်းချီကားနှင့်လက်ရေးလှကို ပြန်ရခဲ့သည်။


သက်သေကခိုင်လုံသောကြောင့် ဟွမ်ချွမ်က လက်ရေးလှနှင့်ပန်းချီကား ခိုးခဲ့သည့်အတွက် ဆင်ခြေမပေးနိုင်တော့ပဲ ကောင်တာကမိန်းကလေးကလည်း ကြံရာပါဖြစ်လာပြီး စတူဒီယိုက ငြိစွန်းသွားသည်။


စတူဒီယိုပိုင်ရှင်က ဟွမ်ရှန့်အဖေ ဟွမ်ထိုက်ဟိုဖြစ်ပြီး ဒီကိစ္စကို နောက်မှသိသွားပေမယ့် သူက အဘိုးကြီး၏ တောင်းဆိုမှုကြောင့် တခြားသူများကို ရှာမဖွေခဲ့တာဖြစ်သည်။


သူတို့က ရှန်ချီဟွမ်းကို စော်ကားမိသော်လည်း ရှန်ချီဟွမ်းက တစ်ဖက်လူကိုအနိုင်ကျင့်ဖို့ သူ့အာဏာကိုမသုံးခဲ့ပဲ ဖြစ်စဥ်တစ်လျှောက် တရားဥပဒေအတိုင်းသာ လိုက်နာဆောင်ရွက်ခဲ့ပြီး ရှန်ချီဟွမ်းလုပ်ခဲ့သော တစ်ခုတည်းသောအရာမှာ ရဲခေါ်တာဖြစ်သည်။


ရဲခေါ်လိုက်တာက ကောင်းသည်။


အမှုကိုဖြေရှင်းပြီးတော့ ရှန်ချီဟွမ်းက ရဲစခန်းကို အောင်လံတံခွန်ကပ်ဖို့ လူလွှတ်ခဲ့ပြီး ထိုသတင်းက hot search မှာ ပါဝင်ခဲ့သည်။



ရှန်းယုဟန်က အောင်လံတံခွန်ကပ်တာကိုသိပေမယ့် hot search အကြောင်းကိုတော့မသိသဖြင့် စီရီကိုသုံးကာ ရှာဖွေခဲ့ပြီး hot search ဆိုတာ သူ့အတွက် သင်ရိုးအသစ်တစ်ခုဖြစ်သည်။


ဘယ်လိုပဲဖြစ်ဖြစ် ရလဒ်ကကောင်း၏။


သူ့လက်ထဲကို ပြန်ရောက်လာသော လက်ရေးလှနှင့်ပန်းချီကိုကြည့်ကာ ရှန်းယုဟန်က နောင်တအလွန်ရနေပြီး သူက လက်ရေးလှနှင့်ပန်းချီကိုသုံးကာ ဆုယူပြီးငွေရှာချင်ခဲ့ပေမယ့် ပိုက်ဆံမရပဲ ပြဿနာတက်ခဲ့ရသည်။


လက်ရေးလှနှင့် ပန်းချီသင်တန်းတက်စရာမလိုတော့ပေမယ့် သူက တခြားသင်တန်းများကို ဆက်တက်နေခဲ့သည်။


ဒီအပတ်မှာ ရှန်ချီဟွမ်းက အလုပ်ရှုပ်နေခဲ့ပြီး သူကအိပ်ပြန်ရောက်ရင် အချိန်ပိုအလုပ်လုပ်ရပြီး စကားနည်းနည်းသာပြောနိုင်သည်။ ထိုအချိန်မှာ တစ်ခုခုက သူ့ကိုနှောင့်ယှက်နေပုံရပြီး ရှန်းယုဟန်က သူ့ကိုကူညီမပေးနိုင်သဖြင့် ထပ်ပြီးမနှောင့်ယှက်မိအောင်သာ ကြိုးစားနိုင်သည်။

သောကြာနေ့ည အိပ်ရာမဝင်ခင် ရှန်းယုဟန်က မနက်ဖြန် စန္ဒယားသင်တန်းတက်ပြီးရင် လာကြိုမှာလားလို့မေးခဲ့ပြီး ရှန်ချီဟွမ်းက မနက်ဖြန်မအားပဲ အရေးကြီးကိစ္စဆွေးနွေးဖို့ လူတစ်ယောက်နဲ့တွေ့စရာရှိသည်ဟု ပြောခဲ့သည်။

နောက်နေ့မနက်ခင်းမှာ ရှန်းယုဟန်က ရှန်ချီဟွမ်းကို မနှိုးခဲ့ပဲ စန္ဒယားသင်တန်းကို သူ့ဘာသူသွားခဲ့သည်။

သင်ခန်းစာအဆုံးမှာ ရှန်းယုဟန်က သူ့ကိုလာကြိုသော ရှန်ချီဟွမ်းကိုတွေ့လိုက်ရသည်။


ရှန်းယုဟန်က ပျော်ပျော်ရွှင်ရွှင်ကားထဲဝင်သွားပြီး ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ကျွန်တော်တို့ဘယ်သွားနေတာလဲ?” သူက နေ့လည်ခင်းမှာ အကသင်တန်း တက်စရာမလိုတော့သဖြင့် အဆင်ပြေနေသည်။ 


ရှန်ချီဟွမ်း၏စိတ်ဝင်စားမှုက သိပ်မမြင့်ပေ။ “ငါမင်းကိုနေ့လည်စာစားဖို့ ခေါ်သွားပေးမယ်၊ ဒရိုက်ဘာက အတန်းပို့ပေးလိမ့်မယ်၊ ငါက ဆွေးနွေးစရာရှိလို့ ဘေးခန်းမှာရှိနေမယ်။”


“ကောင်းပြီ” ဘာပဲဖြစ်ဖြစ် သူ့ခင်ပွန်းနဲ့ ​စားသောက်ဆိုင်တစ်ခုတည်းမှာ ရှိနေရတာကောင်းပေမယ့် သူက အကသင်တန်းသွားရဦးမည်။


သူတို့စားသောက်ဆိုင်ကိုရောက်တော့ ရှန်းယုဟန်တွေးထားတာနဲ့ ကွာခြားနေသည်။


အရင်ကသွားခဲ့သော အနောက်တိုင်းစားသောက်ဆိုင်က အနောက်တိုင်းစတိုင်ဖြင့် ​အလှဆင်ထားပြီး အရမ်းခေတ်မီကာ ဖက်ရှင်ကျသည်။ ဒီနေ့လာသောနေရာက ဆွဲဆောင်မှုရှိသော ရေကန်ဘေးမျှော်စင်အဆောက်အဦးဖြစ်သည်။ ရှန်းယုဟန်က ချီတိုင်းပြည်ကိုရောက်နေသလို ခံစားလိုက်ရပေမယ့် ဒါကချီတိုင်းပြည်မဟုတ်ပေ။



ရှန်ချီဟွမ်းက သူ့အတွက် သီးသန့်အခန်းမှာပေးကာ သူက ပြတင်းပေါက်ကိုဖွင့်လိုက်တော့ အပြင်မှာ ရေကန်ငယ်လေးကိုတွေ့နိုင်ပြီး ဘေးနားမှာ ငါးစာသေတ္တာလည်းရှိနေ၏။ ရှန်းယုဟန်က ခြံဝင်း၏ရှုခင်းကို သဘောကျပြီး ငါးစာလည်းကျွေးနိုင်သည်။

ရှန်ချီဟွမ်းက အားလုံးကို အမြန်စီစဥ်ထားသည်။ “ငါ ဟင်းလျာတွေကိုမှာပေးထားတယ်၊ မင်းအရင်စားနှင့်၊ ငါဘေးအခန်းမှာ စကားပြောလိုက်ဦးမယ်၊ တစ်ခုခုလိုရင် မက်ဆေ့ပို့လိုက်။”

“အွန်း အလုပ်သွားလုပ်တော့” သူက နာခံနေပြီး သူ့ခင်ပွန်း၏အလုပ်ကို မနှောင့်ယှက်ချင်ပေ။


ရှန်ချီဟွမ်းက သူ့ကို မသက်မသာကြည့်ကာ လှည့်ထွက်သွားသည်။


ရှန်းယုဟန်က အပြင်မှာတစ်ယောက်တည်းမစားဖူးပဲ နည်းနည်းကြောက်နေပေမယ့် နေ့ခင်းကြောင်တောင်ဖြစ်ပြီး သူ့ခင်ပွန်းကလည်း ဘေးမှာရှိတော့ တစ်ခုခုဖြစ်ရင် မက်ဆေ့ပို့နိုင်သည်။ ထိုအကြောင်းတွေးပြီးနောက် သူက မကြောက်တော့ပေ။

အစားအစာလာမချခင် ရှန်းယုဟန်က ပြတင်းပေါက်ကနေ ငါးစာကျွေးလိုက်ပြီး စိတ်ပျက်မှုမရှိပဲ တစ်ယောက်တည်းဆော့နေသည်။


ခဏလောက်ကျွေးပြီးတော့ ပွဲကြည့်စင်ဆန့်ကျင်ဘက်မှာ စစ်တုရင်ကစားနေပြီး တစ်စုံတစ်ယောက်က ငြင်းခုံနေတာကိုတွေ့ခဲ့ရသည်။


ယင်းမှာ အဘိုးကြီးနှစ်ယောက်ဖြစ်ပြီး တစ်ယောက်က သူ့ကစားပုံကို ရှုတ်ချကာ သဘောမကျဘူးလို့ ပြောခဲ့ပြီး ကစားရတာမပျော်ကြောင်း စကားအနည်းငယ်ပြောခဲ့သည်။ တစ်ဖက်ကအဘိုးကြီးက နှစ်ကြိမ်တိတိပြောခံရသောအခါ အရှက်မကွဲချင်၍ အင်္ကျီလက်ကိုဆွဲဖွပြီး ထွက်သွားခဲ့သည်။ 


အဘိုးကြီးက စစ်တုရင်ကစားနေရင်း ပျင်းရိလာကာ ခေါင်းခါလိုက်ပြီး ရှန်းယုဟန်က သူ့ကိုတွေ့တော့ သူ့အဘိုးကိုစဥ်းစားနေသည်။ သူက သူ့အဘိုးနှင့် စစ်တုရင်ကစားလေ့ရှိပြီး သူစကေးလ်က သူ့အဘိုး၏ ညွှန်ကြားမှုကြောင့် ကျွမ်းနေခဲ့တာဖြစ်သည်။ ဗိုလ်ချုပ်ဟောင်းကို အပြင်လူများက ပညာမတတ်သော ဗိုလ်ချုပ်လို့ခေါ်ပေမယ့် သူသာတကယ်ပညာမတတ်ရင် ကျုံးယုံမြို့စားဆိုသည့်ဂုဏ်ပုဒ်ကို ဘယ်လိုရခဲ့မှာလဲ?

အဘိုးကြီးကခေါင်းမော့ကာ စာကြည့်မျက်မှန်ကို ပင့်တင်လိုက်ပြီး သူက ရှန်းယုဟန် သူ့ကိုကြည့်နေတာကိုတွေ့သောအခါ အပြုံးတစ်ခုဖြင့်မေးလိုက်သည်။ “လူချောလေး၊ မင်းစစ်တုရင်ကစားလား?”

လူချောလေးလို့အခေါ်ခံရသော ရှန်းယုဟန်က ခဏလောက်အံ့အားသင့်သွားသည်။


မှန်တယ်၊ သူကကောမဟုတ်ပေမယ့် သူ့ဝိညာဥ်က ကောတစ်ယောက်သာဖြစ်သည်။


ရှန်းယုဟန်က အဘိုးကြီးအတွက် စိတ်မကောင်းဖြစ်ကာ ခေါင်းညိတ်ပြလိုက်သည်။ “နည်းနည်းသိပါတယ်”

နာရီဝက်ကြာတော့ ရှန်းယုဟန် ဘယ်လိုစားနေလဲ တိတ်တဆိတ်လာကြည့်သော ရှန်ချီဟွမ်းက ရှန်းယုဟန်ပျောက်နေပြီး စားပွဲပေါ်က အစားအသောက်ဟင်းလျာများကို မထိရသေးတာကို တွေ့လိုက်ရသည်။

သူဘယ်ရောက်သွားတာလဲ?


သူက ထွက်ပြေးဖို့ အခွင့်အရေးယူသွားတာတော့ မဟုတ်ဘူးမလား?


သူအဲ့လိုမလုပ်သင့်ဘူး!


ရှန်ချီဟွမ်းက ရှန်းယုဟန် ထွက်မပြေးဘူးလို့လည်း သေချာမပြောနိုင်ပေ။

 

အလျင်စလိုဖြင့် ရှန်ချီဟွမ်းက လွတ်နေသောအခန်းမှာ ဒေါသတကြီးအော်လိုက်သည်။ “ရှန်းယုဟန်!”