Chapter 34.1
“ကျွန်တော်က အသက်နှစ်ဆယ်ရှိပြီ”
ရှန်ချီဟွမ်းက ရှန်းယုဟန်၏စကားကြောင့် ထိတ်လန့်သွားပြီး သူ့ကိုအပေါ်အောက်စစ်ဆေးကြည့်လိုက်သည်။ “မင်းကိုထိသွားသေးလား?”
ရှန်းယုဟန်က ခေါင်းခါလိုက်ပြီး သူ့ရှေ့က ဂျူနီယာညီမလေးကို ကြည့်နေသည်။
ရှန်ချီဟွမ်းက ဒီတစ်ကြိမ်မှာ သူဘာကိုဆိုလိုတာလဲ နားလည်သွားပြီး စိတ်ထဲကနေ ရေးတေးတေးပျော်ရွှင်နေသည်။ ရှန်းယုဟန်က သူ့အနားကလူတွေကို ဂရုစိုက်လာခဲ့ပြီ။ ထို့နောက် သူက သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်သည်။
“ဒါက ငါရဲ့ကောလိပ်က ဂျူနီယာညီမလေး.. နဥ်ချုံ”
လှပသောဂျူနီယာညီမလေး၏ မျိုးရိုးနာမည်က နဥ်ဖြစ်ပြီး သူမနာမည်က ချုံဖြစ်သည်။ သူက ရှန်ချီဟွမ်း၏ ကောလိပ်ဒုတိယနှစ်က တွေ့ဆုံခဲ့သည့် ဂျူနီယာညီမဖြစ်ပြီး ဆရာတူတာကြောင့် နှစ်ယောက်သားက သိကျွမ်းလာခဲ့သည်။ သူတို့ကောလိပ်တက်စဥ်က သူတို့၏အကျိုးစီးပွားအတွက် အဖွဲ့တစ်ခုတည်ထောင်ကာ ဉာဏ်ရည်မြင့်ဆော့ဖ်ဝဲတစ်ခုကို တီထွင်ခဲ့ပြီး နောက်တော့ လုပ်ငန်းနယ်ပယ်က ခက်ထန်သောပြိုင်ဘက်တစ်ဦးကြောင့် သူတို့က စျေးကွက်ကနေ ဖြည်းဖြည်းချင်း နှုတ်ထွက်ခဲ့ပြီး သူတို့၏ သီးခြားအသက်မွေးဝမ်းကြောင်းတစ်ခုစီကို ရွေးချယ်ခဲ့သည်။
အဖွဲ့မှနှုတ်ထွက်ပြီးနောက် ရှန်ချီဟွမ်းက ရှန်ထျန်းဖုန်း ထောက်ပံ့ခဲ့သော စွန့်ဦးလုပ်ငန်းရန်ပုံငွေကို အသုံးပြုကာ လက်ရှိကုမ္ပဏီကိုတည်ထောင်ခဲ့ပြီး သူ့ကုမ္ပဏီက ဒီနေ့လို တိုးတက်အောင်မြင်လာခဲ့သည်။ ထိုတည်ထောင်မှုလုပ်ငန်းစဥ်မှာ အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရပေမယ့် တည်ငြိမ်မှုလည်းရှိခဲ့သည်။ ထိုလုပ်ငန်းတည်ထောင်ဖို့ ရန်ပုံငွေကြောင့် သူက ရှန်ထျန်းဖုန်း၏ အကျပ်ကိုင်တာကို ခံခဲ့ရပြီး ရှန်းယုဟန်ကို လက်ထပ်ဖို့ သဘောတူသည့် အခြေအနေသို့ရောက်ခဲ့ရသည်။ ရှန်ချီဟွမ်းက သူ့မျိုးရိုးနာမည်ရှန်ကြောင့် ရှန်မိသားစု၏လှေပေါ်မှာ တစ်သက်လုံးချည်နှောင်ခံရတော့မည်ဟု တွေးခဲ့ဖူးသည်။
နဥ်ချုံက ထက်မြက်ပြီး အမှီအခိုကင်းသော အမျိုးသမီးဖြစ်ပြီး သူမမှာ သူမကိုယ်ပိုင်အတွေးရှိသည်။ သူမ၏မိဘနှစ်ပါးလုံးက ပညာတတ်များဖြစ်ကြသည်။ သူမက ရှန်ချီဟွမ်းလို ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ မရွေးချယ်ခဲ့ပေမယ့် ဘွဲ့ရပြီးနောက် သူမက ကမ္ဘာ့ထိပ်တန်းကုမ္ပဏီငါးရာ စာရင်းဝင်ခဲ့ပြီး ထိပ်တန်းအဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေခဲ့သည်။ သူမက သုံးဆယ်မပြည့်သေးပေမယ့် သန်မာပြီး နာမည်ကြီးသော အမျိုးသမီးဖြစ်သည်။
သူမနဲ့ရှန်ချီဟွမ်းက အဆက်အသွယ်ရှိကြပြီး ရံဖန်ရံခါ သူမက ကျန်းချန်ကိုလာရင် သူတို့နှစ်ယောက်က နေ့လည်စာအတူစားလေ့ရှိပြီး ကျန်တာဘာမှမရှိပေ။ သူတို့နှစ်ယောက်မှာ ရိုးရှင်းသော စီနီယာနဲ့ဂျူနီယာဆက်ဆံရေးသာရှိပြီး ရှန်ချီဟွမ်း၏ အသိအမှတ်ပြုမှုကြောင့် သူမကိုယ်ပိုင်အရည်အချင်းက တိုးတက်လာပြီး လူတွေကိုရင်ဆိုင်ဖို့ သတ္တိရှိလာသည်။
“နဥ်ချုံ၊ ဒါက ငါ့လက်တွဲဖော် ရှန်းယုဟန်၊ မကြာသေးခင်က လက်ထပ်ထားတာ။” ရှန်ချီဟွမ်းက ရှန်းယုဟန်ကို နဥ်ချုံနှင့် မိတ်ဆက်ပေးလိုက်သည်။
နဥ်ချုံက ရှန်းယုဟန် သူမကိုပေးသော ခံစစ်အကြည့်ကို မမေ့သေးပဲ ရှန်ချီဟွမ်း၏ မိတ်ဆက်မှုကိုကြားပြီးနောက် သူမက ခဏလောက်အံ့အားသင့်သွားကာ အပြုံးတစ်ခု အမြန်တပ်ဆင်လိုက်သည်။ “ဟယ်လို.. ယောင်းမလေး” သူ့ကိုအထင်လွဲနေတာလား?
ဤသည်မှာ အကျပ်အတည်းကိုရင်ဆိုင်ရာတွင် အချိန်မရွေးတည်ငြိမ်နိုင်စွမ်းရှိသော အလုပ်သမားတစ်ယောက်၏ အခြေခံအရည်အသွေးဖြစ်သည်။
“ဟယ်လို” ရှန်းယုဟန်က ရှန်ချီဟွမ်း၏ ဦးဆောင်မှုကို ခံနေရဆဲဖြစ်ပြီး မိတ်ဆက်ပြီးနောက် သူ့နှလုံးသားက အနည်းငယ်သက်သာလာသဖြင့် သူကခေါင်းမော့ကာ သူ့ကိုမေးလိုက်သည်။ “ခင်ဗျားမှာ အစည်းအဝေးရှိလား?”
ရှန်ချီဟွမ်းက အစည်းအဝေးအချိန်ဇယားကို ရှင်းပြလိုက်သည်။ “တစ်နာရီလိုသေးတယ်၊ မင်းရုံးခန်းထဲအရင်သွားနှင့်လိုက်။”
“ကောင်းပြီ” ရှန်းယုဟန်၏ တခြားလက်က ရှန်ချီဟွမ်း၏လက်နောက်ပေါ်မှာ တင်ထားသည်။
စကားပြောပြီးနောက် နဥ်ချုံက ရှန်းယုဟန်၏လက်ပေါ်က လက်စွပ်ကိုတွေ့ကာ သူမက ထိုလက်စွပ်ကိုမှတ်မိပြီး စျေးနှုန်းကိုသိသည်။ သူမက သူမ၏စီနီယာအကိုရင်ထဲက ရှန်းယုဟန်၏အရေးပါပုံကို ချက်ချင်းသိသွားပြီး တအံ့တသြပြောလိုက်သည်။ “စီနီယာအကိုလက်ထပ်ပြီးတာကို ကျွန်မမသိခဲ့ဘူး၊ နောက်ကျရင် လက်ဖွဲ့ပို့ပေးလိုက်ပါမယ်။”
ရှန်ချီဟွမ်းက လက်ဖွဲ့လက်ခံတာအဆင်ပြေတယ်လို့ အစကတွေးခဲ့ပေမယ့် သူ့လက်ချောင်းများက ရှန်းယုဟန်၏ ဆွဲဆိတ်တာကိုခံလိုက်ရသည်။ “မလိုပါဘူး၊ ငါတို့ကသာ မင်းကိုဒင်နာလိုက်ကျွေးသင့်တာ။” သူသည် အစက ရှန်းယုဟန်နှင့်သူ့ကြားမှာ တိုးတက်မလာနိုင်ဘူးလို့ တွေးခဲ့သဖြင့် ဂျူနီယာညီမကိုဖိတ်ဖို့လည်း မတွေးခဲ့ပေ။
နဥ်ချုံက ပြုံးကာပြောလိုက်သည်။ “ဟုတ်ပါပြီ၊ ကျွန်မ ရှင်နဲ့ ယောင်းမတို့ ထမင်းဖိတ်ကျွေးမှာကို စောင့်နေပါ့မယ်။”
–
ရှန်ချီဟွမ်း၊ နဥ်ချုံနှင့် တခြားသူများက အစည်းအဝေးခန်းကိုရောက်မှသာ သူက ရှန်းယုဟန်၏လက်ကို လွှတ်ပေးတော့သည်။
သူ့လက်ကိုဆုပ်ကိုင်ထားသော နွေးထွေးမှုမရှိတော့သောအခါ ရှန်းယုဟန်က တစ်ခုခုကို ထပ်မံဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။
ရှန်းယုဟန်က ရှန်ချီဟွမ်း၏ရုံးခန်းကိုရောက်ပြီးနောက် သူက လေဖောင်းဂျာကင်ကိုချွတ်ကာ သူ့ခင်ပွန်းထိုင်လေ့ရှိသည့် ကုလားထိုင်မှာထိုင်ပြီး သားရေကုလားထိုင်က အတော်လေးသက်တောင့်သက်သာရှိနေသည်။
သူက သူ့ရှေ့က ကွန်ပျူတာကို စိတ်မဝင်စားပဲ မေးထောက်ကာ မိန်းမောနေသည်။
သူက အမှားမလုပ်ခဲ့ပေ။ ရှန်ချီဟွမ်းက သူ့ကို နဥ်ချုံနှင့် မိတ်ဆက်ပေးစဥ် နဥ်ချုံ၏မျက်လုံးထဲမှာ အံ့အားသင့်မှုအရိပ်အယောင်ကို တွေ့ခဲ့ရသည်။ သူက နဥ်ချုံမှာ ရှန်ချီဟွမ်းအတွက် ခံစားချက်ရှိနေတာကို ခန့်မှန်းမိပြီး သူ၏ အလိုလိုသိစိတ်အရ ယင်းမှာ တစ်ဖက်သတ်ကြိုက်နေခြင်းဖြစ်နိုင်သည်။
သို့သော် ဒီတစ်ကြိမ်မှာ သူက အကူအညီမဲ့မှုကို ခံစားမိပြီး ဤခံစားချက်က ထိုထိပ်တန်းကျောင်းသားအကြောင်းကို ကြားခဲ့စဥ်ကနှင့် ကွာခြားသည်။
သူ့က အတော်ကြာအောင် မေးထောက်ထားပြီးနောက် ရှန်းယုဟန်က စားပွဲပေါ်မှာလှဲကာ ဆက်ပြီးအတွေးလွင့်နေခဲ့သည်။ သူက ဒီဘဝမှာ နဥ်ချုံရဲ့ အဆင့်ကိုရောက်နိုင်ပါ့မလား။
သူမက ကြည့်ကောင်းပြီး အရည်အချင်းရှိကာ သူမ၏ ကိုယ်ပိုင်အဖွဲ့အစည်းလည်းရှိသည်။ သူမက လူတွေကို ထိန်းချုပ်နိုင်ပြီး သိမ်သိမ်မွေ့မွေ့ ဆက်ဆံသလို အရှက်အကြောက်လည်းကြီးသည်။
အကူအညီမဲ့မှုကို မကျော်ဖြတ်နိုင်ပဲ သူက စားပွဲပေါ်က ဘောပင်နှင့် စာရွက်ကိုယူကာ စာရေးလိုက်သည်။ သုံးထားသော အက္ခရာများက ခေတ်သစ်က ရိုးရှင်းသောအက္ခရာမဟုတ်ပဲ ဂန္ဓဝင်ကဗျာတစ်ပုဒ်ဖြစ်သော သူတို့ချီတိုင်းပြည်က အက္ခရာဖြစ်သည်။
စာရေးတာက အာရုံလွှဲပေးနိုင်သည်။
မသိလိုက်ပါပဲ နာရီဝက်ကျော်သွားပြီး ရှန်ချီဟွမ်းက တိုတောင်းသောအစည်းအဝေးမှ ပြန်လာခဲ့သည်။ သူက ပူးပေါင်းဆက်ဆံရေးကို အဆုံးသတ်ဖို့ တာဝန်ရှိပြီး ကျန်အသေးစိတ်ကိုတော့ နဥ်ချုံတို့အဖွဲ့အစည်းနှင့် ဆွေးနွေးမည့် တာဝန်ခံကိုလွှဲပေးခဲ့သည်။
ရှန်းယုဟန်က သူအထဲဝင်လာတာကိုတွေ့တော့ လက်ထဲကဘောပင်ကိုချလိုက်သည်။
ရှန်ချီဟွမ်းက သူ့ကိုမေးလိုက်သည်။ “မင်းဘာရေးနေတာလဲ?”
ရှန်းယုဟန်က စိတ်မကြည်တာကြောင့် မှုန်ကုပ်ကုပ်ပြန်ဖြေလိုက်သည်။ “ဒီတိုင်းလျှောက်ရေးနေတာ၊ စိတ်ကိုပျိုးထောင်ဖို့။”
ရှန်ချီဟွမ်းက သူတကယ်ကို စိတ်ကို ပျိုးထောင်နေသည်ဟု ခံစားမိသည်။ သူ၏နေ့စဥ်ဘဝ၊ အစားအသောက်နှင့် အဝတ်အစား၊ အခြေခံလိုအပ်ချက် ဘယ်နေရာမှာဖြစ်ဖြစ် သူက ဗုဒ္ဓနဲ့တူပြီး အသက်နှစ်ဆယ်အရွယ်နဲ့မတူပေ။ သူက ရှန်းယုဟန် ဂိမ်းမကစားတာကိုလည်း ရှာတွေ့ခဲ့ပြီး သူက ဖုန်းကိုသတင်းဖတ်ဖို့သာသုံးသည်။ စာရိုက်ရင်တောင် နှေးကွေးသော်လည်း လက်ဖြင့်ရေးနေဆဲဖြစ်သည်။
(ကီးဘုတ်က စာလုံးကိုမသုံးပဲ ကိုယ်တိုင်လက်နဲ့ရေးပို့တာကိုပြောတာပါ၊ ဥပမာ ဖုန်းကနေလက်မှတ်ထိုးရင် လက်နဲ့ရေးဆွဲရသလိုပါ။)
ရှန်ချီဟွမ်းက သူဘာလို့ကီးဘုတ်ကိုမသုံးတာလဲမေးတော့ ရှန်းယုဟန်က သူက လက်ရေးလှလေ့ကျင့်နေတာလို့ ပြောခဲ့သည်။ ရှန်ချီဟွမ်းက ဒါဆိုရင်တော့ ပြဿနာမရှိဘူးလို့တွေးလိုက်သည်။ သူက သူ့ကို လက်ရေးလှလေ့ကျင့်ဖို့ အရင်ကပြောခဲ့ဖူးပြီး အခုတော့ သူက အလေ့အကျင့်တစ်ခုကို မွေးမြူခဲ့သည်။ သူက ရှန်းယုဟန် ထိုအလေ့အကျင့်ကောင်းကို မွေးမြူထားသဖြင့် အတော်လေးကျေနပ်နေသည်။
ရှန်းယုဟန်က သူ့နောက်မှာ ဘယ်သူမှပါမလာတာကိုတွေ့တော့ သူကမေးလိုက်သည်။ “ခင်ဗျားရဲ့ဂျူနီယာညီမ နဥ်ချုံကဘယ်မှာလဲ?”
“ငါ့ရဲ့လက်အောက်ငယ်သားတွေနဲ့ ဒင်နာစားဖို့ထွက်သွားတယ်၊ သူတို့က နေ့လည်ကျရင် ပူးပေါင်းဆောင်ရွက်မှုအသေးစိတ်ကို အပြီးသတ်တော့မှာ။” ရှန်ချီဟွမ်းက ရှန်းယုဟန်ကို အကြောင်းအရာများစွာ လိုလိုလားလားရှင်းပြချင်နေသည်။
ရှန်းယုဟန်က သက်ပြင်းတစ်ချက်ချကာ စိတ်သက်သာရာရသွားသည်နှင့် နှာချေလိုက်သည်။
ရှန်ချီဟွမ်းက မျက်မှောင်ကြုတ်လိုက်သည်။ “မင်းဘာလို့ကုတ်မဝတ်ထားတာလဲ?”
“အခန်းထဲမှာပူလို့၊ ကုတ်ဝတ်တာက လူကိုချွေးပျံစေတယ်။” ရှန်းယုဟန်က အခန်းတွင်းအပူချိန်မြင့်မားမှုကြောင့် ကုတ်ကိုချွတ်ခဲ့တာဖြစ်သည်။
ရှန်ချီဟွမ်းက လေအေးပေးစက်၏ အပူချိန်ကိုညှိရန် ဘေးကိုသွားခဲ့ပြီး သူပြန်လှည့်လာတော့ ရှန်းယုဟန်၏ အတွင်းဆွယ်တာက အနည်းငယ်ပါးလွှာနေကြောင်း သိလိုက်ရသည်။ “မင်းဘာလို့ နောက်တစ်ထပ်မဝတ်တာလဲ?”
“ကျွန်တော်အပြင်မှာ ကုတ်ထူထူဝတ်ထားလို့ အဲ့လောက်မအေးပါဘူး။” သူက ထိုစကားပြောပြီး နှာထပ်ချေသည်။ လေဖောင်းဂျာကင်က တကယ်ကိုနွေးသည်။
ရှန်ချီဟွမ်းက သူဖျားသွားမှာကို စိုးရိမ်နေသည်။ “ငါမင်းအတွက် သိုးမွေးအနွေးထည်တစ်ထည် ရှာပေးမယ်၊ ဗီရိုထဲမှာ မဝတ်ရသေးတဲ့တစ်ထည်ရှိတာကို မှတ်မိတယ်။”
ရှန်းယုဟန်က သူနဲ့အတူ အနောက်ခန်းကိုလိုက်လာပြီး ရှန်ချီဟွမ်းက ဗီရိုဖွင့်ကာ ထိုထဲတွင် သူမကြာခဏဝတ်လေ့ရှိသော ဝတ်စုံများအပြင် နေ့စဥ်အဝတ်အစားများ ရှိနေသည်။ မကြာသေးခင်က သူက ဆောင်းတွင်းအဝတ်အစားတချို့ကို ထပ်ဖြည့်ထားတာကြောင့် အခန်းအပူချိန်နှင့် သင့်တော်သော မီးခိုးရောင်သိုးမွှေးအနွေးထည်ရှိတာကို သတိရခဲ့သည်။
သူက ထိုသိုးမွေးအင်္ကျီကို ရှာမတွေ့ခင် လက်ဖြူဖြူတစ်စုံက သူ့ခါးကိုဖက်လာပြီး ရင်းနှီးသောရနံ့က သူ့နှာခေါင်းကိုလွှမ်းမိုးထားသဖြင့် သူ့တစ်ကိုယ်လုံးက အနည်းငယ်အေးခဲသွားသည်။ သူ့လက်လှုပ်ရှားမှုကလည်း ထိုလူကြောင့်ရပ်တန့်သွားသည်။
ဒီကပ်တွယ်လွန်းတဲ့ဟာလေးကတော့….
“ယောကျာ်း” ရှန်းယုဟန်၏အသံက မသဲမကွဲဖြစ်နေပြီး သူက ရှန်ချီဟွမ်း၏ပခုံးပေါ်မှာ သူ့ခေါင်းကိုမှီထားပြီး ပွတ်သပ်လိုက်သည်။ သူ့ခင်ပွန်းနှင့်နီးကပ်နေတာက သက်တောင့်သက်သာဖြစ်စေပြီး သူက သူ့ရနံ့ကိုရှူရတာကြိုက်သည်။
ရှန်ချီဟွမ်းက သူ့ကိုမမြင်နိုင်ပေမယ့် သူ့အလေးချိန်တစ်ဝက်လုံးက သူ့ကိုဖိထားသလို ခံစားလိုက်ရသည်။ “အွန်း..မင်းဘာလုပ်နေတာလဲ?” ယခုအချိန်လေထုက သူ့ကိုနာကျင်စေမည့် စကားကိုပြောခွင့်မပြုသဖြင့် သူက ဘာမှမပြောတော့ပေ။ သူက ရှန်းယုဟန်၏နှလုံးသားက အနည်းငယ်နူးညံ့တယ်လို့ ခံစားမိပြီး အခြေအနေတိုင်းမှာ ကပ်တွယ်လွန်းပြီး ငိုရတာကြိုက်သည်။
ရှန်းယုဟန်က ဘာပြောချင်တာလဲ?
သူက ရှန်ချီဟွမ်း သူ့ကိုမယုံတာကိုသိသည်။ သူက သူ့နှလုံးသားထဲမှာ နစ်မြုပ်နေသော စကားအများကြီးကို မပြောတတ်ပေ။ သူတို့နှစ်ယောက်က အရင်က စကားသီးသန့်မပြောဖူးပဲ လက်ထပ်ခြင်းကသာ လက်ရှိနေရာကို ပို့ပေးခဲ့တာဖြစ်သည်။ ရှန်ချီဟွမ်းက လူကောင်းတစ်ယောက်ဖြစ်ပြီး သူ့ကိုကောင်းကောင်းဆက်ဆံတာကြောင့် သူက သူတို့ဆက်ဆံရေးခရီးကို ရှေ့ဆက်ချင်သည်။
သူက ဒီကမ္ဘာကိုရောက်လာတာ မကြာသေးပေမယ့် ဒီလူအပေါ် စတင်မှီခိုလာခဲ့သည်။
သူက ရှန်ချီဟွမ်းနှင့်မခွဲချင်ပေ။
ရှန်းယုဟန်၏မျက်လုံးများက ဝမ်းနည်းမှုနှင့် ပြည့်နှက်နေပြီး သူက သူတစ်ယောက်တည်းသာ ကြားနိုင်သောအသံဖြင့် ပြောလိုက်သည်။ “ကျွန်တော့်မှာခင်ဗျားပဲရှိတာ။”
သို့သော် သူက ရှန်ချီဟွမ်းနှင့် ကပ်နေသဖြင့် ရှန်ချီဟွမ်းက သူ့နှလုံးခုန်သံက မြန်လာပြီး ဖရိုဖရဲဖြစ်လာတာကို ကြားရပြီး ရှန်းယုဟန်၏ စကားလုံးများကိုလည်း ကြားရသဖြင့် သူက အလေးအနက်ပြန်ဖြေလိုက်သည်။ “ငါသိပါတယ်။”
သူက ရှန်းယုဟန်မှာ အမေရောအဖေရောမရှိတာကိုသိသည်။ ပြီးတော့ သူ့ကိုအရမ်းချစ်သောအဘိုးကလည်း မနှစ်ကဆုံးပါးသွားခဲ့ပြီး လက်ရှိအချိန်မှာ သူမှီခိုနိုင်သော တစ်ဦးတည်းသောသူက သူဖြစ်သည်။ သူက ကျန်းလောလင်း၏ ရှန်းယုဟန်အား ဖော်ပြပုံကိုမှတ်မိသည်။ “သူ့နှလုံးသားနဲ့မျက်လုံးတွေက မင်းနဲ့ပြည့်နေတာပဲ” သူကပါ ရှန်းယုဟန်ကို စွန့်လွတ်လိုက်မယ်ဆိုရင် သူ့ရဲ့နောက်ဆုံးကောက်ရိုးမျှင်ကို ဖိနင်းလိုက်တာနဲ့ မတူသွားဘူးလား။
သူက ရှန်ချီယွင်ကို အရူးအမူးလိုက်ခဲ့ဖူးပြီး အဲ့ဒါကလည်း သူရဲ့စိတ်ဝိညာဥ်ကို ထောက်ပံ့ဖို့လုပ်ခဲ့တဲ့ လုပ်ရပ်ဖြစ်နေမလား?
သူက အဖြေကိုသိဖို့နည်းလမ်းမရှိသလို ထိုတုံးအသောမေးခွန်းကိုလည်း မမေးချင်ပေ။
ရှန်းယုဟန်က သူ့အဖြေကိုကြားတော့ သူက ရှန်ချီဟွမ်း၏ ခါးကို ပိုတင်းအောင်ဖက်လိုက်သည်။ နောက်တစ်ကြိမ် နှာမချေခင်အထိ မလွှတ်ပေးခဲ့ပေ။ ထို့နောက် ရှန်ချီဟွမ်းက သိုးမွေးအနွေးထည်ကို ကောက်ယူလိုက်ပြီး နောက်လှည့်ကာ သူ့ကိုပေးလိုက်သည်။
“ဝတ်ထား.. မင်းအအေးမိရင် ငါပဲပြုစုရလိမ့်မယ်။” ထိုအချိန်မှာ သူက သူ၏ အပေါက်ဆိုးသော စကားတွေကို ထပ်ပြောလာသည်။
“အို” ရှန်းယုဟန်က ဝတ်ပြီးနောက် ရှန်ချီဟွမ်းကို ပြုံးပြလိုက်သည်။ သူ့ခင်ပွန်း၏အဝတ်အစားကို ပထမဆုံးအကြိမ် ဝတ်ဖူးတာမဟုတ်ပေမယ့် သူပျော်သည်။
ရှန်းယုဟန် ကုတ်ဝတ်နေတာကိုကြည့်ရင်း ရှန်ချီဟွမ်းက သူ့ရှေ့မှာရပ်ကာ အဝတ်အစားပေါ်က တွန့်နေတာကို ရှင်းပေးသလိုဟန်ဆောင်ကာ သူ့ကိုရှင်းပြခဲ့သည်။
“နဥ်ချုံက သာမန်ဂျူနီယာညီမလေးပါပဲ၊ ငါသာ သူနဲ့တစ်ခုခုဖြစ်ချင်ရင် ဖြစ်ပြီးတာကြာပြီ။”
ရှန်းယုဟန်က သူ့ခင်ပွန်း၏လက်က သိုးမွေးဆွယ်တာ၏အစွန်းကို ဆွဲထားတာကို ငုံ့ကြည့်ပြီး သူ့အတွေးကို မိသွားခဲ့ပြီဖြစ်လို့ သူက ညင်ညင်သာသာ ခေါင်းညိတ်ပြလိုက်သည်။ “အွန်း”
“သွားစားရအောင်၊ မီးဖိုချောင်ထဲမှာ ရှာလကာရည်ဗူး လုံလုံလောက်လောက်ရှိရဲ့လား မေးပေးမယ်။”
ရှန်းယုဟန်က သူ့ကိုကြည့်ရန် ခေါင်းမော့ကာ ရှန်ချီဟွမ်း၏ ပြုံးနေသောမျက်လုံးများကို တွေ့လိုက်ရပြီး သူ့နားရွက်က ပူနွေးလာသည်။ သူက လှည့်ထွက်ကာ ရေရွတ်လိုက်သည်။ “ခင်ဗျားကမှ ရှာလကာရည်သောက်နေတဲ့သူပဲ။”
ရှန်ချီဟွမ်းက နောက်ကနေ တိတ်တဆိတ်ပြုံးမိသွားသည်။