Chapter 34.2
“ကျွန်တော်က အသက်နှစ်ဆယ်ရှိပြီ”
သူတို့နှစ်ယောက်က ရုံးမှာနေ့လည်စာစားကြပြီး ရှန်ချီဟွမ်းက ရှန်းယုဟန် အအေးမိမှာကို စိုးရိမ်သဖြင့် သူက လက်ထောက်ချွီကို အအေးမိကာကွယ်ဆေးယူလာခိုင်းပြီး သူ့ကိုသောက်ခိုင်းလိုက်သည်။ ထို့နောက် ရှန်းယုဟန်ကို ကုတင်ပေါ်မှာ တရေးအိပ်ခိုင်းလိုက်သည်။
ရှန်းယုဟန်က အိပ်မောကျသွားတော့ ရှန်ချီဟွမ်းက သူစားပွဲမှာပြန်သွားထိုင်လိုက်ပြီး အီးမေးလ်တစ်ချို့ကိုကိုင်တွယ်ဖို့ ပြင်ဆင်နေသည်။ မေးလ်ထဲမှာ နေ့စဥ်အီးမေးလ်ရာချီရှိပြီး တချို့ကို လက်ထောက်ချွီက ကိုင်တွယ်ကာ တချို့ကိုတော့ သူကိုယ်တိုင်စစ်ဆေးဖို့လိုသည်။
ကွန်ပျူတာဖွင့်ဖို့ စက္ကန့်အနည်းငယ်လိုပြီး ရှန်ချီဟွမ်းက မောက်စ်ကိုချိန်ညှိကာ ရှန်းယုဟန် ပျင်းရိနေစဥ်က ရေးထားသော ကုမ္ပဏီတံဆိပ်ပါသည့် စာရွက်ပေါ်က ကဗျာတစ်ပုဒ်ကိုတွေ့လိုက်ရသည်။ ကြည့်ရတာ ဂန္ဓဝင်ကဗျာဖြစ်ပုံရပြီး ထိပ်ဆုံးကနေ အောက်ခြေ၊ ညာဘက်ကနေဘယ်ဘယ်ထိ ရေးထားပုံမှာ အတော်လေးရှေးရိုးဆန်သည်။ အက္ခရာစာလုံးများက ရိုးရှင်းသောတရုတ်စာမဟုတ်သော်လည်း သူက နားလည်နိုင်ဆဲဖြစ်သည်။
ဝန်လက်ငှက်က စမ်းချောင်း၏သဲခုံပေါ်မှာ ဂွမ်ဂွမ်ဆိုနေ….နူးညံ့သိမ်မွေ့တဲ့ အပျိုစင် မင်းသားလေးအတွက် လိုက်ဖက်နေတယ်…(မှတ်စုတစ်)
(ဝန်လက်ငှက်- ငါးမျှားလင်းယုန်လို့လည်းခေါ်ပါတယ်။ သိမ်းငှက်တစ်မျိုးပါ)
ရှန်ချီဟွမ်းက ထိုကဗျာဆုံးသွားသည့် နေရာကွက်လပ်မှာ စာကြောင်းအချို့ရေးလိုက်သည်။
ကျူးပင်နှင့်နှင်းက အလွန်စိမ်းလန်းပြီး နှင်းဖြူများက နှင်းဆဲအဖြစ်ကို ပြောင်းသွားခဲ့တယ်….ငါတွေးနေတဲ့လူက ရေနဲ့ပတ်သတ်နေတယ်…ငါသူ့ကိုရှာဖို့ စမ်းချောင်းကနေ ထလာပေမယ့် လမ်းက ခက်ခဲရှည်လျားလွန်းတယ်…ငါသူ့ကိုရှာဖို့ စမ်းချောင်းထဲ ဆင်းသွားတော့ သူက ရေအလယ်မှာရှိနေခဲ့တယ်….(မှတ်စုနှစ်)
သူရေးပြီးနောက် သူက သူ့လက်ရေးကို ရှန်းယုဟန်နှင့် ယှဥ်ကြည့်လိုက်သည်။ ရှန်းယုဟန်၏လက်ရေးက သိမ်မွေ့ပြီး ကျက်သရေရှိသော ဆွဲချက်များနှင့် ပုံစံကထူးခြားပြီး တခြားတစ်ဖက်မှာ သူ့ကိုယ်ပိုင်လက်ရေးကတော့ ပြတ်သားသော ရေးဆွဲချက်များနှင့် စာရွက်ပေါ်မှာ အရာထင်နေသည်။ သူက လက်ရေးကို မှတ်မိလွယ်သော စာရွက်ပေါ်မှာရေးထားသဖြင့် စာရွက်ကိုယူကာ အံဆွဲထဲထည့်ထားလိုက်သည်။
–
ရှန်းယုဟန်က ရှန်ချီဟွမ်းကြောင့်နိုးလာပေမယ့် သူက သူ့ကို အချက်အပြုတ်သင်တန်းသို့ တန်းမပို့ခဲ့ပေ။
ရှန်ချီဟွမ်းက ဖုန်းကိုယူကာ ရှန်းယုဟန်ကို ဆွယ်တာပေးလိုက်သည်။ “ဝတ်ထား၊ ငါ မင်းကို အသေးစားနေရာတစ်ခုကြည့်ဖို့ ခေါ်သွားပေးမယ်။”
သူက အခုမှနိုးလာလို့ နားမလည်နိုင်ဖြစ်နေပေမယ့် ရှန်ချီဟွမ်းက သူ့ကို ဂျာကင်ဝတ်ဖို့မပြောတာကြောင့် သူက ကုမ္ပဏီမှ ထွက်ခွာစရာမလိုတာဖြစ်နိုင်သည်။
“ဘယ်သွားမှာလဲ?”
“ကုမ္ပဏီက အပန်းဖြေဖို့ ဖျော်ဖြေရေးဧရိယာတစ်ခု ဖွင့်ထားတယ်၊ ငါမင်းကိုလိုက်ပြမယ်။”
“ဘယ်လိုအပန်းဖြေဖျော်ဖြေတဲ့နေရာလဲ?”
“မင်းခန့်မှန်းကြည့်လေ”
ရှန်းယုဟန်က သူ့ခေါင်းကိုခါလိုက်သည်။ “ခန့်မှန်းလို့မရဘူး”
ရှန်ချီဟွမ်းက ယုံကြည်ချက်ရှိစွာပြောလိုက်သည်။ “မင်းခန့်မှန်းနိုင်မှာမဟုတ်တာလည်းသေချာတယ်။” သူက ရှန်းယုဟန်ကို ဓာတ်လှေကားထဲဆွဲခေါ်ကာ ဆယ်လွှာကို ဆင်းသွားသည်။
ထိုအချိန်မှာ အလုပ်စတင်လာသည်။ ရှန်းယုဟန်က သူ့ကိုစပ်စုနေသော ဝန်ထမ်းများစွာကို တွေ့ခဲ့ရပြီး ရှန်ချီဟွမ်းကိုတွေ့သည့် လူတိုင်းက ဥက္ကဋ္ဌရှန်လို့ခေါ်ကြပြီး ရှန်းယုဟန်ကို တိတ်တဆိတ်ကြည့်နေသည်။ သူတို့ထွက်သွားတော့ သတင်းဖြန့်ဖို့ ဖုန်းကိုကိုင်ကာ ပြေးလွှားနေကြသည်။
သူဌေးက သူ့ဇနီးလေးကို လည်ပတ်ဖို့ခေါ်သွားတယ်၊ နတ်သားနဲ့တူတဲ့ သူဌေးရဲ့ဇနီးကို လာကြည့်ကြပါဦး!
ထိုအချိန်မှာ ရှန်းယုဟန်က ကောင်တာက မိန်းကလေး၏ လူသိရှင်ကြားကြော်ညာခြင်း ခံခဲ့ရတာကို မသိခဲ့ပေ။ သူက နတ်သားနဲ့တူတဲ့ သူဌေးရဲ့ဇနီးလို့ နာမည်ပေးခံထားရသည်။
အောက်ထပ်လမ်းတစ်လျှောက်မှာ ဂရုသတင်းပို့မှုများက တိုးတက်မှုရှိနေပြီး သူတို့ဘယ်သွားနေလဲ သိချင်နေကာ အနုပညာရှင်များထက် ပိုလှသည်ဟု ပြောကြသည့် လျှို့ဝှက်ဆန်းကြယ်သော သူဌေး၏ဇနီးအကြောင်းကို လေ့လာချင်နေသည်။
သူဌေးနှင့် သူဌေး၏ဇနီးက အလွန်ရင်းနှီးပြီး ကုမ္ပဏီ၏ ဝန်ထမ်းများက သူတို့၏ နှစ်ဦးနှစ်ဖက် ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်ပြီး ကောလာဟလများကြားဖူးကာ အခုတော့ ယုံသွားကြလေပြီ။ သူတို့က မအံ့သြပေမယ့် ယင်းမှာ မျှော်လင့်ထားသည့်အတိုင်းပင် သူဌေးနှင့် သူဌေး၏ဇနီးက ကောလာဟလတွေအတိိုင်း တကယ်ကိုချစ်နေကြတာဖြစ်သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ဆယ်ထပ်ကိုခေါ်သွားခဲ့ပေမယ့် သူတို့က ရုံးဧရိယာကို မသွားခဲ့ပဲ ဆယ်လွှာက ဝန်ထမ်းအပန်းဖြေဖို့ ဖျော်ဖြေရေးဧရိယာကိုသွားခဲ့သည်။
အုပ်ချုပ်ရေးဌာနက စွမ်းဆောင်ရည်မြင့်မားလာပြီး တနင်္လာမှာ ပေးအပ်ခဲ့သော တာဝန်များက ယနေ့မနက်မှာ ပြီးစီးသွားခဲ့သည်။
ယနေ့က ဆယ်လွှာမှာ အသစ်ထပ်ဖွင့်ထားသော အပန်းဖြေဖျော်ဖြေရေးဧရိယာ၏ ပထမဆုံးနေ့ဖြစ်သည်။
ရှန်ချီဟွမ်းကုမ္ပဏီ၏အပြင်အဆင်က အလွန်ခေတ်မီပြီး နည်းပညာမြင့်မားသည်။ ကြမ်းပြင်ကြွေပြားအရောင်က ရှန်းယုဟန်မမြင်ဖူးသည့်အရောင်ဖြစ်ပြီး သူက စာပို့သေတ္တာကို ကိုင်ဆိုင်ထားသော စက်ရုပ်တစ်ရုပ်ကိုမြင်လိုက်ရသည်။ ထိုစက်ရုပ်က ရှန်ချီဟွမ်းကိုတွေ့တော့ ဟယ်လိုလို့ နှုတ်ဆက်လာပြီး ရှန်ချီဟွမ်းက သူ့ကို 'မင်းအလုပ်ကြိုးစားခဲ့ပါတယ်’လို့ ပြန်ဖြေလိုက်သည်။ ရှန်းယုဟန်က မျက်လုံးပွင့်စေသော အတွေ့အကြုံနောက်တစ်ခုကို ရခဲ့ပြီး သူ့ခင်ပွန်းက အံ့ဖွယ်ကောင်းလောက်အောင်တော်သော လူတစ်ယောက်ဆိုတာကို ပိုပိုနားလည်လာခဲ့သည်။
သူတို့က သူတို့၏ဦးတည်ရာကိုရောက်တော့ ရှန်ချီဟွမ်းက ဖောက်ထွင်းဖြစ်နိုင်သော ဖန်တံခါးရှေ့မှာ ရှန်းယုဟန်ကို ရပ်ခိုင်းလိုက်သည်။ သူတို့က အခန်းထဲက စင်များနှင့် အေပရွန်ဝတ်ထားသော ဝန်ထမ်းနှစ်ယောက်ကို တွေ့ခဲ့ရပြီး ထိုဝန်ထမ်းနှစ်ယောက်က ကြောင်တွေ သို့မဟုတ် အရုပ်တွေကို ချီထားကြသည်။
သူက အထဲမှာ ကြောင်တွေအများကြီးရှိတာကို တွေ့လိုက်ရသည်!
တချို့က ခုန်ပေါက်နေကြပြီး တချို့က ပြေးလွှားဆော့ကစားနေကာ တချို့က ထောင့်တစ်ထောင့်မှာ ငြိမ်ငြိမ်လေးအိပ်နေကြသည်။
ပြီးတော့ ရှန်းယုဟန် တစ်ခါမှမမြင်ဖူးသော မျိုးစိတ်များစွာရှိပြီး သူတို့က အဖြူကျားကြောင်များနှင့်တူသည်။
ရှန်ချီဟွမ်းက သူ့အိပ်ကပ်ထဲက မတ်စ်(mask)ကိုထုတ်ကာ တပ်လိုက်ပြီး ရှန်းယုဟန်ကိုမေးလိုက်သည်။ “မင်းအထဲဝင်ချင်လား?”
“ဝင်ချင်တယ်” ရှန်းယုဟန်က မသိစိတ်က ပြန်ဖြေလိုက်ပေမယ့် မတ်စ်တပ်ထားသော သူ့ခင်ပွန်းကိုကြည့်ရန် ခေါင်းကိုလှည့်လိုက်သည်။ “ဘာလို့အဲ့ဒါကိုသုံးတာလဲ?”
ရှန်ချီဟွမ်းက သူ့ကိုရှင်းပြလိုက်သည်။ “ငါက ကြောင်အမွှေးကို ရှူလို့မရဘူး၊ နှာခေါင်းယားတတ်လို့၊ မင်းနဲ့အတူ အထဲကို ခဏလိုက်ကြည့်လို့တော့ရပါတယ်။”
ရှန်းယုဟန်က နည်းနည်းစိတ်ပူနေပြီး သူက တချို့လူတွေ ကြောင်အမွေးရှူမိရင် ဖျားတာကိုသိသည်။ သူက တခြားသူတွေ ကြောင်မွေးတာကို ကားထဲမှာ ပြောခဲ့ဖူးပြီး သူ့ခင်ပွန်းက မွေးလို့မရကြောင်းပြောဖူးတာကို မှတ်မိသေးသည်။ ထိုသည်မှာ သူက ကြောင်မမွေးချင်လို့မဟုတ်ပဲ ရုပ်ပိုင်းဆိုင်ရာအကြောင်းပြချက်ကြောင့် ဖြစ်ပုံရသည်။
“တကယ်အဆင်ပြေရဲ့လား?” ရှန်းယုဟန်က ဒီအခြေအနေက သူ့ကိုထိခိုက်စေမှာကို စိတ်ပူနေသည်။
“ရပါတယ်၊ အထဲဝင်ရအောင်” ရှန်ချီဟွမ်းက နှာတံပေါ်က မတ်စ်ကိုဖိလိုက်သည်။
ရှန်းယုဟန်က ရှန်ချီဟွမ်း၏ကုမ္ပဏီက ထိုကြောင်များကို ဘာကြောင့်မွေးထားလဲမသိပေမယ့် ကျားကြောင်များကို တွေ့လိုက်ရပြီးနောက် သူ့မျက်လုံးများက အပြုံးနဲ့ပြည့်နေကာ ထိုအချိန်တွင် သူ့ရင်ထဲက မပျော်ရွှင်မှုများက အခိုးအငွေ့လို ပျောက်ကွယ်သွားပြီး တိမ်လိုလွင့်စင်သွားသည်။
သူက ရှန်ချီဟွမ်းကိုမော့ကြည့်ပြီး တံခါးကိုတွန်းဖွင့်လိုက်သည်။
ကြောင်များကို ထိန်းနေသော ဝန်ထမ်းများက ဒဏ္ဍာရီလာသူဌေးဖြစ်သူကို တွေ့သွားလို့ အံ့သြသွားပြီး မင်းသားလေးလို နူးညံ့နေသော တခြားတစ်ယောက်ကို ကြည့်မိသောအခါ ယင်းမှာ ကောလာဟလထဲက သူဌေး၏ဇနီးဖြစ်သည်ဟု တွေးလိုက်ကြသည်။
အနည်းငယ်ပြည့်သော မိန်းကလေးတစ်ယောက်က စိတ်လှုပ်ရှားနေပြီး လွတ်ခနဲပြောလိုက်မိသည်။ “မင်္ဂလာပါ…သူဌေးနဲ့ သူဌေးရဲ့ဇနီး!”
ရှန်းယုဟန်က ရယ်မိသွားပြီး သူက သူဌေး၏ဇနီးလို့ ညွှန်းဆိုခံထားရမှန်းတောင် မသိသဖြင့် သူ့မျက်နှာက ပူနွေးလာပေမယ့် ပြန်ဖြေလိုက်သည်။ “ဟယ်လို”
ရှန်ချီဟွမ်းက ခပ်တည်တည် ခေါင်းညိတ်ပြလိုက်သည်။ “မင်းတို့အလုပ်သွားလုပ်လို့ရပြီ၊ ငါတို့က ဒီတိုင်းလာကြည့်တာ”
သို့သော် ရှန်းယုဟန်က ရှန်ချီဟွမ်းထက် ပို၍ဖော်ရွေသည်။ “ကျွန်တော် သူတို့နဲ့ကစားလို့ရလား?”
အနည်းငယ်ပြည့်သော မိန်းကလေးက သူဌေး၏ဇနီးရှေ့မှာ ပိုပြီးတက်ကြွပြီး သတ္တိရှိလာသည်။ “ဟုတ်ကဲ့၊ သူတို့က ကျိုးနွံပြီး လူကြောက်တဲ့ကြောင်တွေက သူစိမ်းတွေကိုတွေ့ရင် ထွက်မလာပါဘူး။”
ထိုစဥ် ကြောင်လေးနှစ်ကောင်က ရှန်းယုဟန်၏ခြေထောက်နားကို ရောက်လာပြီး သားပေါက်လေးလို ပွတ်သပ်လိုက်သည်။
ရှန်ချီဟွမ်းက ကုလားထိုင်တစ်လုံးပေါ်မှာထိုင်ကာ ကြောင်ကစားကွင်းအနီးကို မသွားခဲ့ပေ။
ရှန်းယုဟန်က ကြောင်များကိုကြည့်လိုက်ပြီး သူတို့ကကျိုးနွံနေသရွေ့ သူက တစ်ကောင်ချင်းစီကို ပွတ်သပ်ကာ ဧကရာဇ်တစ်ပါး၏ ပျော်ရွှင်မှုမျိုးကို ခံစားနေသည်။ ခေတ်သစ်စကားနဲ့ပြောရမယ်ဆိုရင် သူက ကြောင်တစ်ကောင်းချင်းစီကို သည်းသည်းလှုပ်နေသည့် ပင်လယ်ဘုရင်နှင့်တူသည်။
သူက သူ့စကားများကို ဧကရာဇ်အမိန့်ပြန်တမ်းလို ခံယူထားသည့် ဝန်ထမ်းများနဲ့လည်း စကားပြောကောင်းနေသည်။
အနက်ရောင်အမွေးနှင့် အဖြူရောင်အမှီးရှိသောကြောင်ကို မော့လီစန်းကျန်းလို့ခေါ်ပြီး အဖြူရောင်ခြေလေးချောင်းရှိသောကြောင်ကို ထာရွှယ်ရွှင်းမိန်လို့ခေါ်သည်။ အဝါ၊အနက်၊အဖြူ အရောင်စုံရောစပ်ထားသည့် ကြောင်ကိုတော့ ကွမ်တီကျင်းလို့ခေါ်ပြီး ရိုးရိုးကြောင်များမှာလည်း အလွန်တင့်တယ်သော အမည်ပြောင်များရှိကြသည်။
သူဌေး၏ဇနီးက သူဌေး၏ဇနီးပင်၊ သူက တကယ်ကိုထူးခြားပြီး သာမန်လူနှင့်မတူပေ!
သူ့ဘေးမှာထိုင်နေသော ရှန်ချီဟွမ်းကလည်း နားထောင်နေပြီး သူက ရှန်းယုဟန် ကြောင်မေးစေ့ကို ကျွမ်းကျွမ်းကျင်ကျင် မြှောက်ထားနိုင်တာကို မသိခဲ့သဖြင့် သူ့ပါးစပ်ထောင့်က အနည်းငယ်ကော့တက်လာသည်။
ကြောင်အပန်းဖြေဖျော်ဖြေရေးနေရာသည် ပြတင်းပေါက်နဲ့နီးပြီး ကြောင်များနေပူဆာလုံဖို့ အဆင်ပြေသည်။ နေ့လည်ခင်းနေရောင်ခြည်က ရှန်းယုဟန်အပေါ်ကို ကျဆင်းလာပြီး သူနဲ့ကြောင်အုပ်စုတစ်စုကို ဝန်းရံထားတာက အလွန်နွေးထွေးသောမြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေသည်။
ဝန်ထမ်းက ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “သူဌေး.. ကျွန်မ သူဌေးရဲ့ဇနီးပုံကို ရိုက်လို့ရမလား?”
ရှန်ချီဟွမ်းကပြောလိုက်သည်။ “ရတယ် ဒါပေမယ့် မျက်နှာပုံကိုမရိုက်နဲ့” ထို့နောက် သူကလည်း ဖုန်းကိုဖွင့်ကာ ပုံအများကြီးရိုက်လိုက်သည်။
ရှန်းယုဟန်က တစ်ခုခုကိုခံစားမိသွားပြီး သူက ရှန်ချီဟွမ်းဘက်လှည့်ကာ ပြုံးပြလိုက်သည်။ ထိုအပြုံးက ရှန်ချီဟွမ်း၏နှလုံးသားထဲကို ဝင်ရောက်သွားပြီး မြေကြီးထဲမျိုးစေ့ချလိုက်သလိုပင် တိတ်တဆိတ် အညှောက်ပေါက်လာခဲ့သည်။
နာရီဝက်လောက်ကစားပြီး ရှန်းယုဟန်က သူ့မှာအလုပ်ရှိသေးလို့ သူ့ကို တစ်ချိန်လုံးအဖော်မပြုပေးနိုင်တာကို တွေးမိသွားသဖြင့် သူကလက်ဆေးကာ ပျော်လို့ဝပြီလို့ပြောလိုက်သည်။
ရှန်ချီဟွမ်းက အကြာကြီးမနေတော့ပဲ ရှန်းယုဟန်ကို အပန်းဖြေဖျော်ဖြေရေးစင်တာမှ ပြန်ခေါ်လာခဲ့သည်။
အပြင်ကိုခြေလှမ်းအနည်းငယ်လျှောက်ပြီး ရှန်ချီဟွမ်းက သူ့ကိုရုတ်တရက်မေးလိုက်သည်။ “အိမ်မှာမွေးဖို့ တစ်ကောင်ပြန်ယူသွားချင်လား?”
ရှန်းယုဟန်က မစဥ်းစားပဲခေါင်းခါကာ ပြောလိုက်သည်။ “မယူဘူး၊ သူတို့ဒီမှာအဆင်ပြေပါတယ်။”
သူက သူ့ကိုယ်သူ ဤထူးဆန်းသည့်ကမ္ဘာမှာ လှည့်လည်သွားလာနေသော ကြောင်လေးတစ်ကောင်လို့တွေးလိုက်ပြီး သူတို့ကိုတွေ့တော့ သူ့ကိုယ်သူပြန်မြင်နေရသလိုပင်။ သူ့ကို သူ့ခင်ပွန်းက ကောက်ယူစောင့်ရှောက်ထားသလို သူတို့ကိုလည်း တစ်ယောက်ယောက်က စောင့်ရှောက်ပေးထားသည်။
အိမ်မှာ သူတစ်ယောက်တည်းရှိတာနဲ့တင် လုံလောက်သည်။ သူက တခြားကြောင်နှင့် ခွေးပေါက်လေးတွေကိုသာ မွေးထားရင် ခါးသီးစွာဝမ်းနည်းရလိမ့်မည်။
ရှန်ချီဟွမ်းက ပြောလိုက်သည်။ “သေချာလား? ရွေးချယ်ဖို့ အခွင့်အရေးတစ်ခါပဲရမယ်။”
ရှန်းယုဟန်က ခေါင်းငုံ့ကာ သူ့လက်ကိုဆုပ်ကိုင်လိုက်သည်။ “ကျွန်တော့်ယောကျာ်းက ကျွန်တော့်ကို စောင့်ရှောက်ပေးနေတာနဲ့တင် လုံလောက်ပါပြီ”
ရှန်ချီဟွမ်းက ရယ်မောကာ “မှန်တယ်၊ မင်းကိုစောင့်ရှောက်ရတာပဲ ဒုက္ခများလွန်းနေပြီ။” လူတစ်ယောက်တည်းက သူ့စွမ်းအင်ကိုစားသုံးဖို့ လုံလောက်သည်။
ကံကောင်းစွာပင် သူက ပိုက်ဆံပြတ်လတ်မနေပဲ အားရှိနေသေးလို့ သူ့ကိုချော့နိုင်သေးသည်။
“ကျွန်တော်က ဒုက္ခဘယ်လိုဖြစ်နိုင်မှာလဲ? ရှန်းယုဟန်က သူပြောတာကို သဘောမတူပေ။
ရှန်ချီဟွမ်းက သူ့ကိုမေးလိုက်သည်။ “ဒါဆို မင်းက ဘယ်နေရာမှာ ဒုက္ခမဟုတ်တာလဲ ပြောကြည့်ပါဦး?”
ရှန်းယုဟန်က ရှန်ချီဟွမ်းကို တစ်ချက်ကြည့်ပြီး ညည်းညူလိုက်သည်။ “ကျွန်တော်က ဘယ်နေရာမှာမှ ဒုက္ခမဟုတ်ပါဘူး။”
ရှန်ချီဟွမ်းက ရှန်းယုဟန်နှင့် ပြိုင်ငြင်းမလို့လုပ်လိုက်ပေမယ့် လက်ထောက်ချွီက သူ့ကိုမက်ဆေ့ပို့လာပြီး သူတို့နှစ်ယောက်က ရုံးခန်းကိုပြန်ခဲ့ကြသည်။
လက်ထောက်ချွီက ရှန်းယုဟန်ကို လက်အနွေးအိတ် ကမ်းပေးလိုက်ပြီး အားလည်းသွင်းပေးထားသည်။ ရွေတံဆိပ်ဆုထိုက်တန်သည့် လက်ထောက်ပီသပြီး စဥ်းစားပေးနိုင်ပြီး အသုံးဝင်လွန်းသည်။
ရှန်းယုဟန်က သူရခဲ့သော လက်အနွေးအိတ်ကိုကိုင်ကာ သုံးကြည့်လိုက်တော့ အဆင်ပြေနေသည်။
လက်ထောက်ချွီက သူဌေး၏ဇနီးနဲ့ပတ်သတ်ပြီး စိတ်ပူစရာမလိုတော့သဖြင့် သူက ရှန်ချီဟွမ်းကို ခရီးစဥ်အကြောင်း တိုက်ရိုက်အစီရင်ခံလိုက်သည်။ “သူဌေး၊ မနက်ဖြန်ညပွဲအတွက် သူဌေးနဲ့အဖော်လိုက်ပေးဖို့ အမျိုးသမီးလက်ထောက်တစ်ယောက်ကို ရွေးလိုက်ရမလား ဒါမှမဟုတ် တစ်ယောက်တည်းသွားမလား?”
ရှန်ချီဟွမ်းက နက်ဖြန် ဘယ်လိုပွဲမျိုးကျင်းပမှာလဲ မမှတ်မိပေ။ “ဘယ်လိုဧည့်ခံပွဲလဲ?”
“ချီမိသားစုက လူအိုကြီးချီရဲ့ မွေးနေ့ဆိုတဲ့နာမည်နဲ့ ကျင်းပတဲ့ ဧည့်ခံပွဲပါ။ သူ့မြေးအတွက် လမ်းခင်းပေးဖို့၊ အဆက်အသွယ်တည်ဆောက်ဖို့နဲ့ သူ့မြေးမလေးအတွက် အရည်အချင်းရှိတဲ့ လူငယ်လေးတွေကိုရှာဖို့ဖြစ်နိုင်ပါတယ်။” လက်ထောက်ချွီက သူ့သူဌေးကိုသတိပေးလိုက်သည်။ “ရှန်မိသားစုရဲ့ တခြားအိမ်တော်သုံးခုက လူတွေလည်းရှိနေမှာပါ။”
“သူတို့မသွားဘူးဆိုမှ ထူးဆန်းနေမှာ။” ရှန်ချီဟွမ်းက အနွေးအိတ်ကိုင်ထားသော ရှန်းယုဟန်ကို တစ်ချက်ကြည့်လိုက်သည်။ “ဘယ်သူ့ကိုမှခေါ်သွားဖို့မလိုဘူး။”
သူက လက်ထပ်ပြီးပြီမို့ တခြားတစ်ယောက်ဖို့ ခေါ်သွားဖို့မလိုပေ။
“ရှန်းယုဟန်၊ မနက်ဖြန် ငါနဲ့အတူ ဧည့်ခံပွဲကိုလိုက်ခဲ့ပါ။”
ရှန်းယုဟန်က လက်အနွေးအိတ်ကိုကိုင်ကာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ” သူက ခေတ်သစ်ရဲ့ ဧည့်ခံပွဲကိုတက်ရမယ်လို့ မမျှော်လင့်ထားပေ။ သူက ဧည့်ခံပွဲခန်းမရှိ တိုက်ပွဲများစွာကို ကြုံဖူးသော်လည်း အနည်းငယ်စိတ်လှုပ်ရှားနေသည်။
ရှန်းယုဟန်က နေ့လည်ခင်းမှာ နှစ်ကြိမ်တိတိနှာချေခဲ့သဖြင့် ရှန်ချီဟွမ်းက သူ့ကို အချက်အပြုတ်သင်တန်းမပို့ခဲ့ပေ။
ညနေလေးနာရီမှာ သူ့ခင်ပွန်းက အလုပ်စောစောဆင်းခဲ့သည်။
ရှန်းယုဟန်က သူ့အကြိုက်ဆုံးပစ္စည်းအသစ်ဖြစ်သည့် လက်အနွေးအိတ်ကိုကိုင်ကာ ကားထဲဝင်လိုက်ပြီး အပြင်ပိုင်းမှာ ကုတ်ဝတ်ထားပြီး ဗိုက်ပေါ်မှာ အနွေးအိတ်ကိုတင်ထားသဖြင့် တစ်ချက်ကြည့်ရုံနှင့် ကိုယ်ဝန်ရှိနေပုံပေါ်သည်။
ရှန်ချီဟွမ်းက ကားထဲမဝင်ခင် လက်ထောက်ချွီနဲ့ စကားနည်းနည်းပြောပြီး သူကားထဲဝင်လိုက်တာနဲ့ ရှန်းယုဟန်၏ သက်ပြင်းချသံကို ကြားလိုက်ရသည်။
သူက မနေနိုင်တော့ပဲ မေးလိုက်သည်။ “မင်းဘာလို့ ငယ်ငယ်လေးနဲ့ သက်ပြင်းချနေရတာလဲ?”
ရှန်းယုဟန်က သူ့ကို မျက်တောင်ခတ်ပြလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်က မငယ်တော့ပါဘူး၊ အသက်နှစ်ဆယ်ရှိပြီ”