Chapter 35.1
“နည်းနည်းအယူသီးတယ်”
ထိုညတွင် ရှန်းယုဟန်တက်သည့် ပန်းအလှဆင်သင်တန်းက ရေပန်းစားနေသော သတင်းဖြစ်လာသည်။ အကြောင်းမှာ မယားကြီးက မယားငယ်ကို အမဲလိုက်ခဲ့ကာ ရဲစခန်းထိရောက်သွားခဲ့သော ဖြစ်ရပ်ကြောင့်ပင်။ ထိုအကြောင်းကိုသိပြီးသော ရှန်ချီဟွမ်းက နောက်တစ်နေ့မှာ ရှန်းယုဟန်ကို သင်တန်းမပို့ခဲ့ပေ။ ထိုကိစ္စက မငြိမ်သက်သေးဘူးလို့ ခန့်မှန်းမိပြီး အပြင်မှာ အင်တာဗျူးဖို့ သတင်းထောက်များလည်း ရှိနေနိုင်သည်။ သူက နေ့လည် အချက်အပြုတ်သင်တန်းကိုပါ တိုက်ရိုက်ဖျက်သိမ်းပေးခဲ့သည်။ အကြောင်းမှာ အေးနေသဖြင့် ရေထိရင် အအေးမိမှာ စိုးရိမ်လို့ပင်။
ရှန်းယုဟန်က အိမ်မှာတီဗီကြည့်နေပြီး ခေတ်သစ်ဗဟုသုတများကို သင်ယူနေသည်။ စာရေးခြင်း၊ ပန်းချီဆွဲခြင်းနှင့် တစ်ယောက်တည်း စစ်တုရင်ကစားကာ ပြီးပြည့်စုံသောဘဝကို ဖြတ်သန်းခဲ့သည်။
သူက ပထမထပ်ရှိ နေရောင်ရသောအခန်းကို သန့်ရှင်းရေးလုပ်ပြီး ရွှေ့လို့ရသော ပန်းအိုးများကိုရွှေ့ပေးဖို့ သန့်ရှင်းရေးအန်တီကိုပြောခဲ့ပြီး အပန်းဖြေဖျော်ဖြေရေးအတွက် နေရာအကျယ်ကြီးချန်ထားခိုင်းခဲ့သည်။ ထိုသည်မှာ မနေ့က ရှန်ချီဟွမ်း၏ကုမ္ပဏီက အပန်းဖြေဖျော်ဖြေရေးနေရာကို လေ့လာပြီးနောက် ရခဲ့သောစိတ်ကူးတစ်ခုဖြစ်သည်။
အန်တီဝမ်က နေရောင်ရသောအခန်းက အားနေပြီး ပန်းတစ်ချို့သာစိုက်ထားကြောင်း ပြောခဲ့သည်။ မစ္စတာရှန်က ထိုအခန်းကို တခြားရည်ရွယ်ချက်အတွက် သုံးဖို့မတွေးခဲ့လို့ အခုသုံးဖြစ်သွားတော့ မိသားစုစရိုက်လက္ခဏာပိုရှိလာသည်။
ရှန်းယုဟန်က ရှန်ချီဟွမ်း၏ စိတ်နေသဘောထားကို ဖြည်းဖြည်းချင်းသိလာပြီး သူအိမ်မှာရှုပ်နေရင် ရှန်ချီဟွမ်းက လုံးဝဂရုမစိုက်ပဲ အပြင်က လူရှုပ်တွေနဲ့တွေ့မှသာ သူက စိတ်ဆိုးတာဖြစ်သည်။
သူက အိမ်က ဖန်လုံအိမ်ကို မွှေခဲ့ရင်တောင် ရှန်ချီဟွမ်းက သေချာပေါက်ဂရုစိုက်မှာမဟုတ်ပေ။
ရှန်းယုဟန်က သူ့လက်ရာကိုကျေနပ်နေပြီး အခုလုပ်စရာကျန်တာက လက်ဖက်ရည်စားပွဲနဲ့ ကူရှင်အဝိုင်းအနည်းငယ်ဝယ်ရန်ဖြစ်သည်။ ဒါမှ ဆောင်းတွင်းမှာ ကျန်းချန်၏ညရှုခင်းကို ဒီကနေကြည့်နိုင်မှာဖြစ်သည်။
သူက ဆောင်းတွင်းဆိုရင် ကျန်းချန်မှာ နှင်းကျပါ့မလားမသိပေမယ့် ချီတိုင်းပြည်မှာတော့ နှစ်စဥ်ဆောင်းရာသီမှာ နှင်းထူထပ်ပြီး ရှန်းမိသားစုက နှစ်တိုင်းမှာ နှင်းပွဲတော်ကျင်းပလေ့ရှိသည်။ သူကလည်း လက်ဖက်ရည်သောက်ပြီး မုန့်စားရန် သူငယ်ချင်းများကို ခြံထဲသို့ဖိတ်ခေါ်လေ့ရှိပြီး သက်တောင့်သက်သာရှိသော ဘဝကို နေထိုင်လေ့ရှိသည်။
တူညီသောကောင်းကင်ပြာကြီးကိုကြည့်ကာ ရှန်းယုဟန်က သက်ပြင်းချလိုက်မိသည်။ အရာအားလုံးကို အစကပြန်စရမှာပဲ။
အားလုံးအဆင်ပြေရင် သူက သူ့ခင်ပွန်း၏သူငယ်ချင်းများကို အရင်ဖိတ်ခေါ်မည်။
–
နေ့လည်မှာ ရှန်းယုဟန်က ရှန်ချီဟွမ်းရွေးချယ်ပေးသော ဝတ်စုံကိုဝတ်ပြီး ကုတ်ထူထူကို ဝတ်ထားကာ အပြင်ထွက်ခဲ့သည်။ သူက ရှန်ချီဟွမ်းနှင့်တွေ့ရန် ကုမ္ပဏီကိုအရင်သွားခဲ့ပြီး သူတို့နှစ်ယောက်က ဧည့်ခံပွဲနေရာကို အတူသွားခဲ့ကြသည်။
ကားအတွင်းခန်းထဲမှာ အပူချိန်ရှိနေပြီး ရှန်းယုဟန်က ဤဆောင်းတွင်းက ဘယ်လောက်အေးလဲ မခံစားမိတော့ပေ။ အံ့ဖွယ်ကောင်းတာက ခေတ်သစ်လူသားတွေက သူတို့၏ကားထဲတွင် အပူပေးစက်ကို တပ်ဆင်ထားနိုင်သည်။
ရှန်ချီဟွမ်းက ကုမ္ပဏီကထွက်လာပြီး ကားထဲရောက်တော့ သူ့ခန္ဓာကိုယ်ကို လေအေးတိုက်ခတ်လာတာကြောင့် သူက ကားတံခါးကိုအမြန်ပိတ်လိုက်သည်။
“ရာသီဥတုက ပိုအေးလာပြီ၊ မနက်ဖြန်ဆိုရင် ဇီးရိုးအထိကျဆင်းသွားမှာပဲ… ဒါပေမယ့် နှင်းမကျဘူး။” သူက အတွင်းမှာ ဝတ်စုံကိုဝတ်ထားကာ အပြင်မှာ ကုတ်ထူထူကိုဝတ်ထားသည်။ အကြောင်းမှာ သူက ရှန်းယုဟန်ထက် အရပ်ရှည်၍ ကုတ်အရှည်က နွေးလို့ဖြစ်သည်။
“ဒီနှစ်နှင်းကျတာကို မြင်ရနိုင်လား?” ရှန်းယုဟန်က လက်အနွေးအိတ်ကို ကမ်းပေးလိုက်သည်။ “ယောကျာ်း၊ လက်အနွေးခံပါ။”
ရှန်ချီဟွမ်းက သူ့ဆီက လက်အနွေးအိတ်ကိုယူလိုက်တော့ တကယ်ကို နွေးနေသည်။ “ဖြစ်နိုင်တယ်၊ မနှစ်က နိုဝင်ဘာမှာ နှင်းကျခဲ့တယ်၊ ဒီနှစ်လည်းကျလိမ့်မယ်။”
“ကျွန်တော်နှင်းကျတာကိုကြည့်ချင်တယ်။” ရှန်းယုဟန်က ပြတင်းပေါက်အပြင်ကိုကြည့်ကာ မျှော်လင့်ချက်များပြည့်နေသည်။ သူက နှင်းကျသောဆောင်းရာသီကို သဘောကျသည်။
“မင်းဒီနေ့အိမ်မှာဘာလုပ်ခဲ့လဲ?” ရှန်းယုဟန်က အခုဆိုရင် တကယ်ကိုနာခံမှုရှိသည်။ ထိုမြေခွေးသူငယ်ချင်းများနှင့် အဆက်အသွယ်ဖြတ်ပြီးနောက် သင်တန်းမသွားဖြစ်ရင် အိမ်မှာပဲနေရသဖြင့် ရှန်ချီဟွမ်းက သူအိမ်မှာနေရတာ ငြီးငွေ့သွားမလားလို့တွေးနေသည်။
ရှန်းယုဟန်က နေရောင်ရသောအခန်းကို ရှင်းခဲ့သည့်အကြောင်း ပြောပြခဲ့သည်။ “အခုဧည့်သည်တွေကိုဧည့်ခံဖို့ သုံးလို့ရတဲ့ လက်ဖက်ရည်စားပွဲနဲ့ ကူရှင်ဝိုင်းအနည်းငယ်ကို ဝယ်ဖို့လိုတယ်။ ကျွန်တော်တို့ပိတ်ရက်မှာ စစ်တုရင်လည်းကစားနိုင်ပြီ။”
“အာ၊ ဟုတ်ပြီ၊ နောက်မှတစ်စုံသွားဝယ်ရအောင်။” ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုယ်တိုင် ဒါတွေကိုလုပ်နေလို့ အံ့သြသွားသည်။ အစက ဒီဇိုင်နာကို တိုက်ရိုက်ခေါ်လိုက်တာကောင်းမယ်လို့ တွေးခဲ့ပေမယ့် သူက ရှန်းယုဟန် အတော်လေးအလုပ်ရှုပ်ကာ ပျော်နေတာကိုတွေ့တော့ လွှတ်ပေးထားလိုက်ပြီး ယင်းမှာ နေရောင်ခန်းသာဖြစ်တာကြောင့် သူအဆင်မပြေရင် ဖြိုချပြီး ပြန်ဆောက်ပေးလို့ရသည်။
“ခင်ဗျားဘယ်တော့အားမှာလဲ? ကျွန်တော်တို့စျေးဝယ်ထွက်ပြီးရင် အကိုဝမ်းယန်နဲ့ တခြားသူတွေကို အိမ်မှာလက်ဖက်ရည်သောက်ဖို့ ဖိတ်လို့ရလား၊ နှင်းကျနေရင် အချိန်ကောင်းပဲ၊ နှင်းကျတာကိုကြည့်ရင်းနဲ့ ကစားလို့ရတယ်။” ရှန်းယုဟန်က ရှန်ချီဟွမ်းကို သူ့အစီအစဥ်အကြောင်း စိတ်လှုပ်ရှားစွာပြောပြခဲ့သည်။
ရှန်ချီဟွမ်းက သူ့အစီအစဥ်ကို ပြန်ပြောလာသည်။ “ငါက ဒီပိတ်ရက်မှာ အလုပ်ခရီးသွားရမယ်။ အဲ့ဒါက နောက်တစ်ပတ်ဆိုတော့ မင်းကြိုက်တဲ့ဒီဇိုင်းကို အွန်လိုင်းမှာအရင်ရှာကြည့်ပြီးမှ အပြင်ဆိုင်မှာ သွားဝယ်လိုက်။”
သူအလုပ်ခရီးထွက်ရမှာကို ကြားလိုက်ရပြီး နောက်ဆုံးအကြိမ်က ဆယ်နာရီကြာအောင် လေယာဥ်စီးရသော ယူအက်စ်ကို တွေးမိသွားသည်။ “နိုင်ငံခြားသွားရမှာလား?
ရှန်ချီဟွမ်းက ပြောလိုက်သည်။ “နိုင်ငံခြားမဟုတ်ဘူး။ ဒီတစ်ခေါက်မြို့တော်ကိုသွားမှာ။” သူက ရှန်းယုဟန်၏ ပျော်ရွှင်မှုကို မဖျက်စီးချင်ပေ။ “ပြန်လာရင် သူတို့ကိုလာကစားဖို့ ဖိတ်လို့ရပါတယ်။”
တရုတ်ပြည်ရဲ့မြို့တော်လား?
ရှန်းယုဟန်၏မျက်လုံးများက တောင့်တမှုအနည်းငယ်ရှိနေသည်။ မကြာသေးခင်က သူ၏လေ့လာထားမှုအရ သူက နိုင်ငံအတွင်း ပြည်နယ်ဘယ်နှစ်ခုရှိတာကို သိခဲ့ရပြီး မြို့တော်က သူအရင်ကနေခဲ့သော မြို့တော်နဲ့တူတာကို သိခဲ့ရသည်။
သူက မရောက်ဖူးသဖြင့် ဘယ်လိုပုံစံလဲဆိုတာကို မသိပေ။
“ဒါဆို အဲ့ဒီမှာ ဘယ်နှစ်ရက်နေမှာလဲ?”
“လေးရက်၊ အရေးကြီးတဲ့ နိုင်ငံတကာ ကုန်သွယ်ကြီးများအသင်းမှာ သမဝါယမ လုပ်ငန်းများစွာရဲ့ အကြီးအကဲတွေကို သွားတွေ့ရမှာ၊ ပြီးတော့ အဲ့ဒီမှာပဲ သူငယ်ချင်းတွေနဲ့ နေ့လည်စာစားဖြစ်လိမ့်မယ်။” ရှန်ချီဟွမ်းက ရှင်းပြသည်။
“အချိန်ဇယားက ပြည့်နေတာပဲ။” ရှန်းယုဟန်က သူ့ခင်ပွန်းအိမ်ကထွက်ခွာတာကို အနည်းငယ်တုံ့ဆိုင်းနေပြီး သူက ဆောင်းရာသီမှာ အအေးဒဏ်ကို တစ်ယောက်တည်းခံစားရဦးမည်။
ရှန်းယုဟန်က ဟိုကိုဘယ်လိုသွားပြီး ဘယ်လိုပြန်လာမှာလဲ အသေးစိတ်မေးမြန်းခဲ့ပြီး တစ်ခြားသူများ၏ ဂရုစိုက်ခံရတာရှားပါးသော ရှန်ချီဟွမ်းက စိတ်ရှည်ရှည်ဖြေပေးလိုက်ကာ သူ့လက်များကို နွေးအောင်လုပ်ပြီး ရှန်ချီဟွမ်းက ရှန်းယုဟန်ကို အနွေးအိတ်ပြန်ပေးလိုက်သည်။
–
လမ်းက နည်းနည်းကျပ်နေပြီး သခင်ကြီးချီ၏ စံအိမ်ကိုရောက်ဖို့ တစ်နာရီကြာသည်။
ကားထဲကမထွက်ခင် ရှန်းယုဟန်က ရှန်ချီဟွမ်းကို လက်အနွေးအိတ် အထဲယူသွားလို့ရလား မေးခဲ့ပေမယ့် ရှန်ချီဟွမ်းက မရဘူးလို့ပြောခဲ့သည်။
သူချီတိုင်းပြည်မှာ ရှိခဲ့စဥ်က လူတိုင်းက လက်ကိုင်မီးဖိုအိုးလေး ယူလာနိုင်ကြသည်။
(လက်နဲ့သယ်လို့ရတဲ့ အပူပေးကိရိယာအိုးလေးပါ။)
သို့သော် ရှန်ချီဟွမ်းက ရှန်းယုဟန်ကို အထဲခေါ်လာပြီးနောက် သူက အခန်းအပူချိန်က လုံလောက်နေတာကို တွေ့ခဲ့ရပြီး သူကုတ်ရှည်ကိုချွတ်ပြီးနောက် မအေးတော့ပဲ အနည်းငယ်ပူနေသေးသည်။
ရင်းနှီးသောမျက်နှာမရှိသဖြင့် ရှန်းယုဟန်က သူ့ခင်ပွန်းနှင့် နီးကပ်စွာနေပြီး လူကွဲသွားမှာစိုး၍ လက်ကိုကိုင်ထားသည်။
ယင်းမှာ ပထမဆုံးအကြိမ် ခေတ်သစ်ဧည့်ခံပွဲကို တက်ရတာဖြစ်ပြီး သူက အနည်းငယ်စိတ်လှုပ်ရှားနေသည်။
ရှန်ချီဟွမ်းက ကပ်တွယ်လွန်းသော ရှန်းယုဟန်ကိုကြည့်လိုက်ပေမယ့် ရှန်းယုဟန်၏လက်ကို လွှတ်မပေးပဲ သခင်ကြီးချီကိုတွေ့ဖို့ ခေါ်သွားခဲ့သည်။
“သွားရအောင်၊ မိသားစုရဲ့သခင်ကြီးကို အရင်သွားတွေ့ကြစို့”
–
ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ရောက်တာနဲ့ လူအများစု၏အာရုံကို ဆွဲဆောင်သွားပြီး ရှန်မိသားစု၏ အိမ်တော်သုံးခုက လူတစ်ချို့လည်း ရောက်လာကာ ရှန်ချီယွင်လည်း ပါလာသည်။
သို့သော် ရှန်ချီဟွမ်းက သူတို့ကို အကြည့်တစ်ချက်တောင်မပေးပဲ ချီမိသားစုက အချိုအငန်ကိုမကြောက်လို့ အကုန်လုံးကို ဖိတ်ရဲတာလို့ တွေးလိုက်သည်။
(အချိုနဲ့အငန်က ရန်သူတွေဖြစ်လို့ ချီမိသားစုက မတည့်တဲ့လူအကုန်လုံးကိုလည်း ဖိတ်ရဲတယ်လို့ဆိုလိုတာပါ။)
အမေးအခံရဆုံးက ရှန်ချီယွင်ဖြစ်ပြီး သူက အတင်းအကျပ်ပြုံးထားကာ ထိုလူက သူ့အစ်ကို၏ ကြင်စဦးအိမ်ထောင်ဖက်ဖြစ်သည့်အကြောင်းကို ဖြေနေရတာဖြစ်သည်။
ရှန်းယုဟန်က သူ၏ အရင်က အမြင်မရှိသော အဝတ်အစားများကို မဝတ်တော့သဖြင့် အလုံးစုံမတူညီသောလူတစ်ယောက် ဖြစ်နေပြီး ရှန်ချီယွင်က လက်ရှိရှန်းယုဟန်ဟာ သူတစ်ခါမှမမြင်ဖူးသည့် တစ်ခုခုဖြစ်နေတယ်လို့ ခံစားမိလိုက်သည်။ ယင်းမှာ ရှန်ချီဟွမ်းက ပြင်ဆင်ပေးခဲ့တာဖြစ်ပြီး သူက ရင်သပ်ရှုမောဖွယ်ကောင်းနေကာ ရှန်ချီယွင်လိုချင်သောပုံစံဖြစ်လာသည်။
သူသာ ရှန်းယုဟန်လိုက်တာကို လက်ခံခဲ့ပြီး သူ့ကိုပြောင်းလဲဖို့ပြောခဲ့ရင် သူက သေချာပေါက်ပြောင်းလဲခဲ့မှာဖြစ်သည်။ အခုတော့ သူက နောင်တရနေခဲ့သည်။ ထားလိုက်တော့… သူကလည်း ရှန်းယုဟန်နဲ့ မပတ်သတ်ချင်သဖြင့် သူ့ကိုအာရုံစိုက်မနေသင့်ပေ။
–
ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်တို့ အပေါ်ထပ်တက်သွားပြီးနောက် ပွဲတွင်မငြိမ်သက်မှုဖြစ်လာကာ ဆွေးနွေးမှုက ကျယ်လောင်လာသည်။
ရှန်ချီဟွမ်း အမျိုးသားတစ်ယောက်ကို လက်ထပ်ခဲ့တာကို လူတိုင်းကသိကြပေမယ့် အပြင်ခေါ်ထုတ်လာမယ်လို့ မမျှော်လင့်ထားပေ။ တရုတ်နိုင်ငံက လိင်တူလက်ထပ်ခြင်းဥပဒေကို ခွင့်ပြုပေးခဲ့ပေမယ့် အပြင်ကို ခေါ်ထုတ်လာရဲသူက အနည်းငယ်သာရှိသည်။ ဒါပေါ့…လူအများစုက အမျိုးသားတွေကို လက်ထပ်ထားတာမဟုတ်ကြပဲ နောက်ဆုံးတစ်ခေါက် ဟိုးလေးတကြော်ဖြစ်သွားခဲ့တာ ကျန်းမိသားစုက မြေးဖြစ်သူ ကျန်းလောလင်းဖြစ်ပေမယ့် ထိုစုံတွဲက ခပ်လျှိုလျှိုနေကြပြီး လူထုကြားမှာပေါ်လာခဲသည်။
ရှန်ချီဟွမ်းက ရုတ်တရက်ဆိုသလိုပင် အဆင့်အတန်းမြင့်သော အပြုအမူကို သရုပ်ဆောင်ထားသဖြင့် ဘယ်သူပဲဖြစ်ဖြစ် သူတို့က မေးခွန်းပိုထုတ်ကြမှာဖြစ်ပြီး ယင်းမှာ ပွဲ၌ရှိနေသော ရှန်မိသားစုအိမ်တော်များကို တခြားသူများနှင့် စျေးပေါသောဆွေးနွေးခန်းဖွင့်စေရန် အခွင့်အရေးပေးခဲ့သည်။
သို့သော် ရှန်ချီဟွမ်း လက်ထပ်ထားသော အမျိုးသား၏ဇစ်မြစ်ကို ဘယ်သူမှမသိကြပေ။ သူ့မှာ မေ့ရမလွယ်တဲ့ မျက်နှာလှလှလေးရှိပေမယ့် မိသားစုမျိုးရိုးက ကောင်းပါ့မလား?
ရှန်မိသားစု၏ အိမ်တော်များစွာနှင့် စစ်ဆေးမေးမြန်းပြီးနောက် ရှန်ချီဟွမ်း၏လူက မိသားစုမျိုးရိုးမရှိပဲ သူက ရှန်ထျန်းဖုန်း၏ ကွယ်လွန်သူသူငယ်ချင်း ချန်ထားခဲ့သော မြေးတစ်ယောက်ဆိုတာကို လူတိုင်းသိသွားခဲ့သည်။ သူက ကောလိပ်ကနေလည်း ဘွဲ့မရထားတာကြောင့် မိတ်ဆွေဖွဲ့ဖို့ စဥ်းစားစရာမလိုပေ။ ရှန်ချီဟွမ်းနှင့် ပူးပေါင်းဆောင်ရွက်လိုသူကလွဲရင် လူတိုင်းက ပျင်းစရာကောင်းသော ထိုအကြံကို စွန့်လွှတ်လိုက်ကြသည်။
ရှန်မိသားစု၏ဒုတိယမဒမ်က ထိုအကြောင်းကြားပြီးနောက် နှာမှုတ်လိုက်သည်။ သူမက နောက်ဆုံးအကြိမ်က သူမမယားငယ်ဖြစ်တာနဲ့ ပတ်သတ်ပြီး ထေ့ငေါ့ခဲ့သော ရှန်းယုဟန်၏စကားကို သတိရသွားသည်။ သူမသားကို ထင်ပေါ်စေရန် သူမက ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်ကို နင်းချေဖို့ဆန္ဒရှိပြီး ရှန်ချီဟွမ်းမှာလည်း ချီမိသားစု၏သားမက်ဖြစ်ဖို့ သူတို့နဲ့ယှဥ်ရန် အခွင့်အရေးမရှိတော့ပေ။
–
တခြားသူများ၏ ဆွေးနွေးမှုဗဟိုချက်ဖြစ်လာသော ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ဒုတိယထပ်မှာ တခြားသူများနှင့် စကားပြောနေသော သခင်ကြီးချီကိုတွေ့လိုက်ရသည်။
သူတို့က ကျန်းလောလင်းကိုလည်း မမျှော်လင့်ထားစွာတွေ့ခဲ့ရပြီး သူတို့အချင်းချင်းသိကျွမ်းတာကို သိလိုက်ရသော သခင်ကြီးချီက လူငယ်တွေ လွတ်လွတ်လပ်လပ်စကားပြောကြပါလို့ ပြောခဲ့ပြီး ရှန်ချီဟွမ်းနှင့် တခြားသူများကို ဧည့်ခံရန် မြေးဖြစ်သူ ချီမင်ကျယ်ကို ထားခဲ့သည်။
တကယ်တော့ ချီမင်ကျယ်က စီးပွားရေးမှာမတော်ပဲ မကျွမ်းကျင်တာကိုလုပ်ဆောင်ဖို့ တွန်းအားပေးခံရသူဖြစ်သည်။ သူ့မိဘများက ကျန်းမာရေးမကောင်းပဲ သူ့ညီမလေးကလည်း ကောလိပ်ကဘွဲမရသေးသလို စီးပွားရေးလုပ်ဆောင်နိုင်သော အရည်အချင်းလည်းမရှိပေ။
.
သခင်ကြီးချီက သူ့ကို ရှန်ချီဟွမ်းနှင့် ကျန်လောလင်းအား ဧည့်ခံစေသည်မှာ သူ့အတွက် လမ်းကြောင်းဖွင့်ပေးချင်လို့ဖြစ်သည်။ ရှန်ချီဟွမ်းက အရည်အချင်းနှင့်အတွေ့အကြုံ နှစ်ခုလုံးရှိပြီး ချီမင်ကျယ်ကို အများကြီးကူညီပေးနိုင်သည်။ ရှန်မိသားစုက ရှုပ်ထွေးတာကြောင့် ကလေးများစွာရှိပြီး ထူးချွန်သူများစွာရှိပေမယ့် အထင်ကြီးစရာကောင်းအောင် မထူးခြားကြပေ။ သခင်ကြီးကျန်း၏ အချစ်ခံရသော ကျန်းလောလင်းက ကိုယ်ကျင့်သိက္ခာရှိပြီး အပြုအမူကောင်းသော လူတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းလုပ်ဖို့သင့်တော်သည်။ အတိုချုပ်ပြောရရင် ချီမင်ကျယ်က သူတို့နဲ့ပတ်သတ်လျှင် ဆိုးကျိုးထက် ကောင်းကျိုးပိုများမည်။
ချီမင်ကျယ်က သူ့အဘိုး၏ဆိုလိုရင်းကို နားလည်သွားပြီး နားနေခန်းကို ထွက်ခွာပြီးနောက် သူ့သူငယ်ချင်းများနှင့်တွေ့ဖို့ မရည်ရွယ်ထားသဖြင့် သူက ရှန်ချီဟွမ်း၊သူ့ဇနီးနှင့် ကျန်းလောလင်းတို့ကို အနားယူရန်ခေါ်သွားခဲ့သည်။ သူက သူတို့နှစ်ယောက်နဲ့ ရွယ်တူဖြစ်ပြီး အရင်က သူ့ဝါသနာကို စွဲလမ်းခဲ့ဖူးပေမယ့် အတင်းအကျပ်ပြန်ခေါ်ခံခဲ့ရပြီး မိသားစုကိုစီးပွားရေးကို အမွေဆက်ဆံကာ ရွေးချယ်စရာမရှိခဲ့ပေ။
ချီမင်ကျယ်နှင့် ကျန်းလောလင်းက တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးပြီး သူတို့နှစ်ယောက်က ရှေ့ကလျှောက်သွားကာ စကားပြောနေသည်။ ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက သူတို့နောက်မှာရှိနေပြီး ဒီကိုရောက်ပြီးနောက် စကားသိပ်မပြောကြပဲ အလွန်ငြိမ်နေကြသည်။
သူတို့က မလာခင်က ဘာမှမစားခဲ့ရသဖြင့် ရှန်ချီဟွမ်းက သူ့ကို ဗိုက်ဆာလားဟု မေးခဲ့သည်။
ရှန်းယုဟန်က ခေါင်းခါလိုက်သည်။ “အရမ်းမဆာပါဘူး။” သူက ရှန်ချီဟွမ်းကို တိုးတိုးလေးပြောလိုက်သည်။ “ဧည့်ခံပွဲတက်တဲ့လူတွေက ပုံမှန်အားဖြင့် လုံလုံလောက်လောက် မစားရဘူးတဲ့”
“ဟုတ်တယ်၊ ဘာမှမရှိရင် ငါတို့စောစောပြန်ကြမယ်၊ မင်းဘာစားချင်လဲ? အပြင်ထွက်ပြီးသွားစားကြမယ်။”
ရှန်းယုဟန်က ဆောင်းညတစ်ခုကို သတိရသွားသည်။ သူက မင်းသား၏နန်းတော်မှာ လက်ထပ်မယ့် သူ့အစ်မ၏ ဧည့်ခံပွဲကိုတက်ရန် သူ့အဘွားနောက်ကနေ လိုက်သွားခဲ့ဖူးသည်။ ဧည့်ခံပွဲက ရာထူးဂုဏ်ရှိန်များနဲ့ ပြည့်နှက်နေကာ ထိုအချိန်က သိပ်မစားခဲ့ရပေ။ ပြန်ရောက်တော့ မှောင်နေပြီး သူ့အဘွားက အဘိုးအဘွားစုံတွဲတစ်တွဲ ရောင်းသည့် ဖက်ထုပ်ဆိုင်မှာ ဖက်ထုပ်စားဖို့ ခေါ်သွားခဲ့သည်။ နှင်းဆီမွှေးဖက်ထုပ်က တကယ်ကို မွှေးကြိုင်နေပြီး သူက အခုတော့ ထိုအရသာကို အရမ်းလွမ်းနေသည်။ သူ့အဘွားက တခြားသူတွေရဲ့အဘွားနဲ့မတူပဲ အရသာကောင်းသော အစားအသောက်ကိုခုံမင်သည့် ဝါသနာတစ်ခုသာရှိသည်။ ထိုအချိန်တွင် သူ့အဘွားက သူအပြင်မှာ ဖက်ထုပ်စားနေတာကို သူ့အဖေအားမပြောဖို့ မှာခဲ့သည်။
သူ အဘွားကိုအရမ်းလွမ်းသည်။
ထို့နောက် သူက ရှန်ချီဟွမ်းကိုပြောလိုက်သည်။ “ကျွန်တော်ဖက်ထုပ်စားချင်တယ်။”
“ကောင်းပြီ၊ ခဏလောက်ဆက်နေရအောင်” ရှန်ချီဟွမ်းက အကြာကြီးနေဖို့ မရည်ရွယ်ထားပဲ သူက ဒီကို ပွဲတက်ကြောင်း လူလုံးထွက်ပြပြီး သခင်ကြီးချီကို တွေ့ဖို့သာလာခဲ့တာဖြစ်ပြီး သူနဲ့ပုံမှန်စကားပြောလေ့ရှိသော သူဌေးများနှင့် စကားအနည်းငယ်ပြောဖို့သာဖြစ်သည်။
သူအောက်ထပ်ဆင်းလာတာနဲ့ လူတစ်ယောက်က ရှန်ချီဟွမ်းကို နှုတ်ဆက်ဖို့လာခဲ့သည်။ ရှန်ချီဟွမ်းက ခေါင်းကိုလှည့်ကာ ရှန်းယုဟန်ကိုပြောလိုက်သည်။ “ဟိုနားက ဆိုဖာမှာ ခဏလောက်သွားထိုင်နေပါ၊ ငါ သူတို့နဲ့စကားပြောပြီးတာနဲ့ ပြန်လာခဲ့မယ်။”
ရှန်းယုဟန်က သူညွှန်ပြသော ဆိုဖာကို တစ်ချက်ကြည့်ကာ ထိုနေရာမှာ စကားပြောနေသော အမျိုးသမီးအလှလေးနှစ်ယောက်ရှိနေသည်။ သူက ခေါင်းညိတ်ပြကာ လျှောက်သွားလိုက်သည်။ ရှန်ချီဟွမ်းက ကော့တေးတစ်လုံးကို ယူလိုက်ပြီး ဘေးကမန်နေဂျာနဲ့ စကားမပြောခင် သူသွားတာကို သေချာကြည့်နေခဲ့သည်။