Chapter 35.2
Viewers 1k

Chapter 35.2


“နည်းနည်းအယူသီးတယ်”


ချီမိသားစုက ကျင်းပသောပွဲသည် သူတို့လက်ထပ်စဥ်က ကျင်းပခဲ့သော ဧည့်ခံပွဲနှင့်ကွဲပြားသည်။ ဖြစ်စဥ်တစ်ခုလုံးက ကိုယ်တိုင်ဝန်ဆောင်မှုဖြစ်ပြီး ဧည့်သည်များက သူတို့အလိုရှိသလို သွားလာနေကြသည်။ အစားအသောက်ကိုလည်း စားပွဲရှည်ပေါ်မှာ တည်ခင်းထားပြီး သူတို့စားချင်သောက်ချင်တာကို ကိုယ်တိုင်ယူထည့်လို့ရသည်။



သို့သော် ဒီလိုဧည့်ခံပွဲက လူမူရေးအခါသမယဖြစ်ပြီး ဘယ်သူကမှ စားတာကိုအာရုံမစိုက်ကြပေ။


ရှန်းယုဟန်က ဘေးကနေရာမှာ ထိုင်ချလိုက်ပြီး သူက ဒီနေရာက အရာအားလုံးနှင့် မရင်းနှီးလို့ အစားအသောက်ကို မယူခဲ့ပေ။


ရှန်းယုဟန်က လူတွေနဲ့ဆက်ဆံစရာမလိုသဖြင့် သူက သတင်းစာစင်ပေါ်မှ မဂ္ဂဇင်းကိုယူဖတ်လိုက်သည်။ သူက ခေတ်သစ်ဗဟုသုတများကို လေ့လာနေပြီး အခုချိန်မှာလိုအပ်တာက စာဖတ်တာဖြစ်ပြီး သူဘာကိုမြင်မြင် စိတ်ဝင်စားသရွေ့ ဖတ်လိုက်မည်။


သူထိုင်ပြီးတာနဲ့ ဆိုဖာမှာထိုင်နေသော အမျိုးသမီးနှစ်ယောက်က အသံတိုးသွားသည်။


အမျိုးသမီးနှစ်ယောက်က ရုတ်တရက်ထိုင်နေပြီး လက်ကိုင်အိတ်ထဲရှိ ဖုန်းကိုထုတ်ကာ တစ်ခုခုရိုက်နေသည်။ ခဏကြာတော့ ဧည့်ခံပွဲ၏ အိမ်ရှင်တစ်ဦးဖြစ်သည့် ချီမိသားစု၏ ဒုတိယသခင်မလေး ချီမင်ချင်းက အမျိုးသမီးများ၏ဝန်းရံမှုကနေ ထွက်လာပြီး ဒီနေရာကိုရောက်လာခဲ့သည်။


သူမက ရှန်းယုဟန်၏အရှေ့မှာထိုင်လိုက်သည်။ “ရှင်က ဟွမ်ယင်ရွှမ်းနဲ့ အရင်တစ်ခေါက်က ပြဿနာတက်ခဲ့တဲ့ ရှန်းယုဟန်လား?”


ရှန်းယုဟန်က လက်ထဲမှာ မဂ္ဂဇင်းကိုကိုင်ကာ မတ်မတ်ထိုင်နေပြီး သူ့မျက်လုံးလှန်ကြည့်တော့ သူ့အနားမှာ ရုတ်တရက်စုရုံးနေသော ချီမင်ချင်းနှင့် အမျိုးသမီးများစွာကို တွေ့လိုက်ရသည်။ 


ချီမင်ချင်းက ဒီနေ့မှာ မင်းသမီးလေးလိုဝတ်ဆင်ထားပြီး ပခုံးတစ်ဖက်ပျောက် ကိုယ်ကျပ်ဂါဂန်ဖြူကို ဝတ်ဆင်ထားပြီး စကတ်က သူ့ပေါင်နားထိသာရှိသည်။ ရှန်းယုဟန်က ခေတ်သစ်အမျိုးသမီးများ၏ လှစ်ဟဖော်ပြထားသော အဝတ်အစားများကို ကျင့်သားရနေခဲ့သည်။


ရှန်းယုဟန်က မူလရှန်းယုဟန်ကို ရေထဲဘယ်သူတွန်းချခဲ့တာလဲ မသိပေမယ့် အမျိုးသမီးတစ်ယောက်ဆိုတာတော့သိသည်။



သူက ချီမင်ချင်းကိုမသိသလို သူမဘယ်သူလဲဆိုတာလဲမသိပေ။ သို့သော် တစ်ဖက်လူကို မလေးစားရာကျမှာစိုး၍ သူက မဂ္ဂဇင်းကိုပိတ်ကာ သူ့နေရာသူပြန်ထားလိုက်သည်။


ထိုအမျိုးသမီးက နှုတ်ဆက်လာတော့ ရှန်းယုဟန်က တစ်ခုနှစ်ခုလောက် ခန့်မှန်းနိုင်ပြီး သူမပုံစံက မရိုးရှင်းပေ။ ဧည့်ခံပွဲ၏ အိမ်ရှင်တစ်ယောက် ဖြစ်နိုင်တာကြောင့် သူက သူ့ခင်ပွန်းကို ပြဿနာမတက်စေရန် စကားကို သတိထားပြောလိုက်သည်။


သူက ဘဲဥပုံမျက်နှာရှိသော ထိုမိန်းကလေးကို မေးလိုက်သည်။ “မင်းအတွက်ဘာလုပ်ပေးရမလဲ?”

ချီမင်ချင်းက အလွန်ဖော်ရွေသော အပြုအမူဖြင့် ပြုံးပြလိုက်သည်။ “ဟွမ်ယင်ရွှမ်းက ဧည့်ခန်းထဲမှာ ရှင်နဲ့ စကားပြောဖို့ဖိတ်ခေါ်လိုက်တယ်။ သူမက ရှင့်ကိုတောင်းပန်ချင်နေတယ်။”


သို့သော် ယင်းမှာ အတွင်းခြံဝန်းရှိလူများပင် ကစားဖို့ ရွံရှာသည့် လှည်ကွက်ဖြစ်မည်ဟု ရှန်းယုဟန်က တွေးမိသွားတာကြောင့် သူဘယ်လိုလုပ်သဘောတူရမှာလဲ၊ ပြီးတော့ သူက အခုအမျိုးသားတစ်ယောက်ဖြစ်ပြီး အိမ်ထောင်သည်ဖြစ်၍ အမျိုးသမီးတစ်ယောက်နှင့် နှစ်ယောက်တည်းအတူရှိနေဖို့ မဖြစ်နိုင်ပေ။


ဒီအမျိုးသမီးက သူ့ကိုလှည့်စားဖို့ကြိုးစားနေတာ သေချာသည်။ သူမကလည်း မူလရှန်းယုဟန်နဲ့ ပြဿနာရှိနေလို့များ ဖြစ်နိုင်မလား?


သူက ပြတ်ပြတ်သားသားငြင်းလိုက်သည်။ “အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် အခန်းထဲမှာ နှစ်ယောက်တည်းအတူရှိနေတာက တခြားသူတွေကို အထင်လွဲသွားစေနိုင်တယ်။ မစ်ဟွမ်က ကျွန်တော်နဲ့ ညှိနှိုင်းဖို့ဆန္ဒရှိရင် ဘာလို့ကိုယ်တိုင်လာမပြောတာလဲ? မင်းကလည်း သက်သေဖြစ်ပုံပဲ”


ချီမင်ချင်းက အနည်းငယ်အံ့အားသင့်သွားသည်။ ဒီရှန်းယုဟန်၏ စကားလုံးတွေက လူစကားတွေဖြစ်ပြီး ဟွမ်ယင်ရွှမ်းပြောသလို အပေါက်ဆိုးတာမဟုတ်ပေ။ ပြီးတော့ သူမက ရှန်းယုဟန်က ရှန်ချီယွင်ကို သူမဆီက လုဖို့ကြိုးစားနေတာလို့လည်း ပြောခဲ့သည်။


“ရှင်ပြောတာဘာမှမမှားပါဘူး။ ကောင်းပြီ၊ ကျွန်မသူ့ကိုခေါ်လာပါမယ်။” ချီမင်ချင်းက ရှန်းယုဟန်၏ ဖျောင်းဖျမှုကို တကယ်နားလည်သွားသည်။

အဓိကအချက်က ရှန်းယုဟန်ထိုင်နေသော ကိုယ်ဟန်အနေအထားက သူမထက်ပင် အဆင့်အတန်းမြင့်ကာ မဂ္ဂဇင်းကို ပြန်ထားလိုက်စဥ် သူ့ညာလက်ပေါ်က လက်စွပ်ကိုမြင်ခဲ့ရသည်။ နောက်ကျောကမတ်နေကော စကားပြောနေစဥ် မျက်လုံးက တဝဲလည်မနေပဲ စကားလုံးများကလည်း လေးစားမှုအပြည့်ရှိ၍ သူမက ခက်ထန်သောစကားလုံးများကို မပြောနိုင်တော့ပေ။ ပြီးတော့ ဒီလူ၏အပြုအမူကလည်း ရိုးသားပြီး အသံက မကျယ်သလို နူးညံ့မနေတာကြောင့် အတင်းအဖျင်းကို ကြားချင်ကြသော လူအားလုံးက ကြားသွားကြသည်။


သူက အင်အားကြီးတဲ့ ဇာတ်ကောင်ဖြစ်လာမှာလား?


သူမက ဟွမ်ယင်ရွှမ်းကို ဖုန်းထဲကနေခေါ်လိုက်သည်။ အစက ဟွမ်ယင်ရွှမ်းမှာ ကိုယ်ပိုင်အစီအစဥ်ရှိခဲ့ပြီး ရှန်းယုဟန်နှင့် နောက်တစ်ကြိမ်ရန်​ဖြစ်ဖို့ စဥ်းစားနေတာဖြစ်သည်။


သို့သော် ရှန်းယုဟန်က သူမနဲ့ စစ်တိုက်ဖို့ အလျင်မလိုတာက နည်းနည်းတော့ စိတ်ပျက်ဖို့ကောင်းသည်။ သူက သူ့ရဲ့လုပ်ရိုးလုပ်စဥ်ကို ပြောင်းလိုက်တာလား?



ရှန်းယုဟန်က သူ့လုပ်ရိုးလုပ်စဥ်ကို မပြောင်းလဲပဲ ဝိညာဥ်ပြောင်းသွားတာဖြစ်သည်။


ခေတ်သစ်နည်းပညာထုတ်ကုန်များနှင့်ယှဥ်ရင် သူက လူအချင်းချင်း ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရာမှာ ပိုပြီးသက်တောင့်သက်သာရှိသည်။


ဟွမ်ယင်ရွှမ်းက ချီမင်ချင်းလို စိတ်ဓာတ်မပြည့်ဝပဲ နိမ့်ကျသောမိသားစုမှ သမီးတစ်ယောက်နှင့်ပိုတူသည်။ ရှန်းယုဟန်က ပုံစံတူအမျိုးသမီးများကို တွေ့ဖူးပြီး ပှံမှန်အားဖြင့် ဒီလိုအမျိုးသမီးက လက်စားချေလိုစိတ်ပြင်းပြပြီး သဘောထားသေးသိမ်သည်။


ဆံပင်အရောင်မဆိုးထားသလို ဖန်စီအဝတ်အစားမဝတ်ထားသော ရှန်းယုဟန်ကို တွေ့လိုက်စဥ် ဟွမ်ယင်ရွှမ်းက အမြန်ပြောလိုက်သည်။ “ရှန်းယုဟန်၊ ရှင်က ဧည့်ခံပွဲကိုလာဖို့ သတ္တိရှိသေးတယ်ပေါ့။”


ရှန်းယုဟန်က ပုံမှန်အားဖြင့် အလွယ်တကူ နောက်ဆုတ်တတ်သူ မဟုတ်တာကြောင့် သူက မေးစေ့ကိုမော့ကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။ “မင်းလာရဲရင် ငါက ဘာလို့မလာရဲရမှာလဲ?”


ဟွမ်ယင်ရွှမ်းက သူမက ရှန်းယုဟန်လောက် အပြစ်မကြီးဘူးလို့တွေးနေသည်။ “မင်ချင်းနဲ့ငါက သူငယ်ချင်းတွေလေ၊ ငါက ဘာလို့မလာရမှာလဲ?


ရှန်းယုဟန်က ရုတ်တရက် ညင်ညင်သာသာ ရယ်မောလိုက်သည်။ သူက ချီမင်ချင်းဆိုတာကို အတည်ပြုပြီး ချီမင်ချင်းကိုကြည့်လိုက်သည်။ “မစ်ချီ၊ ကျွန်တော်က ခင်ဗျားမျက်နှာကြောင့် မစ်ဟွမ်နဲ့ ညှိနှိုင်းဖို့ စကားပြောခဲ့ပေမယ့် မစ်ဟွမ်က အဲ့လိုရည်ရွယ်ချက်မျိုးမရှိတာ သိသာတယ်။”


ချီမင်ချင်းက မီးထဲဆွဲသွင်းခံရဖို့ မမျှော်လင့်ထားပဲ လက်ရှိညှိနှိုင်းမှုက သူမကိုကြားခံလူအဖြစ် ပြောင်းလဲစေခဲ့ပြီး အရမ်းရှက်စရာကောင်းနေသည်။ တကယ်တော့ သူမက ပွဲကြည့်ချင်ရုံသာဖြစ်ပြီး ရှန်းယုဟန်အတွက် မရပ်တည်ချင်ပေ။

ထိုသည်မှာ ကျားစီးပြီး ဆင်းဖို့ခက်နေတာနဲ့တူပြီး သူမက ရှန်းယုဟန်နှင့် မစ်ဟွမ်၏ ပြဿနာကို သိပ်မသိပေ။ အဲ့ဒါက ရှန်မိသားစုဧည့်ခံပွဲမှာထင်တယ်? ရှန်ချီယွင်ရဲ့အာရုံစိုက်မှုအတွက် ပြိုင်ဆိုင်ခဲ့ကြတာမလား​။


ချီမင်ချင်းက ဟွမ်ယင်ရွှမ်းကြောင့် အရှက်မကွဲချင်ပေ။ “အားရွှမ်း၊ နင် ရှန်းယုဟန်ကို တောင်းပန်လိုက်ပါလား?”


ဟွမ်ယင်ရွှမ်းက အသံကျယ်ကျယ်ပြောလိုက်သည်။ “ဘာလို့ငါက တောင်းပန်ရမှာလဲ၊ သူက ငါ့ကို အရင်ကြိမ်းမောင်းခဲ့တာ!”


သို့သော် ရှန်းယုဟန်​က ဟွမ်ယင်ရွှမ်းကိုမကြည့်ပဲ ခေါင်းငုံ့ကာ သူ့လက်ချောင်းပေါ်က စိန်လက်စွပ်ကိုလှည့်နေပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ “ဒါပေမယ့် ငါက ရေထဲကျပြီး သေမလိုဖြစ်ခဲ့ရတဲ့သူပါ။ လူတစ်ယောက်ရဲ့အသက်နဲ့ တောင်းပန်စကားတစ်ခွန်းမှာ မင်းဘယ်ဟာကို ရွေးချယ်မှာလဲ?”


ငြင်းခုံမှုက ဘာအကြောင်းအရာလဲဆိုတာကို မသိပေမယ့် ဟွမ်ယင်ချွမ်းက မူလရှန်းယုဟန်ကို သတ်ခဲ့တာက အမှန်တရားဖြစ်သည်။


သူပြောတာကမှန်နေပြီး ပွဲကြည့်နေသူများက သူ့ဘက်မှာရှိနေကာ ဟွမ်ယင်ရွှမ်းကိုကြည့်နေသော သူတို့မျက်လုံးများက ကွဲပြားသည်။ ယင်းမှာ ပုံမှန်ငြင်းခုံမှုသာဖြစ်ခဲ့ရင် အဆင်ပြေပေမယ့် အခုတော့ လူ့အသက်တွေ ပါဝင်လာခဲ့သည်။ ဒီဟွမ်ယင်ရွှမ်းက အနာဂတ်မှာ လူဆိုးတစ်ယောက်အမည်တွင်မှာကို ခံနိုင်မှာတဲ့လား?



ရှန်းယုဟန်က ဟွမ်ယင်ရွှမ်းကို စကားတစ်ခွန်းထဲနဲ့ မီးရှို့ခဲ့သည်။


သူတောင်းပန်သည်ဖြစ်စေ မတောင်းပန်သည်ဖြစ်စေ ကိစ္စမရှိပဲ ဆုံးရှုံးမှုကို ခံစားရမှာက ရှန်းယုဟန်မဟုတ်တာတော့ သေချာသည်။ သူက နစ်နာသူဖြစ်ပြီး တခြားလူတွေဆီက ကိုယ်ချင်းစာတရားနှင့်သာ ထိုက်တန်သည်။



ဒါကြောင့် သူက ဧည့်ခံပွဲလှည့်ကွက်တွေကို မြင်ဖူးပြီး အေးအေးဆေးဆေး ကိုင်တွယ်နိုင်တယ်လို့ ပြောခဲ့တာပင်။


သူက အကျိုးအကြောင်းသင့်နေသရွေ့ သူမှားတယ်လို့ ဘယ်သူမှမပြောနိုင်ပေ။ ​ထို့အပြင် သူက သူ့ခင်ပွန်းနှင့် ကောင်းမွန်သောဘဝမှာ နေထိုင်လိုပြီး မူလရှန်းယုဟန်၏ အတိတ်ကကိစ္စတွေမှာ မပါဝင်ချင်တော့ပေ။


ဟွမ်ယင်ရွှမ်းက တခြားသူများကြည့်နေတာကို ခံနေရပြီး သူမက မထက်မြက်ရင်တောင် ဒီနေ့ တောင်းပန်မှဖြစ်မယ်ဆိုတာတော့ သိသည်။ ချီမင်ချင်းက သူမကိုစောင့်နေပြီး အကြည့်တစ်ချက်ပေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူတို့က ပလက်စတစ်ညီအစ်မ**ဖြစ်တာကြောင့် အရေးကြီးအခိုက်အတန့်မှာတော့ အရှုံးပေးရမည်။

(BFFs ဆိုပေမယ့် အနက်ရှိုင်းဆုံးထိမပေါင်းသင်းပဲ အပေါ်ယံပေါင်းသင်းကြတဲ့ အချစ်ဆုံးသူငယ်ချင်းကို ဆိုလိုတာပါ။)



“ကောင်းပြီ ကျွန်မတောင်းပန်တယ်၊ ကျွန်မရှင့်ကို ရေထဲတွန်းမချခဲ့သင့်ဘူး။ တောင်းပန်ပါတယ်။” ဟွမ်ယင်ရွှမ်းက ဒေါသထွက်နေပြီး တောင်းပန်လိုက်ပေမယ့် သူမက ရှန်းယုဟန်ကို ရန်စချင်နေဆဲဖြစ်သည်။ “ဒါပေမယ့် ရှင်က အကိုချီယွင်နဲ့ အတူရှိလို့မရတော့ဘူး။ ကျွန်မမှာအခွင့်အရေးရှိပေမယ့် ရှင့်မှာမရှိဘူး။”

အိုဟိုး!


ထိုခေါင်းစဥ်ပေါ်မှာ အတင်းအဖျင်းရှိနေသေး၍ ပတ်ဝန်းကျင်က ပရိသတ်များ၏ မျက်လုံးများက လင်းလက်လာခဲ့သည်။



ရှန်ချီယွင်က ရှန်မိသားစုရဲ့ တတိယအိမ်တော်က မဟုတ်ဘူးလား?


ဒီရှန်းယုဟန်က ရှန်မိသားစုရဲ့ ပင်မအိမ်တော်က ရှန်ချီဟွမ်းနဲ့ အတူလာခဲ့တာ။


ရှန်မိသားစုက တကယ်ကိုပုံမှန်မဟုတ်ပဲ အစ်ကိုကြီး၏ အိမ်ထောက်ဖက်က ညီကိုကြိုက်နေသည်။ စိတ်ဝင်စားစရာပဲ…


ရှန်းယုဟန်၏အပြုအမူက ဒီတစ်ကြိမ်မှာ လူတိုင်းမျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်သည်။ သူက စိတ်ဆိုးမယ့်အစား ပြုံးလိုက်သည်။ “မစ်ဟွမ်၊ ကျွန်တော်က အိမ်ထောင်သည်ယောကျာ်းတစ်ယောက်ပါ။ ကောလဟာလတွေကို ကြုံသလိုမဖြန့်ပါနဲ့၊ မင်း ငါ့ယောက်ဖကိုကြိုက်တာ ငါနဲ့ဘာမှမဆိုင်ဘူးလို့ အရင်တစ်ခေါက်ကလည်း ရှင်းရှင်းလင်းလင်း ပြောခဲ့ဖူးတယ်။ သူ့ရဲ့မရီးတစ်ယောက်အနေနဲ့ ငါက သူ့ဘဝရဲ့အချစ်ရေးကို ဆုံးဖြတ်ပေးလို့မရဘူး။ အမျိုးသားကလည်း လူလွတ်၊ အမျိုးသမီးကလည်း လူလွတ်၊ မင်းသူ့ကိုကြိုက်ရင် ရဲရဲဝံ့ဝံ့လိုက်လို့ရတယ်၊ အဆုံးမှာတော့ ဒါက လွတ်လွတ်လပ်လပ် ချစ်လို့ရတဲ့ လူအဖွဲ့အစည်းပဲလေ။”


ဟွမ်ယင်ရွှမ်း၏မျက်နှာက ခရမ်းရောင်ပြောင်းလုနီးပါးပင်။ “ရှင်ပြောတော့…” ပေါက်ကရတွေ အရင်တစ်ခေါက်က ရှင်ပြောခဲ့တာ အဲ့လိုမှမဟုတ်တာ၊ ရေထဲကျပြီးနောက်ပိုင်း အမှားနဲ့အမှန် ခွဲခြားနိုင်စွမ်းကတော့ တိုးတက်လာတာပဲ!

သေစမ်း…သူမ…သူမမှာသက်သေမရှိဘူး!

ရှန်းယုဟန်က သူမကို ပေါ့ပါးသောအပြုံးဖြင့် ကြည့်ကာ သဘောထားကြီးသော ပုံစံဖြင့် ညင်ညင်သာသာပြောလိုက်သည်။ “အစားကိုဖြစ်သလိုစားလို့ရတယ်၊ စကားကိုဖြစ်သလိုပြောလို့မရဘူး။”


မနီးမဝေးမှာရပ်နေသော ရှန်ချီယွင်က ဒီဘက်ကိုအာရုံစိုက်နေပြီး သူသွေးတွေကဆူပွက်လာကာ အန်ချင်လာသည်။ ရှန်းယုဟန်က ဘာကိုဆိုလိုတာလဲ၊ အရင်တစ်ခေါက်က ဟွမ်ယင်ရွှမ်းနဲ့ ရန်ဖြစ်ခဲ့တာ သူ့ကိုကြိုက်နေလို့မဟုတ်ဘူးလို့ ငြင်းလိုက်တာလား?


ဟွမ်ယင်ရွှမ်းက ရှန်းယုဟန်ကြောင့် ဒေါသထွက်ကာ ထွက်ပြေးလာခဲ့ရပြီး ပလက်စတစ်ညီအစ်မဖြစ်သော ချီမင်ချင်းက သူမနောက်ကို လိုက်သွားမလို့ လုပ်ပေမယ့် အဆုံးမှာ သူမ၏ ဆယ့်ငါးစင်တီမီတာရှိသော ဒေါက်မြင့်ဖိနပ်ကြောင့် ခြေထောက်တောင်မလှုပ်နိုင်တော့ပေ။


သူမက ရှန်းယုဟန်ကို သိလိုစိတ်ဖြင့်မေးလိုက်သည်။ “ရှင်တို့ထဲက ဘယ်သူက အမှန်ကိုပြောနေတာလဲ?”


ထိုအချိန်မှသာ ရှန်းယုဟန်က ပွဲကိုအပျော်တမ်းကြည့်နေပြီး အလေးမထားသော ချီမင်ချင်းနှင့် ရင်ဆိုင်လိုက်သည်။ “မစ်ချီ…မင်းသိလား? အတိတ်မှာ ပြဇာတ်ကြည့်နေရင် ပထမခန်းက မသေမျိုးတွေအတွက်ဖြစ်ပြီး နောက်ဆုံးအခန်းက လူတိုင်းအတွက်မဟုတ်ဘူးလို့ ပြောလေ့ရှိကြတယ်။”


ချီမင်ချင်းက နားမလည်နိုင်စွာမေးလိုက်သည်။ “ဘာလို့လဲ၊ ဒါဆိုဘယ်သူ့အတွက်လဲ?”


ရှန်းယုဟန်၏အပြုံးက ရုတ်တရက် မှိန်ဖျော့သွားပြီး စကားတစ်လုံးကို ညင်ညင်သာသာပြောလိုက်သည်။ “သရဲတွေအတွက်လေ”


ရုတ်တရက် ရင်ဖိုစေသောအာရုံတစ်ခုက လေထုထဲမှာပျံ့နှံ့သွားပြီး ချီမင်ချင်းအပါအဝင် ပွဲကြည့်သူများက ထိတ်လန့်သွားပြီး သူတို့ကိုယ်ပေါ်မှာ ကြက်သီးထလာသည်။ ဒါက ပွဲကြည့်နေတဲ့ လူတွေကို ကြိမ်းမောင်းလိုက်တာလား? သူတို့က သရဲတွေဖြစ်သွားမယ်လို့ အရိပ်အမြွက်ပေးလိုက်တာက သူတို့သေကြမှာလို့ ဆိုလိုတာလား?


လှောင်ပြောင်ခံလိုက်ရသော လူအားလုံးက သူတို့နေရာကို ပြန်ရောက်သွားကြပြီး ရှန်းယုဟန်နှင့် ဟွမ်ယင်ရွှမ်းတို့၏ အတင်းအဖျင်းကို ဆက်မကြည့်ကြတော့ပေ။


ကိစ္စက ထိုနေရာမှာအဆုံးသတ်သွားသည်။ မူလရှန်းယုဟန်၏ ဝိညာဥ်က လူသားကမ္ဘာမှာမရှိတော့သဖြင့် ထိုအချိန်က ရန်ဖြစ်ခဲ့ကြသည့် အ​ကြောင်းအရင်းကို ဘယ်သူမှသိမှာမဟုတ်တော့ပေ။


ရှန်ချီဟွမ်းရောက်လာတော့ သူက ရှန်းယုဟန် သရဲလုပ်တိုင်း ကစားနေတာကိုတွေ့လိုက်ရသည်။ ယင်းမှာ ချီမင်ချင်းကို ထိတ်လန့်သွားစေပြီး ချီမင်ချင်းက ကြောက်လန့်နေသဖြင့် သူမဒေါက်ဖိနပ်နဲ့ လမ်းကိုအမြန်လျှောက်ကာ ရှန်းယုဟန်နှင့် ဆယ်ပေလောက်ကွာသွားဖို့ မျှော်လင့်နေသည်။


သူက ဒီနေရာမှာ စိတ်လှုပ်ရှားစရာရှိနေတယ်လို့ လူတစ်ယောက်ပြောတာကို ​ကြားခဲ့ရပြီး ယင်းမှာ ရှန်းယုဟန်ဖြစ်နေသောအခါ သူက ရှန်းယုဟန် ရုန်းမထွက်နိုင်ပဲ အနိုင်ကျင့်ခံရမှာကို ကြောက်နေခဲ့သည်။ ရလဒ်အနေနဲ့ သူလာကြည့်တော့ ရှန်းယုဟန်က စေ့စေ့စပ်စပ်ကိုင်တွယ်နေတာကို တွေ့လိုက်ရပြီး သူ့နှုတ်ခမ်းထောင့်က ကွေးညွတ်သွားခဲ့သည်။ သူက ဒီလောက်တောင် တည်ငြိမ်တဲ့လူဆိုရင် ရေကူးကန်ထဲ တွန်းချခံရတဲ့အထိ ဘယ်လိုဖြစ်သွားရတာလဲ?


ရှန်းယုဟန်၏မျက်လုံးများက ရှန်ချီဟွမ်းကိုတွေ့သောအခါ တောက်ပလာပြီး သူ့ဘေးကလူများကို လျစ်လျူရှုလိုက်ကာ သူက ရှန်ချီဟွမ်းဘေးကိုရောက်သွားသည်။ “ယောကျာ်း၊ ခင်ဗျားစကားပြောလို့ပြီးပြီလား?”


ရှန်ချီဟွမ်းက ပြောလိုက်သည်။ “ငါပြောလို့ပြီးပြီ၊ သွားရအောင်”


“အွန်း” ရင်းနှီးသောစစ်မြေပြင်ပေါ်က တိုက်ပွဲကိုအနိုင်ရပြီး​နောက် သူက တိုက်ပွဲကို တစ်ဖက်သတ်အနိုင်ရခဲ့သော ခံစားချက်မျိုးရှိခဲ့သည်။


အခမ်းအနားမှူးနှင့် စကားပြောပြီးနောက် ရှန်ချီဟွမ်းက ရှန်းယုဟန်နှင့် ထွက်သွားခဲ့သည်။ တခြားအိမ်တော်က လူတွေကိုတော့ သူတို့က ကြည့်တောင်မကြည့်ပဲ ကြီးမားသော ကပ်ဘေးတစ်ခုလို လျစ်လျူရှုခဲ့ကြသည်။


ရှန်ချီယွင်က ပြတင်းပေါက်ရှေ့မှာရပ်ကာ ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်တို့ အတူထွက်သွားတာကိုကြည့်နေပြီး သူ့မျက်လုံးများက အလွန်ရှုပ်ထွေးသော ခံစားချက်များနှင့် ​ဖြတ်ပြေးနေသည်။

သူကားပေါ်ရောက်သည်နှင့် ရှန်းယုဟန်၏ အရှိန်အဟုန်က ချက်ချင်းပျောက်ကွယ်သွားပြီး ရှန်းယုဟန်က လက်အုပ်ချီကာ ပြတင်းပေါက်ကို ဂါရဝပြုနေပြီး ပါးစပ်ကနေ တစ်ခုခုကိုရေရွတ်နေသည်။



ရှန်ချီဟွမ်းက စွန့်အနေပြီး သူ့ကိုမေးလိုက်သည်။ “မင်းပဲ ပြင်းပြင်းထန်ထန် ပြောလာပြီး ခုမှကြောက်နေတာလား?”


“သရဲတစ္ဆေနဲ့ ဘုရားသခင်အကြောင်း ပေါက်ကရမပြောနဲ့ မလေးစားရာကျတယ်” ရှန်းယုဟန်က အလေးအနက်​ပြောနေပြီး ဂါရဝပြုပြီးနောက် သူက ရှန်ချီဟွမ်းဘေးကိုတိုးကာ အလွန်ထိတ်လန့်နေသလို ပြောလိုက်သည်။ “ယောကျာ်း….. ကျွန်တော်နည်းနည်းကြောက်နေလို့ ခဏလောက်ဖက်ထားပေးပါ။”

ရှန်ချီဟွမ်းက စိတ်ထဲက​ပြောလိုက်သည်။ ရှန်းယုဟန်က ကပ်တွယ်လွန်းရုံတင်မဟုတ်ပဲ အယူနည်းနည်းသီးပြီး သူ့ကိုကပ်ဖို့ အ​ကြောင်းပြချက်လည်း ရှာနိုင်သည်။

“မဖက်ချင်ဘူး” ထို့နောက် သူက သူ၏ အယူသီးမှုလေးကို ရင်ခွင်ထဲထည့်ကာ ပါးစပ်ကတော့ ခွင့်မလွတ်နိုင်စရာပင်။ “ပဒေသရာဇ်အယူသီးမှုက လက်မခံနိုင်စရာပဲ”


ရှန်းယုဟန်က သိပ်နားမလည်၊ ပဒေသရာဇ်အယူသီးမှုကဘာလဲ?