Chapter 36.2
“မင်းအသက်ရှည်ရှည် နေထိုင်ရရင် အရာအားလုံးကို မြင်နိုင်လိမ့်မယ်”
ရှန်းယုဟန်က အိပ်ရာမဝင်ခင်သွားတိုက်ပြီး သူက နိမိတ်ကောင်းဖက်ထုပ်ဆိုင်ကို နောက်တစ်ကြိမ် ဘယ်တော့သွားနိုင်မလဲတွေးနေခဲ့သည်။
ထိုအချိန်မှာ ရှန်ချီဟွမ်းက ဒီည သူ့အခန်းမှာပြန်အိပ်ဖို့ အကြောင်းပြချက်ကို မတွေးနိုင်တော့ပဲ ရေချိုးပြီးနောက် ကုတင်ပေါ်မှာ တိုက်ရိုက်လဲလျောင်းလိုက်သည်။
ရှန်းယုဟန်က ကုတင်ပေါ်တက်လာပြီး သူက ထပ်ခါထပ်ခါသမ်းဝေလာသည်။ သူ၏အိပ်စက်မှုအရည်အသွေးက ပိုကောင်းလာပြီး သူက နောက်ဆုံးမှာ အိပ်မောကျသွားလေ့ရှိသည်။ ဒါပေါ့..သူ့မှာလည်း အခက်အခဲရှိပေမယ့် သူ့ခင်ပွန်းကဘေးမှာရှိနေတော့ အဆင်ပြေနေပုံရပြီး သူက ခဏလောက်မေ့ထားခဲ့သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန် ခါတိုင်းလို သူ့ဘေးကို ပွတ်သပ်မလာသောအခါ အိပ်ပျော်သွားပြီလို့ထင်လိုက်ပြီး သူက အနည်းငယ်စိုးရိမ်သွားကာ ပြောလိုက်သည်။ “ရှန်းယုဟန်”
“အွန်း?” ရှန်းယုဟန်က သူ့ကိုမျက်လုံးမှိတ်ထားလျက် တုံ့ပြန်သည်။
ရှန်းယုဟန်က သူ့နားကပ်မလာခင် ရှန်ချီဟွမ်းက သူ့အနားကို တမင်တကာတိုးသွားလိုက်သည်။ “စကားမပြောတော့ဘူးလား?”
“မပြောတော့ဘူး..ယောကျာ်း..ခင်ဗျားမနက်ဖြန် အိပ်ရာပေါ်မှာ ထပ်ပြီး အပျင်းထူနေလိမ့်မယ်..အိပ်တော့။” ရှန်းယုဟန်က စောင်ကိုမကာ ရှန်ချီဟွမ်းကို ကျောပေးမလို့လုပ်စဥ် သူ့ခင်ပွန်းက သူ့ပခုံးကိုဖိထားခဲ့သည်။
ကုတင်ပေါ်မှာ ပျင်းရိခြင်းကိစ္စက နားလည်လို့ရပြီး ဆွေးနွေးလို့တော့မရပေ။ ရှန်ချီဟွမ်းက သူ့ခေါင်းကိုငုံ့ကာ အသံနက်ကြီးဖြင့်မေးလိုက်သည်။ “ရှင်းရှင်းပြောပါ၊ ဘယ်သူက အိပ်ရာပေါ်မှာ အပျင်းထူလို့လဲ။”
ရှန်းယုဟန်က သူ့ခင်ပွန်း၏ ခန့်ညားသောမျက်နှာကို အနီးကပ်မြင်နိုင်ဖို့ မျက်လုံးတောင်သိပ်မဖွင့်နိုင်တော့ပဲ သူက သူ့လက်ကို ရှန်ချီဟွမ်း၏ လည်ပင်းပေါ်ချိတ်ကာ ရေရွတ်လိုက်သည်။ “ခင်ဗျားလေ”
ရှန်ချီဟွမ်းက သူ့အသံကြောင့် လွှမ်းမိုးခံလိုက်ရပြီး မနေနိုင်တော့ပဲ ခေါင်းငုံ့ကာ နှုတ်ခမ်းကိုနမ်းပစ်လိုက်သည်။
သူတို့နှစ်ယောက်က အကြိမ်များစွာနမ်းဖူးကြပေမယ့် ရှန်းယုဟန်၏နားရွက်များက အနမ်းခံရတိုင်း နွေးနေလေ့ရှိပြီး သူ့ခင်ပွန်းက နမ်းတာတော်သည်။ သူက အနမ်းခံရတိုင်း ညင်သာစွာ ညည်းလေ့ရှိပြီး လိုချင်ပေမယ့် အရမ်းမတောင်းဆိုရဲပေ။ အချစ်၏ပထမဆုံးအရသာ…. သူက ထိုအရာကို လေးလေးနက်နက် စဥ်းစားမိသည်မှာ မလွဲဧကန်ပင်။
ထိုအချိန်တွင် သူ့စိတ်က ဗလာဖြစ်နေပြီး တခြားဘာမှမတွေးနိုင်တော့ပေ။
ရှန်ချီဟွမ်းက အားမရသလို ဒီည သူ့ကို ပြင်းပြင်းလေးနမ်းခဲ့သည်။ တကယ်တော့ သူက အနည်းငယ်သက်တောင့်သက်သာဖြစ်ပြီး ယင်းမှာအနမ်းခံရလို့မဟုတ်ပဲ ခန္ဓာကိုယ်၏ တစ်နေရာက ဖောင်းလာလို့ဖြစ်သည်။
ပုံမှန်လိုပဲ ရှန်ချီဟွမ်းက နောက်ဆုတ်ပြီး သူ့ကိုအိပ်ဖို့ပြောခဲ့သည်။ ရှန်းယုဟန်က သူ့လက်ကောက်ဝတ်ကို ကိုင်ထားချင်ပေမယ့် သူ့ခင်ပွန်းက ရေချိုးခန်းထဲ အမြန်ဝင်သွားခဲ့သည်။
သူက အနည်းငယ် မသက်မသာခံစားနေရသည်။
စောင်ကိုကိုင်ပြီး သူက စူပုပ်ပုပ်တွေးနေသည်။ သူ့ခင်ပွန်းက သူ့ကို နမ်းပဲနမ်းချင်ပြီး ဘာလို့ လင်မယားအရာ မမြောက်ချင်ရတာလဲ?
သူက အခု အမျိုးသားတစ်ယောက်၏ ခန္ဓာကိုယ်ကိုရထားပြီး ကောတစ်ယောက်၏ ခန္ဓာကိုယ်တည်ဆောက်ပုံက အမျိုးသားတစ်ယောက်နဲ့ အနည်းငယ်ကွာခြားတယ် ဆိုပေမယ့်လည်း အချစ်ရေးရာကိစ္စမှာ အတားအဆီးမရှိပဲ အမျိုးသမီးများနှင့်ယှဥ်လျှင် ကိုယ်ဝန်ရဖို့ ခက်ခဲသည်ဟုပြောကြသည်။ သို့သော် သူက အခုလက်ရှိမှာ အမျိုးသားတစ်ယောက်၏ ခန္ဓာကိုယ်ကိုရထားပြီး ကောတစ်ယောက်၏ သွင်ပြင်လက္ခဏာမရှိတော့ပေ။ အချစ်ရေးရာကို ဘယ်လိုပြီးမြောက်အောင် လုပ်ရမလဲ?
ထပ်မတွေးနိုင်တော့ပေ။ ပိုပြီး မသက်မသာဖြစ်လာလိမ့်မည်။
သူက သက်ပြင်းချကာ စောင်ကိုဖက်ပြီး မျက်လုံးကိုမှိတ်လိုက်သည်။ သူ့ခင်ပွန်းက ကုတင်ပေါ်ကို ပြန်ရောက်လာတော့ သူ့ခန္ဓာကိုယ်ထဲက ထူးဆန်းသောခံစားချက်က ပျောက်ကွယ်သွားသည်။
သူ့ကိုလုံးဝမထိဘူး…သူ့ခင်ပွန်းက ပြောပြလို့မရတဲ့ အမည်မသိရောဂါတစ်ခုကို ဖုံးကွယ်ထားတာလား?
သို့သော် အဲ့ဒါအမှန်မဟုတ်နိုင်၊ သူက နက်နက်ရှိုင်းရှိုင်း နမ်းတိုင်းမှာ သူ့ခင်ပွန်းခန္ဓာကိုယ်၏ အဲ့ဒီအစိတ်အပိုင်းက သူ့ပေါင်ကိုလာထောက်နေခဲ့သည်။
ထပ်မစဥ်းစားတော့ဘူး..အိပ်တော့…အိပ်တော့..
ရှန်ချီဟွမ်းက ရှန်းယုဟန် အိပ်မောကျသွားပြီလို့ ထင်သွားသဖြင့် သူက ငြိမ်သက်စွာ လဲလျောင်းလိုက်သည်။ သူက သူ့ကိုယ်သူ လျှိုရှားဟိုင်*နဲ့တူသည်ဟု ခံစားလိုက်ရသည်။
(** သီလသမာဓိအားကောင်းသူ)
သူက မဖြစ်ချင်လို့လား? မဟုတ်တာ သူကဆက်လုပ်ချင်ပေမယ့် အနာဂတ်နဲ့ပတ်သတ်ပြီး စိုးရိမ်နေဆဲဖြစ်သည်။ အကြောင်းမှာ လေးထဲမှမြှားကိုလွှတ်ပြီးရင် နောက်ပြန်ဆုတ်လို့မရလို့ပင်။
လက်ရှိအချိန်တွင် ရှန်းယုဟန်နှင့် သူ့မှာ နောင်တရဖို့ အခွင့်အရေးရှိသေးသည်။ သူတို့ထဲက တစ်ယောက်က ရပ်တံ့ချင်ရင် အရာအားလုံးက စမှတ်ကိုပြန်ရောက်သွားလိမ့်မည်။
သူက ရှန်းယုဟန်ကို နာကျင်အောင်မလုပ်နိုင်သလို သူ့ကိုယ်သူလည်း နာကျင်အောင်မလုပ်ချင်ပေ။
နောက်ရက်မှာ ရှန်ချီဟွမ်းက လေယာဥ်မီအောင် ကိုယ့်ဘာကိုယ်ထလာသည်။ သို့သော် ရှန်းယုဟန်က အထူးတလည်တွယ်ကပ်နေပြီး သူနိုးလာတဲ့အချိန်ကစပြီး သူ့နားမှာ တဝဲလည်လည်လုပ်နေသည်။ သူက ရှန်းယုဟန်ကို ကြည့်လိုက်တိုင်း ရှန်းယုဟန်က စကားစဖို့ တွန့်ဆုတ်နေခဲ့သည်။
မနက်စာစားပြီးနောက် သူက ခရီးဆောင်အိတ်ကိုဆွဲလာကာ စင်ပေါ်က ကုတ်ကိုယူလိုက်ပြီး သူ့ဘေးမှာရပ်နေသော ရှန်းယုဟန်ကို ပြောလိုက်သည်။ “ငါသွားပြီ”
တစ်မနက်လုံး သူ့ကိုစကားပြောဖို့ ချီတုံချတုံဖြစ်နေသော ရှန်းယုဟန်က သူ့ကော်လံကိုဆွဲလိုက်ပြီး တွန့်ဆုတ်နေသော အကြည့်များဖြင့် ပြောလာသည်။ “ယောကျာ်း၊ လေယာဥ်ဆင်းရင် ဝီချက်ကနေ ဘေးကင်းကြောင်း သတင်းပို့လိုက်ပါ။”
ရှန်ချီဟွမ်းက ခေါင်းညိတ်ပြသည်။ “အွန်း”
ရှန်းယုဟန်က ဆက်ပြီးတိုက်တွန်းသည်။ “ယောကျာ်း၊ ညကျရင် ဗီဒီယိုကောလ်ခေါ်ဖို့ မမေ့နဲ့နော်။”
ရှန်ချီဟွမ်းကပြောလိုက်သည်။ “အိုကေ”
“ယောကျာ်း…..” ရှန်းယုဟန်က မကျေမနပ်စိုက်ကြည့်လိုက်သည်။
“ဟုတ်ပါပြီ၊ တစ်ခုခုပြောစရာရှိရင် ငါ လေယာဥ်ဆင်းပြီး ကားထဲရောက်တဲ့ထိစောင့်နေပါ။” သူက ရှန်းယုဟန်၏ခေါင်းကို ဖိလိုက်ချင်ပေမယ့် သူ့ဆံပင်ရှည်လာတာကိုတွေ့တော့ ဆံပင်ကို နားရွက်နောက်ကို ထိုးပေးကာ ပြောလိုက်သည်။ “အိမ်မှာပဲနေ…လျှောက်မသွားနဲ့။”
ရှန်းယုဟန်က နှုတ်ခမ်းကိုဖိကာ ပြောလိုက်သည်။ “သိပါတယ်ံ ယောကျာ်း…ခဏလောက်ဖက်ထားပေးပါလား” သူ့ကို ရက်အတော်ကြာ တွေ့နိုင်မှာမဟုတ်သလို ထိလည်းမထိနိုင်တော့ပေ။
ရှန်ချီဟွမ်းက နောက်မှာကျန်နေခဲ့သော သူက သနားစရာကောင်းနေတာကြောင့် သူ့ကိုမဖက်ပဲ မေးစေ့ကိုပင့်ကာ နှုတ်ခမ်းကိုနမ်းလိုက်သည်။ “ကောင်းကောင်းနေ”
နေ့ခင်းကြောင်တောင် အနမ်းခံလိုက်ရ၍ ရှန်းယုဟန်၏ မျက်နှာက ပူနွေးလာပြီး သူက မျက်နှာကိုအုပ်ကာ သူ့ခင်ပွန်း ထွက်သွားတာကို ကြည့်နေသည်။
ဂိတ်မှကားစထွက်ပြီးနောက် ရှန်းယုဟန်က သူ့ကုတ်ကို ကြုံရာကျပန်းဝတ်ဆင်ကာ ဂိတ်ကိုပြေးသွားခဲ့သည်။ သူက အိမ်ထဲကိုပြန်မဝင်မီ ကားဝင်ထွက်ရာ လမ်းထောင့်တစ်ခုမှ ခင်ပွန်းဖြစ်သူ၏ကား ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့သည်။
အရမ်းအေးတာပဲ…
ကားထဲမှာ ရှန်ချီဟွမ်းက ဖုန်းကိုအိပ်ကပ်ထဲထည့်လိုက်ပြီး နောက်ပြန်လှည့်မကြည့်ဖို့ ကြိုးစားနေသည်။ သူက ရှန်းယုဟန် ပြေးထွက်လာတာကိုတွေ့သဖြင့် နောက်ပြန်လှည့်မကြည့်ရဲတော့ပေ။
သူက ခုလေးတင် အိမ်ကနေ ထွက်လာခဲ့တာဖြစ်သော်လည်း အမြန်ဆုံးပြန်ချင်နေသည်။
လူကိုဆွဲဆောင်သည့်နေရာမှာ ပရော်ပရည်လုပ်တတ်သည့် မြေခွေးလေးက တိုးတက်လာရုံတင်မဟုတ်ပဲ လူကို တွန့်ဆုတ်အောင် လုပ်နိုင်စွမ်းကလည်း အဆင့်မြင့်လာသည်။
လေးရက်တောင် မတွေ့ရတော့ဘူး… စိတ်မကောင်းစရာပဲ..
–
ရှန်ချီဟွမ်း အိမ်ကထွက်သွားပြီး မကြာခင်မှာ ရှန်းယုဟန်က စန္ဒယားသင်တန်းကို သွားခဲ့သည်။ သူက သူ့ခင်ပွန်း စနေနေ့မှာ အပြင်ထွက်တာကို မကြိုက်ပေ၊ စနေနေ့အတန်းပြီးရင် သူ့ကိုလာကြိုမယ့်သူမရှိပေ။
အိမ်မှာ စန္ဒယားလေ့ကျင့်တာမရှိလို့ စန္ဒယားအဆင့်က မတိုးတက်သေးပေ၊ သူကောင်းကောင်းလေ့ကျင့်ချင်ရင် အီလက်ထရွန်းနစ်ကီးဘုတ်တစ်ခုကို အရင်ဝယ်ပြီး တကယ်သင်ယူနေစဥ် စန္ဒယားဝယ်ဖို့ သိပ်နောက်ကျမှာ မဟုတ်တော့ကြောင်း ဆရာကပြောခဲ့သည်။
ရှန်းယုဟန်က ဟုတ်ကဲ့လို့ပြောပြီး သူ့ခင်ပွန်းကို စန္ဒယားဝယ်ပေးမလား မေးလိုက်မည်။ စန္ဓယားမရနိုင်ရင်လည်း ချင်တူရိယာကို ဝယ်နိုင်ရင်အဆင်ပြေသည်။
စန္ဒယာအတန်းပြီးတော့ သူက အိမ်ပြန်ချင်နေသည်။
နေ့လည်ခင်းအကသင်တန်းက အကြိမ်များစွာ ရွေ့ဆိုင်းခဲ့ပြီး သူ့မှာ အကသင်တန်းရှိတယ်ဆိုတာကို မေ့လုမတတ်ပင်။ သူတို့က သူအဆင်ပြေမယ့်အချိန်ကို စီစဥ်ပေးပြီး ဆရာက သင်တန်းသားကို အချိန်မရွေးစောင့်နေမှာဖြစ်သည်။ ရှန်းယုဟန်က သင်တန်းတက်ရတာကိုမကြိုက်သဖြင့် စိတ်ထဲက ထုတ်လိုက်သည်။
သို့သော် သူစန္ဒယားသင်တန်းပြီးလို့ အပြင်ထွက်လာစဥ် လူတစ်ယောက်က တံခါးနားမှာ သူ့ကိုတားခဲ့သည်။
အလားတူအခြေအနေမျိုးကြုံဖူး၍ ရှန်းယုဟန်က တစ်ဖက်လူနှင့်ခွာရန် ခြေနှစ်လှမ်းဆုတ်လိုက်ပြီး သူက ထိုလူကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်လိုက်သည်။
“ယောက်ဖ…ဘာကိစ္စလဲ?”
ရှန်ချီယွင်က ဒီနေ့မှာပန်းစည်းယူမလာပဲ သူ့ပုံစံက တော်တော်လေးပိန်သွားပုံရသည်။
“ကိစ္စမရှိရင်လာလို့မရဘူးလား? မရီး” ရှန်ချီယွင်က သူ့ကိုထေ့ငေါ့နေသည်။ “ငါမင်းနဲ့စကားပြောချင်တယ်။”
ရှန်းယုဟန်က စန္ဒယားအတန်းထဲမှ လျှောက်ထွက်သွားပြီး ရှန်ချီယွင်က သူ့နောက်ကိုလိုက်လာသည်။
ရှန်းယုဟန်က သူနဲ့ခပ်ခွာခွာနေပြီး အပြင်မှာ လေတိုးနေသဖြင့် သူက လေဖောင်းဂျာကင်ထဲမှာ မျက်နှာတစ်ဝက်ကို မြှုပ်လိုက်ပြီး လေကိုပိတ်ဆို့ဖို့ လုံခြုံရေး booth ရှေ့မှာ ရပ်လိုက်ပြီး ရှန်ချီယွင်ကို ပြောလိုက်သည်။ “ပြောပါ။”
ရှန်ချီယွင်၏မျက်နှာပေါ်မှာ ဒေါသတချို့ရှိနေခဲ့သည်။ “ငါဆိုလိုတာက ကော်ဖီဆိုင် ဒါမှမဟုတ် စားသောက်ဆိုင်တစ်ခုမှာ စားရင်းနဲ့စကားပြောရအောင်။ ငါမင်းကိုနေ့လည်စာ လိုက်ကျွေးမယ်။”
“ဒါပေမယ့် ကျွန်တော်ခင်ဗျားနဲ့နှစ်ယောက်တည်း တူတူမစားချင်ဘူး။ ပြီးတော့ ကျွန်တော်က ဝယ်စားဖို့ ပိုက်ဆံပြတ်နေတာလည်းမဟုတ်ဘူး။ လူလွတ်တစ်ယောက်နဲ့ အိမ်ထောင်ရှိယောကျာ်းတစ်ယောက်က တစ်ခန်းထဲမှာ နှစ်ယောက်တည်းအတူမရှိသင့်ဘူး။ ဒီတော့ လူတွေအထင်မလွဲစေဖို့ ပြောစရာရှိရင် ဒီမှာပဲပြောပါ။ ပြီးတော့ ခင်ဗျားကျွန်တော့်ကို ခဏခဏလာရှာနေတဲ့ ရည်ရွယ်ချက်ကိုတော့ မသိပေမယ့် တစ်ခုတော့ အရင်ပြောထားလိုက်မယ်.. ခင်ဗျားကျွန်တော့်ကို မရီးလို့ခေါ်မှတော့ ကျွန်တော်က ခင်ဗျားရဲ့မရီးဆိုတာကို သတိရပေးပါ။”
ရှန်ချီယွင်က ရှန်းယုဟန်၏မျက်လုံးထဲမှာ တောင့်တနေသော အချစ်ကိုမတွေ့ခဲ့ပဲ ယင်းမှာ အအေးဒဏ်ကြောင့်လား ဒါမှမဟုတ် ရှန်းယုဟန်၏စကားကြောင့် ဒေါသဖြစ်နေလို့လား မသိပေမယ့် သူ့နှုတ်ခမ်းက အနည်းငယ် တုန်ရီနေခဲ့သည်။
သူက တောင့်တောင့်ကြီးပြောလိုက်သည်။ “ငါမင်းကို စကားကောင်းကောင်းပြောဖို့ အခွင့်အရေးပေးမယ်။”
ရှန်းယုဟန်က သူ့ကို အရူးတစ်ယောက်လို ကြည့်လိုက်သည်။ “ခင်ဗျား လူစကားနားမလည်ဘူးလား? ကျွန်တော်ပြောတာမရှင်းလို့လား? ကျွန်တော်နဲ့ဝေးဝေးနေပါ.. ယောက်ဖ။”
ရှန်ချီယွင်က သူအကြာကြီးထိန်းထားခဲ့သော မေးခွန်းကိုမေးလိုက်သည်။ “မင်းငါ့ကိုမကြိုက်တော့ဘူးလား?”
သူဘယ်သူ့ကိုကြိုက်လဲဆိုတာနဲ့ပတ်သတ်ပြီး ရှန်းယုဟန်က သူ့ကိုယ်ပိုင်အတွေးကို တခြားသူများထက်ပိုသိသည်။ သူက ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။ “လက်ရှိအချိန်မှာ ကျွန်တော့်ကို ပျော်ရွှင်စေတဲ့သူတစ်ယောက်ရှိတယ်။ အဲ့ဒါက ကျွန်တော့်ခင်ပွန်း ရှန်ချီဟွမ်းပဲ။”
ထိုသည်မှာ ရှန်ချီယွင်ကြားချင်သော အဖြေမဟုတ်။ “ဟာသပဲ၊ အရင်တစ်လလောက်ထိ မင်းငါ့ကိုချစ်တယ်လို့ ဆက်တိုက်ပြောနေခဲ့တာ။ မျက်နှာလှည့်လိုက်တာနဲ့ ရှန်ချီဟွမ်းကို ကြိုက်တယ်ဖြစ်သွားရော။ မင်းရှန်ချီဟွမ်းကို အဲ့စကားပြောရင် သူယုံမယ်ထင်လား? မင်းငါ့ကိုလိုက်နေတာ လူတိုင်းသိတာကို မမေ့လိုက်နဲ့!”
“သူယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ခင်ဗျားနဲ့ဘာဆိုင်လဲ?” ရှန်းယုဟန်က သူ့လက်ကို အိပ်ကပ်ထဲထည့်လိုက်သည်။ အပြင်မှာရပ်ပြီး စကားပြောနေရသဖြင့် သူ့မျက်နှာက အေးခဲတော့မည်။ “ယောက်ဖ….ကိစ္စမရှိရင်…နောက်တစ်ခါ သီးသန့်မတွေ့ကြရအောင်။”
ရှန်းယုဟန်က လှည့်ထွက်မလို့လုပ်စဥ် ရှန်ချီယွင်က သူ့လက်မောင်းကို ရုတ်တရက်ဆွဲလိုက်ပြီး မကျေမနပ် မျက်မှောင်ကြုတ်ကာ လက်မောင်းကိုခါယမ်းလိုက်သည်။ “လွှတ်ပေး!”
ရှန်ချီယွင်က တောင်းပန်နေသည်။ “ရှန်းယုဟန်…ရှန်ချီဟွမ်းကို ထားခဲ့ပြီး ငါ့ဆီလာခဲ့ပါ။ မင်းငါ့ကို အောင်အောင်မြင်မြင် နှိုးဆွနိုင်ခဲ့တာကို ဝန်ခံပါတယ်။ ငါအခုမင်းနဲ့ပတ်သတ်ပြီး အများကြီးဂရုစိုက်ပါတယ်!”
ရှန်ချီယွင်က အခုရှန်းယုဟန်ကို ရင်ဆိုင်နေရပြီး တစ်ကိုယ်လုံး ပြောင်းလဲသွားတာကို သူပိုပြီးအာရုံစိုက်လေ ပိုနောင်တရလေဖြစ်သည်!
ရှန်းယုဟန်က ကြည့်ကောင်းရုံတင်မဟုတ်ပဲ အားသာချက်များစွာလည်းရှိသည်။ သူက ရှန်းယုဟန်က ရှန်ချီဟွမ်းအပေါ်မှာ အလုံးစုံမြှုပ်နှံထားတယ်ဆိုတဲ့အချက်ကို မနာလိုဖြစ်နေတာပင်!
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ဘာလို့ရသွားတာလဲ..ဘာလို့လဲ!
သူနဲ့မတန်ဘူး!
“ကျွန်တော်က ခင်ဗျားကို ဘာလို့နှိုးဆွမှာလဲ” ရှန်းယုဟန်၏မျက်နှာပေါ်မှာ ထိတ်လန့်မှုအရိပ်အယောင်တစ်ခုရှိသည်။ ဒီရှန်ချီယွင်က ဦးနှောက်ပြဿနာတစ်ခုရှိပြီး အဓိပ္ပါယ်မရှိတာကို ဆက်တိုက်ပြောနေသည်။ သူက ရှန်းယုဟန် သူ့ကိုကြိုက်နေတုန်းပဲလို့ ထင်နေသည်။
ကံကောင်းစွာပင် သူက သေချာပြင်ဆင်လာခဲ့ပြီး နောက်တစ်လှမ်းဆုတ်ကာ လုံခြုံရေး booth ရဲ့ ပြတင်းပေါက်ကို ခေါက်လိုက်သည်။ သူက နေ့စဥ်တာဝန်ကျ လုံခြုံရေးနှစ်ယောက်ရှိတာကို သိထားသည်။
ပြတင်းပေါက်က ချက်ချင်းပွင့်လာပြီး ယူနီဖောင်းဝတ်ထားသော လုံခြုံရေးက ခပ်ပြတ်ပြတ်မေးလိုက်သည်။ “ကောင်လေးနှစ်ယောက်…ဘာကိစ္စရှိလို့လဲ?”
ရှန်းယုဟန်ကို ဆက်ပြီး ထိန်းချုပ်ထားချင်သော ရှန်ချီယွင် “......”
အထဲမှာ လုံခြုံရေးအစောင့် နောက်တစ်ယောက်ရှိနေပြီး သူတို့ကို ရှုတ်ချသောမျက်လုံးနှင့် ကြည့်နေသည်!
ပြီးတော့ ထိုလူ တိုးတိုးလေးပြောတာကို ကြားလိုက်ရသည်။ “မင်းအသက်ရှည်ရှည် နေထိုင်ရရင် အရာအားလုံးကို မြင်နိုင်လိမ့်မယ်။”
ရှန်ချီယွင်၏မျက်နှာက ပြာနှမ်းသွားသည်။ သူ့ကို ဒီလုံခြုံရေးအစောင့်နှစ်ယောက်က မျောက်တစ်ကောင်လို ဆက်ဆံနေကြတာလား?
ရှန်းယုဟန်က ထိုအခွင့်အရေးကိုယူကာ သူ့ကားကိုရှာဖို့ ကားပါကင်ကိုပြေးသွားခဲ့သည်။ ကံကောင်းစွာပင် လုံခြုံရေးအစောင့်က သူ့ကိုကယ်ဖို့ ချက်ချင်းထွက်လာခဲ့သည်။
သို့သော် သူမသိလိုက်တာက ရှန်ချီဟွမ်း လေယာဥ်ကဆင်းပြီး သူ့ဖုန်းကို အင်တာနက်ချိတ်ပြီးသည်နှင့် သူက ရှန်းယုဟန်နှင့် ရှန်ချီယွင်တို့ ဖက်နေသောပုံတစ်ပုံကို ရရှိခဲ့သည်။