Chapter 41.2
Viewers 998

Chapter 41.2


“ကိုယ်ကျင့်တရားကောင်းတဲ့ဇနီး”


ထိုစဥ် ဒေါက်တာက လူနာဆောင်မှထွက်လာသည်။


ဒုတိယနှင့် တတိယအိမ်တော်က လူများက တစ်ပြိုင်တည်းပြေးသွားကြပြီး တစ်ချိန်တည်းမှာ စကားပြောနေတာ ဆူသံလွန်းတာကြောင့် ဒေါက်တာက ဘယ်လိုဖြေရမလဲပင် မသိတော့ချေ။


အဆုံးမှာ ရှန်ချီယွမ်က ဒေါက်တာကိုကူညီဖို့ ရှေ့တိုးလာပြီး သူက ဤနေရာမှာ အာဏာရှိပြီး ရှန်မိသားစုကုမ္ပဏီ၏ အရေးကြီးရာထူးကို ကိုင်ထားသလို ရှန်ချီပိုင်နှင့် ရှန်ချီယွင်က သူ့လက်အောက်မှာ အလုပ်လုပ်ရသည်။ သူက တခြားညီအစ်ကိုများထက် အသက်ကြီးပြီး တခြားမဒမ်များထက် စကားပြောဖို့အာဏာရှိသဖြင့် သူက အရှိန်အဝါကြီးသော လေသံဖြင့်ပြောလာသည်။ “ဘာလို့ဆူညံနေတာလဲ၊ ဒေါက်တာကိုတောင် ပြောခွင့်မပေးဘူး!”

ဒုတိယနှင့် တတိယအိမ်တော်က ထပ်ပြီး မဆူညံရဲတော့ပဲ သူတို့မေးခွန်းများကို ထိန်းချုပ်ထားကာ ဘာမှမပြောရဲတော့ပေ။


ရှန်ချီယွမ်က ဒေါက်တာကိုပြောခွင့်ပေးလိုက်သည်။ “ဒေါက်တာ၊ ခင်ဗျားပြောပါ။”


လူနာက ပြုတ်ကျထားလို့ ဒဏ်ရာရထားပေမယ့် သိပ်မစိုးရိမ်ရပဲ အာဟာရဓာတ်ပြည့်သွားရင် ပြန်ကောင်းသွားမှာပါလို့ ဒေါက်တာကပြောလာသည်။ သို့သော် သူ့ကို ဆေးရုံတင်ပြီး တစ်ပတ်လောက် စစ်ဆေးဖို့လိုသည်။ သူတို့အားလုံးကို အသံတိတ်ခိုင်းပြီးနောက် လူနာကြည့်ရန် ခွင့်ပြုလိုက်သည်။


ဒုတိယနှင့် တတိယအိမ်တော်က ချက်ချင်းအထဲဝင်လိုက်ပြီး ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က နောက်ဆုံးမှ အထဲဝင်သွားကြသည်။


လူများနေတာကြောင့် ကျယ်ဝန်းတောက်ပသော လူနာဆောင်က သိသိသာသာ ပြည့်ကျပ်နေသည်။


ရှန်ထျန်းဖုန်းက ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေပြီး ညာဘက်ခြေထောက်ကို ပလာစတာကပ်ထားကာ နဖူးမှာ ပတ်တီးရှိနေသည်။ သူ့ပုံစံက နောက်ဆုံးအကြိမ် ရှန်းယုဟန် တွေ့တုန်းကထက် အများကြီးအိုစာနေပြီး ဆံပင်နက်၏အလယ်မှာ ဆံပင်အဖြူတွေထောင်နေသည်။


မကြာသေးခင်က ရှန်မိသားစုက ဖရိုဖရဲအခြေအနေကို ရောက်နေခဲ့ပြီး လက်ရှိမှာ Hot Search ပေါ်မှာ မကြာခဏပေါ်လာသော ခေါင်းစဥ်များဖြစ်လာပြီး ရှန်ထျန်းဖုန်းက အနည်းငယ်ထိခိုက်ခဲ့သည်။ အိမ်တော်တိုင်းမှာ ဆိုးရွားတာတွေရှိနေပြီး အရင်က မဖော်ပြဖူးပေမယ့် ယခုတော့ ရေခဲတောင်၏အဖျားကို ဖော်ထုတ်ခဲ့ကာ သူတို့၏ဂုဏ်သတင်းကို ပျက်စီးဖို့လုံလောက်ခဲ့သည်။


သူက အိမ်တော်သုံးအိမ်က လူတွေကိုမြင်လိုက်ရစဥ် မျက်နှာမကောင်းပဲ စိတ်ပူစရာမလိုဘူးလို့ ပြီးစလွယ်ပြောခဲ့သည်။ သူက ရှန်းယုဟန် ဝင်လာတာကိုတွေ့တော့ သူ့ကိုလက်ယမ်းပြပြီး သူ့မျက်နှာပေါ်က အပြုံးက ပိုကြီးလာခဲ့သည်။


“ယုဟန်လည်းဒီရောက်နေတာလား?”


သူ့သားနဲ့ဇနီးတွေကို စကားမပြောပဲ သူ့ကိုခေါ်ခဲ့မယ်လို့ ရှန်းယုဟန်က မမျှော်လင့်ထားပေ။



သို့သော် အတိတ်က ဒီလိုအရာမျိုးတွေဖြစ်ဖူးတာကြောင့် သူကမစိုးရိမ်ပေ၊ တစ်ခါတစ်လေ သူ့အဘွားဖျားရင် သူမသားနဲ့​မြေးများက လာကြည့်ကြပေမယ့် သူမကတော့ ရှန်းယုဟန်ကို ခေါ်ရတာကြိုက်သဖြင့် တခြားလူတွေက ဘာမှမပြောရဲချေ။


ထိုအချိန်မှာ လူတိုင်းက ရှန်းယုဟန်ကို ထူးဆန်းသလိုကြည့်နေကြသည်။


ရှန်းယုဟန်က ပင်မအိမ်တော်နဲ့ပေါင်းစည်းပြီး ပေါ့ပေါ့ပါးပါးနှင့် သဘာဝဆန်သောကိုယ်ဟန်ဖြင့် သတ္တိရှိရှိရှေ့တိုးလာကာ တတိယမဒမ်က သူ့ကိုပုံစံအသစ်တစ်မျိုးနဲ့ မြင်လိုက်ရသည်။ အရင်က ဧည့်ခံပွဲမှာ သူမတွေ့ခဲ့ရသော ရှန်းယုဟန်က အခုနဲ့ အနည်းငယ်ကွာခြားနေသည်။ အမြင်မှားတာလား? သူမ ရှန်းယုဟန်ဆီကနေ ဘာလို့အရောင်အဝါတစ်ခုကို ခံစားမိခဲ့တာလဲ….



“ဟုတ်ကဲ့အဖေ၊ အရင်ဆုံး ရေသောက်ချင်လား?” ရှန်းယုဟန်က ရှန်ထျန်းဖုန်းကိုမေးဖို့ ရှေ့တိုးလိုက်ပြီး မြင်ကွင်းထဲဝင်လာပုံက တခြားသူများနှင့် ကွာခြားသည်။

တခြားသူများက ရိုးသားလား ဟန်ဆောင်နေတာလားဆိုတာမသိပေမယ့် သူတို့က ရှန်ထျန်းဖုန်းကို ဒဏ်ရာနာနေလား ဒါမှမဟူတ် ဘယ်လိုခံစားနေရလဲမေးနေစဥ် ရှန်းယုဟန်က ရှန်ထျန်းဖုန်း၏ ခြောက်သွေ့နေသော နှုတ်ခမ်းကို သတိထားမိခဲ့သည်။



ဒဏ်ရာအတွက် ထုံဆေးပေးထားတာ…နာလား မနာလား မတွေးတတ်ဘူးလား?


ရှန်ချီဟွမ်း အိမ်မှာရှိနေစဥ် သူရေဆာတယ်ပြောတိုင်း ရှန်းယုဟန်က ရေခပ်ပေးလေ့ရှိသည်။ သူက ရေပူရေအေးစက်အောက်မှ ရှန်ထျန်းဖုန်းအတွက် ရေနွေးတစ်ခွက် ခပ်ပေးလိုက်သည်။


သူက ရှန်ချီဟွမ်းအတွက်လည်း ရေယူပေးပြီး ရှန်ထျန်းဖုန်းက တကယ်ကို ရေဆာနေခဲ့သည်။


“ကျေးဇူးတင်ပါတယ်၊ အခု နေရထိုင်ရပိုကောင်းသွားပြီ။” ရှန်ထျန်းဖုန်းက ကျေကျေနပ်နပ်ပြောလိုက်ပြီး ရှန်းယုဟန်ကို မေးလိုက်သည်။ “ငါမင်းရဲ့အန်ကယ်ကျန်းကို အရင်ရက်အနည်းငယ်က တွေ့ခဲ့သေးတယ်၊ သူက မင်းသူနဲ့ ဂိုးကစားခဲ့တယ်လို့ပြောပြီး နောက်တစ်ခါကစားဖို့ မင်းကိုခေါ်လာပေးဖို့ ငါ့ကိုပြောနေတယ်။”


ရှန်းယုဟန်က လူအများကြီးကိုမသိချေ၊ အန်ကယ်ကျန်းက သူတို့ထဲမှတစ်ယောက်ဖြစ်တာကြောင့် သူက ထိုနေ့က အကြောင်းအရာကို ချဲ့ကားခြင်းမရှိပဲ ပြောပြလိုက်သည်။ “အဖေမသိပါဘူး၊ ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ၊ အန်ကယ်ကျန်းက အဲ့မှာတစ်ယောက်တည်းရှိနေပြီး သူနဲ့ဆော့ပေးမယ့်လူမရှိလို့ ကျွန်တော်က ကူညီခဲ့တာ၊ နောက်တော့ အကိုချီဟွမ်းနဲ့ အကိုလောလင်းက အထက်တန်းကျောင်းက အတန်းဖော်တွေဆိုတာကို သိခဲ့ရတယ်။”


“ဟားဟားဟား…အဲ့ဒီကောင်မှာလည်း အထီးကျန်တဲ့ရက်ရှိတာပဲ။” ရှန်ထျန်းဖုန်းက ရှန်းယုဟန်ကြောင့် ရွှင်မြူးသွားပြီး အထိန်းအကွပ်မရှိ ရယ်မောလိုက်ကာ အခန်းအပူချိန်က ခဏလောက် သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။

ရှန်းယုဟန်နဲ့ပြောနေစဥ် ရှန်ထျန်းဖုန်းက ရှန်းယုဟန်နောက်မှာ အစောင့်နတ်သားလိုရပ်နေသည့် သူ့သားရှန်ချီဟွမ်းကို သတိထားမိပြီး ရှန်ချီဟွမ်းက မြေကွက်တချို့ဝယ်ချင်နေတာကို သတိရသွားကာ ​ဖျတ်ခနဲမေးလိုက်သည်။ “မင်းရဲ့မြေကဘယ်လိုလဲ? အဘိုးကြီးကျန်းရဲ့ ဆွေမျိုးတွေကလည်း ဝယ်ချင်နေတယ်လို့ကြားတယ်။”


ထိုအ​ကြောင်းပြောတော့ ရှန်ချီဟွမ်းက ရှန်ထျန်းဖုန်းကို အိမ်တော်သုံးအိမ်၏ အေတီအမ်ဖြစ်နေတာနဲ့ ပတ်သတ်ပြီး မလှောင်ခဲ့ပေ၊ အကြောင်းမှာ သူ့ဇနီးဖန်တီးထားသော ကောင်းမွန်သည့်လေထုကို မဖျက်စီးချင်လို့ပင်။



သူက စိတ်ရှည်ရှည်ဖြေပေးလိုက်သည်။ “အခုဆွေးနွေးနေဆဲပါ၊ သူတို့ဘက်က ကျွန်တော်တို့နဲ့မပြိုင်တော့ဘူး။ ဒီတော့ မမျှော်လင့်ထားတာတစ်ခုခု ဖြစ်မလာရင် ကျွန်တော်တို့ ချောချောမွေ့မွေ့ အနိုင်ရမှာ။”


ရှန်ထျန်းဖုန်းက ခေါင်းညိတ်ကာပြောလိုက်သည်။ “ဟုတ်ပါပြီ၊ တစ်ခုခုရှိရင် ငါ့ကိုရှာလို့ရတယ်၊ ငါက အဘိုးကြီးကျန်းကိုပြောပေးမယ်၊ အဲ့ဒါက မြေကွက်အသေးလေးပါပဲ။”


ရှန်ချီဟွမ်းက သူ့ကိုအရင်ကဘာလုပ်နေလဲလို့ စိတ်ထဲကနေပြောလိုက်သည်။ သူက ရှန်းယုဟန်၏ပခုံးပေါ်မှာ လက်တင်ကာ ပြောလိုက်သည်။ “အဆင်ပြေပါတယ်၊ ယုဟန်က သွယ်ဝိုက်ပြီးကူညီပေးခဲ့တယ်။”


ရှန်ထျန်းဖုန်းက ပြောလာသည်။ “ငါတို့ယုဟန်က ကံကောင်းတဲ့ကြယ်ပွင့်လေးဖြစ်ပုံပဲ။”


ရှန်းယုဟန်က ပြုံးကာ ငြင်းလိုက်သည်။ “မဟုတ်ရပါဘူး။ အဲ့တာက ယောကျ..အဲ့ဒါက အကိုဟွမ်းမှာ အရည်အချင်းရှိလို့ပါ။” သူက လူကြီးတွေရှေ့မှာ ယောကျာ်းလို့ခေါ်မိမတတ်ပင်၊ သူက ထိုနာမည်ကို ကျင့်သားရနေခဲ့သည်။


တခြားအိမ်တော်သုံးအိမ်က အန်ကယ်ကျန်းနာမည်ကို ကြားသောအခါ သူတို့က တွေးနေကြသည်။ ကျန်းမိသားစုကလား? ရှန်းယုဟန်က ကျန်းမိသားနဲ့ ဘယ်လိုပတ်သတ်ခဲ့တာလဲ?


ရှန်ထျန်းဖုန်းက ပင်ပန်းနေသဖြင့် ရှန်ချီယွမ်ကိုနေခွင့်ပြုကာ ကျန်တဲ့သူများကို ထွက်သွားခိုင်းခဲ့သည်။



သူရှေ့မှာ ရှန်ချီဟွမ်းနဲ့ပတ်သတ်ပြီး ဘယ်သူမှမတိုင်ရဲချေ၊ ဒီရှန်းယုဟန်က တကယ်ကိုစွမ်းဆောင်ရည်ရှိတာပဲ…. စကားတစ်ခွန်းနှစ်ခွန်းလောက်နဲ့ လေထုကို ပြောင်းလဲပစ်နိုင်တယ်၊ သူတို့က ပြောချင်ရင်တောင် မပြောနိုင်သဖြင့် အရင်ထွက်လာခဲ့ရသည်။


ဆေးရုံက ဓာတ်လှေကားက ကြီးလွန်းပြီး လူတိုင်းက တူတူစီးကြရ၏။


ဒီနေ့မှာ ရှန်းယုဟန်ကြောင့် ရှန်ချီဟွမ်းက ရှန်ထျန်းဖုန်း၏အာရုံကိုရသွားခဲ့ပြီး ဒုတိယမဒမ်က ပါးစပ်ကိုမထိန်းထားနိုင်တော့ပဲ ရန်ဖြစ်ချင်စိတ်ပြည့်နေသည်။ ထိုသည်မှာ ယခုလေးတင် ရှိုက်ကြီးတငင် အော်ဟစ်ငိုယိုခဲ့သူက သူမ မဟုတ်သည့်အတိုင်းပင်။


သို့သော် သူမတိုက်ခိုက်ခဲ့တာ ရှန်ချီဟွမ်းမဟုတ်ပဲ ရှန်းယုဟန်ဖြစ်သည်။ သူမက နောက်ဆုံးအကြိမ်က သူမရင်ထဲက အာဃာတကိုမှတ်မိသေးသည်။ ရှန်းယုဟန်က ဒီနေ့မှာ ထူးထူးခြားခြား လုပ်ဆောင်နိုင်ခဲ့သဖြင့် သူမရင်ထဲက ဒေါသက ပိုတိုးလာခဲ့သည်။


“ရှန်းယုဟန်…မင်းကအရမ်းတော်တယ်လို့ ငါပြောရမယ်။ သခင်ကြီးက စကားပြောရမလွယ်ဘူး၊ မင်းပါးစပ်ဖွင့်တာနဲ့ မင်းကို သေချာပေါက်ကူညီမှာပဲ။ ချီဟွမ်း မင်းကိုလက်ထပ်ခဲ့တာ အချည်းနှီးမဖြစ်ဘူးပဲ။” ဒုတိယမဒမ်က ရှန်ချီဟွမ်းက ရှန်းယုဟန်ကို လက်ထပ်ခဲ့လို့ လှောင်ပြောင်နေတာဖြစ်သည်။ လူကြီးနှစ်ယောက် လက်ထပ်ခဲ့ကြပေမယ့် တစ်ယောက်က အတင်းပေးစားခံခဲ့ရတာဖြစ်၍ ယင်းမှာ ရှန်ချီဟွမ်းကိုစော်ကားတာလို့ သူမက တွေးနေသည်။


သို့သော် ရှန်းယုဟန်က ခေတ်သစ်လူသားတစ်ယောက် မဟုတ်တာကြောင့် သူက ဒုတိယမဒမ် သူ့ကိုလှောင်ပြောင်နေတာကိုသိသည်။ သူမ၏စကားအဓိပ္ပါယ်ကိုနားလည်ပေမယ့် သူလုံးဝစိတ်မဆိုးချေ။ ထိုအစား သူက မျက်လုံးကို ညင်ညင်သာသာ မော့လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ “ဟုတ်ပါ့ဗျာ၊ လူတစ်ယောက်က ကိုယ်ကျင့်သိက္ခာကောင်းတဲ့ ဇနီးကိုပဲလက်ထပ်သင့်တယ်လို့ ပြောလေ့ရှိကြတယ်။ ခင်ဗျားနားလည်တာကောင်းပါတယ်။”


နောက်တစ်ကြိမ် အာစေးမိသွားသော ဒုတိယမဒမ်က ဒေါသထွက်လွန်းလို့ သူမလက်ချောင်းများတုန်ယင်လာသည်။ “..... မင်း”

ဒါက သူမ ရှန်ထျန်းဖုန်းကို တရားဝင်လက်ထပ်မထားလို့ စော်ကားလိုက်တာလား? သူမကို ဇနီးဖြစ်ဖို့တောင် မတန်ဘူးလို့လေ!


သို့သော် ရှန်ထျန်းဖုန်းက ရှန်ချီဟွမ်း၏မိခင်တစ်ယောက်တည်းကိုပဲ တကယ်လက်ထပ်ထားတယ်ဆိုတာ ငြင်းလို့မရတဲ့အချက်ဖြစ်သည်။ 


တတိယမဒမ်က ပိုပြီးစွန့်အနေသည်။ ဒုတိယမဒမ်၏ ရန်ဖြစ်နည်းစွမ်းရည်က အလွန်ဆိုးရွားသဖြင့် သူမက သူနဲ့ငြင်းခုံဖို့တောင် စိတ်မဝင်စားခဲ့ချေ။ ဒီရှန်းယုဟန်က တစ်ချက်လှုပ်ရုံနဲ့ သေစေနိုင်တဲ့သူပဲ…. စကားတစ်ခွန်းက ဒုတိယမဒမ်ကို အကြိမ်ပေါင်းများစွာ စော်ကားဖို့အတွက်လုံလောက်သည်​။ တည့်တိုးဆန်တာက တည့်တိုးဆန်တာဆိုပေမယ့် ထိုသည်မှာ သူတို့သုံးယောက်၏ အနာကျင်ရဆုံးနေရာကို ထိခဲ့သည်။ သူတို့က ဇနီးလား မယားငယ်လားဆိုတာကို သူတို့ကိုယ်သူတို့ ကောင်းကောင်းသိကြသည်။


ထိုအချိန်မှာ ထက်မြက်သော လူတွေက ရှန်းယုဟန်ကို မစရဲတော့ချေ၊ ဒီပါးစပ်က တကယ်ကိုအဆိပ်ပြင်းတာပဲ။


ရှန်ချီဟွမ်းက တိတ်တဆိတ်ပြုံးလိုက်ပြီး ဘေးကနေ ဖက်ထားလိုက်သည်။ သူ့ဇနီးမှာ စကားတစ်ခွန်းနဲ့ လူဆယ်ယောက်ကို သတ်နိုင်သည့် စွမ်းဆောင်ရည် တကယ်ရှိပြီး ထိုအရာမှာ ချဲ့ကားနေတာမဟုတ်ချေ။


ဓာတ်လှေကားမှထွက်လာပြီးနောက် ဒုတိယမဒမ်က နှာမှုတ်ကာ ရှန်းယုဟန်ကို ဒေါသတကြီးကြည့်နေပြီး အရင်ဆုံးထွက်သွားသည်မှာ ပြေးသွားသလိုပင်။


သူမသားရှန်ချီပိုင်က ရေရွတ်လိုက်သည်။ “အမေ၊ ဘာကိုစိတ်ဆိုးနေတာလဲ၊ ကျွန်တော့်ကိုစောင့်ဦးလေ!” သူ့အမေက ရှန်းယုဟန်ကို ဒေါသထွက်လွန်း၍ အတွင်းဒဏ်ရာတောင် ရခဲ့တယ်ဆိုတာ သူလုံးဝသတိမထားမိခဲ့ပေ။


ရှန်းယုဟန်ကို ရင်ဆိုင်နေစဥ် ဒုတိယမဒမ်က ချည်ထိုးနေသလိုပင် သူမ လုံးဝအားမစိုက်နိုင်ခဲ့ပေ။


တတိယမဒမ်က ရှန်းယုဟန်ကို တစ်ချက်ကြည့်ကာ ရှန်ချီယွင်ကို ဆွဲခေါ်သွားပြီး သူမသားကို အရှက်မကွဲစေချင်ပေ!


တခြားသူများကလည်း သူတို့မိခင်နောက်လိုက်သွားကာ ဆေးရုံဝင်ပေါက်မှ ပျောက်ကွယ်သွားသည်။


ထိုနောက်မှသာ စတုတ္တမဒမ်၊ ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ကျန်ခဲ့သည်။ သူမက အပြုံးမမည်သော အပြုံးဖြင့် ရှန်ချီဟွမ်းကို မေးလိုက်သည်။ “ရှန်ချီဟွမ်း၊ လောင်အာ*က မင်းကိုရှုပ်ခဲ့တာကို ငါ့ကို ဘာလို့ရေထဲဆွဲချခဲ့တာလဲ?”

(** မိသားစုရဲ့ ဒုတိယအကြီးဆုံးကလေး)


ရှန်ချီဟွမ်းက သူမကိုတစ်ချက်ကြည့်ကာ စကားတစ်ခွန်းပြောလိုက်သည်။ “တခြားသူတွေသိသွားတာကို မလိုချင်ရင် ကိုယ်တိုင်က မလုပ်မိစေနဲ့၊ ကျုပ်ကိုရန်မစနဲ့၊ အကျိုးဆက်က ခင်ဗျားအတွက် ကောင်းမှာမဟုတ်ဘူး၊ ပြီးတော့ ခင်ဗျားအဲ့ဒါကို ကောင်းကောင်းသိပါတယ်။”


စတုတ္တမဒမ်၏မျက်နှာမှာ အပ်ကွဲကြောင်းတစ်ခုပေါ်လာခဲ့သည်။

ရှန်ချီဟွမ်းက သူမ၏ဖျော်ဖြေမှုကိုကြည့်ဖို့ ပျင်းလွန်းတာကြောင့် သူက ရှန်းယုဟန်ကို ဒုက္ခသည်ဆေးရုံမှ ပြန်ခေါ်သွားခဲ့သည်။


သူတို့ ကားပေါ်ပြန်ရောက်တော့ ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုကြည့်ကာ မရယ်မောပဲ မနေနိုင်တော့ချေ။


ရှန်းယုဟန်က နားမလည်နိုင်စရာကောင်းသော ရယ်သံ​ကြောင့် သူ့မျက်နှာသူထိကာ ရှုပ်ထွေးမှုဖြင့် မေးလိုက်သည်။ “ယောကျာ်း၊ ဘာကိုရယ်နေတာလဲ?”


ရှန်ချီဟွမ်းက ပြောလိုက်သည်။ “မင်းကိုရယ်နေတယ်၊ အရမ်းရယ်ရလို့။”


ရှန်းယုဟန်က စိတ်ဆိုးသလို ဟန်ဆောင်ကာ ပြောလိုက်သည်။ “ကျွန်တော်က ဘာရယ်ရလို့လဲ၊ ထပ်ရယ်ရင် လျစ်လျူရှုလိုက်မှာ။”


ထို့နောက် သူ့ခင်ပွန်းက ရှေ့တိုးကာ သူ့ပါးစပ်ထောင့်ကို နမ်းလာသည်။ “ကိုယ်ကျင့်သိက္ခာကောင်းတဲ့ ဇနီးကို လက်ထပ်ထားတာလား? ဒီတော့ မင်းက ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာကောင်းတဲ့ ဇနီးပေါ့။”


“ကျွန်တော်က ကိုယ်ကျင့်သိက္ခာကောင်းတဲ့ ဇနီးမဟုတ်လို့လား?” ရှန်းယုဟန်က သူ့ပါးစပ်ကို ကာထားသည်။ “မနမ်းနဲ့၊ ခင်ဗျားကျွန်တော့်ကိုလှောင်နေတာ။”

ရှန်ချီဟွမ်းက သူ့လက်ဖဝါးကိုနမ်းကာ အဓိပ္ပါယ်ဖတ်လို့မရသည့် မျက်လုံးများဖြင့် ကြည့်လာသည်။


ငယ်ရွယ်ပြီး လှပတဲ့ဇနီးဆိုရင် ပိုမှန်လိမ့်မည်။