Chapter 43.2
“မအေးပါဘူး။”
သူတို့အားလုံးက ဘာပြဿနာမှမကြုံခဲ့ပဲ နေ့လည်အထိ ပျော်ခဲ့ကြသည်။
ရှန်းယုဟန်မှာ ပိုးမွှားကြောက်ရောဂါရှိတာလားတော့ မသိပေမယ့် သူက လေဖောင်းဂျာကင်ကို ထပ်မဝတ်တော့ပဲ စားသောက်ဆိုင်ကပြန်တော့ သူကရှန်ချီဟွမ်း၏ကုတ်ကို ဝတ်ထားပြီး ရှန်ချီဟွမ်းက သူ့ကုတ်ကိုသယ်ပေးခဲ့သည်။
နေ့လည်မှာ တင်းချွမ်နဲ့သူ့ဇနီးက ရေပူစမ်းဗီလာကိုရောက်လာပြီး လေဖောင်းဂျာကင်အသစ်ကို ယူလာကာ လိုချင်သောလျှိုထန်ကိုမေးခဲ့သည်။ လျှိုထန်က ဆန်းကြယ်သလိုဟန်ဆောင်နေပြီး လိုချင်သူက ရှန်ချီဟွမ်း၏ ရတနာလေးလို့ ပြောခဲ့ပေမယ့် သူက အမှန်တရားကိုမပြောသဖြင့် တင်းချွမ်က သူ့ကိုဆူခဲ့သည်။
ရှန်ချီဟွမ်းက အဝတ်အစားယူရန် ထွက်လာခဲ့ပေမယ့် တင်းချွမ်က သူ့ရတနာလေးကို မတွေ့ခဲ့ရချေ။
တင်းချွမ်က လှည့်ပတ်ကြည့်ရှုလိုက်သည်။ “လျှိုထန်က မင်းရတနာကြီးတစ်ခု သယ်လာတယ်လို့ ပြောတယ်။ သူဘယ်မှာလဲ?”
ရှန်ချီဟွမ်းက တည်ငြိမ်ချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။ “တရေးအိပ်နေတယ်။”
တင်းချွမ်က နောက်လိုက်သည်။ “တကယ်ကို ရတနာဖြစ်ပုံပဲ” သို့သော် သူက လျှိုထန်ထက် ထက်မြက်တာကြောင့် ထိုသူမှာ ရှန်ချီဟွမ်း၏ ကြင်စဦးလက်တွဲဖော်ဆိုတာကို သိလိုက်သည်။
–
ရှန်းယုဟန်က စောစောထလာပြီး နေ့လည်မှာ တစ်ခေါက်ထပ်ငိုတာကြောင့် ရှန်ချီဟွမ်းက တရေးအိပ်ဖို့ ချော့ပြောလိုက်ပြီး သူက နေ့လည်သုံးနာရီမထိုးခင်အထိ အိပ်နေခဲ့သည်။
သူနိုးလာတော့ သူ့ခင်ပွန်းက အခန်းထဲမှာမရှိပေမယ့် သူ့ဖုန်းထဲမှာ မက်ဆေ့တစ်စောင်ရှိနေသည်။ ယင်းမှာ သူ သူ့သူငယ်ချင်းတွေနဲ့ ဖဲကစားဖို့ စစ်တုရင်ဖဲခန်းကို ရောက်နေတယ်လို့ ပြောထားတာဖြစ်သည်။
ရှန်းယုဟန်က သူ့ကိုမနှောင့်ယှက်တော့ပဲ သူက အထဲက ရေပူစမ်းမှာစမ်းကြည့်ဖို့ စိတ်အားထက်သန်နေသည်။
အပြင်လူမရှိသလို သူ့ခင်ပွန်းကလည်း အခန်းထဲမှာ မရှိတဲ့အတွက် ဘယ်သူကမှ သူ့ကိုမနှောင့်ယှက်နိုင်ပေ။
ရှန်းယုဟန်က သူ့ခင်ပွန်း သူ့အတွက်ရွေးပေးထားသော ရေကူးဘောင်းဘီကို ခရီးဆောင်အိတ်ထဲမှာ ရှာလိုက်သည်။ သူက ရှက်သွေးဖြာပြီး အဝတ်အစားကိုချွတ်ကာ အနည်းငယ်ကျပ်သော ရေကူးဘောင်းဘီကိုဝတ်ပြီး ထိုဘောင်းဘီက သူပုံမှန်ဝတ်လေ့ရှိသော အတွင်းခံထက် ပိုကျပ်သည့်ပုံသဏ္ဍန်ရှိသည်။
ရေပူစမ်းဘေးမှာ သတိပြုစရာအချက်များနှင့် လက်ရှိအပူချိန်ကိုရေးထားသည်။ ရှန်းယုဟန်က ရေအပူချိန်ကို သူ့လက်နဲ့စမ်းလိုက်ပြီး သူ့အတွက် လက်ခံနိုင်သောအပူချိန်ဖြစ်တာကြောင့် သူက ရေချိုးနေသလို ရေပူစမ်းရေကန်ထဲကို ဝင်သွားခဲ့သည်။ သေချာသည်မှာ သူ့ခင်ပွန်းပြောသလိုပင် ရေပူစမ်းရေက နွေးနေပြီး ရေစိမ်လိုက်တာက ပင်ပန်းနွမ်းနယ်မှုကို သက်သာစေသည်။
သူ့ကိုယ်တစ်ဝက်က ရေထဲရောက်နေပြီး ရေငွေ့တွေက သူ့မျက်နှာကိုရိုက်ခတ်နေသည်။ အရမ်းသက်တောင့်သက်သာရှိပြီး သူ့မိသားစုက ဆောင်းရာသီတိုင်း ရေပူစမ်းမှာရေစိမ်ဖို့ ဘာလို့သွားလဲနားလည်သွားသည်။ ကြည့်ရတာ ဒီလိုခံစားချက်ကြောင့် ဖြစ်ပုံရသည်။ ကံကောင်းစွာပင် သူက ကောတစ်ယောက်မဟုတ်တော့သဖြင့် ကလေးမရနိုင်မှာလည်း စိတ်ပူစရာမလိုတော့ပေ။
အမျိုးသားတစ်ယောက်ဖြစ်တာက ယခင်က မခံစားခဲ့ရသော အရာများကို ခံစားနိုင်ပြီး အလွန်ကောင်းသည်။
သူ့လက်ရှိအသွင်အပြင်က ယခင်ကနဲ့ ကွာခြားမှုမရှိပဲ သူ့ခန္ဓာကိုယ်ကလည်းတူသည်။ မှဲ့နီလေး၏တည်နေရာကတောင် တစ်ထပ်တည်းဖြစ်ပြီး ကောတစ်ယောက်၏ မျိုးအောင်သော လက္ခဏာကင်းမဲ့နေတာ တစ်ခုပဲကွာသည်။ သို့သော် ခြုံကြည့်ရင် သူက တူညီသောလူတစ်ဦးဖြစ်နေသေး၍ အရမ်းမဆိုးပေ။
သူက သဘက်ကိုယူကာ အအေးမမိစေရန် ပခုံးပေါ်တင်လိုက်သည်။
သို့သော် သူအအေးမိမှာမဟုတ်၊ အခန်းအပူချိန်က သတ်မှတ်ထားသော အပူချိန်တစ်ခုမှာ အမြဲထိန်းသိမ်းထားသည်။
သူက နောက်ဆုံးတော့ ရေပူစမ်းရှိ ရေစိမ်ခြင်း၏ပျော်ရွှင်မှုကို ခံစားနိုင်ခဲ့ပြီ။
ရှန်းယုဟန်၏ပျော်ရွှင်မှုနဲ့ယှဥ်ရင် ရှန်ချီဟွမ်းက ယခုချိန်မှာ မပျော်မရွှင်ဖြစ်နေသည်။
သူက မူလက တင်းချွမ်၊လျှိုထန်၊ တခြားသူများနဲ့ ဖဲကစားနေပေမယ့် သူ့နေရာကို ဘယ်သူက ထုတ်ဖော်ခဲ့လဲမသိ…. ထိပ်တန်းကျောင်းသားဆိုသည့် တစ်ယောက်က လျှိုထန့်သူငယ်ချင်းတစ်ယောက်၏ နောက်ကနေ ရေပူစမ်းကိုလိုက်လာခဲ့ပြီး သူ့ဘေးမှာထိုင်နေသည်။
သူက မပြတ်မသား သူတို့ဖဲကစားတာကို ကြည့်နေသည်။
သူတို့က Texas Hold’em poker ကိုကစားနေပြီး စုစုပေါင်း ကစားနေသောလူများစွာရှိသည်။ ရှန်ချီဟွမ်း၊ လျှိုထန်နှင့် တခြားသူများကို ရေတွက်ရင် ငါးယောက်ရှိပြီး ကျန်နှစ်ယောက်က လျှိုထန်၏သူငယ်ချင်းများဖြစ်သည်။
သူတို့ထဲက တစ်ယောက်က ထိပ်တန်းကျောင်းသားကိုခေါ်လာပြီး ထိုကောင်လေးက ခေါင်းမာပြီး လျှိုထန် ဂရုကိုပို့ခဲ့သောစာကို မမြင်ခဲ့သလို ဟန်ဆောင်နေသည်။
ရှန်ချီဟွမ်းက ထိုထိပ်တန်းကျောင်းသားကို ငြင်းခဲ့ဖူးတာ သူမသိခဲ့ပုံရပြီး သူက သူ့ကိုယ်သူ ဟာသဉာဏ်ရှိတယ်လို့ထင်နေသည်။ “ဥက္ကဋ္ဌရှန်း၊ ကျွန်တော်တို့ ရှောင်ကောင်းက J တက္ကသိုလ်က ထိပ်တန်းကျောင်းသားပါ၊ သူက မကြာခင်ဘွဲ့ရတော့မှာ၊ ဟုတ်တယ်မလား…ရှောင်ကောင်း”
ရှောင်ကောင်းက ဒီနေ့မိတ်ကပ်ပါးပါးလိမ်းထားပြီး eyelinerကို အလေးပေးကာ အနီရောင်ဖျော့ဖျော့က စွဲမက်ဖွယ်ကောင်းသောပုံစံကို ဖြစ်ပေါ်စေပြီး သူက အပြုံးလေးနဲ့ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ကျွန်တော်က နောက်နှစ်ဒုတိယနှစ်ဝက်မှာ ဘွဲ့ရတော့မှာမို့ အလုပ်ရှာဖို့ အချိန်ကျလာပြီ။”
ရှန်ချီဟွမ်းက ဖဲချပ်များကို အမူအရာမဲ့စွာကြည့်လိုက်ပြီး ဘေးကသံယောင်လိုက်နေသော လူနှစ်ယောက်ကို လျစ်လျူရှုလိုက်သည်။ ဒီတစ်ပွဲပြီးရင် ကစားတာရပ်ဖို့ဆုံးဖြတ်လိုက်ပြီး သူ့နေရာကို တခြားသူအား ပေးကာ လျှိုထန်ကိုပြောလိုက်သည်။ “မင်းတို့ကစားနှင့်၊ ငါအခန်းပြန်လိုက်ဦးမယ်၊ ငါတို့ကို ညစာစားဖို့ခေါ်လိုက်။”
လျှိုထန်က သက်ပြင်းချလိုက်သည်။ “အိုကေ၊ မင်းသွားတော့၊ ငါတို့ခဏကစားပြီးရင် ရေပူစမ်းကိုသွားမှာ။”
ရေပူစမ်းကကိစ္စအသေးလေးဖြစ်ပြီး အဓိကရည်ရွယ်ချက်က သူငယ်ချင်းတွေကြားက ဆက်ဆံရေးခိုင်မာဖို့ဖြစ်ပေမယ့် ယခုတော့ တစ်ယောက်က သတိလက်လွတ်ဖြစ်ရင် သူငယ်ချင်းတွေကို ဆုံးရှုံးရနိုင်သည်။
ရှန်ချီဟွမ်းက ထွက်သွားတော့မှာကိုတွေ့တော့ ရှောင်ကောင်းက စိုးရိမ်တကြီးမေးလိုက်သည်။ “ဥက္ကဋ္ဌရှန်က အခု ရေပူစမ်းကိုသွားမှာလား?”
ရှန်ချီဟွမ်းက မတုံ့ပြန်ချင်ပေမယ့် သူက လှည့်ဖြားရတာမကြိုက်ပေ။ “ဟုတ်တယ်၊ ပြန်ပြီး ငါ့ဇနီးနဲ့ ရေပူစမ်းမှာ ရေစိမ်မလို့။”
သူပြောပြီးသည်နှင့် သူ့ဖုန်းကိုယူကာ ထွက်လာခဲ့ပြီး ရှောင်ကောင်းက အရှက်ရစွာ ထိုင်နေခဲ့သည်။
ရှန်ချီဟွမ်းက ပြန်ပြီး ရှန်းယုဟန်နဲ့ ရေစိမ်ဖို့ ရည်ရွယ်ထားပေမယ့် သူက သူ့ကိုအရင်နှိုးရဦးမည်။
သူအခန်းထဲရောက်တော့ ကုတင်ပေါ်မှ ဘယ်သူမှရှိမနေပဲ အဝတ်အစားတစ်စုံသာရှိသည်။
ရှန်ချီဟွမ်းက ဖုန်းကိုချကာ အတွေးတစ်ခုက သူ့နှလုံးသားထဲမှာ လှုပ်လှုပ်ရွရွဖြစ်လာသည်။
မျက်လုံးထဲက မျှော်လင့်နေသောအကြည့်တစ်စုံနှင့် ရှန်ချီဟွမ်းက လက်သီးဆုပ်ထားသည်။ “ရှန်းယုဟန်၊ မင်းအဲ့မှာရှိလား?”
ရှန်းယုဟန်၏ အသံတိုးတိုးက ရေပူစမ်းအခန်းထဲမှ ထွက်လာခဲ့သည်။ “ရှိတယ်၊ ကျွန်တော်အထဲမှာ၊ ယောကျာ်း၊ အထဲမြန်မြန်ဝင်ခဲ့…”
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ နူးညံ့သောအသံကိုနားထောင်ပြီး သူ့စိတ်က ပျံ့လွင့်နေသည်။ ရှန်းယုဟန်က ပုံမှန်ဆိုရင် သူ့ကိုမြှူစွယ်ဖို့ ဒီလိုလုပ်ပြီး တမင်တကာ ကလူကမြူလုပ်လေ့ရှိပေမယ့် အခုသူက ဒီနည်းလမ်းကိုသုံးပြီး နောက်တစ်ကြိမ်လှည့်စားဖို့ ကြိုးစားနေတာကြောင့် ငြင်းရင်မလေးစားရာရောက်ပေမည်။
“အခုလာပြီ။” ရှန်ချီဟွမ်း၏အသံက စတင်တုန်ယင်လာသည်။ ရှန်းယုဟန်က သူ့ကိုတကယ်မြှူစွယ်နေတာဖြစ်လို့ ဒီနေ့မှာ လူသားဆန်တာကို ရပ်လိုက်ပြီး သူ့ဇနီးကိုမကိုက်မိဖို့ အကြောင်းပြချက်မရှိတော့ပေ။
“ယောကျာ်၊ ခင်ဗျား၊ လာနိုင်..မြန်မြန်…ကျွန်တော်…”
ရှန်ချီဟွမ်းက သူ့အဝတ်အစားကိုချွတ်နေပေမယ့် ကြယ်သီးဖြုတ်နေစဥ် လက်ကတုန်ရီနေပြီး သူ့လက်ချောင်းများက ရုတ်တရက် သူ့စကားကိုနားမထောင်တော့ချေ။ “လာပြီ၊ လာပြီ၊ ဘာတွေအလျင်လိုနေတာလဲ”
ရှန်းယုဟန်က အမြဲအလျင်လိုနေပြီး အချိန်တိုင်းမှာ သူ့ထက်တောင် စိတ်လှုပ်ရှားနေသည်။
ရှန်ချီဟွမ်းက ပိုစိုးရိမ်လေ သူ့လှုပ်ရှားမှုက ပိုနှေးလာလေဖြစ်ပြီး သူက အဝတ်အစားချွတ်နေစဥ် ပုံမှန်ထက်နှေးနေသည်။ သူက သက်ပြင်းချလိုက်ပြီး သူ့ကိုယ်သူ မစိုးရိမ်ဖို့ပြောကာ ဒီနေ့က နောက်ဆုံးတော့ နောက်လာတော့မည်။
သူက တကယ်ကိုအကြံအစည်ရှိပြီး သူက ဒီကိုလာတုန်းက အကျပ်ဆုံး ရေကူးဘောင်းဘီကိုယူလာပြီး သူဝတ်လိုက်တာနဲ့ သူ၏ယောကျာ်းပီသမှုကို ကြွားသလိုဖြစ်ကာ ရှန်းယုဟန်က သည်းခံနိုင်ပါ့မလား သူမသိပေ။
စိတ်ကူးယဥ်ဆန်သော အတွေးများပြည့်နေစဥ် ရှန်ချီဟွမ်းက ရေပူစမ်းအခန်းထဲမဝင်ခင် မှန်ကြည့်ကာ ဆံပင်သပ်လိုက်သည်။
သူ့ကိုနှုတ်ဆက်နေတာက ရေငွေ့ဖြစ်ပြီး အရမ်းမများပေမယ့် ရှန်းယုဟန်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။
ရှန်းယုဟန်က ရေကန်အစွန်းမှာ မှီနေပြီး ဖြူဖွေးနေသော သူ့ခန္ဓာကိုယ်က ပန်းရောင်ပြောင်းနေကာ ရေပူစမ်းရေကြောင့် နုဖက်နေပြီး သူ့ပါးပြင်ကလည်း နီမြန်းနေသည်။ သူက ဝင်လာသောရှန်ချီဟွမ်းကိုကြည့်ဖို့ မျက်ခွံကိုမော့လိုက်ပြီး ထိုသည်မှာ နွေဦးရနံ့နှင့် ရေချိုးနေသော အလှလေးတစ်ယောက်၏ ပုံရိပ်ကို ကွက်ကွက်ကွင်းကွင်း မြင်ရစေသည်။
ထိုအချိန်မှာ ရှန်းယုဟန်က အားနည်းပြီး အားအင်မရှိသလို ရေကန်အစွန်းမှာ လဲလျောင်းနေကာ ပြောလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်ခေါင်းမူးပြီး မသက်မသာဖြစ်နေတယ်။”
ရှန်ချီဟွမ်းက သူ့အသံကိုကြားလိုက်ရစဥ် တစ်ခုခုမှားနေတယ်ဆိုတာသိလိုက်သည်။ သူ့မျက်လုံးက သူ့ကိုမြူစွယ်နေစဥ် တောက်ပနေလေ့ရှိပေမယ့် ယခုအချိန်မှာ သူက အသက်ရှူရခက်နေသလိုဖြစ်နေသည်။ “မင်းဘာဖြစ်နေတာလဲ?”
သူ့စိတ်က တဆတ်ဆတ်တုန်ခါပြီး အသိတစ်ခုဝင်လာသည်!
ရှန်ချီဟွမ်း၏စိတ်ထဲက ရှုပ်ထွေးသောအတွေးများက သဲလွန်စမရှိပျောက်ကွယ်သွားသည်။ သူက ရေကန်ထဲကို ချက်ချင်းခုန်ချလိုက်ပြီး ရှန်းယုဟန်ကို ရေထဲမှမချိီလိုက်သည်။ သူ့အသံက ပျော့ပျောင်းနေရုံမကပဲ သူ့ခန္ဓာကိုယ်ကပါ ပျော့ပျောင်းအားနည်းနေသည်။
ရှန်းယုဟန်က သူ့ကိုမြှူစွယ်နေတာမဟုတ်ပဲ ရေပူစမ်းမှာ အကြာကြီးစိမ်မိလို့ မေ့မျောမတတ်ဖြစ်နေတာပင်!
အခုချိန်မှာ ရှန်းယုဟန်က မူးဝေနေပြီး သူ့တစ်ကိုယ်လုံးက အားမရှိပေ။ သူ့ခင်ပွန်းသာ ပြန်လာတာနောက်ကျရင် သူကရေနစ်နေလောက်ပြီ။
“မင်းရေစိမ်တာဘယ်လောက်ကြာပြီလဲ?” ရှန်ချီဟွမ်းက သူ့ကိုကမန်းကတန်းမကာ ရေပူစမ်းနဲ့ဝေးရာကိုသယ်သွားပြီး သူ့လေသံက စိုးရိမ်စိတ်ကြောင့် ခက်ထန်နေသည်။ “ရေပူစမ်းထဲမှာ အကြာကြီးနေလို့မရဘူးဆိုတာ မင်းမသိဘူးလား?”
သူက ရှန်းယုဟန်ကို ကုတင်ပေါ်မတင်ခင် ရေခြောက်အောင် သုတ်ပေးလိုက်သည်။
သူက ဘာကိုမှဂရုမစိုက်နိုင်သလို ချောမွေ့သောအသားအရေနှင့် လှပသောရှုခင်းကို မမှတ်မိနိုင်လောက်တဲ့ထိ သေလောက်အောင် ကြောက်လန့်နေခဲ့သည်!
ရှန်ချီဟွမ်းက သူ့ကိုမေးလိုက်သည်။ “မင်းရဲ့ ရေကူးဘောင်းဘီကို ချွတ်ချင်လား?”
သူ့ကိုမှီနေသော ရှန်းယုဟန်က ဘယ်လိုချွတ်နိုင်မှာလဲ၊ သူက သူ့ကိုတုံ့ပြန်ဖို့အားတောင်မရှိပဲ နှစ်ကြိမ်ညည်းတွားလိုက်သည်။ သူချွတ်ချင်သည်ဖြစ်စေ မချွတ်ချင်သည်ဖြစ်စေ ရှန်ချီဟွမ်းက ကိုယ်တိုင်ဆုံးဖြတ်ပြီး သူ့ကိုချွတ်ဖို့ကူညီပေးခဲ့သည်။
မျက်လုံးကိုဖမ်းစားသွားတာက ချောမွေ့ပြီး ဖြူဖွေးသောပေါင်တံများဖြစ်သည်။
သူက လက်ရှိအချိန်မှာ ထိုအကြောင်းမတွေးဖို့ သူ့ကိုယ်သူသတိပေးလိုက်သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ခန္ဓာကိုယ်ကိုသုတ်ကာ ကုတင်ပေါ်မှာ ချပေးလိုက်သည်။ “မင်းဘာလို့အဲ့လောက်တုံးတာလဲ၊ ရေစိမ်တာကြာရင် မေ့သွားနိုင်တာသိလား၊ အခုဘယ်လိုနေလဲ၊ အသက်ရှူရလွယ်လာပြီလား?”
ရှန်းယုဟန်က ညည်းလိုက်ပြီး သူ့မျက်လုံးကိုပိတ်ကာ စကားမပြောနိုင်ပဲ မူးဝေနေပြီး မသက်မသာဖြစ်နေသည်။
ရှန်ချီဟွမ်းက သူ့အတွက် ရေနွေးတစ်ခွက်ထည့်ပေးခဲ့ပြီး ဆယ်မိနစ်အနားယူပြီးနောက် ရှန်းယုဟန်က ပိုသက်သာလာပြီး မူးဝေနေတာ လျော့သွားသဖြင့် မျက်လုံးကိုဖွင့်လိုက်သည်။
သူ့မျက်လုံးက မှုန်ဝါးနေကာ အတွင်းခံအကျပ်တစ်ထည်သာ ဝတ်ထားသောရှန်ချီဟွမ်းကိုတွေ့လိုက်ရပြီး လွှတ်ခနဲပြောလိုက်သည်။ “ယောကျာ်း၊ ဘာလို့အဝတ်အစားချွတ်ထားတာလဲ? မအေးဘူးလား?
ရှန်ချီဟွမ်းက အေးစက်နေသော သူ့လက်မောင်းကိုပွတ်ကာ သူ၏စိတ်ကူးယဥ်အတွေးများကို ဖုံးကွယ်ရန် မျက်နှာကို တည်ထားလိုက်သည်။ “မအေးပါဘူး။”