Chapter 44.2
Viewers 1k

Chapter 44.2


“ရောင်စုံလိပ်ပြာ”


ရှန်ချီဟွမ်းက စိတ်ကူးယဥ်အတွေးများမှာ ထပ်မံလွင့်ပျံသွားပေမယ့် သူက ရှန်းယုဟန်အတွက် Alipay မှတ်ပုံတင်ပေးနေပြီး အကောင့်က ငွေလက်ခံလို့ရပြီဟု အတည်ပြုပြီး​နောက် သူက ဂရုထဲမှာတိုက်ရိုက်ပို့လိုက်သည်။



တင်…တင်…တင် ငါးကြိမ်မြည်ပြီး ရှန်းယုဟန်က သူ့ Alipay အကောင့်မှာ ငွေအများကြီးရခဲ့ပြီး သူကလည်း နောက်ဆုံးလက်ရေးလှကို ရေးနေဆဲဖြစ်သည်။



သူရေးလို့ပြီးသွားစဥ် ရှန်ချီဟွမ်းက သူ့ကိုပြောလာသည်။ “မင်း မုန့်ဖိုးအများကြီးရှာနိုင်ခဲ့တာပဲ။”


ရှန်းယုဟန်က ယခုဆိုရင် ဆယ်သန်းထိရေတွက်နိုင်ပေမယ့် သင်္ချာကိုတော့ စနစ်တကျမသင်ယူခဲ့သဖြင့် ဂဏန်းအများကြီးကို အာရုံမစိုက်နိုင်သော်လည်း Alipay ဆော့ဖ်ဝဲအသစ်ကို နှိပ်ပြီးသောအခါ 1 အနောက်မှာ ဇီးရိုးများစွာရှိနေခဲ့သည်။


ကောင်းတယ်၊ သူပိုက်ဆံရခဲ့ပြီ၊ ယင်းမှာ သူ့ခင်ပွန်းပေးသော မုန့်ဖိုးထက်နည်းသော်လည်း ဘာမှမရတာထက်ပိုကောင်းသည်။ ပိုက်ဆံပိုရှိတာက သူ့ကိုလုံခြုံမှုပေးသည်။


လက်​ရေးလှငါးချပ်ကို အခြောက်ခံပြီးနောက် ရှန်ချီဟွမ်း၏ သူငယ်ချင်းများက ရေပူစမ်းမှာ ရေစိမ်လို့ပြီးသွားပြီး အားလုံးက ရေချိုးသဘက်ကို ဝတ်ထားကာ ရှန်းယုဟန်ဆီက လက်ရေးလှကိုရဖို့ တန်းစီနေကြသည်။ ရှန်းယုဟန်က သူတို့ချီးကျူးတာကို ခံခဲ့ရပြီး စိတ်ရင်လားတော့မသိပေမယ့် လူတိုင်းပျော်နေလို့သူကျေနပ်သည်။ ဒါကြောင့် ရှန်ချီဟွမ်းက သူ့ကို အခန်းပြန်ပို့ပေးခဲ့ပြီး သူကတော့ တင်းချွမ်နှင့် တခြားသူများနှင့်အတူ သောက်ဖို့ထွက်သွားခဲ့သည်။


သူတို့ထွက်သွားပြီးနောက် လျှိုထန်က တင်းချွမ်ကိုမေးလိုက်သည်။ “သူတို့ဒီလိုမျိုး ဘယ်ချိန်ထိနေနိုင်မယ်လို့ထင်လဲ?”


တင်းချွမ်က ခေါင်းခါကာပြောလိုက်သည်။ “ချစ်ခြင်းမေတ္တာရဲ့ အချိန်ကာလကို ကျော်ဖြတ်ပြီးရင် အနာဂတ်မှာ နည်းနည်းငြိမ်သက်လာလိမ့်မယ်။”



လျှိုထန်က စိုးရိမ်မှုတချို့ဖြင့်ပြောလိုက်သည်။ “ငါကဒီတိုင်းစိတ်ပူနေရုံပါ၊ လောင်ရှန်ချစ်မိသွားတာ မြန်နေတယ်မထင်ဘူးလား၊ ရှန်းယုဟန်မှာ ပြစ်မှုမှတ်တမ်းရှိတယ်။”


တင်းချွမ်က သူ့ပခုံးကို ပုတ်ပေးလိုက်သည်။ “စိတ်မပူနဲ့၊ လောင်ရှန်က ကလေးမဟုတ်ဘူး၊ သူက အရွယ်ရောက်ပြီးသား”

လျှိုထန်က ပြုံးကာ​ပြောလိုက်သည်။ “မှန်တယ်။”


နောက်တစ်ရက်တွင်။


ရှန်းယုဟန်က ရှန်ချီဟွမ်း ညက ဘယ်အချိန်ပြန်လာလဲမသိခဲ့ပေမယ့် သူ အချိန်ကိုစစ်ကြည့်ခဲ့တာကို ယောင်ဝါးဝါးသတိရသွားပြီး ယင်းမှာ အတော်လေးနောက်ကျနေပြီဖြစ်သည်။


သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး ရှန်းယုဟန်နိုးလာသောအခါ သူ့လှုပ်ရှားမှုအများစုက သူ့ကိုမနှိုးနိုင်ခဲ့ပေ။

အားလပ်ရက်ခရီးထွက်တာဖြစ်လို့ အလွန်အကျွံအိပ်မိမှာကို စိုးရိမ်စရာမလိုပေ။

 

ရှန်းယုဟန်က သူဘယ်လောက်အိပ်မှာလဲ မသိတာကြောင့် အစားအသောက်ရှာရန် တစ်ယောက်တည်းထွက်သွားခဲ့သည်။



သူက ထမင်းစားခန်းသို့ သွားရာလမ်းကိုမှတ်မိသည်။


ရေပူစမ်းဗီလာက မနက်ခင်းမှာ ငြိမ်သက်နေပြီး မနေ့ညက စိတ်လှုပ်ရှားမှု အရိပ်အယောင်ကို မတွေ့ရပေ။


ထိုအချိန်တွင် ထမင်းစားခန်းကဖွင့်ထားပြီး ကိုယ်တိုင်ဝန်ဆောင်မှုစနစ်ဖြစ်သည်။ ရှန်းယုဟန်က ပန်းကန်ပြားကိုယူကာ သူကြိုက်သည့် အစားအစာအချို့ကို ထည့်လိုက်ပြီး သူက အားလုံးကို မြည်းချင်ပေမယ့် သူ့ခင်ပွန်းက ဒီမှာမရှိတာကြောင့် အစားအသောက်မပြုန်းတီးစေရန် ပမာဏသေးသေးလေးသာ ယူလိုက်သည်။


အပြင်ဘက်က နှင်းကျတာရပ်သွားသည်။


ရေပူစမ်းဗီလာ၏ နေရာအနှံ့မှာ လမ်းဆိုင်းဘုတ်များ ရှိနေပြီး ပျောက်သွားမှာကို စိုးရိမ်စရာမလိုပေ။ သူက ဖုန်းယူလာသဖြင့် အပြန်လမ်းကိုရှာမတွေ့ရင် ရှန်ချီဟွမ်းကို ခေါ်လို့ရသည်။


အတွင်းအပြင်မှာ လူအနည်းငယ်သာ ရှိပြီး ရှန်းယုဟန်က လွတ်လပ်ပြီး သက်တောင့်သက်သာဖြစ်သလို ခံစားရသည်။ လူအများကြီးရှိရင် သူနေရခက်သည်။


သူက အပြင်ထွက်ပြီး အပြင်ဘက်က နှင်းတွေကိုကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက ဖြည့်စွက်စာစားပြီးတာကြောင့် လမ်းလျှောက်ဖို့လိုသည်။


ဗီလာဂိတ်မှဆင်းလာစဥ် တောင်အောက်ကို လမ်းလျှောက်သွားနေသော မိန်းကလေးသုံးယောက်ကို တွေ့လိုက်ရသည်။


မိန်းကလေးထဲကတစ်ယောက်က သူ့ကိုမြင်တော့ အာမေဋိတ်ပြုသည်။ “ရှန်းယုဟန်?”


ရှန်းယုဟန်က အသံလာရာကိုကြည့်ပြီး သူ့ကိုခေါ်ခဲ့သည့် မိန်းကလေးကို မှတ်မိသွားသည်။ “လင်းမုန့်၊ မင်းဒီကိုရောက်နေတယ်?”



သူက လူအများကြီးကိုမသိပေမယ့် သူတို့က မှတ်မိဖို့တော့လွယ်သည်။ မိန်းကလေးက အရင်က လက်ရေးလှသင်တန်းကဖြစ်ပြီး သူ့ကိုဖုန်းသုံးနည်းသင်ပေးခဲ့သည်။ သူမက သူ့အတန်းဖော်လို့ ခေါ်ဆိုလို့ရတာကြောင့် သူက သေချာပေါက်မှတ်မိသည်။


လူချောလေး၏ မှတ်မိတာကိုခံရခြင်းက သူမသူငယ်ချင်းများကြားမှာ မျက်နှာသာပေးခြင်းခံရတာနဲ့တူသည်။


လင်းမုန့်က ရှန်းယုဟန်ကြောင့် ပိုပြီးစိတ်အားထက်သန်လာသည်။ “ငါတို့က ဒီမှာ ရေပူစမ်းစိမ်ဖို့လာတာ။”


ရှန်းယုဟန်က သူ့မမှာ အလုပ်မရှိတာကို မှတ်မိသွားသည်။ “မင်းကျောင်းတက်နေတာမလား?”


“ငါတို့မေဂျာက ပုံမှန်အားဖြင့် လွတ်လပ်တယ်။ နင်ရော ရေပူစမ်းစိမ်ဖို့ လာခဲ့တာလား?” သူမက သူထွက်လာသည့် ရေပူစမ်းဗီလာကိုကြည့်ကာ ထိုနေရာကို လူတစ်ယောက်က စင်းလုံးငှားထားပြီး ပေါ့ပေါ့တန်တန် ဝင်လို့မရဘူးလို့ ကြားခဲ့သည်။


“ဟုတ်တယ်၊ မင်းဘယ်သွားနေတာလဲ?” ရှန်းယုဟန်က သူခေါင်းမူးနေသောအချိန်ကို ပြန်သတိရသွားပြီး ရှက်သွားတာကြောင့် ထပ်မပြောချင်တော့ပေ။


“ငါတို့က ဓာတ်ပုံရိုက်ဖို့သွားမှာ၊ အဲ့ဒီမှာ ရှုခင်းကြည့် ကုန်းပတ်ရှိတယ်၊ ငါတို့နဲ့အတူလိုက်ချင်လား?”


“ဝေးလား?”


“မဝေးဘူး၊ မီတာနှစ်ရာလောက်ပဲ။”


ရှန်းယုဟန်က ရှန်ချီဟွမ်း မနိုးသေးတာကြောင့် သဘောတူလိုက်သည်။


လင်းမုန့်က သူ့ကို သူမသူငယ်ချင်းများနဲ့ မိတ်ဆက်ပေးပြီး တစ်ယောက်က အရပ်ရှည်ကာ ​အေးစက်ပြီး ပြုံးရတာသိပ်မကြိုက်ပေ။ နောက်တစ်ယောက်က ချိုမြိန်ပြီး ချစ်ဖို့ကောင်းကာ အသံလေးကချိုမြိန်ပေမယ့် သူမအကျင့်စရိုက်က သူမအသံနှင့် ကွာခြားပြီး ယောကျာ်းတစ်ယောက်နှင့်တူသည်။


ဒီကမ္ဘာကိုရောက်လာခဲ့သောရှန်းယုဟန်က ရှန်ချီဟွမ်းကလွဲရင် တခြားသူများနှင့် ပထမဆုံးအကြိမ် ကစားဖူးတာဖြစ်သည်။


သူတို့က ဓာတ်ပုံရိုက်ဖို့ ရှုခင်းကြည့်ကုန်းပတ််ကိုသွားခဲ့ပြီး လင်းမုန့်ကလည်း သူနဲ့အတူပုံရိုက်ခဲ့ကာ သူတို့နှစ်ယောက်က ဝီချက်အက်ဒ်ပြီးနောက် သူတို့က သူ့ကိုပုံတွေပို့ပေးမယ်လို့ ပြောလာသည်။


မိန်းကလေးသုံးယောက်၏ အကျင့်စရိုက်ကမဆိုးသလို ရှန်းယုဟန်၏ စိတ်နေသဘောထားက မာနမကြီးပဲ ရိုးရှင်းတာကြောင့် သူက သူတို့နဲ့ အမြန်ပေါင်းသင်းနိုင်သွားသည်။


ဓာတ်ပုံအတူရိုက်ပြီးနောက် သူတို့က ဒေသခံရွာသားများဖွင့်ထားသော မနက်စာဆိုင်မှာထိုင်ပြီး လက်ဖက်ရည်ပူပူကိုသောက်ကာ မီးကြောင့်နွေးနေ​ပြီး ဒေသထွက်အထူးမီနူးဖြစ်သည့် အမဲသားခေါက်ဆွဲကိုစားနေသည်။ သို့သော် ရှန်းယုဟန်က မနက်စာစားပြီးသွားသဖြင့် မစားတော့ပဲ လက်ဖက်ရည်သောက်နေပြီး သူတို့သုံးယောက်စားတာကိုကြည့်ရင်း စကားပြောနေသည်။


နည်းနည်းရင်းနှီးလာပြီးနောက် လင်းမုန့်က သူ့ကို လက်ရေးလှနှင့် ပန်းချီသင်တန်းအကြောင်း ပြောပြခဲ့သည်။ “နင်သိလား၊ နင့်ကိစ္စထွက်ပေါ်လာပြီး​နောက်ပိုင်း ငါတို့အတန်းဆက်မတက်ဖြစ်တော့ဘူး။ လူအများစုကလည်း သူတို့ပန်းချီကားတွေ ပျောက်သွားခဲ့တဲ့ အကြောင်းအရင်းကိုရှာတွေ့ခဲ့ပြီး သင်တန်းကျောင်းက အဲ့ကိစ္စဖြေရှင်းဖို့ သင်တန်းမှတ်ပုံတင်ကြေး တစ်စိတ်တစ်ပိုင်းကို ပြန်အမ်းပေးခဲ့ရတယ်။”

“ကောင်းတာပေါ့။” ရှန်းယုဟန်က လက်ရေးလှနဲ့ ပန်းချီသင်တန်းအကြောင်း သိပ်မသိပေ။ “ဒါဆို အခု သင်တန်းဘယ်မှာတက်နေလဲ?”

“ငါမတက်ဖြစ်သေးဘူး။ အရင်ကတော့ အသုံးဝင်တာ တစ်ခုခုရှာချင်ခဲ့တယ်။ နင်ငါ့ကိုလမ်းညွှန်ပြီးနောက်မှာ ဒါငါ့အတွက် အသုံးမဝင်ဘူးဆိုတာကိုသိခဲ့တယ်။ အဲ့ဒါနဲ့ ဆက်မသွားဖြစ်တော့တာ။” လင်းမုန့်က ရုတ်တရက် စိတ်လှုပ်ရှားလာသည်။ “(နွေဦးစတင်ချိန်) ကလည်း နင့်ရဲ့လက်ရာအသစ်မလား?”


“ဟုတ်တယ်။” သူက လက်ကိုအနွေးပေးဖို့ မီးလင်းဖိုပေါ်မှာ တင်လိုက်ပြီး မီးရောင်က သူ့မျက်နှာကို လင်းထိန်သွားစေသည်။


ချိုမြန်သောမျက်နှာနှင့်မိန်းကလေးက မေးလာသည်။ “ဒါဆို နင်နဲ့ ထန့်ရှန်ဂရုရဲ့ ရှန်ချီဟွမ်းကြားက ဆက်ဆံရေးကဘာလဲ?”



ထိုအရာကိုကြားတော့ ရှန်းယုဟန်၏ မျက်နှာက ပူနွေးလာသည်။ “ငါတို့က လက်ထပ်ထားတာ နှစ်လရှိပြီ”


သူတို့သုံးယောက်က အံ့သြသွားကြသည်။


မိန်းကလေးသုံးယောက်က ရှန်းယုဟန် ငယ်ငယ်လေးနဲ့ အိမ်ထောင်ပြုခဲ့တာကို အံ့သြနေပြီး ရှန်ချီဟွမ်းက နောက်ဆုံးမှာ အိပ်ရာနိုးလာခဲ့သည်။

ရုပ်ပိုင်းဆိုင်ရာပြဿနာများကို ဖြေရှင်းပြီးနောက် သူက အချိန်ကို​ကြည့်တော့ မနက်၉နာရီခွဲကိုတွေ့သွားသည်။ မနက်စာသွားစားတာလား?


သူဆေးကြောပြီး​နောက် ပိုပြီးနိုးကြားလာပြီး သူက ရှန်းယုဟန်ကို ခေါ်ပေမယ့် အဖြေမရခဲ့ပေ။


ရှန်ချီဟွမ်းက နှစ်ကြိမ်ထပ်ခေါ်လိုက်တော့ ဖုန်းကပိတ်သွားခဲ့သည်။


ထိုအချိန်မှာ သူက စတင်စိတ်ပူလာပြီး ရှန်းယုဟန် ဘယ်သွားလဲနှင့် သူ့ဖုန်းကို ဘာလို့ပိတ်ထားတာလဲ စဥ်းစားနေသည်။ 


သူက အခန်းထဲကထွက်ပြီး ရှန်းယုဟန်ကိုရှာဖို့ ထမင်းစားခန်းကိုသွားပြီး​နောက် ကောင်တာကိုသွားကာ အသားဖြူဖြူကောင်လေးတစ်ယောက်ကို တွေ့မိလားမေးကြည့်တော့ ကောင်တာက မတွေ့ခဲ့ဘူးလို့ပြောခဲ့သည်။


သူက အောက်ထပ်မှာ မနက်စာစားနေသော တင်းချွမ်နှင့် သူ့ဇနီးကိုလည်းတွေ့ခဲ့သည်။


ရှန်ချီဟွမ်းက မစိုးရိမ်ပဲ မနေနိုင်တော့ပေ။ “မင်း ရှန်းယုဟန်ကို တွေ့မိသေးလား?”


လင်မယားနှစ်ယောက်လုံးက ခေါင်းခါပြပြီး တင်းချွမ်က သူ့ကိုမေးလိုက်သည်။ “ဘာဖြစ်လို့လဲ?”


ရှန်ချီဟွမ်းက မျက်ခုံးပင့်ကာပြောလိုက်သည်။ “သူ့ဖုန်းက ပိတ်ထားလို့ သူဘယ်သွားလဲမသိဘူး။”

တင်းချွမ်က သူ့ကိုနှစ်သိမ့်လိုက်သည်။ “လမ်းလျှောက်ထွက်တာဖြစ်လောက်တယ်။ အပြင်ကရှုခင်းကလည်းကောင်းတော့ စိတ်မပူပါနဲ့။”


ရှန်ချီဟွမ်းက သူက စိုးရိမ်မှုလွန်ကဲနေမှန်းသိသည်။ ရှန်းယုဟန်က ကလေးမဟုတ် အရွယ်ရောက်နေပြီဖြစ်သည်။


တင်းချွမ်၏ဇနီးက ဂိတ်အပြင်မှာရပ်နေသော အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးသုံးယောက်ကို လက်ညိုးထိုးပြလိုက်သည်။ “အဲ့ဒါယုဟန်မလား?”



ရှန်ချီဟွမ်းက ချက်ချင်းလှည့်ကြည့်ကာ လေဖောင်းဂျာကင်အသစ်ဝတ်ထားသော ရှန်းယုဟန်ကို တွေ့လိုက်ရသည်။ 


သူ့မျက်နှာက တင်းမာသွားသည်။ ရှန်းယုဟန်က မိန်းကလေးသုံးယောက်ဘေးမှာ ဘာလို့ အဲ့လောက်ထိ ဝမ်းသာအားရပြုံးနေတာလဲ၊ ပန်းပွင့်တွေကြားက ရောင်စုံလိပ်ပြာကျနေတာပဲ!

ရှန်ချီဟွမ်းက သူ့ကိုခေါ်ဖို့ ချက်ချင်းအပြင်ထွက်သွားပြီး ရှန်းယုဟန်က သူ့အသံကိုကြားလိုက်ရစဥ် လှည့်ကြည့်လာသည်။ ထို့နောက် သူက မိန်းကလေးသုံးယောက်ကို လက်ပြနှုတ်ဆက်ပြီး ရှန်ချီဟွမ်းဆီပြေးလာသည်။


သူ့မျက်ခုံးကြားမှာ အပြုံးတစ်ခုရှိပြီး အနည်းငယ်တောက်ပနေသည်။ ထိုသည်မှာ ရှန်ချီဟွမ်း တစ်ခါမှမမြင်ဖူးသောအရာဖြစ်သည်။


သူက ပြေးလာပြီး ရှန်ချီဟွမ်း၏လက်မောင်းကို ဖက်လိုက်သည်။ “ခင်ဗျားနိုးပြီလား?”


“အင်း” ရှန်ချီဟွမ်းက သူ့အပြုံးကြောင့် ဆွဲဆောင်ခံလိုက်ရပြီး “မနက်အစောကြီး ဘယ်ကိုသွားနေတာလဲ၊ ဖုန်းလည်းမဖွင့်ထားဘူး။” ရှန်းယုဟန်က သူ့ဖုန်းကိုဆွဲထုတ်ကာ ပိတ်နေတာကိုတွေ့လိုက်ရသည်။ “အားကုန်သွားတာ။” သူက ပြန်မော့ကြည့်ကာ သူ့ခင်ပွန်းမျက်နှာပျက်နေတာကို တွေ့လိုက်ရသည်။ “ခင်ဗျားဘာလို့ မပျော်မရွှင်ဖြစ်နေတာလဲ?”


“မဟုတ်ဘူး။” ရှန်ချီဟွမ်းက ရှန်းယုဟန် မိန်းကလေးတွေကို ကြိုက်လောက်တယ်ဟု ခဏလောက်တွေးမိသွားတာကို ဘယ်တော့မှဝန်ခံမှာမဟုတ်။


“ကြည့်၊ ခင်ဗျားမျက်ခုံးတွန့်နေတယ်။” ရှန်းယုဟန်က သူ့မျက်နှာကို ဘေးတိုက်ကြည့်လိုက်သည်။



“ပေါက်ကရတွေ၊ ပြန်မယ်၊ အပြင်မှာအေးနေတယ်။” ရှန်ချီဟွမ်းက ဦးဆောင်ကာ ဧည့်ခန်းဆီ လှည့်ထွက်သွားသည်။


ရှန်းယုဟန်က သူ့နောက်ကနေပြောလိုက်သည်။ “ကျွန်တော့်ကိုစောင့်ပါဦး”


ရှန်ချီဟွမ်းက သူ့ခြေလှမ်းများကို နှေးပေးလိုက်တော့ ရှန်းယုဟန်က သူ့ကိုမှီသွားကာ အေးစက်နေသော သူ့လက်ကိုကိုင်လိုက်သည်။


ထို့နောက် ရှန်းယုဟန်က တိုးတိုးလေးပြောလိုက်သည်။ “ယောကျာ်း၊ ခင်ဗျား သဝန်တိုနေတာပဲ။”


ရှန်ချီဟွမ်းက သူ့ကိုတစ်ချက်ကြည့်ကာ တိတ်ဆိတ်နေသည်။


ရှန်းယုဟန်က သူ၏လှပသောမျက်လုံးများကို ခတ်ပြကာ သူ့ကိုတည့်တည့်စိုက်ကြည့်လိုက်သည်။ “ယောကျာ်း”


ရှန်ချီဟွမ်း: “ဘာလဲ?”


ရှန်းယုဟန်က ခေါင်းခါပြသည်။ “စိတ်မဆိုးပါနဲ့”


ရှန်ချီဟွမ်းက ရှုံ့မဲ့ကာ ပြောလိုက်သည်။ “မဆိုးပါဘူး။”


ရှန်းယုဟန်က နူးညံ့သောအသံဖြင့် ပြောလိုက်သည်။ “စိတ်ဆိုးရင် အမြန်အိုစာသွားလိမ့်မယ်၊ ပြုံးပြပါဦး။”


ရှန်ချီဟွမ်းက ပါးစပ်ထောင့်ကို တွန့်ပြလိုက်သည်။ “ဟီး”


ဖြစ်ရပ်တစ်ခုလုံးကို စောင့်ကြည့်နေသည့် တင်းချွမ်နှင့် သူ့ဇနီး “....”