Chapter 45.1
“အကြံကြီးတဲ့လူ”
ရှန်းယုဟန်နှင့် ရှန်ချီဟွမ်း၏ ရေပူစမ်းခရီးက နှစ်ရက်သာကြာသည်။
ရှန်းယုဟန်က ရေပူစမ်းစိမ်တာ အတွေ့မကြုံမရှိသဖြင့် ပထမရက်မှာ သင်ယူပြီးနောက် သူက ဒုတိယနေ့မှာ ကောင်းကောင်းမွန်မွန် ရေစိမ်နိုင်ခဲ့သည်။ သူမသက်မသာဖြစ်လာတာနဲ့ ရေပူစမ်းမှ ချက်ချင်းထွက်ကာ တစ်မိနစ်လေးတောင် ဆက်မနေရဲချေ။
ရှန်ချီဟွမ်းကတော့ သူ့မှာ စွဲမက်စရာကောင်းသော အတွေးများရှိနေသော်ငြား လေထုက အချိန်ကောင်းမဟုတ်သဖြင့် သူက အလျင်မလိုရဲပေ။ ရှန်းယုဟန်က ဒီတစ်ကြိမ်မှာ ရေစိမ်နေစဥ် သေချာထိန်ထားပြီး ဆယ်မိနစ်တစ်ခါ ရေပူစမ်းမှထွက်ကာ အနားယူပြီး ကိုယ့်ကိုယ်ကိုယ် လုံနေအောင်ပတ်ထားလေ့ရှိသည်။ အရေးကြီးဆုံးက ရှန်ချီဟွမ်းကိုယ်တိုင်က သေချာမပြင်ဆင်ရသေးသဖြင့် အချိန်ရောက်လာလို့ သူက ရှန်းယုဟန်ကို နာအောင်လုပ်မိရင် သူလမ်းလျှောက်သည့်အခါ မြင်မကောင်း ရှုမကောင်းဖြစ်လိမ့်မည်။ တခြားသူတွေ မြင်သွားရင်လည်း မကောင်းသလို ပိုးသားလိုပိန်လှီသောမျက်နှာနဲ့ ရှန်းယုဟန်က အရှက်လွန်ပြီး သေလောက်အောင် ဒေါသထွက်လိမ့်မည်။ ဒါကြောင့် လောလောဆယ် သူ့ကိုလွှတ်ပေးထားတာက ပိုကောင်းမည်။
ရှန်းယုဟန်က ခရီးစဥ်ကနေ အများကြီးအကျိုးရှိခဲ့ပြီး လင်းမုန့်က နောက်တစ်ခါအပြင်ထွက်ဖို့ ဝီချက်ကနေမေးခဲ့သည်။ သူက ဤမိန်းကလေးများ၏ အကျင့်စရိုက်ကိုကောင်းတယ်လို့ ထင်တာကြောင့် သူအချိန်ရရင် နောက်တစ်ကြိမ်တွေ့ကြမယ်လို့ ပြောလိုက်သည်။ အဆုံးမှာ သူက သူ့ခင်ပွန်း၏ ခွင့်ပြုချက်ကို ယူရဆဲဖြစ်ပြီး သူက သူတို့နဲ့ ဘယ်လောက်ရင်းနှီးပါစေ သူ့ခင်ပွန်းလောက်တော့ မရင်းနှီးကြပေ။
ရာသီဥတုသာယာနေစဥ် လမ်းပေါ်မှာ နှင်းမရှိတာကြောင့် နောက်နေ့နေ့လည်မှာ သူတို့ထွက်ခွာခဲ့ကြသည်။
သူတို့ စောစောထွက်လာခဲ့ရသည့် အဓိကအကြောင်းရင်းမှာ ရှန်ထျန်းဖုန်း ဆေးရုံတက်နေရခြင်းကို မီဒီယာက ထုတ်ဖော်ခဲ့ပြီး တိုက်ဆိုင်စွာပင် မီဒီယာက ရှန်ချီဟွမ်းတို့အုပ်စု ဆေးရုံကထွက်လာသည့်ပုံကို ရိုက်ခဲ့ပြီး လူတစ်ယောက်ချင်းစီ၏ အပြုအမူမှာ အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုပါရှိနေပြီး ရှန်မိသားစု၏ဆန်းကြယ်မှုက အံ့ဖွယ်ကောင်းသော ခေတ်သစ်နန်းတွင်းဇာတ်လမ်းတွဲအဖြစ် ဖော်ပြခြင်းခံထားရသည်။
ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်ကြားက ဆက်ဆံရေးကိုလည်း လွဲချော်နေတယ်လို့ရေးကာ အပြင်မှာအဆင်ပြေပြီး အတွင်းမှာ ကွဲလွဲနေတယ်လို့ ပြောထားသည်။ အကြောင်းမှာ ဗီဒီယိုထဲတွင် ရှန်းယုဟန်က ရှန်ချီဟွမ်းထက် ခြေတစ်လှမ်းနောက်ကျနေပြီး သူက ရှန်ချီဟွမ်းနှင့် ခပ်ခွာခွာနေရန် မစောင့်နိုင်တော့ဘူးလို့ မီဒီယာက ဖော်ပြထားသည်။ ထို့နောက် သူ့မျက်နှာက ဤအိမ်ထောင်ရေးကိုမကျေနပ်ပေမယ့် အာဏာကိုကြောက်တာကြောင့် လက်ထပ်ပြီးနောက် ဒေါသကိုထိန်းချုပ်ပြီး ရှန်ချီဟွမ်းနှင့် ဝေ့ပေါ်မှာလည်း ပူးပေါင်းပေးနေရသည်ဟု ရေးသားထားသည်။
ဤအဓိပ္ပါယ်ဖွင့်ဆိုချက်သည် ရှန်းယုဟန်မှာ ဝေ့ပေါ်မရှိပဲ ပန်းချီနှင့် လက်ရေးလှကိစ္စရပ်များကို ရှန်ချီဟွမ်းက ထိန်းချုပ်ထားပြီး ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ထိန်းချုပ်ကာ အပြင်မီဒီယာနှင့် ဝေးဝေးနေခိုင်းထားပြီး ထိုသည်မှာ မီဒီယာအရှေ့မှာ အိမ်ထောင်ရေးအခြေအနေ အစစ်အမှန်ကို ဖော်ပြမိမှာစိုးလို့ဟု မီဒီယာက ရေးသားထားသည်။
ထိုအဓိပ္ပါယ်ဖွင့်ဆိုချက်က အင်တာနက်သုံးစွဲသူများအတွက် အဓိပ္ပါယ်ရှိပုံရပြီး သူတို့က ရှန်ချီဟွမ်း၏အသံကိုသာ ကြားရပြီး ရှန်းယုဟန်နှင့် သက်ဆိုင်သော အချက်အလက် လုံးဝမရှိသည့်အပြင် သူက ရှန်ချီယွင်နှင့် ပတ်သတ်သော Hot Search ကိုတောင် ရှင်းလင်းချက်ပေးဖို့ ရောက်မလာခဲ့ပေ။ ယင်းမှာ မကောင်းသောခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။
အစ်ကိုက ညီဖြစ်သူ သဘောကျသောလူကို အတင်းအဓမ္မလက်ထပ်ခဲ့တာကြောင့် သူ့ညီကိုကြိုက်သော ဒီလူက အစ်ကိုဖြစ်သူအပေါ် ခံစားချက်ကောင်းမရှိပေ။
မီဒီယာ၏ ဖတ်ရှုနားလည်နိုင်စွမ်းသည် ပြီးပြည့်စုံပြီး ဤသည်မှာ 80% မှန်ကန်ပြီး ချမ်းသာပြီး အာဏာရှိသောမိသားစုများမှာ အငြင်းအခုံကိစ္စရပ်များစွာရှိသည်ဟု ပြောစမှတ်ရှိကြပြီး ယင်းမှာ အချိန်တိုင်း အံ့ဖွယ်ကောင်းသည်။
အင်တာနက်ပေါ်မှာ ပူးပေါင်းကြံစည်မှုသီအိုရီတွေ ဘယ်လောက်ပဲရှိရှိ ရှန်းယုဟန်က ဘာမှမသိပေ။ ရေပူစမ်းဗီလာမှပြန်လာပြီး သူက ပိုပြီးတက်ကြွနေကာ ခေတ်သစ်လူနေမှုဘဝအတွက် မျှော်လင့်ချက်ပိုရှိလာသည်။ သူက ယခင်က ကောခန္ဓာကိုယ်မှာ မလုပ်နိုင်ခဲ့သည့် အရာများကို လုပ်နိုင်ခဲ့ပြီဖြစ်သည်။
ကောတစ်ယောက်အနေနဲ့ သူက အပြင်ထွက်ရင် မျက်နှာဖုံးထားခဲ့ရပြီး မျက်နှာပြဖို့ခွင့်မပြုထားပေ။ သူ့အသွင်အပြင်နဲ့ဆိုရင် ယုတ်မာသောရည်ရွယ်ချက်ရှိသည့် လူဆိုးများ၏ ပစ်မှတ်ထားခံရဖို့ ဖြစ်နိုင်ချေများတာကြောင့် သူက ခရီးဝေးမထွက်ဖူးပဲ ခရီးထွက်သော အခြေအနေတချို့မှာ သူ့မိသားစုပါရှိပြီး အိမ်တော်အစေခံများ၏ တကောက်ကောက်လိုက်ခြင်းကို ခံခဲ့ရသည်။
မြို့ကိုပြန်ရောက်တော့ ရှန်ချီဟွမ်းက နေ့စဥ် အဆုံးမရှိသော အလုပ်များနှင့် ရှုပ်နေကာ ရှန်းယုဟန်က ဖန်လုံအိမ်ထဲရှိ ပန်းပင်များကို ဂရုစိုက်နေပြီး ပန်းပင်များက ယခုဆိုလျှင် ပိုမိုရှင်သန်လာပြီး ပန်းပင်များကို ကြည့်ရှုပေးဖို့လာသော ဥယျာဥ်မှူးများက ပန်းတွေက အပင်သန်လာသဖြင့် တစ်ယောက်ယောက်က နေ့တိုင်း သေချာဂရုစိုက်ပေးနေပုံရတယ်လို့ ပြောခဲ့သည်။
သို့သော် ရှန်းယုဟန်၏ အားလပ်ရက်က တစ်ရက်သာခံပြီး နောက်နေ့မှာ သူက ရှန်ထျန်းဖုန်းဆီက ဖုန်းတစ်ကောလ်ရရှိခဲ့ပြီး သူက ဆေးရုံမှာပျင်းနေ၍ စကားလာပြောပေးဖို့ ခေါ်ခဲ့သည်။
ရှန်းယုဟန်က သူ ဂိုးကစားတတ်ရင် ဂိုးဘုတ်ယူလာရမလားလို့ မေးလိုက်သည်။
ရှန်ထျန်းဖုန်းက ရတယ်လို့ပြောသည်။
အိမ်ကမထွက်ခင် ရှန်းယုဟန်က ရှန်ချီဟွမ်းကို သူအိမ်မှာမရှိကြောင်းနဲ့ ဘယ်ကိုရောက်နေလဲဆိုတာကို မက်ဆေ့ပို့ပေးခဲ့သည်။
ရှန်ထျန်းဖုန်းက သူ့ခင်ပွန်းကို သိပ်ဂရုမစိုက်ပဲ သူ့အနားက အမျိုးသမီးများ၏ လွှမ်းမိုးမှုကိုခံထားရပြီး သူ့ခင်ပွန်းကို အထင်လွဲခဲ့ပေမယ့် ရှန်းယုဟန်က ချွေးမတာဝန်ကို ကျေပွန်အောင်လုပ်ရန် ဝက်သားစွပ်ပြုတ်ကို ဘူးထဲကိုယ်တိုင်ထည့်ကာ ဆေးရုံကိုယူလာခဲ့သည်။
ရှန်းယုဟန် ဆေးရုံကိုရောက်သောအခါ အိမ်တော်ထိန်းနှင့် အသက်ငါးဆယ်အရွယ် ပြုစုစောင့်ရှောက်ရေးဝန်ထမ်းသာ ရှိနေပြီး တခြားဘယ်သူမှမရှိပေ။
သူက ကုတ်ကိုချွတ်ကာ ဘေးမှာချိတ်လိုက်ပြီး အဘိုးကြီးကို လေအေးမတိုက်အောင် ကာပေးထားသည်။ သူဝင်လာတာနဲ့ ရှန်ထျန်းဖုန်း၏အခြေအနေက ပိုဆိုးနေကာ အရင်ကထက် ဆယ်နှစ်နီးပါးပိုအိုစာနေပြီး သူက တကယ်ကို အဘိုးကြီးဖြစ်တာကြောင့် သူက သူ့အဘွားကို မစဥ်းစားမိပဲ မနေနိုင်ချေ။
ရှန်းယုဟန်က သဘာဝကျစွာပြောလာသည်။ “အဖေ၊ ကျွန်တော်ခင်ဗျားအတွက် ဝက်သားစွပ်ပြုတ်ယူလာတယ်။ ကျွန်တော်ကိုယ်တိုင်ပြုတ်ထားတာ”
ရှန်ထျန်းဖုန်းက မျက်ခုံးပင့်လိုက်သည်။ “အို? မင်းက ချက်ပြုတ်တတ်တာလား?”
သူ့ဇနီးများက သူ့ကိုအစားအသောက်ယူလာပေးကြပေမယ့် သူတို့ကိုယ်တိုင်ချက်ခဲ့တာမဟုတ်ပေ။ အစောပိုင်းနှစ်များက သူ့ကိုစိတ်ကျေနပ်စေရန် သူတို့က သူ့အတွက် ကိုယ်တိုင်ချက်ပြုတ်ကာ အသစ်အဆန်းမြည်းခွင့်ပေးပေမယ့် နောက်ကျတော့ သူတို့က တစ်ယောက်ယောက်ကိုသာ ချက်ခိုင်းပြီး အိမ်တော်က ဒရိုက်ဘာ၊ အစေခံ၊ စားဖိုမှူးများနှင့် ပြည့်နေခြင်းက သူတို့ကိုပျင်းရိစေခဲ့သည်။ ချွေးမအသစ်လေးက ရုတ်တရက် သူ့အတွက် စွပ်ပြုတ်လုပ်လာပေးတော့ အတိတ်က မှတ်ဉာဏ်များကို ပြန်သတိရသွားစေပြီး သူ့အတွက် ဆွေမျိုးသားချင်းများက ချက်မကျွေးတာကြာလှပြီဖြစ်သည်။
“ဟုတ်ကဲ့၊ ကျွန်တော် လတ်တလောမှာ အချက်အပြုတ်သင်တန်းတက်ထားတယ်။ ပြီးတော့ ဆရာကလည်း ကျွန်တော့်ကိုချီးကျူးခဲ့သေးတယ်၊ အဖေစားကြည့်ချင်လား?” ရှန်းယုဟန်၏စကားလုံးများမှာ တမင်တကာ ပြောနေခြင်းမဟုတ်ပဲ သူက မိသားစုဝင်တစ်ယောက်လို သဘာဝဆန်ဆန်ပြောခဲ့သည်။ “ကျွန်တော်က တမင်တကာ အချိန်အကြာကြီး နှပ်ချက်ထားတာ”
“လုပ်စမ်းပါ၊ မင်းရဲ့လက်ရာကို မြည်းစမ်းပါရစေ၊ ငါလဲကျတဲ့အချိန်တိုင်း မင်းလုပ်ကျွေးလို့ရပါတယ်” ရှန်ထျန်းဖုန်းက သူ့ကိုယ်သူတောင် ဟာသလုပ်ခဲ့သည်။
“အဲ့လိုလား? အဖေသောက်လိုက်ရင် မြန်မြန်ကောင်းလာနိုင်လောက်တယ်။” ရှန်းယုဟန်က စွပ်ပြုတ်ပြင်ပေးနေရင်း ပြောလိုက်သည်။
“မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။” ရှန်ထျန်းဖုန်းက သူ့ကိုစကားပြောရတာ နွေဦးလေညင်းလို သက်တောင့်သက်သာရှိတယ်လို့ ခံစားလိုက်ရသည်။
ဒီကလေးကို ပထမဆုံးတွေ့ခဲ့စဥ်က သူက အကြွေးတွေကြောင့် ပုန်းနေရလို့ ပူပန်နေရပြီး ရှန်ထျန်းဖုန်းက သူဘယ်သူဖြစ်ကြောင်း ဖော်ပြလိုက်တာနဲ့ သူ့ကိုမျက်နှာချင်းဆိုင် စကားမပြောရဲတော့ပဲ ခေါင်းငုံ့ကာ ထမင်းစားခဲ့ပြီး စားနေရင်း ငိုသလို အလွန်အရှက်ရနေခဲ့သည်။ သူက ထိုအချိန်က ဤကလေး၏အသွင်အပြင်ကို မမှတ်မိပေ။ သူ့မှာဆံပင်အဝါရှိတာသာ သိခဲ့ပေမယ့် အခုတော့ သူက ယုံကြည်မှုပိုရှိလာပြီး ဆံပင်အဝါမဆိုးထားသလို လူတွေရဲ့မျက်လုံးကို နာကျင်စေသည့် နားဆွဲလည်းမတပ်တော့ပဲ မျက်လုံးထဲမှာ နှစ်လိုဖွယ်ကောင်းလာခဲ့သည်။
ယခုရှန်းယုဟန်က ပို၍ရည်မွန်ပြီး အပြုအမူတိုင်းမှာ ကျက်သရေရှိလှသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အသုံးအဆောင်များက အမြင်ပိုရှိလာပြီး ယခင်က နားကပ်ငါးခု၊ ခြောက်ခုတပ်ထားတာနှင့် နှိုင်းယှဥ်ပါက ယခုဝတ်ထားသော ခေါက်ချိုးညီနားကပ်က ရှန်ထျန်းဖုန်းအတွက် ကြည့်ကောင်းလွန်းသည်။ နှစ်လအတွင်းမှာ ထိုမျှလောက်ပြောင်းလဲပစ်ဖို့ လွယ်မှာမဟုတ်ပေ။ သူ့သားကို လက်ထပ်ခဲ့ခြင်းက သူ့ဝိညာဥ်ကိုပါ သန့်စင်ပေးခဲ့ပြီး သူ့သားက အရေးကြီးအခန်းကဏ္ဍကနေ ပါဝင်နေမယ်လို့ သူ မမျှော်လင့်ထားပေ။
ရှန်ထျန်းဖုန်းက ရှန်းယုဟန်ယူလာသော ဝက်သားစွပ်ပြုတ်ကို ကျေကျေနပ်နပ်သောက်ကာ အဆက်မပြတ် ချီးမွမ်းနေခဲ့သည်။ “အရသာအရမ်းကောင်းတာပဲ။ ဒီလိုဝက်သားစွပ်ပြတ်မျိုး မသောက်ရတာ တော်တော်ကြာပြီ။” သူက တစ်စုံတစ်ခုကို သတိရကာ သူ့မျက်နှာပေါ်က အပြုံးက ခဏရပ်သွားပေမယ့် ခေတ္တမျှသာဖြစ်သည်။
ရှန်းယုဟန်က စိတ်ရင်းဖြင့်ပြောလိုက်သည်။ “အဖေကြိုက်ရင်၊ ကျွန်တော်မနက်ဖြန် ကြက်သားနှပ်စွပ်ပြုတ် လုပ်လာပေးပါမယ်။”
“မနက်ဖြန်လာဖို့အားရဲ့လား?” ရှန်ထျန်းဖုန်းက မနက်ဖြန်ကို တကယ်မျှော်နေသည်။
“လတ်တလော နှင်းကျနေလို့ အကိုဟွမ်းက ကျွန်တော့်ကို သင်တန်းမသွားဖို့ ပြောထားတယ်။” ရှန်းယုဟန်က ဘွင်းဘွင်းပြောကာ သူ့သင်တန်းအကြောင်း ဖုံးကွယ်ထားစရာမလိုပေ။ “ကျွန်တော် ဂိုးဘုတ်ယူလာတယ်။ ကစားကြမလား?”
ရှန်ထျန်းဖုန်းက သူ့စီစဥ်မှုကို အလွန်ကျေနပ်နေပြီး အိမ်တော်ထိန်းကို စားပွဲအသေးတစ်လုံးပြင်ပေးဖို့ ချက်ချင်းခိုင်းလိုက်သည်။
အဘိုးကြီးနှင့် လူငယ်လေးက စတင်ကစားနေပြီး ရှန်ထျန်းဖုန်း၏ ဂိုးစကေးလ်မှာ သာမန်ဖြစ်ပေမယ့် ရှန်းယုဟန်က လူကြီးကို မျက်နှာသာပေးခဲ့သည်။ နှစ်ယောက်လုံးက ပွဲရေနည်းနည်းစီအနိုင်ရခဲ့ပြီး သူတို့ရယ်သံများက လူနာဆောင်တစ်ခုလုံးကြားနေရသည်။
ညနေခင်းမှာ တတိယမဒမ်ရောက်လာပြီး ရှန်ထျန်းဖုန်းက ရှန်းယုဟန်နဲ့ ရယ်ရယ်မောမော ကစားနေတာကို တွေ့လိုက်ရသည်။
သို့သော် ရှန်ထျန်းဖုန်းက သူမကိုတွေ့တော့ သူ့မျက်နှာပေါ်က အပြုံးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
ရှန်းယုဟန်က သူ ရှန်ချီဟွမ်းအတွက် ညစာပြင်ပေးဖို့လိုတယ်လို့ပြောကာ အပူချိန်ထိန်းပေးသော ချိုင့်တစ်ခုနှင့်ပြန်သွားခဲ့သည်။
တတိယမဒမ်က လက်ဆေးဖို့အခွင့်အရေးယူကာ ရှန်းယုဟန်နောက်ကနေ လိုက်သွားခဲ့သည်။
လူနာဆောင်နှင့် မလှမ်းမကမ်းသို့ရောက်သောအခါ တတိယမဒမ်က ရှန်းယုဟန်ကိုခေါ်ခဲ့သည်။
“ရှန်းယုဟန်၊ ခဏနေဦး”
ရှန်းယုဟန်က သူ့ကုတ်အင်္ကျီအိတ်ကပ်ထဲက လက်အိတ်တစ်စုံကိုထုတ်ကာ ဘေးမှာရပ်လိုက်ပြီး လှည်းတွန်းလာသော သူနာပြုကိုရှောင်လိုက်သည်။ သူက တတိယမဒမ်ကို မော့ကြည့်ကာ အမူအရာမဲ့စွာပြောလိုက်သည်။ “ဘာကိစ္စရှိလို့လဲ?”
တတိယမဒမ်က သူမသားအတွက် ရှန်းယုဟန်ကို တစ်ကြိမ်တိုက်ခိုက်ဖူးပေမယ့် ထိုအချိန်က မူလရှန်းယုဟန်က ရှန်ချီယွင်ကို နှိုးဆွခဲ့လို့ဖြစ်သည်။
သူမက ရှန်းယုဟန်လောက် အရပ်မရှည်တာကြောင့် သူ့ကိုမော့သာကြည့်နိုင်သည်။ “ငါပွင့်ပွင့်လင်းလင်းပဲပြောမယ်၊ ရှန်ချီယွင်ကို မင်းနဲ့ဝေးဝေးနေဖို့ ပြောပေးနိုင်မလား?”