Chapter 45.2
Viewers 1k

Chapter 45.2


“အကြံကြီးတဲ့လူ”

ရှန်းယုဟန်က လက်အိတ်တစ်ဖက်ဝတ်ထားပြီး နောက်တစ်ဖက်ကိုပါ ဖြည်းဖြည်းချင်း ဝတ်လိုက်ကာ ပျင်းပျင်းရိရိ မျက်ခွံကိုမော့ကြည့်လိုက်သည်။ တတိယမဒမ်၏ စိတ်ရှည်သည်းခံမှု ကုန်ဆုံးတော့မယ့်အချိန် ရှန်းယုဟန်က ပါးစပ်ကို ညင်ညင်သာသာ ဖွင့်လိုက်သည်။ “ခင်ဗျားဘယ်လိုဖျက်လိုဖျက်စီးစကားကို ပြောနေတာလဲ၊ ကျွန်တော်က ရှန်ချီယွင်ရဲ့မရီးပါ။”


သူပြောတာမှန်သည်၊ တတိယမဒမ်က ဒါကိုငြင်းခုံလို့မရပေမယ့် သူမသား၏ လတ်တလော အပြုအမူကြောင့် အခက်တွေ့နေပြီး ရှန်ချီယွင်က ရှန်းယုဟန်ကို အရမ်းဂရုစိုက်နေတာကြောင့် သူမသည်းမခံနိုင်တော့တာ သိသာသည်။


တတိယမဒမ်က ဒီကိစ္စက စိတ်ပျက်စရာကောင်းပြီး ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ ခံစားမိသဖြင့် သူမကပြောလိုက်သည်။ “ဒါပေမယ့် မင်း ရှန်ချီဟွမ်းကို လိုလိုလားလား လက်ထပ်ခဲ့တာမဟုတ်​ဘူးဆိုတာ ငါတို့အားလုံးသိတာပဲ။ ဒါကြောင့် ရှန်ချီယွင်ကို စကားလုံးနည်းနည်းပြောပေးရင် ငါမင်းကို ခက်ခဲအောင်မလုပ်တော့ဘူး။”



ရှန်းယုဟန်က တတိယမဒမ်ကိုကြည့်ကာ ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။ “ရိုးသားရရင် ကျွန်တော့်ကိုအဲ့လိုလုပ်ခိုင်းဖို့ ခင်ဗျားမှာဘာအရည်အချင်းရှိလို့လဲ? ပထမဆုံးအချက်က…ကျွန်တော်နဲ့ ကျွန်တော့်ယောက်ဖ ရှန်ချီယွင်က စိတ်ရောကိုယ်ရောဖြူစင်ကြပါတယ်။ မိခင်တစ်ယောက်အနေနဲ့ ခင်ဗျားက ခင်ဗျားသားကို ဂရုမစိုက်ပဲ ရွှံ့ရေကိုမွှေဖို့ကြိုးစားနေတယ်။ ဒါက မိခင်တယောက်အနေနဲ့ မသင့်တော်ဘူး။ ဒုတိယအချက်…ကျွန်တော်က ပင်မအိမ်တော်က မိသားစုဝင်တစ်ယောက်ပါ၊ ရှန်ချီဟွမ်းနဲ့လက်ထပ်ထားတာမလို့ ကျွန်တော်တို့ ဘယ်လိုနေနေ ခင်ဗျားအပူမပါဘူး။ တတိယအချက်…. ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် အထင်သိပ်ကြီးတာပဲ။ တတိယမဒမ်.. ဒါကလူတွေကိုအကူအညီတောင်းတဲ့ပုံစံလား? ခင်ဗျားကျွန်တော့်ကိုခက်ခဲအောင်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ နောက်ဆုံးဆုံးဖြတ်ရမယ့်သူက ကျွန်တော်ပါ။ ခင်ဗျားမဟုတ်ဘူး.. အခု ခင်ဗျားက ကျွန်တော့်ကို ခက်ခဲအောင်လုပ်ပြီး ကျွန်တော့်ကိုယ့်ကျင့်သိက္ခာကို မဟုတ်မမှန်ပြောဖို့ စီစဥ်နေတယ်လို့ ကျွန်တော်ခံစားမိတယ်။”


ထိုအချိန်မှာ တတိယမဒမ်က ယခင်က ဒုတိယအဒမ်ကြုံဖူးခဲ့သည့် 'ပျော်ရွှင်မှု'ကို ခံစားလိုက်ရပြီး ရှန်းယုဟန်၏ပါးစပ်က တကယ်ကိုအပြောကောင်းပြီး စကားတစ်ခွန်းစီက အဓိပ္ပါယ်ရှိသည်။ သူ့စကားထဲမှာ ကျိန်ဆဲတာတစ်ခုမှမပါသော်လည်း ပေါင်းစပ်လိုက်သောအခါ အဆုံးမဲ့အရှက်ရသွားလေသည်။



သူမရင်ဘတ်က မွန်းကြပ်လာပြီး အပေါ်အောက်လှုပ်ခါနေသည်။ မူလက သူမ၏စိတ်ရှည်သည်းခံမှုက တစ်နှစ်ထက်တစ်နှစ်ပိုဆိုးလာပြီး သူမက ရှန်းယုဟန်၏တိုက်ခိုက်နိုင်စွမ်းက အဲ့လောက်ကောင်းနေမယ်လို့ ကိုယ်တွေ့မကြုံရခင်အထိ မယုံခဲ့ပေ။


သူမကစိတ်ဆိုးလွန်းလို့ သူမဦးနှောက်က ရှုပ်ထွေးလာခဲ့သည်။ “ရှန်းယုဟန်၊ ငါမင်းကိုမကူညီခဲ့ရင် မင်းရှန်ချီဟွမ်းကို လက်ထပ်နိုင်ခဲ့ပါ့မလား? မင်းအခုထိ ငါ့သားနောက်ကို လိုက်နေတာမဟုတ်ဘူးလား?”


ရှန်းယုဟန်က လုံးဝစိတ်မဆိုးပေမယ့် စီရီနဲ့ အစောပိုင်းက စကားပြောနေစဥ် ကြားခဲ့ရသော စကားတစ်ခွန်းကို သတိရသွားသည်။ “ဦးနှောက်က ကောင်းတဲ့ပစ္စည်းပေမယ့် ခင်ဗျားမှာမရှိတာနှမြောစရာပဲ။ တတိယမဒမ်၊ ခင်ဗျားသားကို ဘယ်လိုသင်ပေးရမလဲမသိရင် တခြားလူကိုအားမကိုးနဲ့၊ ကျွန်တော်ခင်ဗျားကိုမကူညီဘူး။” ထိုစကားပြောပြီးနောက် သူက လှည့်ထွက်သွားပြီး ဒေါသထွက်လွန်းလို့ ခြေဆောင့်ကာ မျက်နှာနီရဲနေသည့် တတိယမဒမ်ကို နောက်မှာထားခဲ့သည်။ 


ဦးနှောက်က ကောင်းတဲ့ပစ္စည်းပေမယ့် သူမမှာမရှိဘူးဆိုတာ ဘာအဓိပ္ပါယ်လဲ၊ သူမသားကို မသင်ပြနိုင်ဘူးဆိုတာ ဘာအဓိပ္ပါယ်လဲ၊ ရှန်းယုဟန်က စကားတိုင်းမှာ သူမကိုစော်ကားသွားတာ!


ဒီလူ၊ ဒီလူ၊ သူ့ကိုသင်ခန်းစာပေးရမယ်.. ဒေါသထွက်လိုက်တာ.. ဒေါသထွက်လိုက်တာ!


ဟုတ်သည်။ သူမက အရင်ကတွေးဖူးသည်။ ရှန်ချီယွင်က ရှန်းယုဟန််ကို လက်ထပ်ခဲ့ရင် သူ အခုချိန်မှာ ဘဝကောင်းရနေပြီး သခင်ကြီးရဲ့ မျက်နှာသာပေးခံရမှာဖြစ်သည်။


တတိယမဒမ်က လူနာဆောင်ကိုပြန်မသွားခင် စိတ်ငြိမ်အောင်လုပ်လိုက်သည်။

ရှန်ထျန်းဖုန်းက သူမဒေါသထွက်နေမှန်းသိသည်။ သူက သူတို့ကို ခိုးနားထောင်ဖို့ အိမ်တော်ထိန်းကိုလွှတ်ခဲ့တာကြောင့် အိမ်တော်ထိန်းက သူ့ကိုအကုန်ပြောပြပြီးပြီ။


သူက ပြောလိုက်သည်။ “ချူးဟွေ့၊ တခြားသူတွေရဲ့ကိစ္စကို နေ့တိုင်းအာရုံစိုက်နေတာရပ်လိုက်တော့၊ မင်းက လူငယ်တွေရဲ့ အချစ်ရေးကို လိုက်ဂရုစိုက်နေတာပဲ။ အရမ်းလွန်မလာနဲ့။ ချီယွင်က ကုမ္ပဏီကိုရောက်နေတာ နည်းနည်းကြာပြီ၊ သူ့ကိုအောင်မြင်အောင်လုပ်ဖို့သာ သတိပေးလိုက်။ အရည်အချင်းရှိတဲ့သူကိုပဲ ရွေးချယ်မှာ။”

တတိယမဒမ်က ဒေါသထွက်သွားသည်။ “ထျန်းဖုန်း၊ ချီယွင်က ရှင့်ရဲ့သားပါ။ ကုမ္ပဏီကလည်း ရှင့်ကုမ္ပဏီပဲ။ သူက သေချာပေါက်အောင်မြင်မှာပေါ့။ ဒါပေမယ့် သူက ငယ်သေးလို့အချိန်လိုတယ်လေ”

ရှန်ထျန်းဖုန်းက ပြောလိုက်သည်။ “ချီယွင်က ချီဟွမ်းထက် သုံးလငယ်တာကို ငါမှတ်မိတယ်။ သူက အဲ့လောက်ထိငယ်မနေဘူး။ ချီဟွမ်းက ကိုယ်ပိုင်လုပ်ငန်းနဲ့ အောင်မြင်နေပြီး ချီယွင်က ဘာလုပ်ခဲ့လို့လဲ?”



သွမ့်ချူးဟွေ့က ရှန်ထျန်းဖုန်း သူမကိုဒီလိုတည့်ပြောမယ်လို့ မမျှော်လင့်ထားပေ။ သူက ချီယွင်ကို သူမရှေ့မှာ အ​မြဲအလိုလိုက်ခဲ့ပြီး ရှန်ချီဟွမ်းနှင့် မယှဥ်ဖူးပေ။


သဘာဝဆန်စွာ သူမက သူမသားအတွက် ရှင်းပြလိုက်သည်။ “ဒါပေမယ့် ချီယွင်မှာ အတွေ့အကြုံ လုံလုံလောက်လောက် မရှိသေးဘူး။”


ရှန်ထျန်းဖုန်းကပြောလိုက်သည်။ “အတွေ့အကြုံမလုံလောက်ရင် သင်ယူလို့ရတယ်။ တစ်နေလုံးပျင်းရိနေပြီး သူက ဘာများလုပ်နိုင်ခဲ့လို့လဲ။ ကလေးတွေကို ပျက်စီးစေတဲ့ သဘောကောင်းတဲ့မိခင်မဖြစ်စေနဲ့။”



သွမ့်ချူးဟွေ့က ထိုစကားကြားတော့ သူမနဲ့ ရှန်းယုဟန်ကြားက စကားတွေကို သူကြားသွားမှန်းသိလိုက်ပြီး သူမနှလုံးသားက အေးခဲသွားသည်။


သူမက သက်ပြင်းချလိုက်သည်။ “ကျွန်မသိပါပြီ၊ တိုးတက်လာအောင်လုပ်ဖို့ သူ့ကို အကြံပေးလိုက်ပါမယ်။”


ရှန်ချီဟွမ်းက ညနေမှာ ညစာစားဖို့အိမ်ပြန်လာပြီး ရှန်းယုဟန်ကို အဘိုးကြီးနဲ့ အဆင်ပြေရဲ့လားမေးခဲ့သည်။ ရှန်းယုဟန်က သူ့ကို သူတို့ကစားခဲ့သည့် ဂိုးဂိမ်းအကြောင်းပြောပြခဲ့သည်။

ရှန်းယုဟန်က သူ့ကို အစိမ်းရောင်အသီးအရွက်အချို့ ထည့်ပေးလိုက်သည်။ “ယောကျ်ား၊ အသားပဲမစားနဲ့ အရွက်များများစား။”

ရှန်ချီဟွမ်းက သူသိပ်မကြိုက်သော တရုတ်နံနံကိုကြည့်ကာ တုံ့ဆိုင်းစွာစားလိုက်သည်။ “မင်းမနက်ဖြန်လည်း သွားဦးမှာလား?”


ရှန်းယုဟန်က သူ့ကိို အနီးကပ်စိုက်ကြည့်နေသည်။ “သွားမယ်၊ ကျွန်တော် ဂိုးဘုတ်ပြန်မယူခဲ့ရဘူး။ အဲ့ဒါကိုသွားယူရဦးမယ်။ ပြီးတော့ သူက အတော်လေးအထီးကျန်နေတာ ကလေးတွေအများကြီးရှိတာတောင် သူ့ကိုဘယ်သူမှမစောင့်ပေးကြဘူး။ ကျွန်တော့်မှာ အချိန်လည်းရှိတော့ သူ့ကို ခင်ဗျားကိုယ်စား ဂရုစိုက်ပေးလိုက်မယ်။ ယောကျာ်း…ဒီလိုလုပ်လို့ရတယ်လို့ထင်လား?”


“ဆုံးဖြတ်ဖို့ကမင်းအပေါ်မူတည်တယ်။ ဒါပေမယ့် အဘိုးကြီးက မနှစ်မြို့စရာတွေပြောလာရင် သူ့ကိုဂရုမစိုက်နဲ့တော့။” ရှန်ချီဟွမ်းက သူ့ကိုအကြံပေးလိုက်သည်။


“သူက မနှစ်မြို့စရာ တစ်ခုမှမပြောပါဘူး။ ကျွန်တော်တို့က ဂိုးကစားပြီး စကားပြောကြတာ။” ရှန်းယုဟန်က အမှန်တရားကိုပြောလိုက်သည်။


“အွန်း၊ မင်းသူ့အတွက် ဝက်သားနှပ်စွပ်ပြုတ် လုပ်ပေးခဲ့တယ်လို့ကြားတယ်။” ရှန်ချီဟွမ်းက သူ့ရှေ့က တရုတ်နံနံကို ချဥ်တူးစွာကြည့်လိုက်သည်။ “ငါ့ကိုတော့ ဒါကြီးလာကျွေးနေတယ်?”


“ယောကျာ်း၊ ခင်ဗျားက သူနဲ့တူမလား? ဝက်သားနှပ်စွပ်ပြုတ်လုပ်ဖို့က မခက်ပါဘူး။ အန်တီက ပါဝင်ပစ္စည်းပြင်ပေးထားတာနဲ့ ကျွန်တော်က နည်းနည်းညွှန်းပေးခဲ့ရုံပဲ၊ တရုတ်နံနံကိုတော့ ကိုယ်တိုင်ကြော်ထားတာ၊ ဒီတော့ခင်ဗျားမစားချင်တာသေချာလား?” ရှန်းယုဟန်က အပြုံးတစ်ခုဖြင့် အမှန်တရားကိုပြောပြလိုက်သည်။



“ဒါဆိုစားပါ့မယ်။” ရှန်ချီဟွမ်းက တုံ့ဆိုင်းစွာပြောလိုက်သည်။ စားပြီးနောက် သူက အန်တီကြော်ထားတာနဲ့ ကွာတာကိုတွေ့ရှိသွားသည်။ “တခြားသူတွေအပေါ် အရမ်းသဘောမကောင်းပါနဲ့၊ သူတို့က အသိအမှတ်ပြုချင်မှပြုမှာ”


တကယ်တော့ ရှန်းယုဟန် ရှန်ထျန်းဖုန်းကို ဝက်သားစွပ်ပြုတ်ပို့ခဲ့သော ရည်ရွယ်ချက်မှာ ထိုမျှလောက်မရိုးရှင်းပေ။ သူ့ရင်ထဲမှာ အစီအစဥ်အသေးလေးတစ်ခုရှိသည်။ ရှန်ထျန်းဖုန်းက သူ့ကိုအရင်က မုန့်ဖိုးပါသော ကဒ်ပေးဖူးသည်။ သူက ဘယ်လိုသုံးရမလဲမသိသေးသည့်အပြင် သူနဲ့ ရှန်ထျန်းဖုန်း၏ဆက်ဆံရေး ပိုကောင်းလာရင် သူက သူ့ခင်ပွန်းအတွက်ပြောပေးနိုင်လိမ့်မည်။ သူနဲ့ရှန်ထျန်းဖုန်း၏ဆက်ဆံရေးအ​ခြေခံက မူလရှန်းယုဟန်၏ အဘိုးမဟုတ်ပဲ ရှန်ချီဟွမ်းဖြစ်သည်။


ရှန်းယုဟန်က ပြုံးကာပြောလိုက်သည်။ “ကျွန်တော်သိပါတယ်၊ ယောကျာ်း၊ မြန်မြန်စားတော့” သူက မတုံးအပေ။ ဘယ်သူက သူ့ကိုကောင်းကောင်းဆက်ဆံလဲ၊ ဘယ်သူက သူ့ကိုဆိုးဆိုးရွားရွား ဆက်ဆံလဲဆိုတာနဲ့ပတ်သတ်ပြီး သူ့မှာကိုယ်ပိုင်အကဲဖြတ်နိုင်စွမ်းရှိသည်။ သို့သော် တတိယမဒမ် သူ့ကိုပြဿနာရှာနေတာကို ဖုံးကွယ်ထားဆဲဖြစ်သည်။ သူက သူကိုင်တွယ်နိုင်သော ကိစ္စများနဲ့ သူ့ခင်ပွန်းကို ဒုက္ခမပေးချင်ပေ။



ရှန်ချီဟွမ်းက နှစ်လုပ်စားပြီး ထပ်ပြောလိုက်သည်။ “မနက်ဖြန်နေ့လည်မှာ ဆေးရုံနားက လူတစ်ယောက်နဲ့ ဆွေးနွေးစရာရှိတယ်။ အဲ့ဒါကြောင့် အိမ်အတူပြန်ဖို့လာကြိုလိုက်မယ်။”

“ကောင်းပြီ” ရှန်းယုဟန်က ခေါင်းညိတ်သည်။ သူက သူ့ခင်ပွန်းအနားမှာရှိရင် စိတ်အေးသည်။


နောက်ရက်အနည်းငယ်မှာ ရှန်းယုဟန်က အတန်းမသွားပဲ ရှန်ထျန်းဖုန်းနှင့် နေ့လည်စာစားဖို့သွားခဲ့ပြီး ညနေမှာ ရှန်ချီဟွမ်းက အလုပ်ပြီးတာနဲ့ လာကြိုခဲ့သည်။


ထိုကာလအတွင်း သူ့ကလေးတွေက ရံဖန်ရံခါလာလည်ပြီး ခဏထိုင်ကာပြန်သွားလေ့ရှိသည်။ ရှန်းယုဟန်နှင့်ယှဥ်လျှင် ရှန်ထျန်းဖုန်းက သူ့ကလေးတွေကို စိတ်မရှည်ဖြစ်လာကာ သူတို့တစ်ယောက်ချင်းစီက စိတ်ရင်းပါရဲ့လား သူမသိတော့ပေ။



ရှန်ထျန်းဖုန်း ဆေးရုံကမဆင်းခင် တစ်ရက်အလိုမှာ ရှန်းယုဟန်က ပြောခဲ့သည်။ “အဖေ၊ အားလုံးက မနက်ဖြန်လာမှာဆိုတော့ ကျွန်တော်မလာတော့ဘူးနော်။”


ရှန်ထျန်းဖုန်းက ဘာမှမပြောခဲ့ပေ။ သူက ရှန်းယုဟန် ထိုပျော်ရွှင်မှုမှာ မပါချင်ဘူးဆိုတာသိသည်။ “ကောင်းပြီ၊ အချိန်ရရင် ချီဟွမ်းနဲ့ မကြာခဏအိမ်ပြန်လာပြီး ညစာလာစားပါ။”

ညနေမှာ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ထပ်လာကြိုပြီး သူက လူနာဆောင်ကို လျှောက်သွားစဥ် သူ့နောက်က လိုက်လာသောလူတစ်ဦးရှိသည်။ ဦးထုပ်ဆောင်းပြီး မတ်စ်တပ်ထားသော သူ့ပုံစံက အလစ်ဝင်လာတာနဲ့တူပြီး ထိုမျက်နှာဖုံးကိုချွတ်လိုက်သောအခါ ရှန်းယုဟန်က သူ့ယောက်ဖ ရှန်ချီရှင်းဖြစ်နေတာကို တွေ့လိုက်ရသည်။


“ဟိုင်း၊ မရီး၊ မတွေ့ရတာကြာပြီ။” ထို့နောက် သူက သူ့အဖေကိုကြည့်ကာ ပြောလိုက်သည်။ “အဖေ”


ရှန်ထျန်းဖုန်းက အေးစက်စွာနှာမှုတ်လိုက်သည်။ “မင်းပြန်မလာရင်တောင် ငါ့ခြေထောက်တွေသက်သာနေပြီ၊ ဒီအဘိုးကြီးကိုလာတွေ့ဖို့ သိသေးတယ်လား”


“အဲ့ဒါက ကျွန်တော်ပြန်လာတုန်းက အဖွဲ့တစ်ခုထဲဝင်ခဲ့ရပြီး အဲ့ဒီနေရာက နှင်းတွေက သုံးဆယ်စင်တီမီတာလောက်ထူတယ်။ ကျွန်တော်​အေးခဲပြီး သေတော့မတတ်ပဲ။ ကျွန်တော့်လက်ကိုကြည့်ပါဦး…. နှင်းကိုက်ရာတွေနဲ့ပြည့်နေတာ။” ရှန်ချီရှင်းက ရှန်ထျန်းဖုန်းကို နှင်းကိုက်ခြင်းကြောင့် နီရဲပြီး ခရမ်းရောင်ဖြစ်နေသော လက်တွေကိုပြလိုက်သည်။


ထိုသည်မှာ ရှန်းယုဟန် ဖန်တီးထားသောလေထုကြောင့်ဖြစ်မည်။ ရှန်ချီရှင်းက အရမ်းချွဲနေပေမယ့် ရှန်ထျန်းဖုန်းက နည်းနည်းမှ စိတ်အနှောင့်ယှက်မဖြစ်ခဲ့ပေ။


“နောက်မှ မင်းအတွက် လိမ်းဆေးညွှန်းပေးဖို့ ဒေါက်တာကိုပြောလိုက်မယ်။” ရှန်ထျန်းဖုန်းက မျက်နှာတည်ဖြင့် ပြောလိုက်သည်။ “မင်းက အသက်ဘယ်လောက်ကြီးကြီး ကလေးဆန်တုန်းပဲ”


“ဟေး…ကလေးဖြစ်ရတာကောင်းပါတယ်။” ရှန်ချီရှင်းက ဂုဏ်ယူစွာပြောလိုက်သည်။ “အစ်ကိုတွေကတော့ ကျွန်တော့်အကြောင်းတောင် မပြောကြဘူး။”


“ဟုတ်ပါပြီ။” ရှန်ထျန်းဖုန်းက သူ့ကိုကြည့်လိုက်သည်။ 



အဖေနဲ့သားက ခဏလောက် စကားပြောပြီး​နောက် ရှန်ထျန်းဖုန်းက ကုတင်ဘေးက စာရွက်စာတမ်းကို ဆွဲထုတ်ကာ ပါးစပ်လုံးဝမဖွင့်သည့် ရှန်ချီဟွမ်းကိုပေးလိုက်သည်။


“ပရောဂျက်အချက်အလက်၊ မင်းယူသွားပြီး ကြည့်ကြည့်လိုက်။”


ရှန်ချီဟွမ်းက စာရွက်စာတမ်းကိုယူကာ အမြန်ကြည့်ပြီး အံ့အားသင့်သွားပေမယ့် သူက ခံစားချက်ကိုဖယ်ထုတ်လိုက်သည်။


ရှန်းယုဟန်က ထိုစာရွက်စာတန်းက ဘာလဲမသိသလို စီးပွားရေးကိစ္စနဲ့ပတ်သတ်ပြီးလည်း သိပ်မသိပေမယ့် သူက သူ့ခင်ပွန်း ထိုစာရွက်စာတန်းကိုတွေ့တော့ မျက်လုံးအနည်းငယ်ပြောင်းသွားသည်ကို တွေ့လိုက်ရသည်။


ရှန်ချီရှင်းနှင့် ရှန်ထျန်းဖုန်းက စကားပြောပြီးနောက် သူတို့သုံးယောက်က လူနာဆောင်မှထွက်လာပြီး ရှန်းယုဟန်က သူနဲ့အတူ ဂိုးဘုတ်ကိုပြန်ယူလာခဲ့သည်။



အိမ်တော်ထိန်းက ရှန်ထျန်းဖုန်းအတွက် အိပ်ရာခါပေးနေစဥ် ရှန်ထျန်းဖုန်းက သူ့ကိုမေးလိုက်သည်။ “ငါ အရင်က ချီဟွမ်းနဲ့ ချီရှင်းကို အများကြီးလျစ်လျူရှုမိခဲ့တာလား?”



အိမ်တော်ထိန်းက အံ့သြသွားပြီး အပြုံးလေးဖြင့်ပြောလိုက်သည်။ “သခင်ကြီးက စီးပွားရေးကိစ္စတွေကိုင်တွယ်နေရတော့ ကလေးအားလုံးကို ဘယ်လိုဂရုစိုက်နိုင်မှာလဲ”



ရှန်ထျန်းဖုန်းက ခေါင်းခါကာ မျက်လုံးမှိတ်ပြီး သက်ပြင်းချသည်။ “မဟုတ်ဘူး သူတို့ကိုလျစ်လျူရှုမိတာငါပါ။”


သူ့မှာ ရှန်းယုဟန်ကြောင့် ဒီလိုအတွေးရှိလာခဲ့သည်။ သူတို့က စကားအများကြီးမပြောခဲ့ကြပေမယ့် ရှန်းယုဟန်က ရှန်ချီဟွမ်းအကြောင်း တစ်ချိန်လုံး သူ့ကိုပြောနေခဲ့သည်။ ဒါပေါ့၊ သူက ဘဝမှာရှိတဲ့ အသေးအမွှားလေးတွေအကြောင်း ပြောပြခဲ့တာဖြစ်ပြီး ရှန်ချီဟွမ်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲအကြောင်းတော့ မပြောခဲ့ပေ။



ရှန်ချီဟွမ်းက အသားကြိုက်ပြီး အသီးအရွက်မကြိုက်ဘူး။ သူက မနက်ခင်းဆိုရင် အချက်ပေးသံကို ဒါဇင်လောက်ဖွင့်ထားပေမယ့် အိပ်ရာပေါ်မှာ အပျင်းထူလေ့ရှိသည်။ သူက အိပ်ရာမဝင်ခင် ဖုန်းသုံးလေ့ရှိပြီး အလုပ်ကိုနေ့တိုင်းမသွားချင်။ သူက မှတ်ဉာဏ်ကောင်းလို့ ရှန်းယုဟန်ကြိုက်တာတွေကိုမှတ်မိပြီး သူ့ကို အသုံးအဆောင်ဝယ်ပေးသလို ဝီချက်ကနေမုန့်ဖိုးလည်းပို့ပေးပြီး သူ့လက်ရေးလှကို ချီးကျူးပေးသည်။ ရှန်ထျန်းဖုန်းက ဒါတွေအားလုံးကို အခုမှသိသည်။ 


သူက သူ့ကလေးရဲ့အကြိုက်တွေကို ဘာလို့မမှတ်မိရတာလဲ?


ရှန်ထျန်းဖုန်း ဆေးရုံကဆင်းလာပြီး​နောက် မီဒီယာနှင့် ရှန်မိသားစုက ငြိမ်သက်သွားကာ အနီးကပ်စောင့်မကြည့်ပေမယ့် ယင်းမှာ ရက်အနည်းငယ်သာကြာခဲ့သည်။


တစ်ပတ်ကြာတော့ ရှန်ချီဟွမ်းက ရှန်ဂရုမှာ လူတစ်စုနှင့်အတူပေါ်လာသည်။



ရှန်ချီဟွမ်းက သူ့ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ ဆုံးဖြတ်လိုက်ကတည်းက ရှန်ဂရုကို ခြေမချခဲ့တာဖြစ်ပြီး ဒါက စီးပွားရေးပါတနာအဖြစ် ဝင်ရောက်လာသည့် ပထမဆုံးအကြိမ်ဖြစ်သည်။


ခဏအကြာတွင် ရှန်ထျန်းဖုန်းက ရှန်ချီဟွမ်းကို အရေးကြီးပရောဂျက်တစ််ခုပေးခဲ့တာကို ရှန်မိသားစုက လူတွေအားလုံးသိသွားခဲ့ပြီး အိမ်တော်သုံးအိမ်က ဒေါသထွက်လွန်းလို့ မျက်လုံးတွေနီရဲနေကြသည်!


ရှန်းယုဟန် ဆေးရုံကို နေ့တိုင်းပြေးလာနေတာ အသုံးဝင်တယ်လို့ ဆိုလိုတာလား? သူက ရှန်ထျန်းဖုန်းကို ဘယ်လိုစိတ်ကြဆေးစွပ်ပြုတ်ကျွေးခဲ့လို့ ရှန်ထျန်းဖုန်းက ရှန်ချီဟွမ်းကို အရေးကြီးပရောဂျက်တစ်ခု ပေးလိုက်ရတာလဲ!


အခုသူတို့နောင်တရနေခဲ့သည်။ အဲ့ဒီတုန်းက ဘာလို့  သူတို့သားတွေကို ရှန်းယုဟန်နဲ့ လက်ထပ်ခွင့်မပေးခဲ့ရတာလဲ။


လက်ရှိအချိန်မှာ နောင်တအရဆုံးက ဖန်ခွက်ကို လက်နဲ့ထုခွဲလိုက်သော တတိယမဒမ်ဖြစ်သည်!


သေစမ်း…ရှန်းယုဟန်…သူမက သူ့ကို ဒီလောက်ထိ အကြံကြီးတဲ့လူဖြစ်နေမယ်လို့ မထင်ခဲ့ပေ။ ဒါက သူမနဲ့ ရှန်ချီယွင်ကို လက်စားချေလိုက်တာပဲ!


ထိုအချိန်မှာ ရှန်းယုဟန်က သူအမုန်းခံနေရတာကိုမသိပဲ ပရိဘောဂအသစ်များကို စာဖတ်ခန်းနှင့် နေရောင်ခန်းသို့ ဂရုတစိုက်သယ်လာပေးရန် အလုပ်သမားများအား တောင်းဆိုနေသည်။