အပိုင်း (၁၁၂)
Viewers 31k

Part 112


သွမ့်ချီ ယွမ်ရှနောက်ကို လိုက်ချင်သော်လည်း မလိုက်ရဲပေ။


  သူမအရမ်းဒေါသထွက်နေမှန်း သူသိသည်။ သူလည်း တခုခုဆုံရှုံးသွားရသလို ခံစား‌‌နေရသည်။ 


သူ့လုပ်ရပ်တွေ မှားနေတာလား။


  သူက သူသဘောကျသောသူနှင့်အတူရှိချင်ရုံမျှသာဖြစ်သည်။ သူ့အပေါ်ထားတဲ့ ဒီခံစားချက်တွေကြောင့် ဒီလိုတွေလုပ်ခဲ့ခြင်းသာဖြစ်သည်။ 


သူ့ လုပ်ရပ်တွေမှားနေပြီ‌လား။ 


 ခင်ပွန်းသည်နှင့် ဆက်ဆံရေး အဆင်မပြေသောကြောင့် ကွာရှင်းသင့်သည်။  


သွမ့်ချီ ၏ ခေါင်းတစ်ခုလုံးသည် ရှုပ်ထွေးနေ‌လေသည်။ သွမ့်ချီကို ယွမ်ရှ ပြောဆိုခဲ့သည်များမှာလည်း မှန်ကန်သည်ဟု သူထင်သည်။ တစ်ဖက်တွင်မူ သူသည်လည်း အမှားအယွင်းရှိမ‌‌နေဘူးဟု ခံစား‌‌နေမိသည်။ ထို ကွဲလွဲနေတဲ့ အတွေးနှစ်ခုက သူ့ဦးနှောက်ကို ရှုပ်ထွေးသွားစေသည်။   


ယွမ်ရှ ကုန်တိုက်ထဲသို့ ဝင်သွားသောအခါတွင်  ယနေ့သည် ဆိုးရွားသော နေ့တစ်နေ့ဟု ခံစားမိ‌‌နေသေးသည်။ သူမစိတ်ပြန်လည်တည်ငြိမ်သွားသောအခါ ခေါင်းအနည်းငယ်ကိုက်လာခဲ့သည်။ သွမ့်ချီက စုန့်ထင်ရှန်း ကိုသွားတွေ့ခဲ့သည်ကို သူမ မသိခဲ့ပါက သူမဘာမှဖြစ်မည်မဟုတ်ပေ။ သို့သော် အခု သူမ သိခဲ့ရသောကြောင့် မသိသလို ဟန်ဆောင်နေရမလား ဒါမှမဟုတ် သူနဲ့ စကားသွားပြောသင့်လားဟု သူမတွေးနေမိသည်။  


သူတို့နှစ်ယောက်ကြားမှာ အချစ်နှင့် ပတ်သက်ပြီးခံစားချက်တွေ မရှိခဲ့ကြပေမဲ့ သူတို့နှစ်ယောက်သည် အိမ်ထောင်ဖက်တွေ ဖြစ်နေဆဲပင်ဖြစ်သည်။ ယွမ်ရှသည် သူမတွင် ရည်းစားရှိနေသည်ဟု စုန့်ထင်ရှန်းကိုမထင်စေချင်‌‌ပေ။


  ရှင်းရှင်းပြောရလျှင် သူမသည် တစ်စုံတစ်ယောက်ဆီကမျှ အထင်လွဲမခံချင်ပေ။ စုန်ထင်ရှန်းလို လူကောင်းတစ်ယောက်သည်ပင် ဒီကိစ္စကိုဂရုမစိုက်သောကြောင့် သူမလည်းအရေးစိုက်နေစရာမလိုဘူးဟု သူမထင်သည်။  


ယွမ်ရှ၏ အင်္ဂလိပ်ဆရာမက လမ်းတွင် ယာဉ်ကြောပိတ်ဆို့နေသည်ဟု မက်ဆေ့ခ်ျပို့လာသောကြောင့် ယွမ်ရှသည် ထိုင်ရန်နေရာရှာပြီး ကော်ဖီနှင့် အချိုပွဲများမှာကာ စောင့်နေခဲ့သည်။ သူမသည် ထိုကိစ္စကို စုန့်ထင်ရှန်းထံ ပြောပြသင့်လား၊မသင့်လားဆိုတာကို တုံဆိုင်းနေမိသည်။  


ထိုအကြောင်းများကို တွေးပြီး‌‌နောက် သူမရဲ့ ဖုန်းကို ထုတ်ပြီး စုန့်ထင်ရှန်းကို WeChat မှ မက်ဆေ့ခ်ျတစ်စောင် ပေးပိုခဲ့သည်။


. [ရှင်အလုပ်ရှုပ်နေလား]  


တစ်ချို့အရာတွေက စာပို့ပြီး‌ပြောတာထက် မျက်နှာချင်းဆိုင်‌‌ပြောတာက ပိုကောင်းလေသည်။ ယခုခေတ်လူငယ်များသည် WeChat မှတဆင့် ကွဲသွားကြသည်ကို သူမ အံ့သြစရာမရှိပေ။ 


 စုန့်ထင်ရှန်း သည် အစည်းအဝေးတစ်ခုတွင်ရှိနေသည်။ သူ့ဖုန်း တုန်ခါသွားသောအခါ စခရင်ကို တစ်ချက်ကြည့်လိုက်သည်။ ကလေးလေးဝမ် ၏မိခင်ထံမှ မက်ဆေ့ခ်ျရခဲ့ကြောင်း အကြောင်းကြားစာတစ်ခုရရှိ‌‌လေသည်။


  စုန့်ထင်ရှန်းသည် ပုံမှန်အားဖြင့် အစည်းအဝေးများအတွင်း သူ့ဖုန်းကို မကြည့်သည့်အပြင် အရေးကြီးမက်ဆေ့ခ်ျများကိုပင် မတုံ့ပြန်တတ်ပေ။ ဒီတစ်ခါ၌ သူ ခဏတုံဆိုင်းသွား‌‌လေသည်။ ပထမဆုံးအကြိမ် အစည်းအဝေးကို ဂရုမစိုက်ခဲ့ခြင်းလည်းဖြစ်‌‌ပေမည်။သူ ခေါင်းငုံ့ကာ ဖုန်းကို လော့ခ်ဖွင့်လိုက်သည်။ သူသည် WeChatထဲသို့ ဝင်ပြီးနောက် သူမ၏ မက်ဆေ့ခ်ျကို တွေ့လိုက်သည်။ ထို့နောက် သူ့ပုံက အတန်းထဲတွင် ဖုန်းခိုးသုံးနေသောကျောင်းသားတစ်ဦးလိုပင်ဖြစ်‌‌နေပေသည်။အစည်းအဝေးတွင်လက်ရှိပြော‌နေသောစကားများကို ဂရုတစိုက် နားထောင်နေသည်ဟုထင်ရပေမဲ့ စားပွဲအောက်တွင် ပြန်စာကို ကျွမ်းကျင်စွာ ပြန်ရိုက်‌‌နေလေသည်။ 


 ယွမ်ရှသည် သူ့ထံမှမက်ဆေ့ခ်ျကို လျှင်မြန်စွာ ပြန်ရခဲ့သည်။  


[ဘာဖြစ်လို့လဲ..]  


သူက အလုပ်ရှုပ်မနေဘူးလား။မဟုတ်ရင် သူမ မက်ဆေ့ခ်ျကို ပြန်ဖို့ အချိန်ရှိမှာ မဟုတ်‌‌ပေ။ 


 ခဏလောက် စဉ်းစားပြီးနောက် သူမ အသက်ပြင်းပြင်းရှူပြီး လှပ‌သောလက်ချောင်းလေးများနှင့် မက်ဆေ့ခ်ျကို ရိုက်လိုက်သည် ။


 "မစ္စတာ သွမ့်ချီက မနေ့က ရှင့်ကို လိုက်ရှာနေတာလား...တောင်းပန်ပါတယ် ကျွန်မဒီနေ့မှသိလိုပါ.. နောက်ဆုံးအကြိမ်အဖြစ် အမှန်အတိုင်း ပြောပြတာပါ ကျွန်မနဲ့သူနဲ့ ဘာဆက်ဆံရေးမှ မရှိပါဘူး... ညစာစားပွဲတွေမှာ သူ့ကို အကြိမ်အနည်းငယ်သာ တွေ့ဖူးတာပါ.. သူနဲ့ လုံးဝမရင်းနှီးပါဘူး.. သူ ရှင့်ကို လာရှာလိမ့်မယ်လို မထင်ခဲ့ဘူး..." 


 စုန့်ထင်ရှန်း ခေါင်းငုံ့ကာ စာကို မြန်မြန်ဖတ်လိုက်သည်။  


သူ လက်ချောင်းများကို ကွေးကာ အစည်းအဝေး စားပွဲကို စည်းချက်ကျကျ ခေါက်နေလိုက်သည်။ သူ့မျက်ခုံးတို တွန့်ချိုးသွား‌‌လေသည်။  


စုန့်ထင်ရှန်း၏ အမူအရာပြောင်းလဲမှု‌ကြောင့် အစီရင်ခံစာတင်ပြနေသည့်မန်နေဂျာသည် သူ့အစီရင်ခံစာသည် မလုံလောက်သောကြောင့်ဖြစ်‌သည်ဟု ထင်နေလေသည်။ ထိုသူ တော်တော် တုန်လှုပ်သွားခဲ့လေသည်။  


ကုန်တိုက်တွင် ယွမ်ရှသည် စုန့်ထင်ရှန်း၏အဖြေကို စောင့်ဆိုင်းနေခဲ့သည်။ 


 သူ သူမကို ယုံပါ့မလား။ 


 အကြောင်းပြန်လောက်မည်မဟုတ်ဟု သူမတွေး‌‌နေချိန်တွင် သူမ၏ဖုန်းသည် အကြောင်းကြားချက်တစ်ခု အသံမြည်လာ‌လေသည်။ မက်ဆေ့ခ်ျကိုကြည့်ရန် ဖုန်းကို အမြန်ဖွင့်လိုက်သည်။ စာကိုဖတ်ပြီး ခဏလောက် အံ့သြသွားပြီးနောက် သူမ ရယ်မောလိုက်သည်။ 


 'သူ့ဦးနှောက်ကို အထူးကုဆရာဝန်ထံ သွားပြဖို့ သူ့အကြံပြုချက် ကို မယူဘူးလားဟု' မေးထားသည်ကို သူမတွေ့လိုက်ရသည်။