Chapter 56.2
“ဒါက ကွာရှင်းစာချုပ်”
ရှန်ချီဟွမ်း အထူးကြပ်မတ်ကုသဆောင်မှ ထွက်လာပြီးနောက် သူက ဆေးရုံမှာ လေးရက်ထပ်နေခဲ့ပြီး သူ့နဖူးပေါ်က ချုပ်ရိုးများကို ဖယ်ရှားပြီးတာနဲ့ ဒဏ်ရာလက္ခဏာများက အတော်လေးသက်သာသွားခဲ့သည်။
ထိုအတောအတွင်းမှာ ရှန်းယုဟန်က ဖြစ်စဥ်တစ်လျှောက် သူ့ကိုအဖော်ပြုပေးခဲ့ပြီး အကောင်းဆုံးလုပ်ပေးခဲ့သည်။ သူက မနက်ခင်းမှာ ရှန်ချီဟွမ်းအတွက် ချက်ပြုတ်ပေးခဲ့ပြီး လေးရက်တာအလုပ်ကြိုးစားပြီးနောက် ကိုယ်အလေးချိန်ကျဆင်းသွားပေမယ့် နေ့စဥ်ခေတ်သစ်စွမ်းရည်များကို အများကြီးလေ့လာနိုင်ခဲ့သည်။ ယင်းမှာ သူ့အတွက် အရမ်းကောင်းသော လေ့ကျင့်ခြင်းလှုပ်ရှားမှုဖြစ်ပြီး သူ့စိတ်နဲ့စွမ်းဆောင်ရည်က အများကြီးတိုးတက်လာပြီး ပို၍တက်ကြွရွှင်မြူးလာကာ သူ့မျက်ခုံးကြားရှိ အရေးအကြောင်းက ဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့သည်။
သူက လမ်းဘေးဆိုင်က သစ်သီးဝယ်ရင်း ကျူအာနဲ့ ငွေပေးချေလို့ရကြောင်း ယခုလေးတင် သိခဲ့ရသည်။ ဤသည်မှာ အလွန်အဆင်ပြေပြီး သူ့ခင်ပွန်းပေးခဲ့သော ငွေသားကို အများကြီးမသုံးခဲ့ရချေ။
သူဆေးရုံဆင်းသည့်နေမှာ ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ဆေးရုံကနေ လေယာဥ်ကွင်းကို ပေါ့ပေါ့ပါးပါးထွက်လာကြပြီး လက်ထောက်ချွီက သူတို့နဲ့အတူလိုက်လာခဲ့သည်။ လက်ထောက်ချွီက အဆင်ပြေနေပြီး သူ့ဒဏ်ရာက အသေးအမွှားဖြစ်ကာ ရှန်းယုဟန်ရောက်လာပြီး သုံးရက်မြောက်နေ့မှာ သူက သူ့သူဌေးအတွက် အလုပ်စလုပ်ပေးခဲ့ပြီး ရှန်ချီဟွမ်းမရှိသော်လည်း ကုမ္ပဏီက ပုံမှန်အတိုင်းလည်ပတ်နိုင်ခဲ့သည်။
ယနေ့အိမ်ပြန်နေစဥ်အတောအတွင်း ရှန်းယုဟန်က အပြင်ကိုကြည့်ဖို့ အချိန်ရခဲ့ပြီး ကောင်းကင်က မီးခိုးရောင်ဖြစ်နေပေမယ့် သူစိတ်ကောင်းဝင်နေတာကိုတော့ မတားနိုင်ခဲ့ပေ။ အပြင်မှာ သစ်ရွက်ခြောက်နှင့် အကိုင်းအခက်သာရှိသော သစ်ပင်များကိုတွေ့ရသော်လည်း သူကတော့ ဆောင်းတွင်း၏စိတ်အခြေအနေကို ခံစားမိခဲ့သည်။
ရှန်ချီဟွမ်း၏နဖူးက ပတ်တီးစည်းထားစရာမလိုတော့ပဲ ယခု သူက ပုံမှန်အတိုင်း ပြန်ဖြစ်နေလေပြီ။ ချွင်းချက်ကတော့ သူ့နဖူးပေါ်မှာ အမာရွတ်ရှိပြီး ထိုအမာရွတ်ကတော့ ရှန်းယုဟန်၏နှလုံးသားထဲက သူ့ခန့်ညားမှုကို မထိခိုက်ခဲ့ပေ။ သူက မျက်နှာပေါ်က အမာရွတ်များနဲ့ လူအများကြီးကို တွေ့ဖူးပြီး ထိုလူတွေက သူ့အဘိုးနှင့် သူ့ဖခင်အနားက စစ်သည်တော်များသာဖြစ်သည်။ သူက သူ့ဖခင် ခဏခဏပြောတာကို ကြားဖူးသည်။ အမျိုးသားတစ်ယောက်မှာ အမာရွတ်မရှိဖို့က မဖြစ်နိုင်သလို ယင်းက သူတို့မှာသတ္တိနဲ့ ရည်မှန်းချက်ရှိပြီး ယုံကြည်မှုနှင့် ထိုက်တန်သူများဖြစ်ကြောင်း သက်သေပြနေတာလို့ပင်။
လေယာဥ်ထွက်သွားတော့ ရှန်းယုဟန်က သက်ပြင်းချလိုက်သည်။ နောက်ဆုံးအကြိမ် တစ်ယောက်တည်းထိုင်ခဲ့ပြီး ထွက်ခွာစဥ်မှာ သူ့နှလုံးသားထဲက မသက်မသာဖြစ်မှုကို မခံစားခဲ့ရပေ။ လက်ရှိမှာတော့ မသက်မသာဖြစ်နေပြီး သူ့ခင်ပွန်း၏လက်ကို တင်းတင်းဆုပ်ကိုင်ထားရသည်။
“လေယာဥ်မူးတာလား?” ရှန်ချီဟွမ်းက သူ့ကိုစိတ်ပူနေပြီး သူ့မျက်နှာက ပေါင်မုန့်လုံးလို ရှုံ့တွနေတာကိုတွေ့တော့ သူက လက်ဆန့်ကာ သူ့မျက်နှာပေါ်ရှိ အသားစိုင်ကို ဆွဲဆိတ်လိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ နည်းနည်းစိမ်းနေလို့ပါ” ဤသည်မှာ ဓာတ်လှေကား ပထမဆုံးအကြိမ်စီးစဥ်ကနဲ့တူပြီး အခုတော့ ကျင့်သားရနေ၍ အဆင်ပြေပါသည်။
သူအဆင်ပြေတာကိုတွေ့တော့ ရှန်ချီဟွမ်းက သူ့မျက်နှာကိုကြည့်ကာပြောလိုက်သည်။ “မင်းအဆင်ပြေရင်ပြီးတာပဲ။ ငါကကိုယ်အလေးချိန် မကျပဲ မင်းကတော့ အတော်လေးကျသွားတာပဲ။”
ရှန်းယုဟန်ကလည်း သူ့မျက်နှာသူထိလိုက်သည်။ “မပိန်ပါဘူး။ ဟုတ်တယ်မလား?”
“ဒါပေါ့ ကိုယ်တိုင်ကြည့်ရင်တော့ ဘယ်သိသာမလဲ” ရှန်ချီဟွမ်း၏မျက်လုံးများမှာ ညှိုးငယ်နေသည်။ “အိမ်ပြန်ပြီး အန်တီဝမ်ကို အရသာရှိတာလေးတွေ ချက်ကျွေးခိုင်းရမယ်။” အသားတက်လာတာက အခုတော့ သူ့ကြောင့် ကျသွားခဲ့သည်။
“ဟုတ်ကဲ့” ရှန်းယုဟန်က ထိုအကြောင်းကို သိပ်ဂရုမစိုက်ပေ။ သူ့မျက်လုံးများက လေယာဥ်မောင်မယ်များကိုသာ ကြည့်နေသည်။ သူက နောက်ဆုံးအကြိမ်မှာ လေယာဥ်ပေါ်က အစားအသောက်ကိုတောင် မမြည်းခဲ့ရတာကြောင့် ဒီတစ်ကြိမ်တော့ မြည်းစမ်းကြည့်လိုက်မည်။
“ဗိုက်ဆာနေလား?” ယခုချိန်က နေ့လည်စာစားချိန်ရောက်ပြီဖြစ်၍ ရှန်ချီဟွမ်းက ရှန်းယုဟန် လေယာဥ်မောင်မယ်များကို အနီးကပ်ကြည့်နေတာကို တွေ့လိုက်ရတော့ သူက သူ့မျက်လုံးများကို ဖုံးလိုက်သည်။ “ငါက လေယာဥ်မောင်မယ်တွေလောက် ကြည့်မကောင်းလို့လား?”
ရှန်းယုဟန်က သူ့လက်ကို ဆွဲချကာ ပြောလိုက်သည်။ “မဟုတ်ပါဘူး။ ကျွန်တော်က အရင်တစ်ခေါက် လေယာဥ်စီးတုန်းက လေယာဥ်ပေါ်က အစားအသောက်ကိုမြည်းဖို့ အခွင့်အရေးမရခဲ့လို့ပါ။”
ရှန်ချီဟွမ်းက ရှန်းယုဟန်၏မြင်ကွင်းကို တမင်တကာ သူ့ခန္ဓာကိုယ်နဲ့ ကာလိုက်သည်။ “စမ်းကြည့်ချင်လား?”
ရှန်းယုဟန်က နာခံစွာခေါင်းညိတ်လိုက်သည်။ “အွန်း၊ ကျွန်တော်အရင်ကမစားဖူးဘူး။”
ရှန်ချီဟွမ်းက ရှန်းယုဟန် သူ့မျက်နှာကိုသာ ငေးကြည့်နေတာ တွေ့လိုက်ရသည်။ “ဘာလဲ?”
ရှန်းယုဟန်က သူ့နဖူးပေါ်က အမာရွတ်ကိုကြည့်ကာ မေးလိုက်သည်။ “ယောကျာ်း၊ နာလား?”
“မနာတော့ဘူး။ အမာရွတ်က သိပ်မကြာခင် သူ့ဘာသူပျောက်သွားမှာပါ။” ရှန်ချီဟွမ်းက သူစိတ်ပူနေမှာကို ကြောက်နေသဖြင့် သူက သူ့ကိုချော့လိုက်သည်။ “မင်းဘာတွေစိတ်ပူနေတာလဲ၊ အားလုံးအဆင်ပြေသွားပါပြီ။”
“အွန်း၊ ကျွန်တော်စိတ်မပူပါဘူး” ရှန်းယုဟန်က ရှန်ချီဟွမ်းဒဏ်ရာရပြီး သူ့ခေါင်းက သွေးတွေဖုံးနေကာ သည်းခံဖို့ ခက်ခဲနေလောက်မည့် မြင်ကွင်းကို တွေးကြည့်နေတာပင်။
သူက ထိုအတွေးကြောင့် မျက်လုံးများ နီရဲလာပြန်သည်။
ရှန်ချီဟွမ်းက သူတို့နှစ်ယောက်ကြားရှိ ခုံလက်ကိုင်ကိုညှိကာ သူ့ကို ရင်ခွင်ထဲထည့်ပြီး နှစ်သိမ့်လိုက်သည်။ သူက ရှန်းယုဟန်နှင့် ဆေးရုံမှာ ရက်များစွာနေခဲ့ပြီး သူငိုတာကိုမတွေ့ခဲ့ရပေ။ သူက ဘာလို့ မျက်ရည်ကို ရုတ်တရက် ထိန်းချုပ်ခဲ့ရတာလဲ…
ရှန်ချီဟွမ်းက သူ့ကိုတိုးတိုးလေး မေးလိုက်သည်။ “အဆင်ပြေရဲ့လား၊ ဘာလို့ငိုနေတာလဲ?”
ရှန်းယုဟန်က သူ့ရင်ခွင်ထဲမှာမှီပြီး သူ့ခါးကို တင်းတင်းဖက်ထားကာ တိုးတိုးလေးပြောလိုက်၏။ “ကျွန်တော်မငိုပါဘူး။ စိုးရိမ်နေလို့ပါ။” သူက တစ်နေ့မှာ သူ့ခင်ပွန်းပြန်မလာနိုင်မှာကို စိုးရိမ်နေတာပင်။
ရှန်ချီဟွမ်းက သူ့နောက်ကျောကိုပုတ်ပေးပြီး ဘာမှမပြောတော့ပေ။ လေယာဥ်မယ်က အစားအသောက်ယူလာပေးစဥ် ရှန်းယုဟန်က ရှန်ချီဟွမ်း၏ရင်ခွင်ထဲက ထွက်လိုက်ပြီး သူက သူစားချင်သည့် အစားအစာများကို ရရှိခဲ့သည်။ သူက အဆာပြေသစ်သီး၊ မုန့်နှင့် အအေးကို မြည်းစမ်းကြည့်ပြီး အရသာက ပုံမှန်သာဖြစ်သည်။ သူက ချေးမများသော်လည်း အရသာရှိတယ်လို့မထင်ပေ။ သူက အိမ်မှာ ပို၍ဆန်းပြားသော အစားအသောက်ကို စားဖူးလို့ဖြစ်မည်။
မွန်းလွဲပိုင်းနှစ်နာရီမှာ သူတို့နှစ်ယောက်က အိမ်ကို ချောချောမွေ့မွေ့ပြန်ရောက်ခဲ့သည်။ အန်တီဝမ်က သူတို့ပြန်လာမှာကိုသိပြီး မီးလင်းဖိုနဲ့ ကျွဲကောရွက်ကို တစ်နေရာမှယူလာပြီး ရှန်ချီဟွမ်းကို ကျော်ဖို့ပြောခဲ့သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုကြည့်လိုက်သည်။ “မင်းရဲ့အကြံလား?” အန်တီဝမ်က ထိုအရာကိုတစ်ခါမှမလုပ်ဖူးပဲ သူ့ဇနီးကသာ အယူသီးတာဖြစ်သည်။
“အင်း၊ ယောကျာ်း၊ မြန်မြန်ကျော်ပြီး ကံဆိုးမှုကို ဖယ်ရှားရအောင်။” ရှန်းယုဟန်က သူ့ကို ညင်ညင်သာသာ တွန်းလိုက်သည်။ “မြန်မြန်”
ရှန်ချီဟွမ်းက ဘာများလုပ်နိုင်မှာလဲ.. သူက ရှန်းယုဟန်ပြောသလို မီးလင်းဖိုကို ဖြတ်ရုံမှတပါး ရွေးချယ်စရာမရှိပေ။
သူက ထပ်မေးလိုက်သည်။ “ငါ ညဆိုရင် ကျွဲကောရွက်နဲ့ ရေချိုးဖို့ရော လိုသေးလား?”
“အင်း၊ ယောကျာ်းက အရမ်းထက်မြက်တာပဲ။” ရှန်းယုဟန်က သူ့ကို အပြုံးတစ််ခုဖြင့် ကြည့်နေပြီး သူ့မျက်လုံးများက တောက်ပနေသည်။
ထိုအချိန်မှာ ရှန်းယုဟန်က သူ့ကမ္ဘာကြီးဖြစ်တယ်လို့ ရှန်ချီဟွမ်းက ခံစားလိုက်ရပြီး ကူကယ်ရာမဲ့ပြုံးလိုက်သည်။ သူ့မျက်လုံးများက သူ့မှာရှိမှန်းမသိသည့် အလိုလိုက်မှုများနှင့် ပြည့်နေပေမယ့် သူက သူ့အကျင့်အတိုင်း ပြောလိုက်ပြန်သည်။ “အယူသီးလွန်းတယ်။”
ရှန်းယုဟန်က ခဏလောက် သန့်ရှင်းရေးလုပ်ပြီး သူ့ခန္ဓာကိုယ်နဲ့စိတ်က ပြေလျော့သွားစဥ် ကုတင်ပေါ်မှာ အိပ်ပျော်သွားခဲ့သည်။
ရှန်ချီဟွမ်းက သူ့ကို လက်တစ်ဖက်ဖြင့် စောင်ခြုံပေးပြီး သူက ရှန်းယုဟန်၏လက်ကိုညှစ်လိုက်သည်။ သူ့လက်ချောင်းများက ပုံမှန်ဆိုရင် စာရေးပုံဆွဲခြင်းအတွက်သာဖြစ်ပေမယ့် လွန်ခဲ့သည့်ရက်အနည်းငယ်မှာ ရှန်ချီဟွမ်းအတွက် အလုပ်ရှုပ်နေခဲ့သည်။ သူက အရင်က အနီးကပ်မကြည့်ခဲ့ပေမယ့် အခုတော့ ရှန်းယုဟန်၏လက်ချောင်းပေါ်မှာ အရေပြားကွာနေကြောင်း သတိထားမိခဲ့ပြီး ရှန်းယုဟန်က ဒီရက်တွေမှာ သူ့ကို ညည်းတွားတာမျိုးလည်း မလုပ်ခဲ့ပေ။
သူက ပြောပြမတတ်အောင် စိတ်ညစ်သွားသည်။ ဘယ်လိုတောင် တုံးအတဲ့ဇနီးလဲ..
ကွာနေသောလက်ချောင်းများက ဗီတာမင်စီချို့တဲ့လို့ဖြစ်နိုင်ပြီး ရှန်ချီဟွမ်းက အောက်ထပ်ဆင်းကာ ဗီတာမင်ဓာတ်ဖြည့်ပေးသော အစားအသောက်ကိုပိုပြင်ပေးဖို့ အန်တီဝမ်ကိုပြောခဲ့သည်။
အန်တီဝမ်က သူတို့နှစ်ယောက် အတော်လေးလိုက်ဖက်တယ်လို့ တွေးနေသည်။ သူတို့က တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ကာ စဥ်းစားပေးတတ်ကြသည်။ ဒီလိုဂရုစိုက်ပေးတဲ့ လူငယ်တွေက အနည်းငယ်သာရှိသည်။
တစ်ချိန်တည်းမှာ ရှန်ချီဟွမ်းက သတိထားစရာများကြားမှာ ဆေးရုံရှိနေရာအနှံ့တွင် နေ့တိုင်းထိုင်စောင့်နေသော သတင်းထောက်များကို သတိထားရန် ပျက်ကွက်ခဲ့သည်။ သူမနက်က ဆေးရုံဆင်းခဲ့သည့်သတင်းက Trending Search (ရေပန်းစားမှုရှာဖွေချက်များစာရင်း)မှာ တစ်နေကုန်ပါနေခဲ့ပြီး ယခုဆိုရင် သူပြန်ကောင်းသွားတာကို အားလုံးသိသွားခဲ့လေပြီ။
လွန်ခဲ့သောရက်အနည်းငယ်က သူ့သူငယ်ချင်းများကလည်း ဆေးရုံမှာ သူ့ကိုသွားတွေ့ခဲ့ပေမယ့် သူကျန်းချန်ပြန်ရောက်နေတာကိုသိပြီးနောက် ဂရုမက်ဆေ့က လုံးဝရပ်မသွားခဲ့ပေ။
လျှိုထန်က သူ့ကို သီးသန့်ဗီဒီယိုကောလ်ခေါ်ခဲ့သည်။
လျှိုထန်: “လောင်ရှန်…. မင်းအဆင်ပြေရဲ့လား?”
ရှန်ချီဟွမ်းက တည့်ဖြေလိုက်၏။ “ဘာမှမဖြစ်ပါဘူး။ တစ်ပတ်နေရင် ကျောက်ပတ်တီးဖြည်လို့ရပြီ။”
လျှိုထန်: “ဒီ Hot Search ကိုဖြေရှင်းဖို့ ငါကူညီပေးရမလား?”
ရှန်ချီဟွမ်း: “မလိုပါဘူး။” သူတို့တွေကို ခဏလောက်တော့ စိတ်သောကဖြစ်ခွင့်ပေးရမည်။
သူမသေသေးဘူးဆိုတော့ သူတို့က သူလက်တုံ့ပြန်တာကို ခံစားရမည်။
လျှိုထန်: “ဒါနဲ့ မင်းကိုတစ်ခုပြောဦးမယ်၊ မင်းဇနီးနဲ့သက်ဆိုင်တာ..”
ရှန်ချီဟွမ်းက ထိုစကားကြားတော့ သူက နိုးကြားလာသည်။ “ဘာဖြစ်လို့လဲ?”
လျှိုထန်: “ဒီနေ့ဖိတ်ခေါ်စာတစ်ခုရခဲ့တယ်။ အဲ့ဒါက သူ့အတွက်သီးသန့်ပဲ။ ငါနက်ဖြန်မင်းကိုပို့ပေးရမလား?”
ရှန်ချီဟွမ်း: “ဘယ်သူဖိတ်တာလဲ?”
တစ်ယောက်ယောက်က လျှိုထန်ကတစ်ဆင့် ရှန်းယုဟန်ကို သိချင်တာလား?
လျှိုထန်: “ငါ့အဖေရဲ့သူငယ်ချင်းပါ။ မျိုးရိုးနာမည်ကျင်း၊ ဒီအန်ကယ်ကျင်းမှာ နာမည်ကြီးဒါရိုက်တာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက ရုပ်ရှင်ရိုက်နေတာမို့ ရှန်းယုဟန်ကို သူ့အတွက် ပန်းချီဆွဲပေးဖို့ ဖိတ်ခေါ်ခဲ့တာ။ ငါ့အဖေလည်းသွားမှာ။”
ရှန်ချီဟွမ်း: “သူ အိပ်နေတယ်။ သူနိုးလာရင် မေးလိုက်မယ်။ သူမသွားချင်ရင်တော့ မပို့နဲ့တော့။”
လျှိုထန်က သက်ပြင်းချသည်။ “လောင်ရှန်၊ မင်းက ဒီလောက်ထိ မယားကြောက်တဲ့ယောကျာ်းလို့ ငါမထင်ထားဘူး။”
ရှန်ချီဟွမ်းက စိတ်မဆိုးပဲ ဂုဏ်ယူစွာပြောလိုက်၏။ “ငါ့ဇနီး ငါတန်ဖိုးထားတာကို မယားကြောက်လို့ခေါ်လို့ရလား?”
လျှိုထန်: “ဟုတ်ပါပြီကွာ”
–
ရှန်းယုဟန်က နေ့လည်မှာ နှစ်နာရီကြာအောင် အိပ်ခဲ့ပြီး သူ့အိပ်မက်များက မဆန်းပြားတော့ပဲ သူ့မိသားစုကို မက်နေခဲ့တာကြောင့် သူက အိမ်ပြန်ရောက်သွားလို့ ပျော်နေခဲ့သည်။
အိပ်မက်ထဲမှာ သူက ခေတ်သစ်ကအဝတ်အစားကိုဝတ်ပြီး သူ့ခြံထဲကိုပြန်ရောက်နေကာ သူတို့ကိုတွေ့ခဲ့ပေမယ့် သူတို့က သူ့ကိုမမှတ်မိပဲ သူက ရှန်းမိသားစု၏ကောမဟုတ်ပဲ အပြင်လူလို့ပြောနေကြသည်။ သူတို့က သူ့ကိုရဲစခန်းပို့ဖို့ ပြောနေပြီး သူဘယ်လောက်ရှင်းပြပါစေ သူက ဟန်ကောအာဆိုတာကို ဘယ်သူမှမယုံကြပေ။
သူက သူ့ကိုယ်မှာ ဟင်္သါပြဒါးရိုင်းမှဲ့ရှိတယ်လို့ ပြောခဲ့ပေမယ့် ဟင်္သါပြဒါးရိုင်းမှဲ့က အတုဖြစ်ပြီး ထိုအရာက ကလေးမွေးနိုင်သည့်လူများ၏ ဟင်္သါပြဒါးရိုင်းမှဲ့မဟုတ်ဘူးလို့ သူတို့ကပြောလာခဲ့သည်။ ကလေးမမွေးနိုင်ခဲ့ရင် သူက ရှန်းမိသားစုဝင်မဟုတ်တာကြောင့် ရှန်းယုဟန်က ရှန်းမိသားစုမှ ညှာတာမှုမရှိ မောင်းထုတ်ခံခဲ့ရသည်။
သူက ရှန်းမိသားစု၏ ပြဒါးတံခါးရှေ့မှာ တစ်ယောက်တည်းရပ်ကာ ဝမ်းနည်းတကြီးငိုနေခဲ့သည်။
သူ့ဟင်္သါပြဒါးရိုင်းမှဲ့က အတုဖြစ်ပြီး သူက ကလေးမွေးနိုင်သည့် ကောမဟုတ်တာကြောင့် ရှန်းမိသားစုကို ပြန်လို့်မရပေ။
မျက်စိတစ်မှိတ်အတွင်းမှာ သူက ခေတ်သစ်အိမ်ကိုပြန်ရောက်လာပြီး သူက တံခါးနားမှာ လက်ပိုက်ရပ်နေသော ရှန်ချီဟွမ်းကို တွေ့လိုက်ရပေမယ့် သူ့ခင်ပွန်း၏လက်နှင့်ခြေထောက်က အကောင်းပကတိဖြစ်ပြီး သူ့နဖူးမှာ ဒဏ်ရာမရှိပေ။ သို့သော် သူက မပျော်မရွှင်ဖြစ်နေပြီး သူ့မျက်နှာက ညှိုးနွမ်းနေကာ မျက်လုံးက ငိုက်စိုက်ကျပြီး ဒေါသထွက်နေပုံရသည်။
ရှန်းယုဟန်က သူ့ဆီပြေးသွားကာ ပြောလိုက်သည်။ “ယောကျာ်း၊ ကျွန်တော့်ကိုအိမ်ပြန်ပို့ပေးပါ။”
သို့သော် ရှန်ချီဟွမ်းက သူ့ကို အေးစက်စက်တွန်းလိုက်ပြီး ပြောခဲ့သည်။ “မင်းကလေးမမွေးနိုင်ပဲ ရှန်မိသားစုထဲ ဘယ်လိုဝင်လာတာလဲ?”
ထို့နောက်က သူက ရှန်းယုဟန်ကို စာရွက်တစ်ရွက်ကမ်းပေးကာ ပြောခဲ့သည်။ “ဒါက ကွာရှင်းစာချုပ်”
ရှန်းယုဟန်က ကောင်းကင်ကြီးပြိုကျသွားသလို ခံစားလိုက်ရပြီး သူက ထိုအိမ်မက်ဆိုးကြောင့် နိုးလာခဲ့၏!
သူမျက်လုံးဖွင့်လိုက်သောအခါ သူက မှောက်အိပ်နေပြီး သူ့မျက်လုံးထောင့်များ စိုစွတ်နေတာကို သိလိုက်ရသည်။
သူက စောင်ကို ကြောင်တက်တက်ဖွင့်ကာ သူ့ခင်ပွန်းကိုရှာဖို့ အခန်းထဲကပြေးထွက်သွားသည်။ “ယောကျာ်း၊ ခင်ဗျားဘယ်မှာလဲ?”
သူ့ခင်ပွန်း၏အသံက ဧည့်ခန်းထဲမှထွက်လာသည်။ “အောက်ထပ်မှာ”
ရှန်းယုဟန်က အောက်ထပ်ကိုပြေးသွားပြီး ရှန်ချီဟွမ်းက ဆိုဖာပေါ်မှာ တီဗီကြည့်နေပြီး ခေါင်းမော့လိုက်တော့ သူ့ဇနီးက မျက်ရည်များနှင့်အတူ သူ့ရင်ခွင်ထဲခုန်ဝင်လာပြီး သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားခဲ့သည်။
သူ့ဇနီးက အိပ်ရေးမဝလို့ ရှုပ်ထွေးနေတာလား မသိပေမယ့် ရှန်ချီဟွမ်းက သူပေါက်ကရပြောတာကို ကြားလိုက်ရသည်။ “ယောကျာ်း၊ ကျွန်တော် အနာဂတ်မှာ ကလေးမမွေးနိုင်ခဲ့ရင် ကျွန်တော့်ကို အိမ်ကမောင်းထုတ်မှာလား?”
သို့သော် ရှန်ချီဟွမ်းက ရယ်မောကာ ပြောလိုက်သည်။ “မင်းက အစတည်းက ကလေးမွေးလို့မှမရတာ။”
ရှန်းယုဟန်က ထိုစကားကြားတော့ ဝမ်းနည်းတကြီးငိုကာ အငိုမရပ်တော့ပေ။
သူ ကောဘဝတုန်းက အများဆုံးနှစ်ယောက်မွေးနိုင်ပေမယ့် အခု တစ်ယောက်မှ မမွေးနိုင်တော့ဘူး!
ယခုချိန်မှာ ရှုပ်ထွေးသွားတာက ရှန်ချီဟွမ်းဖြစ်သည်။ သူပြောတာမှားသွားလို့လား?