ငါ့နားတွေ နီရဲနေဆဲပဲ၊ ကျိုးယန်နဲ့အတူ ယောကျ်ားလေးအဆောင်အောက်ကို လိုက်ဆင်းလာခဲ့တယ်။ ကံကောင်းလို့ ဒီအချိန်မှာ လူနည်းနည်းပဲရှိတယ်။
"ကျိုးယန်၊ ခင်ဗျားစောစောပြန်နားသင့်ပြီ"
ကျိုးယန်က သူ့မျက်ခုံးတွေကို နည်းနည်း မြှင့်တင်လိုက်ပြီး နောက်ပြောင်တဲ့လေသံနဲ့
"ပေါင်ပေ့ မင်း ကိုယ့်ကို ဘာလို့ခေါ်လိုက်တာလဲ"
"ကျိုးယန်လို့လေ…”
"အဲ့လို မင်းအရင်က မခေါ်ခဲ့ဘူး"
ငါ့မျက်တောင်တွေ တဖျပ်ဖျပ်ခတ်ပြီး ရှက်တဲ့ပုံနဲ့ သူ့ကို မေးလိုက်တယ်။
"တောင်းပန်ပါတယ် ကျွန်တော် တကယ်မေ့သွားလို့ ကျွန်တော့်ကို ပြန်သတိပေးလို့ရမလား"
ကျိုးယန်ရဲ့ နှုတ်ခမ်းတွေ နည်းနည်းကွေးညွှတ်သွားတယ်။
"မင်း ကိုယ့်ကို 'လောင်ကုန်း လို့ ခေါ်ခဲ့တယ်"
…
ငါ လုံးဝကို ရှုပ်ထွေးသွားတယ်။
ဒီလို ရင်းနှီးတဲ့ နာမည်မျိုး ခေါ်ခဲ့တာလား!
ငါတို့နှစ်ယောက်စလုံးက ယောကျ်ားတွေပဲ၊ နည်းနည်း မသင့်တော်ဘူးလားလို့…
ငါ့နှုတ်ခမ်းတွေကို မပီမသ ရေရွတ်နေမိတယ်၊ ရှက်ရွံ့မှုက ငါ့ကို ကျယ်ကျယ် မပြောနိုင်အောင် တားဆီးထားတယ်။
ကံကောင်းစွာပဲ ကျိုးယန် က ငါ့ကို မခက်ခဲစေဘဲ အခြားရွေးချယ်စရာတစ်ခုကို ပေးတယ်။
"ရပါတယ်၊ တခြားချစ်စနိုးနာမည်ဆိုလည်း အဆင်ပြေပါတယ်"
တခြားချစ်စနိုးနာမည်လား…
ရင်းနှီးတဲ့ နာမည်ပြောင်အချို့ ငါ့စိတ်ထဲ ဖြတ်ပြေးသွားပြီး နောက်ဆုံးတစ်ခုကို ရွေးချယ်လိုက်တယ်။
ဒါနဲ့ ငါ စမ်းတဝါးဝါး ပြောလိုက်တယ်။
"ကော... ကောဆိုရင်ကော"
စကားလုံးတွေ ပါးစပ်က ထွက်တာနဲ့ ကျိုးယန်ရဲ့ မျက်နှာအမူအရာ ပြောင်းသွားတာကို ငါ တွေ့လိုက်ရတယ်၊ ပြီးတော့ သူ့ဆီကနေ မကြားတစ်ချက် ကြားတစ်ချက် ကျိန်ဆဲသံ ထွက်လာတယ်။
"မုန်ထင်၊ မင်း အရမ်းချစ်စရာကောင်းတာပဲ"
ငါ မျက်နှာနီရဲသွားပြီး ဘာမှမပြောရဲဘဲ ငါ့အကြည့်တွေ ဝေ့လည်နေတယ်။
ဘာလို့လဲဆိုတော့ ကျိုးယန်က ငါ့ကို နမ်းချင်နေသလို ခံစားရလို့ပဲ။ ဒါပေမယ့် ကံကောင်းလို့ ကျိုးယန်က ဘာမှ ထပ်မလုပ်ဘဲ ငါ့ကို ကောင်းကောင်းနားဖို့ပဲ သတိပေးတယ်။
"ပြန်တော့၊ မနက်ဖြန် မနက်ကျရင် မင်းကို ကျောင်းသွားဖို့ လာကြိုမယ်"
ငါက နာနာခံခံ ခေါင်းညိတ် သဘောတူလိုက်တယ်။ ပြီးတော့ သူက ကြောင်တစ်ကောင်ကို ပွတ်သလို ငါ့ခေါင်းကို ပုတ်လိုက်တယ်။
သူ ပြန်လှည့်ထွက်သွားပြီးနောက် ငါလည်း အဆောင်ကို ပြန်သွားခဲ့တယ်။
ဒါပေမယ့် ငါ သူ့ကို ပြန်လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ဘူး။ မမျှော်လင့်ဘဲ ကျိုးယန် အမှိုက်ပုံးထဲကို တစ်ခုခု ပစ်ထည့်နေတာကို တွေ့လိုက်ရတယ်။ ချွေးတွေစိုနေတဲ့ တစ်ရှူးတစ်ရွက်။
ဟင်…ကျိုးယန်လို အရမ်းကို ခန့်ညားတဲ့သူကို ဘာက စိတ်လှုပ်ရှားစေနိုင်တာလဲ။
~~~