Chapter 62.2
Viewers 23k

Chapter 62.2


“အပြန်အလှန်ပေးသော အံ့အားသင့်စရာများ”


ရှန်းယုဟန်က ချင်တီးခတ်လို့ပြီးသွားပြီး သူ့ခင်ပွန်းကို ပန်းသီးပေးဖို့ မေ့နေတာကို ရုတ်တရက် သတိရသွား၏။



ရှန်ချီဟွမ်းက သူ့အခန်းပြန်ပြီး အနားယူတော့မယ်လို့ ပြောခါနီးမှာ သူ့ဇနီးက ပုံမှန်နှေးကွေးသော လမ်းလျှောက်ဟန်ကိုပြောင်းပြီး တစ်ခုခုလုပ်တော့မလို အောက်ထပ်ပြေးဆင်းသွားတာကို တွေ့လိုက်ရသည်။ သူက ဆိုဖာမှထကာ သူ့နောက်လိုက်သွားပြီး ကော်ရီဒါမှရပ်ကာ အိတ်အသေးတစ်လုံးကိုကိုင်ကာ ပြေးလာသောဇနီးလေးကို ကြည့်နေလိုက်သည်။


ရှန်းယုဟန်က အသက်ရှူထုတ်လိုက်ပြီး သူ့မျက်နှာက ပြေးထားလို့ နီမြန်းနေသည်။ “ယောကျာ်း၊ ဒါခင်ဗျားအတွက်ပါ၊ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက်။”



ရှန်ချီဟွမ်းက ယူလိုက်ပြီး အထဲက ပန်းသီးအလုံးကြီးကို တွေ့လိုက်ရသည်။ “ကိုယ့်အတွက် ပန်းသီးတစ်လုံး?”



“အွန်း” ရှန်းယုဟန်က ခေါင်းညိတ်ပြသည်။ “ခရစ်စမတ်မှာ ပန်းသီးပေးဖို့ မလိုဘူးလား?”



ရှန်ချီဟွမ်းက ကျယ်လောင်စွာရယ်မောလိုက်သည်။ “ငါတို့နိုင်ငံမှာပဲ ပန်းသီးပေးတဲ့ အလေ့အထထွက်လာတော့တယ်။ ဒီပွဲတော်က ဒီလိုအယူအဆမရှိဘူးကွ၊ အဲ့ဒါက ကုန်သည်တွေ စီစဥ်ထားတဲ့ လှုပ်ရှားမှုတစ်ခုပါ။” သူ့ဇနီးလေး စိတ်ဆိုးလာသည်ကိုတွေ့တော့ သူကချက်ချင်းပြောလိုက်သည်။ “ဒါပေမယ့် ကျေးဇူးတင်ပါတယ်။ ကိုယ်အလုပ်ရှုပ်နေလို့ မင်းအတွက် လက်ဆောင်ပြင်ဖို့ မေ့သွားတယ်။”


သူ့ခင်ပွန်း၏ ကျေးဇူးတင်စကားကို နားထောင်ပြီးတော့ ရှန်းယုဟန်က ကျေနပ်သွားသည်။ “ကိစ္စမရှိဘူး၊ ခင်ဗျားက ကျွန်တော့်အတွက် အမြဲဝယ်ပေးနေတာပဲကို”


ရှန်ချီဟွမ်း​က သူ့ရင်ထဲမှာတွေးလိုက်သည်။ သူ့ဇနီးက စိတ်ကျေနပ်ဖို့လွယ်တာပဲ….. သူက ခေါင်းငုံ့ကာ တောက်ပြောင်နေသော နှုတ်ခမ်းကိုနမ်းလိုက်ပြီး သူ့ကို တစ်ခါတည်းပွေ့ချီကာ ပြောလိုက်သည်။ “အခန်းထဲသွားကြမယ်။”


ရှန်းယုဟန်က ရုတ်တရက် ပွေ့ချီခံရတာကြောင့် ထိတ်လန့်သွားကာ သူ့လည်ပင်းကို တင်းတင်းဖက်ထားလိုက်၏။ “အား၊ ယောကျာ်း…. အောက်ချပေး!”


ရှန်ချီဟွမ်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့အကျင့်အတိုင်း ​ပြောလိုက်သည်။ “မချပေးဘူး။”


ထို့နောက် ရှန်းယုဟန်က သူ့ခင်ပွန်း၏ လွယ်လွယ်ကူကူ အခန်းထဲပွေ့ချီသွားတာကို ခံလိုက်ရပြီီး နူးညံ့သော ကုတင်ပေါ်ကိုကျသွားသည်နှင့် ရှန်းယုဟန်၏နှုတ်ခမ်းက အနမ်းခံလိုက်ရသည်။


နွေဦးညက တစ်မိနစ်ကို ရွှေစင်တစ်ထောင်တန်လေသည်**။

(***မင်္ဂလာဦးညက မိနစ်တိုင်းတန်ဖိုးရှိတယ်)

သူ့ခင်ပွန်း၏ကောင်းချီးကြောင့် ရှန်းယုဟန်၏ ခရစ်စမတ်ပွဲတော်က ‘ကိုယ်ဟန်အနေအထား'နှင့် အရောင်အသွေးစုံသွားလေသည်။


သူ့ခင်ပွန်းက ထုံးစံအတိုင်း အိပ်နေသော်လည်း ရှန်းယုဟန်က သူ့ခင်ပွန်းထက်စောစောထပြီး မနေ့ညက သူ့ခင်ပွန်းကို မုတ်ဆိတ်ရိတ်ပေးဖို့ ကတိပေးခဲ့သည်။


ရှန်ချီဟွမ်းက ပုံမှန်အတိုင်းနိုးလာပြီး သူ့ဇနီးက သူ့အတွက် သွားတိုက်ဆေးညှစ်ပေးထားကာ မုတ်ဆိတ်ရိတ်ခရင်ခ်ကိုလည်း ထုတ်ထားသည်။ မနေ့ညက သူက အနေအထားစုံခဲ့သော်လည်း သူ့ဇနီးက အိပ်ရာထပြီး သွက်လက်နေတာကိုတွေ့တော့ ရှန်ချီဟွမ်းက မနေ့ညက သူသိပ်မကြိုးစားခဲ့ဘူးလို့ ခံစားလိုက်ရသည်။


“ယောကျာ်း၊ ကျွန်တော်ရိတ်ပေးမယ်။”



ရှန်းယုဟန်မှာ ဘယ်လိုဖွဲ့စည်းပုံရှိလဲတော့မသိပေမယ့် သူက မုတ်ဆိတ်ရိတ်ဖို့မလိုပဲ သူ့နှုတ်ခမ်းပေါ်တွင် အနီးကပ်မကြည့်ရင် မြင်နိုင်မှာမဟုတ်သော အမွေးနုများသာရှိ၏။ သို့သော် တချို့လူတွေက မွေးကတည်းက အမွေးနည်းတာဖြစ်ပြီး သူတို့မုတ်ဆိတ်က သိပ်မရှည်ကြပေ။ ဒါကြောင့် ရှန်းယုဟန်ကလည်း ဒဏ္ဍာရီလာ Azure Dragon လို အမွေးနည်းပါး၏။ 


(Azure Dragon - မြှေးမွေးမရှိသောအမျိုးသားကိုရည်ညွှန်းတဲဲ့ဗန်းစကား)

ရှန်းယုဟန်၏ဖွံ့ဖြိုးမှုက အဖက်ဖက်က ကျန်းမာပြီး သူ့မှာလည်စလုတ်ရှိပေမယ့် သိပ်မထင်ရှားသည်မှာ သူ့သဘာဝကြောင့်ဖြစ်နိုင်၏။ သူ့လေသံက သူ့ထက်နူးညံ့ပြီး ရေလိုပျော့ပျောင်းသည်။ အမျိုးသမီးများကို ရေနဲ့ဖွဲ့စည်းထားတယ်လို့ ပြောကြပေမယ့် သူ့ဇနီးက ပိုလို့တောင် တူသေးသည်။


“မင်းပုံမှန်ဆိုမရိတ်ဘူးမလား၊ ရိတ်ဖြစ်လား?” ရှန်ချီဟွမ်းက သူ့ခါးကိုကိုင်ကာ မှန်တင်ခုံကိုမှီထားသည်။


ရှန်းယုဟန်က သူရိတ်ရမယ်လို့ တစ်ခါမှမတွေးဖူးတာကြောင့် ခဏလောက်စဥ်းစားပြီးပြောလိုက်၏။ “ကျွန်တော်သင်ပြီးပါပြီ၊ ကောင်းကောင်းရိပ်ပေးမယ်လို့ အာမခံတယ်။”

ရှန်ချီဟွမ်းက သူ့မျက်နှာက ဘယ်သူ့ကိုမှ ပေးမကိုင်ဖူးပေမယ့် သူဇနီးဆိုတော့ ကိစ္စမရှိပေ။


ရှန်းယုဟန်က သူ့ခင်ပွန်း အရင်က သင်တုန်းဓားသုံးတာကို မမြင်ဖူးပေ။ သူ့ကို မုတ်ဆိတ်ရိတ်ခရင်ခ်လိမ်းပေးပြီး​နောက် ရှန်းယုဟန်က စိတ်ဝင်စားစရာကောင်းတာတစ်ခုကို တွေ့ရှိသွားပြီး သူကတော့ မုတ်ဆိတ်ရိတ်ဖို့မလိုတာ ကံကောင်းတယ်လို့တွေးနေသည်။


“လုပ်စမ်းပါ” ရှန်ချီဟွမ်းက အကြောက်တရားမရှိပဲ သေခြင်းတရားကို ရင်ဆိုင်နေသောအကြည့်ဖြင့် ပြောလိုက်၏။ “မင်းငါ့မျက်နှာကို ခြစ်မိရင် ငါအိမ်ကထွက်လို့ရတော့မှာ မဟုတ်ဘူးနော်၊ မင်းအကျိုးဆက်ကိုသိပါတယ်။”


ရှန်းယုဟန်က သူ့ကိုလျှာဖျားလေး ထုတ်ပြပြီး ရက်စက်တော့မလိုဟန်ဆောင်ကာ လက်ထဲက ဓားကိုမြှောက်လိုက်သည်။ “မလုပ်​ပါဘူး။ ယောကျာ်းက ကျွန်တော့်ကို တကယ်မယုံတာပဲ။”


ဓားက မျက်နှာပေါ်ရောက်လာတော့ ရှန်ချီဟွမ်းက မျက်လုံးမှိတ်လိုက်ပြီး သူ့ဇနီးလေး တကယ်ညင်သာတာကို သိလိုက်သည်။ ညတွင်းချင်းပေါက်လာသောအမွေးကို စိတ်ရှည်ရှည်ရိတ်ပေးပြီး သူ့မျက်နှာက ဖြည်းဖြည်းချင်းသန့်ရှင်းသွားပြီး အချိန်မရလို့ ပုံမှန်ဆိုရင် မရိပ်ဖြစ်သော အပိုင်းကလည်း ဒီနေ့မှာ သန့်ရှင်းသွားခဲ့၏။



ရှန်ချီဟွမ်းက ရှန်းယုဟန်၏ လေးနက်သောအမူအရာကိုကြည့်ကာ သူ့နှလုံးသားက နူးညံ့လွန်းလို့ ရှုပ်ထွေးသွားသည်။ 


သူ့ကို လူတစ်ယောက်က မုတ်ဆိတ်ရိတ်ပေးမယ်လို့ ဘယ်တုန်းကမှမတွေးဖူးပေ။


“ရပြီ။” ရှန်းယုဟန်က ရင်ထဲကနေ သက်ပြင်းချလိုက်သည်။ သူက အားသိပ်မသုံးမိအောင် ဂရုစိုက်နေပြီး သူ့ခင်ပွန်း၏မျက်နှာကို မတော်တဆထိမိမှာ ​ကြောက်နေခဲ့သည်။ သူက ချီးကျူးခံချင်သလို ရှန်ချီဟွမ်းကိုမေးလိုက်၏။ “ယောကျာ်း၊ သန့်ရှင်းသွားပြီလား?”

ရှန်ချီဟွမ်း၏မျက်လုံးများက တောက်လောင်နေပြီး သူက ရှန်းယုဟန်၏ အလွန်ကြည့်ကောင်းသော အမူရာလေးကို သေချာစိုက်ကြည့်နေ၏။ “ရှင်းတယ်။”

ရှန်းယုဟန်က သူ့ကို ပုံမှန်မဟုတ်သော အမူအရာဖြင့် ကြည့်လိုက်ပြီး သူ့ခေါင်းကို မှန်ရှေ့လှည့်ပေးလိုက်သည်။ “မှန်ကိုကြည့်၊ ဘာလို့ ကျွန်တော့်ကိုကြည့်နေတာလဲ၊ ကျွန်တော်ကမှန်မဟုတ်ဘူး။”


ရှန်ချီဟွမ်းက ကျယ်လောင်စွာရယ်မောလိုက်ပြီး သူ့မျက်နှာကို သန့်ရှင်းဖို့လုပ်ရန် ရှန်းယုဟန်ကမ်းပေးသော သဘက်ကိုယူလိုက်သည်။


ဒါက သူ့ခင်ပွန်းကို မုတ်ဆိတ်ရိတ်ပေးသော ပထမဆုံးအကြိမ်ဖြစ်သည်။ ရှန်းယုဟန်​က အတန်ငယ်စိတ်လှုပ်ရှားနေပြီး မနက်စာမစားခင်အထိ သူ့မျက်နှာကိုငေးကြည့်နေသည်။



“ယောကျာ်း၊ ခင်ဗျားမျက်နှာကရှင်းနေတာပဲ”


ရှန်ချီဟွမ်း၏အမူအရာက ယခုအချိန်မှာ မူမမှန်ဖြစ်လာခဲ့သည်။



သူက ပုံမှန်မဟုတ်သလို မျက်နှာလွှဲလိုက်သည်။ “မင်း မနက်စာစားမှာလား မစားဘူးလား?”


“အို..စားမယ်” သူက သူ့ခင်ပွန်း၏နေရခက်နေမှုက ချစ်စရာကောင်းတယ်လို့ တွေးမိသွားသည်။ 


ပထမဆုံးအကြိမ် တခြားသူများနဲ့ အပြင်မှာကစားခဲ့စဥ် ရှန်းယုဟန်က စိတ်မလှုပ်ရှားခဲ့ပေမယ့် အနည်းငယ်လန်းဆန်းသွားခဲ့သည်။ အရင်က သူ့ခင်ပွန်းက သူ့ကို အပြင်ခေါ်သွားတာဖြစ်လို့  စိတ်ပိုလှုပ်ရှားခဲ့ပေမယ့် ဒီနေ့မှာ သူက အမှားလုပ်မိမှာကို ကြောက်နေပြီး နေရခက်နေ၏။


ရှန်ချီဟွမ်း​က ရှန်းယုဟန် သူငယ်ချင်းလုပ်နိုင်ဖို့ မျှော်လင့်နေတာကြောင့် သူက သူ့ကို ဒီနေ့လိုက်မပို့ပေးခဲ့ပဲ ဒရိုက်ဘာကိုသာ လိုက်ပို့ခိုင်းခဲ့သည်။ တကယ်တော့ ထိုနေရာက အရမ်းမဝေးပဲ သူတို့အိမ်ကနေ သုံးငါးကီးလိုမီတာလောက်သာ ဝေး၏။


ရှန်းယုဟန်အပြင်ထွက်သွားတော့ ရှန်ချီဟွမ်းက ဖုန်းတစ်ကောလ်ပြောခဲ့ပြီး နာရီဝက်အကြာမှာ လူတစ်စုက အိမ်ကိုရောက်လာခဲ့သည်။

ထိုအချိန်မှာ ရှန်းယုဟန်က ဝမ်းယိုပေးသောလိပ်စာမှာ ရပ်နေပြီး ဂရုထဲက သူငယ်ချင်းများက သူတို့ရောက်နေပြီလို့ပြောခဲ့သည်။


သူက တံခါးခေါက်လိုက်တော့ ရင်းနှီးသောမျက်နှာတစ်ခုပေါ်လာသည်။ ထိုသူက လျန်ချီဖြစ်သည်။


“ယုဟန်၊ နင်ရောက်လာပြီ!”


သူမအော်လိုက်တာနဲ့ ဝမ်းယိုက ထွက်လာသည်။ “မြန်မြန်လာ”


ရင်းနှီးသောလူများကို တွေ့လိုက်ရသော ရှန်းယုဟန်က ဤမရင်းနှီးသောနေရာနဲ့ပတ်သတ်ပြီး စိတ်​​အေးသွားခဲ့သည်။

သူက အိမ်ထဲဝင်ပြီး အပြုံးတစ်ပွင့်ဖြင့် နှုတ်ဆက်လိုက်သည်။ “မတွေ့ရတာကြာပြီ။”



လျန်ချီကရယ်မောကာပြောလိုက်သည်။ “ငါတို့ဂရုမှာနေ့တိုင်းမတွေ့လို့လား?”


ရှန်းယုဟန်က သူမပြောတာမှန်တယ်လို့ တွေးလိုက်သည်။ သူခေါင်းကိုလှည့်လိုက်တော့ ဝမ်းယိုက သူ့ကိုကြည့်နေတာ တွေ့လိုက်ရသဖြင့် သူက ပြုံးပြလိုက်၏။


ဝမ်းယိုက ချောင်းဟန့်ကာပြောလိုက်သည်။ “ဒီနေ့ ဂရုထဲက သူငယ်ချင်းတွေပဲရှိတာမဟုတ်ဘူး။ ငါ့အတန်းဖော်တွေလည်း လာကြတယ်။ မင်းမုန့်စားချင်ပြီလား.. ငါယူလာပေးမယ်။”


ရှန်းယုဟန်က ခေါင်းခါကာပြောလိုက်၏။ “ကျေးဇူးပါ၊ ငါဗိုက်မဆာသေးဘူး။”


လျန်ချီကပြောလိုက်သည်။ “ဝမ်းယို.. နင်ဘာတွေအလျင်လိုနေတာလဲ၊ သွားရအောင်..ယုဟန်၊ တခြားသူတွေနဲ့ တွေ့ပေးမယ်။ သူတို့က အထဲမှာ ဝံပုလွေဂိမ်းကစားနေတယ်။”


ဝံပုလွေကဘာလဲ?


ဝမ်းယိုက ရှန်းယုဟန် ထွက်သွားတာကို ကူကယ်ရာမဲ့ကြည့်နေပြီး ခေါင်းကုတ်ကာ သူ့နောက်လိုက်သွားခဲ့သည်။


ရှန်းယုဟန်က အထဲဝင်သွား​တော့ သူက ဂရုထဲက သူငယ်ချင်းများစွာကို တွေ့လိုက်ရပြီး တစ်ယောက်ပဲမလာခဲ့တာဖြစ်သည်။ လူတိုင်းက ဤနေရာမှာရှိနေပြီး လေထုက သက်တောင့်သက်သာဖြစ်ကာ သူမသိတဲ့လူတွေအများကြီးရှိပေမယ့် အားလုံးက သဘောကောင်းကြပြီး လူတစ်ယောက်က သူထိုင်ဖို့ ကုလားထိုင်ယူလာပေးသည်။



ထို့နောက် သူက ဖဲချပ်ပေါ်က သေတ္တာကတစ်ဆင့် ‘ဝံပုလွေသတ်ဖြတ်ဂိမ်း’ဆိုတာကို သိသွားခဲ့သည်။


သူက ဘယ်လိုကစားရမလဲမသိတာကြောင့် တခြားသူတွေ ကစားတာကိုပဲကြည့်နေပြီး လျှာထက်သောလူငယ်လေးက နှုတ်တိုက်ပွဲများမှာ ပါဝင်နေပြီး ဝံပုလွေတစ်ကောင်အဖြစ် အထောက်အထားကို ဖုံးကွယ်ကာ ဂိမ်းကိုနိုင်သွားခဲ့သည်။


ရှန်းယုဟန်က ကြည့်ပြီးနားလည်သွားပေမယ့် ဝင်မဆော့ခဲ့ပေ။ သူက ဤလူငယ်လေးများ၏ စကားနှင့်လုပ်ရပ်များကို ဘေးကနေလေ့လာနေပြီး ထိုသည်မှာ ရိုးရှင်းပြီး နားလည်ရလွယ်ကူသည်။


ဘေးခန်းမှာ ခေတ်သစ်သီချင်းများကို အော်ဆိုနေကြသော လူများရှိပြီး စာသားများက တည့်တိုးဆန်ပေမယ့် ရှန်းယုဟန်ကို ရှက်သွေးမဖြာစေတော့ပေ။ သူ့ခင်ပွန်း၏ တီးတိုးပြောသော ချစ်စကားများ**က ဤစာသားများထက် စိတ်လှုပ်ရှားစရာပိုကောင်းသည်။ 

(***Dirty Talk ကိုဆိုလိုသည်)


ဝမ်းယိုက ရှန်းယုဟန်ကို အအေးတစ်ခွက်ပေးဖို့ အခွင့်အရေးရှာတွေ့ခဲ့သည်။ “ရော့”



ရှန်းယုဟန်​က ဆိုဖာပေါ်မှာထိုင်ကာ သူ့ကိုကျေးဇူးတင်လိုက်သည်။ 



ဝမ်းယိုက သဲ့သဲ့ကလေး ရယ်မောကာပြောလိုက်သည်။ “မင်းက အမြဲယဥ်ကျေးနေတာပဲ။”



ရှန်းယုဟန်က ခေါင်းမော့လိုက်သည်။ “အာ၊ အဲ့လိုဖြစ်သွားလား?”


ဝမ်းယိုက သူနည်းနည်းရှက်နေတယ်လို့ ထင်ခဲ့သည်။ “မင်းက ဆူညံတဲ့ပတ်ဝန်းကျင်ကို မကြိုက်ဘူးလား?”


ရှန်းယုဟန် ချောချောမွေ့မွေ့ ပြန်ဖြေသည်။ “အဆင်ပြေပါတယ်။ ငါက ကစားတာသိပ်မတော်လို့ သူများကစားတာကို မနှောင့်ယှက်ချင်လို့ပါ။


ဝမ်းယိုထင်တာမမှားပေ။ သူက ငြိမ်သက်သောလေထုကိုကြိုက်ပြီး သူကြီးပြင်းလာသော အလေ့အထနှင့် ပတ်ဝန်းကျင်ကြောင့် သူက သူတို့လို ကျယ်ကျယ်လောင်လောင် စကားမ​ပြောနိုင်သလို ဟက်ဟက်ပက်ပက်မရယ်​မောနိုင်ပဲ ဒီလိုပတ်ဝန်းကျင်မျိုးက သူ့ကို နေရခက်စေတာဖြစ်ပေမည်။


ဝမ်းယိုက ထပ်ပြောလိုက်၏။ “တကယ်တော့ မင်းတစ်ကြိမ်ကစား​ကြည့်​ပြီး သင်လို့ရပါတယ်။ အတော်လေးရိုးရှင်းတယ်။”



“မဟုတ်ဘူး။” ရှန်းယုဟန်က ခေါင်းခါလိုက်သည်။ “မင်းသွားဆော့ပါ။ ငါဒီအတိုင်းကြည့်နေပါ့မယ်။” သူကဟန်ဆောင်နေတာမဟုတ်ပဲ လူစိမ်းများနှင့် စုနေရတာတကယ်မကြိုက်ပေ။ လာရင်းအ​ကြောင်းမှာ ဝမ်းယိုက သူနဲ့ကြိမ်ဖန်များစွာ ဆက်သွယ်ဖူးပြီး သူက ယဥ်ကျေးပြီး သတိရှိသလို လူကြီးလူကောင်းအပြုအမူရှိလို့ပင်။


“ဒါဆို ငါမင်းနဲ့ဒီမှာထိုင်မယ်။” သူက ပေါ့ပေါ့ပါးပါး ခေါင်းစဥ်တစ်ခုကို ရှာတွေ့သွားသည််။ “ငါ့မှာလည်း အစ်ကိုတစ်ယောက်ရှိတယ်။ ဒါပေမယ့် ငါ့အစ်ကိုက မင်းအစ်ကိုလို မတင်းကြပ်ဘူး။”


“ငါ့အစ်ကို?” ရှန်းယုဟန်က ထိုမှသာ အစ်ကိုဆိုတာ ဘယ်သူ့ကိုရည်ညွန်းလဲသိသွား၏။ “သူက ငါ့အစ်ကိုမဟုတ်ဘူး။”



ဝမ်းယို၏နှလုံးသားက ထိုးနှက်ခံလိုက်ရ၏။ “မင်းအစ်ကိုမဟုတ်ဘူးလား? ဒါဆို သူက မင်းအမေဘက်က ဝမ်းကွဲလား ဒါမှမဟုတ် အဖေဘက်က ဝမ်းကွဲလား?”


“မဟုတ်ဘူး၊ သူကငါ့ရဲ့…” ရှန်းယုဟန်က စကားလုံးကို စဥ်းစားလိုက်ပြီး သူ့ခင်ပွန်းကိုတွေးကာ ချိုချိုသာသာပြုံးလိုက်၏။ “သူက ငါ့လက်တွဲဖော်၊ ငါက အိမ်ထောင်ကျပြီးပြီ။”


ဝမ်းယိုက နားကြားမှားသလို သူ့အသံက ပြောင်းလဲသွားသည်။ “မင်း… မင်းကလက်ထပ်ပြီးပြီလား?”



ရှန်းယုဟန်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။ “အွန်း… ငါကမင်းသိတယ်ထင်လို့.. သူက အရင်တစ်ခေါက်က ငါ့ကိုလာကြိုတာလေ။”


ဝမ်းယို၏နှလုံးသားက​ ​အေးစက်သွားပြီး သူက ခါးသီးသောအပြုံးတစ်ခုကို တပ်ဆင်လိုက်၏။ “ငါမသိခဲ့ဘူး။”


ရှန်းယုဟန်က အ​အေးတစ်ငုံသောက်ကာ ပြောလိုက်သည်။ “ဒါဆို မင်းအခုသိသွားပြီ။”


သတင်းဆိုးကြားလိုက်ရသော ဝမ်းယိုက သူ့ရင်ထဲမှာပြောလိုက်၏။ မသိတာက ပိုကောင်းဦးမယ်!




သူက အခု ရှန်းယုဟန်နှင့် ဘယ်လိုရှေ့ဆက်ရမလဲ မသိတော့ချေ။ အစက သူက ဒီနေ့မှာ… ချင်ခဲ့တာ… ထားလိုက်တော့…


ရှန်းယုဟန်က ခဏလောက်ထိုင်ပြီး ဤပတ်ဝန်းကျင်က သူနဲ့မသင့်တော်သလို ခံစားရတာ​ကြောင့် သူက ဆုံးဖြတ်လိုက်ပြီး လျန်ချီနှင့် ဝမ်းယိုကို အိမ်ပြန်ချင်တယ်လို့ ပြောလိုက်သည်။


လျန်ချီက ဂိမ်းဆော့ရာမှထွက်လာပြီး တအံ့တသြပြောလိုက်သည်။ “ဘာလို့ပြန်မှာလဲ?”


ရှန်းယုဟန်က ခေါင်းခါကာပြောလိုက်၏။ “အိမ်မှာရုတ်တရက် တစ်ခုခုပေါ်လာလို့၊ ငါအရင်ပြန်ရမယ်။ မင်းတို့ပျော်ကြပါ။”


လျန်ချီနှင့် ဝမ်းယိုက သူ့ကိုတံခါးဆီိလိုက်ပို့ပြီး ရှန်းယုဟန်က သူတို့ကိုနှုတ်ဆက်ကာ သူ့ဒရိုက်ဘာက တံခါးနားမှာ စောင့်နေတာကြောင့် သူက ကားပေါ်တက်ကာ ထွက်သွားခဲ့သည်။


ကားပေါ်ရောက်တော့ ရှန်းယုဟန်က သူအိမ်ပြန်တာကို သူ့ခင်ပွန်းကိုမပြောဖို့ ဦးလေးလီကို မှာလိုက်သည်။



သူက သူ့ခင်ပွန်းနှင့် ခရစ်စမတ်ကျင်းပချင်သေးသည်။

ရှန်းယုဟန် အိမ်ကိုရောက်တော့ သူနေရာမှားသွားလားလို့ ထင်မိသွား၏။


ဝင်ပေါက်မှာ လူတစ်ယောက်ထက်ရှည်သော ခရစ်စမတ်သစ်ပင်ရှိနေပြီး မီးလုံးလေးများကို ချိတ်ဆွဲထားကာ လင်းထိန်နေသည်။



သူက တံခါးကိုတွန်းဖွင့်ပြီး အထဲကိုဝင်လိုက်သည်။ ဧည့်ခန်း​က အသစ်စက်စက်နဲ့တူပြီး အလယ်မှာ နှစ်မီတာရှည်သော ခရစ်စမတ်သစ်ပင်ရှိသည်။ Jingle Bells နှင့် ခရစ်စမတ်သီချင်းများကို အိမ်မှာဖွင့်ထားပြီး သူ့ခင်ပွန်းက လက်ဆောင်လေးကို ချိတ်ဆွဲဖို့ ငါးရိုးလှေကားပေါ်တက်နေသည်။ သူက ချိတ်ပြီးတော့ ခဏလောက်ကြည့်ပြီးမှ ပြဿနာမရှိသောအခါ လှေကားပေါ်က ဆင်းလာသည်။



ရှန်ချီဟွမ်းက လှည့်ကြည့်လိုက်တော့ ​နောက်မှာရပ်နေသော ရှန်းယုဟန်ကို တွေ့လိုက်ရသည်။ 



သူ့တစ်ကိုယ်လုံးက ထိုအခိုက်အတန့်မှာ အေးခဲသွားသည်။ “......”


ဒါက သူ့ဘဝရဲ့ဒုတိယအကြိမ်မြောက် ကြမ်းပြင်ပေါ်က အက်ကွဲကြောင်းကိုရှာပြီး ဝင်ပုန်းလိုက်ချင်သည့် အခိုက်အတန့်ဖြစ်၏!!!