Chapter 64.1
Viewers 23k

Chapter 64.1


“ခင်ဗျားစိတ်မခုဘူးလား”


ရှန်းယုဟန်က အနည်းငယ် အံ့အားသင့်နေသော်လည်း သူစိတ်ပူတာက လုပ်ငန်းအကြောင်းမဟုတ်ပဲ သူ့လုပ်ငန်းခွင်ဖြစ်သည်။


“ဒါဆို ခင်ဗျားက နှစ်ဖက်လုံးရဲ့ လုပ်ငန်းကိုဦးဆောင်ရမှာလား.. လုပ်ငန်းခွင်​က မတူဘူးမလား?”



“အင်း၊ ဂရုကနည်းနည်းဝေးတယ်။ ကိုယ်ပိုင်ကုမ္ပဏီက ပိုနီးတယ်။” ရှန်ချီဟွမ်းက သူ့ကိုရှင်းပြလိုက်သည်။ “ပြီးတော့ သူတို့က လမ်းကြောင်းမတူဘူး။ အစ်ကိုကြီးရဲ့ အသည်း​ဆဲလ်တွေက တော်တော်လေးရောင်နေတာ၊ သူအရင်ကဆေးသောက်နေပေမယ့် ဆရာဝန်က ဆေးရုံတင်ဖို့ပြောခဲ့တယ်။ ကိုယ့်ရဲ့မရီးက သူ့ကိုအချိန်ပိုမလုပ်ခိုင်းတော့ဘူး။ ဒါကြောင့် သူ့က သူ့ကိုယ်စား ဒီအလုပ်တွေကိုင်တွယ်ဖို့ အပ်ခဲ့တာ။”

“ဒီလိုကိုး” ရှန်းယုဟန်က ခေါင်းငုံ့ထားသည်။ သူ့ခင်ပွန်းက အလုပ်ရှုပ်နေပြီး အခုဆိုရင် ရှန်ချီယွမ်၏အလုပ်ကိုပါ လွှဲယူထားသည်။ သူအဲ့လောက်အလုပ်ရှုပ်နေရင် အနားယူချိန်တောင် ရှိပါ့မလား…. သူက စိတ်ပူပြီးမေးလိုက်သည်။ “ဒါဆို နေ့လည်မှာ ခင်ဗျားနဲ့နေ့လည်စာစားဖို့ ကုမ္ပဏီကိုလာလို့ရသေးလား?”


“အချိန်ဇယားအပေါ်မူတည်တယ်။ နေ့လည်အပြင်သွားစရာမရှိရင်တော့ရတယ်။ ဒါပေမယ့် နောက်လဆို ရှန်ဂရုမှာရှိနေမှာမို့ အချိန်ရရင် မင်းကိုပြောပါ့မယ်။”


“အင်း” ရှန်းယုဟန်က စိတ်သက်သာရာရသွား၏။


နောက်တစ်နေ့မှာ သူတို့နှစ်ယောက်က ရှန်ချီယွမ်ကို သွားရောက်ကြည့်ရှုခဲ့ကြပြီး သူနဲ့ ရှန်ထျန်းဖုန်းက ဆေးရုံတူလို့ အဆင်ပြေသည်။



ရှန်းယုဟန်၏အမြင်တွင် သူ့ယောက်ဖရှန်ချီယွမ်နှင့် သူ့ခင်ပွန်းရှန်ချီဟွမ်းတို့က မတူညီသောလူအမျိုးအစားဖြစ်ပြီး ရှန်ချီယွမ်က တကယ်ကိုတည်ကြည်ပြီး အရယ်အပြုံးမရှိပေ။ သူ့ခင်ပွန်းကတော့ သူ့ပုံစံကြောင့်သာ တည်ကြည်နေပေမယ့် သူနဲ့အတူရှိနေရင် လုံးဝသိက္ခာမဲ့သည်။

အစ်မလတ်ရှန်ချီပိုင်အကြောင်းတော့ မပြောလေနှင့်…. ညီအစ်ကိုသုံးယောက်က ကွာခြားပြီး မတူညီသောပတ်ဝန်းကျင်မှာ ကြီးပြင်းလာရလို့ဖြစ်မည်။ အသက်အရွယ်၊ မတူညီသောအကျင့်စရိုက်နှင့် ကွာခြားသော အတွေ့အကြုံ… သူတို့အားလုံးက မတူညီသော ကိုယ်ရေးကိုယ်သွေးရှိကြသည်။



ရှန်းယုဟန်က အစ်ကိုကြီးရှန်ချီယွင်နှင့် အဆက်အဆံသိပ်မလုပ်ဖူးပေ။ သူတို့ဆက်သွယ်ခဲ့သော အကြိမ်ရေအနည်းငယ်ကလည်း အရေးကြီးကိစ္စကြောင့်ဖြစ်ပြီး သူ့တည်ရှိမှုက အရေးပါသည်။ တခြားအိမ်တော်သုံးအိမ်က လူတွေက ရှန်ချီဟွမ်းကို မလေးစားကြသည်မှာ ရှန်ချီဟွမ်းက ရှန်မိသားစု၏လုပ်ငန်းနဲ့ မပတ်သတ်လို့ဖြစ်သည်။ သို့သော် ရှန်ချီယွမ်ကိုတော့ သူတို့မစော်ကားရဲပေ။ ယနေ့ချိန်မှာ ရှန်ထျန်းဖုန်းအပြင် ရှန်ဂရု၏အာဏာကို ကိုင်ဆောင်ထားသူက ရှန်ချီယွမ်ဖြစ်၏။


ပင်မအိမ်တော်တွင် ရှန်ချီယွမ်က အရေးကြီးသောအခြေအနေမှာ ညီအစ်ကိုမောင်နှမကို အုပ်မိုးပေးမည့် သစ်ပင်ကြီးနှင့်တူပေမယ့် ယခုအခါ သစ်ပင်က ဖျားနေတော့ လက်လွှဲပေးဖို့ လူတစ်ယောက်လိုပြီး ရှန်ချီယွမ်က ရှန်ချီဟွမ်းကိုရွေးခဲ့သည်။


လက်ရှိအချိန်မှာ ရှန်ထျန်းဖုန်းက ခွဲစိတ်မှုတစ်ခု ​ပြူလုပ်တော့မှာဖြစ်၍ အိမ်တော်များစွာက သူ့တို့သားတွေကို အာဏာပေးရန် ရှန်ချီယွမ်ကို တွန်းအားပေးဖို့ အချိန်မရသေးပေ။


ရှန်ချီယွမ်က ရှန်ချီဟွမ်းကို ပိုယုံကြည်ပြီး စွမ်းဆောင်ရည်ဖြစ်စေ တော်စပ်မှုဖြစ်စေ သူက ရှန်ချီဟွမ်းကိုသာယုံပြီး တခြားသူအားလုံးနီးပါးက အသေးအမွှားသာလုပ်နိုင်သည်။


ဒုတိယအိမ်တော်၏ရှန်ချီပိုင်က မူးယစ်ဆေးဝါးထူထောင်ရေးစင်တာကို အပို့ခံခဲ့ရပြီး သူထွက်လာဖို့ အချိန်ယူရပေမည်။ ဒုတိယမဒမ်မှာ သမီးတစ်ယောက်ရှိပြီး ရှန်ဂရု၏ရှယ်ယာကို အခုထိမရသေးတာကြောင့် သူမက အရှုံးပေးမှာမဟုတ်ပေ။ သူမသားနဲ့ယှဥ်ရင် သူမ၏ဒုတိယသမီးက စွမ်းဆောင်ရည်ရှိတယ်လို့ ယူဆလို့ရပြီး ဒုတိယမဒမ်က ရှန်ချီပိုင်ကို မျက်နှာသာမပေးခဲ့ရင် သူမသမီးက တစ်ခုခုကို အောင်မြင်အောင် လုပ်နိုင်ခဲ့လောက်သည်။ ယခုတော့ ရှန်ချီပိုင်ကို ရှန်ချီဟွမ်းက လက်တုံ့ပြန်ခဲ့တာကြောင့် သူမနောက်ဆုတ်ခဲ့ရသည်။


တတိယအိမ်တော်က ရှန်ချီယွင်ကို ထောက်ပံ့ထားပြီး ရှန်ချီယွမ် ဆေးရုံတက်နေသော သတင်းကိုကြားပြီးနောက် တတိယအိမ်တော်က ရှန်ချီယွင်ကို ကူညီရန် ကုမ္ပဏီမှာ လူတွေထပ်ထည့်ခဲ့သည်။

စတုတ္ထအိမ်တော်က ရှန်ထျန်းဖုန်းရှေ့မှာ နေ့တိုင်းပြုစုရပြီး လောလောဆယ် ​ကြီးကြီးမားမား လှုပ်ရှားတာမျိုးမရှိသေးချေ။


အစ်ကိုကြီးက ဆေးရုံတင်ထားရပြီး ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက ဆေးရုံသွားမလည်ဖို့ အကြောင်းပြချက်မရှိပေ။ နောက်ဆုံးအကြိမ် ရှန်ချီဟွမ်း ဒဏ်ရာရတုန်းက ရှန်ချီယွမ်က အဝေးကြီးကနေလာပြီး ​နောက်ဆက်တွဲကိစ္စများကို ကူညီပေးခဲ့သည်။ ယခုအခါ တိုက်ခိုက်ခဲ့သည့် ပြစ်မှုကျူးလွန်သူက ထောင်ထဲရောက်သွားပြီး သူ့နောက်ကွယ်က လူကတော့ ရှင်းလင်းနေကာ သဲလွန်စရှာနေဆဲဖြစ်ပေမယ့် တခြားအိမ်တော်သုံးအိမ်က သူတို့၏ပါဝင်ပတ်သက်မှုအတွက် လွတ်မြောက်နိုင်မှာမဟုတ်ပေ။ လက်ရှိမှာ ဒုတိယအိမ်တော်ကသာ လှုပ်ရှားဖို့ အကြောင်းပြချက်ရှိပေမယ့် သူတို့ကိုတော့ အန္တရာယ်မပြုနိုင်ပေ။


ရှန်းယုဟန်က ဤကိစ္စရပ်နှစ်ခုလုံးကို လူတစ်ယောက်တည်းက လုပ်ခဲ့တာလို့ခံစားမိသည်။ တစ်ခုက ကားမတော်တဆမှုဖြစ်ပြီး နောက်တစ်ခုက ဆေးသုံးတာဖြစ်သည်။ သုံးထားသောနည်းလမ်းက ရက်စက်လွန်းပြီး လွတ်မြောက်နိုင်သော အခွင့်အရေးကိုတောင် ချန်မထားခဲ့ပေ။


တစ်နှစ်မပြည့်ခင်မှာ ရှန်းယုဟန်က ဆေးရုံပိုးသတ်ဆေးရနံ့ကို ရိုးသွားခဲ့သည်။ သူနဲ့ရှန်ချီဟွမ်းက သစ်သီးခြင်းတစ်ခြင်း ဝယ်လာခဲ့သည်။



သူတို့ရော​က်သွားတော့ ရှန်ချီယွမ်က VIP Drip ချိတ်ထားရပြီး သူ့သက်လုံစွမ်းရည်က ရှန်းယုဟန် အရင်ကမြင်ဖူးတာထက် ဆိုးနေပြီး သူ့မျက်နှာက ချောင်ကျနေသည်။


မရီးက ရှန်ချီယွမ်အတွက် အသီးခွာပေးပြီး သူမက ရုပ်ရှည်သိပ်မရှိသော်လည်း အတော်လေးတော့လှသည်။ သူမက ပုံမှန်အားဖြင့် တိတ်ဆိတ်နေပြီး စကားပြောရတာလည်း မကြိုက်သဖြင့် သူမက သူတို့ကို နှုတ်ဆက်ပြီးတော့ စကားသိပ်မပြောတော့ချေ။



သူတို့၏သားနှစ်ယောက်က ကျောင်းသွားပြီး ပြန်မလာကြသေးပေ။


ရှန်ချီယွမ််က ရှန်ချီဟွမ်းကို ကုမ္ပဏီကိစ္စနဲ့ပတ်သတ်ပြီး စကားအချို့ပြောကာ သူတို့ကိုပြန်ခိုင်းခဲ့သည်။



လူနာဆောင်မှထွက်လာပြီးတော့ ရှန်းယုဟန်က အတင်းချချင်နေသည်။ “အစ်ကိုကြီးနဲ့ အကြီးဆုံးမရီးက ဘယ်လိုတွေ့ခဲ့တာလဲ?”


ရှန်ချီဟွမ်းက တခစ်ခစ်ရယ်လိုက်သည်။ “အကြီးဆုံးမရီးရဲ့ရုပ်ကို သာမန်လို့ထင်လား?”



ရှန်မိသားစု၏ သာလွန်သောဗီဇကို နေသားကျနေ၍ သူ့မရီး၏အသွင်အပြင်​က တကယ်ကို သာမန်ဆန်သည်။


ရှန်းယုဟန်က ရိုးရိုးသားသား ခေါင်းညိတ်ပြပြီး အတန်ငယ်အံ့အားသင့်နေ၏။


ရှန်ချီဟွမ်းက ပြောလိုက်သည်။ “ဇာတ်လမ်းကရှည်တယ်”

ရှန်းယုဟန်၏ဆာလောင်မှုက သူ့စကားကြောင့် စိတ်လှုပ်ရှားသွား၏။ “ဒါဆိုလည်း အတိုချုပ်ပြောပြ။”

ရှန်ချီဟွမ်းက ဆိုသည်။ “မဟာမိတ်ဖွဲ့လက်ထပ်ခြင်း၊ ဒါပေမယ့် အစ်ကိုကြီးက စိတ်မဆိုးပါဘူး။ သူက မရီးအပေါ်အရမ်းကောင်းပြီး သူတို့နှစ်ယောက်က အိမ်ထောင်ကျပြီးတော့ အတော်လေး လိုက်လျောညီထွေဖြစ်ကြတယ်။” သူ့အစ်ကိုကြီးက အိမ်ထောင်ရေးကို စိတ်မဝင်စားပဲ အလုပ်ကိုပဲ အာရုံစိုက်တယ်လို့ ပြောလို့ရသည်။




“လက်ထပ်ပြီးမဟာမိတ်ဖွဲ့တာ? သူတို့က လူမှုစီးပွားရေးအဆင့်အတန်းနဲ့ လိုက်ဖက်ညီတာလား?” ရှန်းယုဟန်က စကားလုံးကို စဥ်းစားလိုက်သည်။



“အဲ့လိုမျိုးပါပဲ” ရှန်ချီဟွမ်းက ခဏလောက်စဥ်းစားပြီး သူ့ဇနီး၏ဝေါဟာရက အလွန်ကြော့ရှင်းတယ်လို့ တွေးမိသွားသည်။ “ပြီး​တော့ ဒီနှစ်တွေမှာ သူတို့ရန်သိပ်မဖြစ်ကြဘူး။”


“ကောင်းတာပေါ့” ရှန်းယုဟန်က ပြောလိုက်သည်။ “ယောကျာ်းလည်း ကျွန်တော်နဲ့အမြဲနေသင့်တယ်။”


ရှန်ချီဟွမ်းက သူ့ကို စိုက်​​ကြည့်နေသည်။


ရှန်းယုဟန်က သူဘာလို့ ရုတ်ချည်းစကားပြောရပ်သွားလဲ နားမလည်ပေ။ “ယောကျာ်း?”


ရှန်ချီဟွမ်းက သက်ပြင်းချကာ ပြောလိုက်သည်။ “မင်းအိုမင်းပြီး မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ပေါ်လာရင် ငါက…..”


ရှန်းယုဟန်က နှုတ်ခမ်းကိုဖိကာ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ? ကျွန်တော့်ကို သဘောမကျတော့ဘူးလား?”



“မသိဘူးလေ” ရှန်ချီဟွမ်းက ပြုံးပြီး ရှေ့ဆက်လျှောက်သွား၏။


ရှန်းယုဟန်က သူ့ခင်ပွန်းနောက်ပြောင်နေတာကို သိသဖြင့် သူက နေရာမှာတင်ရပ်လိုက်သည်။

ခြေလှမ်းအနည်းငယ်လျှောက်ပြီးတော့ ရှန်ချီဟွမ်းက ရှန်းယုဟန် လိုက်မမှီတာကို တွေ့လိုက်ရပြီး သူလှည့်ကြည့်တော့ သူက နေရာမှာတင်ရပ်နေပြီး သူ့မျက်လုံးများက နီရဲစပြုလာသည်။


ရှန်ချီဟွမ်းက စိတ်မကောင်းဖြစ်သွားပြီး ရှန်းယုဟန်၏လက်ကို ချက်ချင်းပြေးကိုင်လိုက်ပေမယ့် ရှန်းယုဟန်က သူ့လက်ကိုခါထုတ်လိုက်ပြီး ကိုင်ခွင့်မပေးတော့ပေ။ 


ရှန်ချီဟွမ်းက ကမန်းကတန်းရှင်းပြလိုက်သည်။ “မသိဘူးဆိုတာ မင်းထက်အရင်ထွက်သွားရမလားဆိုတာကို မသိဘူးပြောတာပါ၊ ငါလည်း အသက်ကြီးလာမှာလေ”


ရှန်းယုဟန်က သူ့ကိုလျစ်လျူရှုလိုက်သည်။


ရှန်ချီဟွမ်းက သူ့လက်ကိုဆွဲထားရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။ “ရှန်းယုဟန်”


ရှန်းယုဟန်က စကားမပြောတော့ပေ။ သူက စိတ်ဆိုးနေလို့မဟုတ်ပဲ ကူကယ်ရာမဲ့ဝမ်းနည်းနေလို့ပင်။



မျက်ရည်တွေကိုထိန်းချုပ်ပြီးနောက် သူက တီးတိုးပြောခဲ့၏။ “ဒါပေမယ့် ခင်ဗျားကျွန်တော့်ထက် အရင်ထွက်သွားလို့မရဘူးလေ၊ ကျွန်တော်တစ်ယောက်တည်းကျန်ခဲ့မှာပေါ့”


ရှန်ချီဟွမ်းက သူ့နှလုံးသားကို နောက်တစ်ကြိမ် ထိုးမိလိုက်မှန်းသိသည်။ “ဒါဆို မင်းထက် အကြာကြီးနေနိုင်အောင် ကြိုးစားပါ့မယ်။ တစ်က္ကန့်လောက်ပဲဖြစ်ဖြစ်။”


ရှန်းယုဟန်၏စိတ်တည်ငြိမ်သွားတော့ သူတို့နှစ်ယောက်က ရှန်ထျန်းဖုန်းကို သွားတွေ့ခဲ့ကြသည်။

ထိုအချိန်တွင် ရှန်ထျန်းဖုန်းက စိတ်ကောင်းဝင်နေပြီး စတုတ္ထမဒမ်နှင့် စကားပြောကာ ရယ်မောနေပြီး သူ့သမီးငယ်လေးနှင့် စာဖတ်နေသည်မှာ မနက်ဖြန် ခွဲစိတ်ခန်းဝင်ရတော့မယ့်လူနှင့် လုံးဝမတူပေ။


စတုတ္တမဒမ်က သူတို့လာတာကိုတွေ့တော့ သူမသမီးလေးကို အပြင်ခေါ်သွားပြီး နာနီကိုပေးကာ သူတို့သုံးယောက်ကို စကားပြောခိုင်းလိုက်သည်။


ရှန်းယုဟန်က စိတ်မကြည်သဖြင့် စကားသိပ်မပြောပေ။ ရှန်ထျန်းဖုန်းက ပါးနပ်တဲ့လူဖြစ်တာကြောင့် ချက်ချင်းရိပ်မိသွားခဲ့သည်။



ရှန်ထျန်းဖုန်းကဆိုသည်။ “ယုဟန်၊ ရှန်ချီဟွမ်း မင်းကိုအနိုင်ကျင့်လို့လား?”


ရှန်းယုဟန်က ရေရွတ်သည်။ “မဟုတ်ပါဘူး။”

ရှန်ထျန်းဖုန်းကရယ်သည်။ “မဟုတ်ဘူးပြောပြီး မင်းမျက်နှာပေါ်မှာ မြင်နေရတယ်ကွ”


ရှန်းယုဟန်က သူ့မျက်နှာကိုထိကာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “အွန်း.. ရှန်ချီဟွမ်း အနိုင်ကျင့်တယ်။”

ရှန်ချီဟွမ်း: “....” သူချော့ပြီးပြီမဟုတ်ဘူးလား?

ရှန်ထျန်းဖုန်းက အကြံတစ်ခုရသွားသည်။ “ဒါဆို သူ့ကိုအပြစ်ပေးဖို့ ကူညီပေးမယ်။ နောက်လကစပြီး ကုမ္ပဏီမှာ အချိန်ပိုဆင်းခိုင်းမယ်။”


“မဖြစ်ဘူ..မဖြစ်ဘူး” ရှန်းယုဟန်က ကမန်းကတန်းခေါင်းခါသည်။ “ကျွန်တော် အိမ်မှာလန့်နေလိမ့်မယ်။”


ရှန်ချီဟွမ်းက သူ့ဇနီးအတွက် ပြောပေးခဲ့သည်။ “အဖေ၊ သူ့ကိုမစနဲ့၊ တကယ်ထင်သွားလိမ့်မယ်။”

ရှန်ထျန်းဖုန်းက ရယ်မောကာ ​ပြောလိုက်သည်။ “တကယ်လား? ယုဟန်က အဲ့ဒါကို တကယ်အတည်ယူတယ်ပေါ့”



ရှန်းယုဟန်က သက်ပြင်းချလိုက်သည်။ “မဟုတ်ဘူးလား?”



“ငါနောက်နေတာပါ၊ သူ့ကိုအိမ်မပြန်ခိုင်းလို့ ဘယ်ရမလဲ” သူတို့နှစ်ယောက်ကြားက အိမ်ထောင်ရေးက သူ့စိတ်ကူးမို့ ပြိုကွဲအောင်လုပ်ဖို့ နည်းလမ်းမရှိပေ။ အခုချိန်မှာ သူက ဂုဏ်ယူမိသည်။

အခန်းထဲမှာရှန်းယုဟန်ရှိနေတော့ လူနာဆောင်မှာရယ်မောသံပြည့်နေသည်။ ခဏလောက်စကားပြောပြီးတော့ ရှန်ထျန်းဖုန်းက သူတို့ကိုပြန်လွှတ်လိုက်ပြီး သူတို့နှစ်ယောက်က အကြာကြီးမနေခဲ့ပေ။


သူတို့နှစ်ယောက်ထွက်လာတော့ စတုတ္ထမဒမ်က ကလေးချီထားပြီး ရှန်ချီဟွမ်းကို အဓိပ္ပါယ်တစ်မျိုးဖြင့် ပြုံးပြခဲ့သည်။


သူတို့နှစ်ယောက် အဝေးရောက်သွားမှ သူမက ထေ့ငေါ့ရေရွတ်လိုက်သည်။ “အတင်းအကျပ်လက်ထပ်ခိုင်းခဲ့လို့ အတူရှိနေတဲ့နှစ်ယောက်က ဘယ်လောက်ထိမြဲမှာမို့လဲ? ကျစ်……သနားစရာပဲ”