Chapter 64.2
“ခင်ဗျားစိတ်မခုဘူးလား”
ရှန်ထျန်းဖုန်း၏ခွဲစိတ်မှုသတင်းကို တစ်ယောက်ယောက်က ပေါက်ကြားအောင်လုပ်ခဲ့သည်။
ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းတို့ နောက်နေ့မနက်မှာ စောစောပြန်လာသောအခါ ဆေးရုံဝင်ပေါက်က သတင်းထောက်များနှင့် ပြည့်နေခဲ့သည်။
သူတို့က ရှန်ချီဟွမ်း၏ကားကိုတားပြီး ပြတင်းပေါက်ကိုပုတ်ကာ မေးခွန်းဆက်တိုက်မေးနေခဲ့သည်။
“မစ္စတာရှန်ချီဟွမ်း! ဒီနေ့ခင်ဗျားအဖေခွဲစိတ်ရမှာမို့ ဆေးရုံကိုလာခဲ့တာလား?”
“ခင်ဗျားက ရှန်ဂရုကို လက်လွှဲယူတော့မှာလား?”
“ရှန်ချီပိုင်ကို မူးယစ်ဆေးဝါးထူထောင်ရေးစင်တာကို ပို့ထားတာ တကယ်လား?”
“ခင်ဗျားချစ်သူရဲ့ ပန်းချီကားကို ယွမ်တစ်သန်းနဲ့ရောင်းခဲ့တယ်ဆိုတာ အမှန်လား?”
ကံကောင်းတာက ရှန်ချီဟွမ်းက ပြင်ဆင်လာခဲ့၍ ဘောဒီဂတ်များက သူတို့ကိုမောင်းထုတ်ရန် ဆေးရုံလုံခြုံရေးကို ကူညီပေးခဲ့သည်။ ထိုမှသာ ဆေးရုံမှလူနာများကို အနှောင့်အယှက်မဖြစ်စေတော့မှာဖြစ်သည်။
သတင်းထောက်များ၏မေးခွန်းကတော့ ရှန်ချီဟွမ်းက မဖြေချင်ပေ။ တစ်ယောက်ယောက်က ဦးဆောင်နေတာသိသာသည်။
ကားပေါ်ကဆင်းပြီးနောက် ရှန်ချီဟွမ်းက ရှန်းယုဟန်ကို တိုးတိုးလေးပြောလိုက်သည်။ “သူတို့ဘာတွေထပ်ရေးဦးမလဲမသိဘူး။”
ရှန်းယုဟန်က နားမလည်နိုင်ဖြစ်သွားသည်။ “သူတို့က အာဏာရှိတာလား၊ ခင်ဗျားအဖေခွဲစိတ်မှာကို သူတို့ဘယ်လိုသိတာလဲ?”
“မေးခွန်းကောင်းပဲ” ရှန်ချီဟွမ်းက သူပြောတာကို လက်ခံလိုက်၏။ “သူတို့က စောလည်းမစောသလို နောက်လည်းနောက်မကျဘူး။ ဒီနေ့မှရောက်လာတာ၊ တစ်ယောက်ယောက်က သတင်းဖွခဲ့တာပဲ။”
“ယောကျာ်းက ဘယ်လိုကိုင်တွယ်ဖို့ စီစဥ်ထားလဲ?” ရှန်းယုဟန်က တည်ငြိမ်စွာမေးလိုက်သည်။ ယင်းက သူနဲ့သူ့ခင်ပွန်း၏ကိစ္စနဲ့ မဆိုင်သဖြင့် သူက ဘေးရပ်ကြည့်နေသူသာဖြစ်သည်။
“ငါ့အဖေက ငါထမင်းစားခဲ့တဲ့ အကြိမ်အရေအတွက်ထက် ဒီလိုသတင်းတွေမှာ ပါခဲ့ဖူးတယ်။ သူက ဒီတစ်ခုလောက်ကို ဂရုမစိုက်ဘူး။ ငါတို့လည်း သူ့အတွက် ဂရုစိုက်စရာမလိုဘူး။” ရှန်ချီဟွမ်းက ထိုကိစ္စကို ဂရုမစိုက်ချင်ပေမယ့် လျစ်လျူရှုလို့မရပေ။ လက်ရှိမှာ ရှန်ဂရု၏ထိပ်တန်းခေါင်းဆောင်နှစ်ယောက်က ဆေးရုံတက်နေရသည်။ သူက ရှန်ထျန်းဖုန်းကိုမစိုးရိမ်ပေမယ့် တခြားသူများက သူ့အစ်ကိုကြီး၏ကျန်းမာရေးကိစ္စကို ဖော်ထုတ်လိုက်မှာကြောက်သည်။ နံရံက ရေစိမ့်မဝင်နိုင်ပေမယ့် ရှန်အိမ်တော်၏နံရံကတော့ အမြဲပေါက်နေခဲ့သည်။
သူတို့ရောက်လာတော့ အိမ်တော်သုံးအိမ်က လူတွေလည်းရှိနေပေမယ့် ပင်မအိမ်တော်က လာခဲ့သူမှာ ရှန်ချီဟွမ်းနှင့် ရှန်ချီရှင်းသာဖြစ်သည်။ ရှန်ချီချင်းကြည့်ရတာ မအိပ်ရသေးပုံပေါက်နေပြီး လက်ထဲမှာ ဆန်းဝှစ် (အသားညှပ်ပေါင်မုန့်)ကိုကိုင်ထားသည်။
သူတို့ရောက်ရှိလာမှုက လူတိုင်း၏အာရုံကို ဆွဲဆောင်ခဲ့ပြီး ရှန်ချီရှင်းက စိုးရိမ်လွန်းတာကြောင့် အစာစားနေရင်း သီးမလိုဖြစ်သွားခဲ့သည်။
“တတိယအစ်ကို၊ တတိယမရီး၊ ဝင်ပေါက်မှာ သတင်းထောက်တွေကို တွေ့ခဲ့လား?”
ရှန်းယုဟန်က ရှန်ချီဟွမ်းအစား ခေါင်းညိတ်ပြကာ သူ့မေးခွန်းကိုဖြေလိုက်သည်။ “အင်း၊ မင်းဖြေးဖြေးစားဦး”
ဆန်းဝှစ်ကိုမျိုချလိုက်သော ရှန်ချီရှင်းက ရှင်းမပြနိုင်လောက်အောက် စိတ်လှုပ်ရှားသွားသည်။ ရောက်လာတာနဲ့ သူ့ကိုဂရုစိုက်တာ သူ့တတိယမရီးပဲရှိ၏။
ရှန်ချီယွမ်က ဤနေရာမှာမရှိတာကြောင့် ရှန်ချီဟွမ်းက သူ့အစား ရှန်ထျန်းဖုန်းအတွက် လက်မှတ်ထိုးပေးရမှာဖြစ်ပြီး သူရောက်လာတာနဲ့ ဒေါက်တာက လက်မှတ်ထိုးခိုင်းခဲ့သည်။
လက်မှတ်ထိုးပြီးနောက် ရှန်ထျန်းဖုန်းကို ခေါ်သွားကြပြီး မိသားစုဝင်များက သူ့ကိုတွေ့လို့မရပေ။
အိမ်တော်တိုင်းက ခွဲစိတ်ခန်းအပြင်မှာ ရပ်နေခဲ့ပြီး တစ်အိမ်နဲ့ တစ်အိမ်လျစ်လျူရှုထားကြသည်။
ရှန်ထျန်းဖုန်း၏ခွဲစိတ်မှုက ချောချောမွေ့မွေ့ပြီးသွားပေမယ့် အထွေထွေကုသဆောင်ကို မပြောင်းခင် ICU အခန်းထဲမှာ တစ်ရက်နှစ်ရက်နေရပေမည်။ ထိုကာလအတွင်း သူ့ဆီသွားလည်လို့မရတာကြောင့် လူတိုင်းကလာပြီး ပြန်သွားကြသည်။
ရှန်ချီဟွမ်းက အပြင်ကကော်ရီဒါမှ ဖုန်းဖြေနေစဥ် ဒုတိယမဒမ်က ရှန်းယုဟန်အနားကဖြတ်သွားပြီး မထေ့ငေါ့တော့ပဲ ပါးနပ်သောအပြုံးတစ်ခုကို ပေးလာသည်။
သူမက ရှန်းယုဟန်ကို တမင်တကာမေးလိုက်သည်။ “မင်းကတကယ်ရှန်းယုဟန်လား?”
ရှန်းယုဟန်က ကုတ်အင်္ကျီအိတ်ကပ်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ဒုတိယမဒမ်ကို တည်တည်ငြိမ်ငြိမ်ကြည့်ကာ ဘာမှမပြောပေ။
ဘေးမှာရပ်နေသောရှန်ချီရှင်းက သေချာမကြားရပေမယ့် ဒုတိယမဒမ် စကားကောင်းပြောနေတာ မဟုတ်မှန်းတော့သိသည်။
ရှန်ချီရှင်းက သူတို့ဆီသွားကာ ပြောလိုက်သည်။ “ဒုတိယဒေါ်လေး၊ ကျွန်တော်ကြားလို့မရတဲ့စကားမဟုတ်ရင် ကျွန်တော့်ကိုလည်းပြောပါ။”
ဒုတိယမဒမ်က သူ့အခေါ်အဝေါ်ကြောင့် ဒေါသထွက်လုနီးပါးဖြစ်သွားပေမယ့် သူက ဒီနေ့ ရှန်ချီရှင်းကြောင့် စိတ်အနှောင့်အယှက်မဖြစ်ချင်၍ လှည့်ထွက်သွားခဲ့သည်။
သူမမှာ အခုထိ သက်သေမရှိသေးပေမယ့် အနှေးနဲ့အမြန် သူ့ကိုဖမ်းမိမှာပင်။
ရှန်ချီရှင်းက ရှန်းယုဟန်ကိုမေးလိုက်သည်။ “အဲ့ဒီစကားများတဲ့မိန်းမက ဘာပြောသွားတာလဲ?”
ရှန်းယုဟန်က ခေါင်းခါလိုက်သည်။ “ဘာမှမဟုတ်ပါဘူး။” ဒုတိယမဒမ်၏ ရုတ်တရက်မေးခွန်းက သူ့ကို ထိတ်လန့်စေပေမယ့် လက်ရှိ သူက မူလရှန်းယုဟန်မဟုတ်တာကို သူမပြောသရွေ့ ဘယ်သူမှသိမှာမဟုတ်ပေ။
သို့သော် သူ့ခင်ပွန်းက သူ့ကို တစ်ခါမှသံသယမဝင်ဖူးတာကို ဒုတိယမဒမ်က ဘာလို့သံသယဝင်နေတာလဲ? သူက အဖြေအမြန်ရလိုက်ပြီး သူနဲ့ မူလရှန်းယုဟန်က မတူညီသော အကျင့်စရိုက်ရှိတာကြောင့် သူက ပစ်မှတ်ထားခံရတာဖြစ်မည်။
ဤပုန်းကွယ်နေသောအန္တရာယ်ကို ရှောင်ရှားဖို့ မူလရှန်းယုဟန်ကို သေချာနားလည်ဖို့ လိုအပ်ပုံပင်။
ရှန်ချီဟွမ်းပြန်လာတော့ ကြမ်းပြင်ကိုငေးနေသော သူ့ဇနီးကိုတွေ့လိုက်ရပြီး သူဘာတွေတွေးနေလဲမသိပေ။
သူက သူ့မျက်နှာကို လက်ဖြင့် ဆွဲဖဲ့လိုက်သည်။ “ဘာတွေတွေးနေတာလဲ?”
ရှန်းယုဟန်၏မျက်လုံးများက သူ့ကိုမြင်သောအခါ တောက်ပလာသည်။ “ခင်ဗျားကိုစောင့်နေတာ”
မနီးမဝေးမှာ ရှန်ချီယွင်က ဒီဘက်ကို တချိန်လုံးကြည့်နေပြီး တတိယမဒမ်က သူ့ကိုခေါ်မသွားခင်အထိ သူ့မျက်လုံးထဲမှာ အဆုံးမဲ့နောင်တတွေရှိနေခဲ့သည်။
–
နောက်တစ်နေ့မှာ ရှန်ချီဟွမ်းက ရှန်ချီယွမ်၏နေရာကိုဖြည့်ဖို့ ရှန်ဂရုကိုသွားခဲ့သည်။
ရှန်းယုဟန်က သူ့ခင်ပွန်းကို အပြင်လိုက်ပို့ပြီး မူလရှန်းယုဟန်၏ တိုက်ခန်းနှစ်ခန်းသော့ကိုယူကာ အပြင်ထွက်သွားခဲ့သည်။
သူသွားခဲ့သော ပထမဆုံးနေရာက မူလရှန်းယုဟန်နေသော တိုက်ခန်းဖြစ်ပြီး တိုက်ခန်းနှစ်ခန်းလုံးက ရောင်းချခဲ့ပေမယ့် ဝယ်သူမသုံးခင် လအနည်းငယ်အကြာမှာ ရှန်ချီဟွမ်းက ပြန်ဝယ်ခဲ့သည်။
သူ့ကိုယ်ပိုင်ပစ္စည်းတွေ ဒီမှာရှိနေသေးလား တွေးနေမိသည်။ သူ့ခင်ပွန်းက သော့ရပြီးတော့ လာစစ်ဆေးခဲ့သေးတာလား?”
ကံကောင်းစွာပင် ဝယ်သူက သော့ပြန်ပေးသည့်အခါ အဆောက်အဦးနံပါတ်ကို မဖျက်ခဲ့တာကြောင့် ရှန်းယုဟန်က အပေါ်ထပ်ကို ချောချောမွေ့မွေ့ တက်သွားခဲ့သည်။
သူနဲ့ရှန်ချီဟွမ်းက ဗီလာမှာနေပြီး တိုက်ခန်းမှာမနေဖူးပေ။ ဒါကြောင့် ရှန်းယုဟန်က အပေါ်ထပ်တက်နေစဥ် စိမ်းသလိုခံစားခဲ့ရသည်။
တိုက်ခန်း၏တူညီသောအလွှာမှာ နေထိုင်သူတစ်ဦးမှမရှိသဖြင့် ရှန်းယုဟန်က ကိုက်ညီသောအိမ်နံပါတ်ကိုရှာရန် အချိန်အတော်ကြာ လှည့်ပတ်ခဲ့ရသည်။
ယခုချိန်မှာ ဘယ်သူမှမရှိပေမယ့် သူက အနည်းငယ် မသက်မသာခံစားရသည်။
သူက တံခါးကိုတွန်းဖွင့်လိုက်တော့ ဖုန့်မှုန့်များက သူ့ကိုနှုတ်ဆက်လာသည်။
ရှန်းယုဟန်က သူ့နှာခေါင်းကိုအုပ်ကာ အိမ်ထဲဝင်လိုက်ပြီး ဤနေရာက လူမနေတာ အတော်ကြာခဲ့ပုံရသည်။
ပထမဆုံးခံစားချက်ကတော့ တိုက်ခန်းက သေးပြီး ကျဥ်းသည်။
ရှေးခတ်မှာဖြစ်စေ ခေတ်သစ်မှာဖြစ်စေ ရှန်းယုဟန်က ဗီလာစံအိမ်မှာနေပြီး ရှန်အိမ်တော်ကို သွားရာမှာလည်း သူ့မျက်လုံးကိုဖမ်းစားနိုင်သောအရာမရှိခဲ့ပေ။ သူက ဒီလိုအိမ်လေးကို မရောက်ဖူးတာကြောင့် အတော်သေးတယ်လို့တွေးမိသွားပြီး မူလရှန်းယုဟန်နေခဲ့သော နေရာက ဒီလောက်ကျဥ်းမယ်လို့ မထင်ထားခဲ့ပေ။
အိမ်က မူလအသွင်အပြင်အတိုင်းရှိပြီး ဆိုဖာ၊ စားပွဲ၊ ကုလားထိုင်၊ တီဗီအပါအဝင် ရေခဲသေတ္တာနှင့် တခြားသောအီလက်ထရွန်ပစ္စည်းများရှိ၏။
ဤသည်မှာ ရှန်းယုဟန်မြင်ချင်သောအရာမဟုတ်သဖြင့် သူက ဧည့်ခန်းကိုလှည့်ပတ်ကြည့်လိုက်ပေမယ့် မူလရှန်းယုဟန် ချန်ခဲ့သော ပစ္စည်းတစ်ခုမှမတွေ့ခဲ့ပေ။ ထို့နောက် သူက အခန်းတစ်ခန်းစီကို လည်ပတ်ပြီး အရင်က ဝယ်သူ ဘာမှမရှင်းထားဖို့ မျှော်လင့်နေသည်။
အခန်းနှစ်ခန်း၊ အိပ်ခန်းကျယ်တစ်ခန်းနှင့် အိပ်ခန်းအပိုတစ်ခန်းသာရှိသည်။
ရှန်းယုဟန်က အရှေ့တောင်အခန်းကိုဝင်သွားတော့ ဒက်စတော့ကွန်ပျူတာတစ်လုံးရှိနေသည်။ ရှန်းယုဟန်က ဘယ်လိုသုံးရမလဲမသိပေမယ့် ဤပစ္စည်းက အရမ်းအရေးပါတာကိုသိပြီး သူ့ခင်ပွန်း၏ရုံးခန်းထဲမှာ တစ်လုံးရှိပြီး ဤတစ်လုံးထက်ကြီးသည်။
ကွန်ပျူတာအပြင် စာအုပ်တချို့လည်းရှိပြီး အားလုံးက တက္ကသိုလ်စာအုပ်များဖြစ်၍ ရှန်းယုဟန်က နားမလည်နိုင်ပေ။
ကုတင်တစ်လုံး၊ ဗီရိုတစ်ခု၊ စားပွဲတစ်လုံးနှင့် ဆိုဖာသေးတစ်ခု…..ဧည့်ခန်းနဲ့ယှဥ်ရင် ဤနေရာက ရှုပ်ပွနေသည်။ အပြင်ဘက်က သန့်ရှင်းထားပုံရပေမယ့် ဤနေရာကရှုပ်ပွနေတာကြောင့် မူလရှန်းယုဟန်အိပ်သော နေရာဖြစ်နိုင်သည်။
ကုတင်ဘေးစားပွဲမှာ ဓာတ်ပုံအယ်လ်ဘမ်တစ်ခုရှိပြီး စုံတွဲတစ်တွဲနဲ့ ကလေးတစ်ယောက်ပုံဖြစ်ကာ ယင်းမှာ မူလရှန်းယုဟန်နှင့် မိဘများဖြစ်ပေမည်။
ရှန်းယုဟန်က ပိုင်ဆိုင်မှုတွေကို ရောင်းတုန်းက ဒီလိုအရေးကြီးပစ္စည်းတွေကို ဘာလို့မယူသွားတာလဲ? ဝယ်သူက ဒီပစ္စည်းတွေထုပ်ပိုးဖို့ အချိန်မပေးတာလည်း မဟုတ်ဘူးလေ။
မူလရှန်းယုဟန်က ဒီပစ္စည်းတွေကို ဂရုမစိုက်တာလည်းဖြစ်နိုင်သည်။ ဒါမှမဟုတ် မူလရှန်းယုဟန်က ထွက်သွားဖို့ဆုံးဖြတ်ပြီး အတိတ်မှာ နစ်မွှန်းမနေချင်တော့တာလား၊ အတိတ်ကဝမ်းနည်းစရာတွေကို ရင်မဆိုင်ချင်တာလား၊ ဒါကြောင့်သူက မလိုချင်တဲ့ပစ္စည်းတွေကို ထားခဲ့တာလား?
ရှန်းယုဟန်က ဗီရိုကိုဖွင့်ပြီး သူယခုဝတ်ထားတာနှင့် ကွာခြားသောအဝတ်အစားများကို တွေ့လိုက်ရသည်။ ဘောင်းဘီရှည်များက သေးပြီးစုတ်ပြဲနေကာ အဝတ်အစားများက ဦးခေါင်းခွံ ဒါမှမဟုတ် နှုတ်ခမ်းနီ စသဖြင့် ထူးဆန်းသောဒီဇိုင်းဖြင့် ထုတ်ထားပြီး ရှန်းယုဟန်က သဘောမကျသလို သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်ကိုပင် လန့်သွားစေခဲ့သည်။
မူလရှန်းယုဟန်ချန်ထားခဲ့သော ဖိနပ်များကိုလည်း တွေ့လိုက်ရသည့်အပြင် ထိုဖိနပ်များက အရောင်အသွေးစုံလင်ပြီး လက်သည်းပုံနှင့် စီခြယ်ထားသည်။ ရှန်းယုဟန်က ဤဖိနပ်များမှာ လုပ်ကြံဖန်တီးသူများ၏ လက်ရာတစ်ခုလို့တွေးကာ ချီတိုင်းပြည်၏ လုပ်ကြံသတ်ဖြတ်သူများမှာလည်း ဤဖိနပ်ပုံစံမျိုးရှိ၏။
သူ ဤအဝတ်အစားမျိုး ဝတ်နေတာကို တွေးကြည့်လို့ပင်မရပေ။ သူက စဥ်းစားလိုက်ရုံနဲ့ အသက်ရှူကြပ်လာပြီး ရေထဲကျပြီးနောက် သူဝတ်ထားသော နားကပ်လေးငါးရံကို တွေးမိသွားကာ သူ့ကို ဒုတိယမဒမ် သံသယဝင်နေတာကို မအံ့သြတော့ပေ။
မာစတာအိပ်ခန်းက အဝတ်အစားနှင့် အသုံးအဆောင်အတွက်သာ ဖြစ်ပြီး ကျန်ပစ္စည်းများမရှိတော့ချေ။
ရှန်းယုဟန်က နောက်ဆုံးမှာ ကွန်ပျူတာကိုကြည့်လိုက်၏။ သူဘယ်လိုသုံးရမလဲသင်ယူရမည်။
သံသယကိုရှောင်လွှဲဖို့ အကောင်းဆုံးနည်းလမ်းက မူလရှန်းယုဟန်နှင့်တူသော စရိုက်လက္ခဏာကိုရှာဖို့ဖြစ်သည်။
–
နောက်အပတ်မှာ ရှန်ချီဟွမ်းက နေ့တိုင်းအလုပ်ရှုပ်နေပြီး အိမ်မှစောစောထွက်ကာ နောက်ကျမှပြန်လာသည်။ သူမသိသည်မှာ သူ့ဇနီးက သူ့လိုပင် အိမ်ကစောစောထွက်ကာ နောက်ကျမှပြန်လာပြီး မူလရှန်းယုဟန်၏တိုက်ခန်းကို နေ့တိုင်းပြေးလေ့ရှိသည်။
တယ်လီကွန်းကို Broadband အခကြေးပေးချေဖို့ သုံးရက်ကြာခဲ့ပြီး သူက ကွန်ပျူတာလေ့ကျင့်ခန်းကို ဒေါင်းလုဒ်ဆွဲကာ ကွန်ပျူတာဖွင့်ဖို့သင်ယူလိုက်သည်။ ထို့နောက် ဆော့ဖ်ဝဲပေါ်မှာ ကလစ်ထောက်ကာ သူက စာရိုက်တာမတော်ပေမယ့် လောလောဆယ်တော့ mouse သုံးလို့ရနေသရွေ့ စာရိုက်ဖို့မလိုပေ။
သူက မူလရှန်းယုဟန်၏ ကွန်ပျူတာကိုဖွင့်ပြီး ပါဝင်ဖွင့်ပက်စဝေါ့မလိုသဖြင့် တိုက်ရိုက်လော့အင်ဝင်လိုက်ပြီး သူ့ဝီချက်၊ QQနှင့် ဂိမ်းသံဆော့ဖ်ဝဲများကို အလိုအလျောက် ဒေါင်းလုဒ်လုပ်ခဲ့သည်။
ရူးလောက်စရာအချက်အလက်များက ရှန်းယုဟန်၏ရှေ့ကို ရောက်လာခဲ့သည်။
ကောင်းကင်ဘုံက ဇွဲရှိသူကို ကူညီပေးသည်။
သူက မူလရှန်းယုဟန်၏ ဝီချက် Chat History (စကားပြောမှတ်တမ်း)ကို စစ်ဆေးဖို့ အချိန်လေးရက်ယူခဲ့ရပြီး သူစကားပြောသောပုံစံက သူနဲ့မတူတာကို တွေ့ခဲ့ရသည်။
ဒီတော့ ဒီလိုပေါ့…. သူက သူ့ချို့ယွင်းချက်အတွက် အကြောင်းပြချက်ကို ရှာတွေ့ခဲ့ပြီ!
တစ်ပတ်ကမြန်မြန်ကုန်သွားပြီး ထိုကာလအတွင်း ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ဆေးရုံကမဆင်းသေးသော ရှန်ထျန်းဖုန်းကို သွားကြည့်ခဲ့သည်။ ပထမဆုံးအကြိမ် ခွဲစိတ်မှုရလဒ်ကကောင်းပြီး ကင်ဆာဆဲလ် ပွားမလာသရွေ့ ပြဿနာကြီးကြီးမားမားမရှိပေ။
သို့သော် အချိန်တိုအတွင်း ရှန်ဂရုမှာ အလုပ်ပြန်လုပ်နိုင်ဖို့က ရှန်ထျန်းဖုန်းအတွက်ခက်ခဲသည်။ ခွဲစိတ်မှုအပြီးမှာ သူ့အားအင်ကလည်း ယိုယွင်းပြိုလဲသွားကာ အသက်ကြီးလာလို့လည်းဖြစ်နိုင်သည်။
သူက နေ့တိုင်း ဇနီးများ၏ ဝန်းရံခံထားရပြီး ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က အလာနည်းသွားသည်။
တနင်္ဂနွေမှာ ရှန်ချီဟွမ်းက အချိန်တချို့ရခဲ့ပြီး သူက ရှန်းယုဟန်ကို လမ်းလျှောက်ရန် ဆေးရုံကိုခေါ်သွားခဲ့သည်။
ရှန်ချီဟွမ်းက သူ့ဇနီးကို တစ်ပတ်အထိ သေချာမကြည့်ခဲ့ရ၍ ဒီနေ့မှာ ထူးထူးဆန်းဆန်း ဝတ်ဆင်ထားတာကို သိလိုက်ရသည်။
သူက လင်းထိန်နေသော အစိမ်းရောင် Boots ကိုဝတ်ထားပြီး ဆောင်းအလယ်မှာ ဂျင်းဘောင်းဘီရှည်အပွနှင့် ဘောင်းဘီတိုက ခါးမှမြင်နေရသည်။ နားရွက်မှာ နားကပ်လေးငါးခုလောက် တပ်ထားပြီး ယင်းမှာ အရမ်းလေးမယ့်ပုံဖြစ်၍ ရှန်ချီဟွမ်းက နာကျင်မှုကို ခံစားမိလာလို့ မမေးပဲမနေနိုင်တော့ပေ။
ရှန်ချီဟွမ်းက သူ့မျက်လုံးထဲက နာကျင်မှုကို သည်းခံကာ သူ့ကိုမေးလိုက်သည်။ “ရှန်းယုဟန်၊ မင်းဒီအဝတ်အစားလဲလိုက်ပါလား?” သူက သူ့ဗီရိုထဲမှာ ဒီလိုထူးဆန်းသော အဝတ်အစားမရှိတာကို မှတ်မိသည်။ သူကဒါတွေကိုဘယ်ကရလာတာလဲ?
ရှန်းယုဟန်က မှန်ရှေ့မှာ တစ်ပတ်လှည့်ကာ မေးလိုက်သည်။ “ထူးဆန်းနေလို့လား?”
ရှန်ချီဟွမ်းက အလေးအနက်မေးလိုက်သည်။ “ထူးဆန်းတယ်။ မင်းပုံမှန်ဆိုဒီလိုမဝတ်ပါဘူး။ လိမ္မာစမ်းပါ၊ လဲလိုက်နော်…. မလဲရင် ကိုယ်တိုင်ချွတ်ပေးလိုက်မှာ”
ရှန်းယုဟန်က သူ့ခင်ပွန်းကို ရုတ်တရက် မျက်လုံးထောင့်ကနေကြည့်ကာ အထင်အမြင်သေးသော အမူအရာဖြင့် မေးလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်က ဒီလိုပုံစံပဲဆိုရင်ရော?”
ရှန်ချီဟွမ်းက သူ့နဖူးကိုရိုက်လိုက်သည်။ “အဲ့လိိုထူးဆန်းတဲ့အမူအရာမလုပ်နဲ့၊ မင်းဘယ်ကသင်လာတာလဲ” သူပြောပြီးသည်နှင့် ရှန်းယုဟန်ကို ကူချွတ်ပေးလိုက်၏။
ရှန်းယုဟန်က ထိုကဲ့သို့ အမူအရာမျိုးမလုပ်ဖူးသဖြင့် ရုတ်တရက်ရှက်သွားကာ အဝတ်အစားလဲဖို့ ရေချိုးခန်းထဲကိုပြေးသွားခဲ့သည်။
သူက မူလရှန်းယုဟန်၏ဗီရိုထဲက ဒီတစ်စုံကို ယူလာခဲ့တာဖြစ်သည်။ တကယ်တော့ သူဝတ်ထားပြီး နေရခက်တာကြောင့် လဲဖို့ဆုံးဖြတ်လိုက်သည်။ သူက သူပဲ.. မူလရှန်းယုဟန်က မူလရှန်းယုဟန်ပဲ သူတို့နှစ်ယောက်က ပေါင်းစည်းလို့မရသလို သူကလည်း ခေတ်သစ်က မူလရှန်းယုဟန် ဖြစ်မလာနိုင်ပေ။
ရှန်းယုဟန်က သူ့ပုံမှန်အဝတ်အစားပြန်လဲပြီးမှ ရှန်ချီဟွမ်းက သက်ပြင်းချလိုက်သည်။
သူ့ဇနီးသာ ဒီလိုအဝတ်အစားမျိုးကို ဒုတိယအကြိမ်ဝတ်ခဲ့ရင် သူနှလုံးရောဂါရသွားမှာကိုပင် စိုးရိမ်မိသည်။
ရှန်ချီဟွမ်းက ဖိနပ်ဝတ်ရန် ဝင်ပေါက်မှာကျောပေးရပ်နေသည်။
ရှန်းယုဟန်က ရှည်လျားသော သူ့နောက်ကျောကိုကြည့်ကာ အနောက်ကနေဖက်လိုက်သည်။ “ယောကျာ်း”
ရှန်ချီဟွမ်းက ခေါင်းလှည့်ကြည်ပြီး တုံ့ပြန်လိုက်သည်။ “အွန်း?”
ရှန်းယုဟန်က ရှန်ချီဟွမ်း၏နောက်ကျောတွင် သူ့ပါးကိုဖိထားကာ မေးလိုက်သည်။ “ကျွန်တော် အရင်က အဆဲသန်ပြီး ထူးဆန်းတာတွေဝတ်၊ ဆိုးသွမ်းတဲ့သူငယ်ချင်းလည်း အများကြီးရှိခဲ့တာ။ ခင်ဗျားစိတ်မခုဘူးလား?”