Chapter 65.1
Viewers 23k

Chapter 65.1


“တတိယအစ်ကို”


ရှန်ချီဟွမ်းက နောက်လှည့်ကာ သူ့လက်ကို ရှန်းယုဟန်၏ခါးပေါ်တင်ပြီး ရှန်းယုဟန်ကို စိုက်ကြည့်လိုက်သည်။ သူက လူကပ်လွန်းတဲ့ သူဇနီးလေးကြောင့် အကူအညီမဲ့နေသည်။ 


သူက ရှန်းယုဟန်ကို ကူကယ်ရာမဲ့မေးလိုက်၏။ “မင်းအခုမှမေးတာ နောက်ကျမနေဘူးလား?”


“ဘာနောက်ကျလို့လဲ?” ရှန်းယုဟန်က သူ၏ဝတ်စားဆင်ယင်မှုအပြောင်းအလဲမှာ နစ်မြုပ်နေဆဲဖြစ်ပြီး သူ့ခင်ပွန်းက ထိုအဝတ်အစားကို သိပ်ကြိုက်ပုံမပေါ်ပေမယ့် သူက စိတ်ထဲမှာပျော်နေသည်။ အကြောင်းမှာ သူ့ခင်ပွန်းက မူလရှန်းယုဟန်မဟုတ်ပဲ သူ့ကိုသဘောကျတာ​ဖြစ်ကြောင်း သက်သေပြခဲ့လို့ပင်။ သို့သော် သူကမရေရာဖြစ်နေတာကြောင့် မေးလိုက်တာဖြစ်၏။



“မင်းကမင်းပဲလေ၊ ရှန်းယုဟန်က နှစ်ယောက်ရှိလို့လား?” ရှန်ချီဟွမ်းက သူ့ခါးကိုဆွဲဖျစ်လိုက်ပြီး ကုတ်အင်္ကျီခံနေတာတောင် ပိန်ပါးလွန်းသည်။

ထိုစကားကြားတော့ ရှန်းယုဟန်က ပါးနပ်စွာမေးလိုက်၏။ “တကယ်လို့ ဒုတိယရှန်းယုဟန်ရှိခဲ့ရင်ရော?”


ရှန်ချီဟွမ်းက သူ့လက်ကို ရှန်းယုဟန်၏ပခုံးပေါ်တင်လိုက်ပြီး သူ့အနားကိုပိုနီးအောင်ဆွဲကာ ဘယ်ညာကြည့်လိုက်သည်။ “ကြည့်ပါရစေဦး” သူက ရှန်းယုဟန်၏ ဖြူဖွေးနုနယ်သောပါးကို ဆွဲဖဲ့လိုက်ပြီး စနောက်သောလေသံဖြင့် မေးလိုက်၏။ “မင်းက ရှန်းယုဟန်မဟုတ်တာဖြစ်နိုင်တယ်။ ရှန်းယုဟန်နဲ့တူအောင် ဆာဂျ​ရီလုပ်ထားတာလား? ဒါမှမဟုတ် ငါ့ကိုလက်မထပ်ချင်တဲ့ ရှန်းယုဟန်နာမည်နဲ့ ညီတစ်ယောက်ရှိနေလို့ သူ့အစား ငါ့ကိုလက်ထပ်ခဲ့တာလား? ဒါဆို မင်းရဲ့နာမည်အစစ်ကဘာလဲ?”


ရှန်ချီဟွမ်းက အွန်လိုင်းဝတ္ထုများ၏ ဇာတ်ကွက်များကိုဆွဲထုတ်ကာ ဖြစ်နိုင်ချေရှိတယ်လို့ တွေးနေသည်။ အတိတ်မှာ ရှန်းယုဟန်က နမော်နမဲ့နိုင်ပေမယ့် သူ့ဇနီးလေးက အပြုအမူကောင်းပြီး ကပ်ချွဲတတ်သည်။ ထိုသည်မှာ မတူညီသောလူနှစ်ဦးလို့ ထင်ရပေမယ့် သူ့တို့က တစ်ဦးတည်းသာဖြစ်၏။


ရှန်းယုဟန်က သူ့လက်ကို ပုတ်ထုတ်လိုက်သည်။ “အဲ့လိုမဟုတ်ပါဘူး။ ကျွန်တော်က ရှန်းယုဟန်ဖြစ်ပြီး ရှန်းယုဟန်က ကျွန်တော်ပါ။ ယောကျာ်း၊ ကျွန်တော်က မူလရှန်းယုဟန်မဟုတ်ပါစေနဲ့လို့ မျှော်လင့်လား?” 


ရှန်ချီဟွမ်းက ခဏလောက်စဥ်းစားလိုက်သည်။ “အရင်ကမင်းဖြစ်ဖြစ် လက်ရှိမင်းဖြစ်ဖြစ်၊ မင်းကမင်းပါပဲ။ မျှော်လင့်တာတို့ မမျှော်လင့်တာတို့မရှိဘူး။”

ရှန်းယုဟန်က ရှန်ချီဟွမ်းကို လူကောင်းကတ်တစ်ခု ပေးလိုက်သည်။ “ယော်ကျာ်း၊ ခင်ဗျားကအရမ်းကောင်းတာပဲ”

အချိန်အတော်ကြာစကားပြောပြီးတော့ ရှန်းယုဟန်က သူ့ခင်ပွန်း နားလည်မယ်လို့ မမျှော်လင့်ထားခဲ့ပေမယ့် ယခု သူက အရိပ်အမြွက်လေးပေးထားတော့ တစ်နေ့မိသွားခဲ့ရင် ရှင်းပြရလွယ်ကူလောက်သည်။ အရာအားလုံးကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေးဖြေးမှန်မှန်လုပ်ဆောင်ရမည်။


ရှန်ချီဟွမ်းက အရောင်သုံးရောင်ပေးရုံနဲ့ ဆိုးဆေးအလုပ်ရုံဖွင့်နိုင်သော လူစားမျိုး***ဖြစ်သည်။ သူက ချက်ချင်းမြှောက်တက်သွားသလို ပြောလိုက်သည်။ “ဒါပေါ့၊ ငါက ဒီလောက်ကောင်းတာ၊ မင်းယောကျာ်းကို မြန်မြန်လေးဆုချပါလား?” သူက သူ့နှုတ်ခမ်းကိုထိုးပြကာ ရှန်းယုဟန်ကို အချိုကျွေးဖို့ အချက်ပြနေသည်။ 

(***နည်းနည်းချိီးကျူးပေးရင် လေပေါ်မှာလမ်းလျှောက်မယ့်လူစား)


သို့သော် ရှန်းယုဟန်က သူ့ဖိနပ်ကိုယူဖို့ လှည့်လိုက်ပြီး ရှန်ချီဟွမ်း၏ ပွင့်လင်းသောအပြုအမူကို မမြင်ချင်ယောင်ဆောင်နေသည်။


သူ့ဇနီးက ယခုချိန်မှာ တက်ကြွမှုနည်းပါးလာသဖြင့် ရှန်ချီဟွမ်းက အရင်အစပြုကာ သူ့ကို တံခါးမှာဖိထားပြီး ထပ်တလဲလဲနမ်းလိုက်သည်။ ထိုသည်မှာ ရှန်းယုဟန်၏နှုတ်ခမ်းနီရဲပြီး ရွှန်းစိုလာလို့ လွှတ်မပေးခင်အထိပင်။


သူတို့နှစ်ယောက်က ရှန်းထျန်းဖုန်း၏ လူနာဆောင်ကိုရောက်လာပြီး ရှန်ချီယွမ်တင်မကပဲ လူတိုင်းက ထိုနေရာမှာရှိနေပြီး လူနာဆောင်က ပြည့်ကျပ်နေသည်။ သို့သော်လေထုက တစ်ခုခုမှားနေ၏။ အရင်ကဆိုရင် လူတိုင်းက အလိုက်အထိုက်နေကာ ဂုဏ်မောက်နေကြပြီး ရှန်းထျန်းဖုန်းက မမြင်ချင်ယောင်ဆောင်နေပေမယ့် ဒီနေ့မှာ သူ့မျက်နှာကမှုန်ကုပ်ပြီး စကားတစ်လုံးမှမပြောပဲ ရှန်ချီဟွမ်းနှင့် ရှန်းယုဟန် ဝင်လာတာတောင် လှည့်မကြည့်ပေ။


ရှန်ချီဟွမ်းက တည်ငြိမ်နေသော ရှန်ချီယွမ်ကိုကြည့်လိုက်သည်။



ရှန်းယုဟန်ကလည်း အလိုက်အထိုက် တိတ်ဆိတ်နေသည်။


စက္ကန့်အနည်းငယ်တိတ်ဆိတ်မှုအပြီးမှာ ရှန်ထျန်းဖုန်းက သူ့ပါးစပ်ကိုဖွင့်လာပြီး သူ့လေသံကအေးစက်နေကာ နွေးထွေးမှုအရိပ်အယောင်မရှိချေ။ “ငါမသေခင် မိသားစုပိုင်ဆိုင်မှုခွဲမယ်လို့ ဆိုလိုချင်တာလား?”


ဒါက ရှန်းယုဟန် ရှန်ထျန်းဖုန်းကို ဒီလိုပုံစံနဲ့ ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်သည်။ ဒါသူ့ရဲ့မျက်နှာအစစ်လား?


ပင်မအိမ်တော်က မိသားစုဝင်အနည်းငယ်ကလွဲရင် တ​ခြားအိမ်တော်သုံးအိမ်က ခေါင်းငိုက်စိုက်ကျကာ တိတ်ဆိတ်နေသည်။ ယခုချိန်မှာ စကားပြောရဲသူက သေချာပေါက်ဆူခံရမှာပင်။


ရှန်ထျန်းဖုန်းက လူတိုင်း၏မျက်နှာကို တစ်ချက်ကြည့်ပြီး သူတို့အမူအရာများကိုလေ့လာကာ သူက ဒေါသူပုန်မထသလို ဘယ်သူ့ကိုမှလည်းမအော်ပေ။ ထို့အစား သူက ထေ့ငေါ့လိုက်သည်။ “ဘယ်လိုခွဲချင်တာလဲ၊ မင်းတို့ထဲကဘယ်သူက အကြံပေးမလဲ၊ ရှန်ဂရုက ငါ့ရှယ်ယာတွေကို မင်းတို့ကိုပဲ ခွဲဝေပေးဖို့က တရားမျှတလား?” သူက နာမည်တိုက်ရိုက်ခေါ်လိုက်သည်။ “ချီယွင်၊ ချီဟွမ်းကမသင့်တော်ဘူးလို့ မင်းအမေကပြောနေတယ်။ ကုမ္ပဏီရဲ့ဘယ်အပိုင်းကို မင်းတာဝန်ယူချင်လဲ၊ ငါမင်းအတွက်စီစဥ်ပေးမယ်။”

နာမည်အခေါ်ခံလိုက်ရသော ရှန်ချီယွင်က တိတ်ဆိတ်ရုံသာတတ်နိုင်ပြီး သူယခုချိန်ဘာပြော​ပြော အသုံးမဝင်ပေ။ ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းတို့ အတူရပ်နေတာကိုတွေ့တော့ သူက သူတို့ကိုမမြင်နိုင်သော တစ်ဖက်ခြမ်းကို ခေါင်းလှည့်လိုက်သည်။

တတိယမဒမ်က သူမသားအတွက် စိုးရိမ်နေသည်။ “ထျန်းဖုန်း၊ ကျွန်မအဲ့လိုပြောချင်တာမဟုတ်ဘူး။ ကုမ္ပဏီကိစ္စကြောင့် ချီယွမ်က ဆေးရုံတက်နေရတော့ ချီယွင်ကို သူ့ဖိအားတွေ မျှဝေပေးနေနိုင်အောင်လို့ပါ။”


ရှန်ထျန်းဖုန်းက သူမစကားပြောကောင်းနေတာကို ဘယ်လိုလုပ်မသိနိုင်မှာလဲ? မဟုတ်ရင် သူ့ကိုရာထူးကဆင်းခိုင်းဖို့ သူတို့အားလုံးပေါင်းပြီး ဖိအားပေးမှာမဟုတ်ဘူး။


သူ့မျက်နှာက ပင်ပန်းနွမ်းနယ်မှုအရိပ်အယောင်ကိုပြနေသည်။ “ရည်ရွယ်လား..မရည်ရွယ်လား​က မင်းတို့စိတ်ကို မင်းတို့သိကြမှာပါ။”


ရှန်ချီဟွမ်း​က လူနာကြည့်ဖို့ လာခဲ့ပေမယ့် ယခုတော့ ရှန်းယုဟန်ကို လမ်းလျှောက်ဖို့ ခေါ်သွားတာက ပိုကောင်းမည်ဟု တွေးမိသွားသည်။


ရှန်ထျန်းဖုန်းကြောင့် တတိယမဒမ် အရှက်ကွဲသွားတာကို ဒုတိယမဒမ်ကတွေ့ခဲ့ရပြီး သူမမျက်နှာက မပြောင်းမလဲရှိနေပေမယ့် သူမ၏ဒုတိယသမီးကို ဝမ်းသာအားရ မျက်ခုံးပင့်ပြလိုက်သည်။ အမြဲတမ်းစေစေ့စပ်စပ်ပြုမူတတ်သော တတိယမဒမ်မှာ ဒီလိုစိတ်သောကရောက်သည့်နေ့ ရှိလာတာ အားရစဖွယ်ပင်။


ရှန်ထျန်းဖုန်းက စကားလုံးအနည်းငယ်ဆူလိုက်ပေမယ့် ရှန်ချီယွင်က သူချစ်ရသောသားဖြစ်တာကြောင့် သူက ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ သူ့ကို ကုမ္ပဏီ၏ တစ်နေရာမှာတာဝန်ပေးပြီး ဒုတိယမဒမ်၏ ဒုတိယသမီးကို ရာထူးအသစ်ခန့်အပ်လိုက်သည်။ ရှန်ချီယွမ်၏ အမူအရာက မပြောင်းမလဲရှိနေသည်။

ရှန်းယုဟန်က ကုမ္ပဏီ၏စီးပွားရေးကို သိပ်မသိပေမယ့် သူတို့အဖေနဲ့ အစ်ကိုကြီးတို့ ရာထူးတက်လာသော ပုံစံနှင့်တူသည်။ ချမ်းသာပြီးလစာကောင်းသော ယာမန်**ဖြစ်စေ ငွေမကိုင်ရသော ယာ​မန်ဖြစ်စေ ပြောခွင့်ဆိုခွင့်ရှိသူမှာ ရှန်ထျန်းဖုန်းသာဖြစ်သည်။ သူတို့ရှန်းမိသားစုက ဧကရာဇ်ကိုယ်စားအလုပ်လုပ်ရပြီး အပြင်လူများနှင့်ရင်ဆိုင်ရစဥ် ရှန်မိသားစုကတော့ ညီအစ်ကိုမောင်နှမဝမ်းကွဲများနှင့် ရင်ဆိုင်ဖြေရှင်းရသည်။ 


(ယာမန်** လုပ်ငန်းထဲမှာထဲထဲဝင်ဝင်လုပ်ကိုင်စရာမလိုပဲ အာဏာရှိတဲ့ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အစိုးရရုံးတစ်ခုခုကို ဆိုလိုပါသည်။)

မိသားစုဆိုတာ သဟဇာတဖြစ်မှသာ ကြီးပွားချမ်းသာနိုင်ပြီး ရှန်မိသားစုကတော့ ထိုအမျိုးအစားထဲမှာ မပါပေ။


ရှန်ထျန်းဖုန်းက တခြားအိမ်တော်သုံးအိမ်ကြောင့် ဒေါသအလွန်ထွက်နေပေမယ့် ဒီနေ့မှာ အကူအညီမဲ့နေတာ သိသာသဖြင့် သူက လူတိုင်းကိုမောင်းထုတ်လိုက်ပြီး ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်တို့ကလည်း မနေခဲ့ကြချေ။


ရှန်းယုဟန်က ဒီလူအကြောင်း ပိုသိလာခဲ့ပြီး ရှန်ထျန်းဖုန်း၏ ယနေ့အပြုအမူက မိသားစု၏ အရည်အချင်းပြည့်မီသော သခင်ကြီးတစ်ယောက်လို့ မထင်ရပေ။ မယားငယ်နှစ်ယောက်၏ ကလေးများကို အလုပ်ခွဲဝေပေးခြင်းက ပင်မအိမ်တော်၏ ရပိုင်ခွင့်ကို ခွဲဝေပေးသလိုဖြစ်ကာ သူက ပင်မအိမ်တော်ရှိ ကလေးများအပေါ် လေးစားမှုမရှိခဲ့ပေ။ အတိတ်မှာ ရှန်ထျန်းဖုန်း စုဆောင်းခဲ့သမျှ နာမည်ကောင်းက ဤလုပ်ရပ်ကြောင့် လုံးလုံးပျက်စီးသွားခဲ့လေပြီ။


သူ့ခင်ပွန်းက သူ့အဖေကို သဘောမကျတာလည်း မပြောလေနှင့်၊ ရှန်ထျန်းဖုန်းကို သူလည်းသဘောကျမှာမဟုတ်ပေ။


သူ့အဖေနှင့်နှိုင်းယှဥ်ကြည့်သည့်အခါ ရှန်းယုဟန်က သူ့ခင်ပွန်းကို နည်းနည်းလောက် စာနာနိုင်ခဲ့သည်။


ကားပေါ်ပြန်ရောက်တော့ ရှန်းယုဟန်က သူ့ခင်ပွန်း၏ခေါင်းကို ရုတ်တရက်ကိုင်လိုက်ပြီး သူ့မျက်နှာက သနားကြင်နာမှုနဲ့ပြည့်နေသည်။ “ယောကျာ်း၊ ခင်ဗျားတော်တော်ပင်ပန်းခဲ့မှာပဲ။”


ရှန်ချီဟွမ်းက သူ့အထိအတွေ့ကြောင့် ရှုပ်ထွေးသွားသဖြင့် သူက သူ့လက်ချောင်းကို ဆွဲကိုက်လိုက်သည်။ သူ့ဇနီးက သူ့ကိုသနားနေတာကို သိလိုက်ပြီး သူက ပြုံးကာ ရှေ့ကိုတိုးသွားပြီး ရှန်းယုဟန်၏နားထဲမှာ တိုးတိုးလေးပြောလိုက်တော့ ရှန်းယုဟန်၏မျက်နှာက နီရဲလာသည်။


နေ့ခင်းကြောင်တောင် အိပ်ရာဝင်မယ့်အကြောင်း ဘာလို့လာပြောတာလဲ….ရှက်ဖို့ကောင်းလိုက်တာ!


ဆေးရုံကထွက်လာပြီးတော့ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို စားသောက်ဆိုင်ကို တန်းခေါ်သွားခဲ့သည်။


သူတို့နှစ်ယောက်စားလို့ပြီးတော့ လမ်းလျှောက်လာကြသည်။

ရှန်းယုဟန်က လမ်းမပေါ်က ယာဥ်ကြောပိတ်ဆို့မှုကိုတွေ့​သောအခါ အလွန်အမင်း မအံ့သြတော့ပေမယ့် ညက နေ့လိုပဲ အပြင်ထွက်လည်ပတ်လို့ရပြီး လုံခြုံရေးပြဿနာကို စိတ်ပူစရာမလိုတာကို သူတွေ့တိုင်း သူ့ဘဝအသစ်က အရမ်းအဓိပ္ပါယ်ရှိတယ်လို့ ခံစားမိသည်။



ဒီနေ့နှင်းမကျသလို လေလည်းသိပ်မတိုက်ပေ။ ရှန်ချီဟွမ်းက သူနဲ့အတူ လူသွားလူလာလမ်းမအပေါ်ကို လျှောက်လာပြီး ပိတ်ရက်ဖြစ်၍ နေရာတိုင်းမှာ လူတွေပြည့်နေသည်။ အရသာရှိသောစားသောက်ဆိုင်နှင့်မုန့်ဆိုင်များ၊ လေထုထဲပျံ့နှံ့လာသော မုန့်ရနံ့များက စားသောက်​ပြီးသော ရှန်းယုဟန်ကိုတောင် ဗိုက်ဆာလာအောင် လုပ်ဆောင်ပေးသည်။


သူက နေရာတိုင်းမှာ ကိုယ်အလေးချိန်လျှော့ချဖို့ ကြော်ညာတွေ ဘာလို့များနေလဲဆိုတာကို နားလည်သွားသည်။ အရသာရှိသော အစားအသောက်များက နေရာအနှံ့ရောင်းချသဖြင့် လူတစ်ယောက်က နေ့တိုင်းအများကြီးစားကြီး ဝိတ်တက်မလာရင် ထူးဆန်းနေပေမည်။


ရှန်းယုဟန်က ရင်းနှီးသောဆိုင်အမည်ကိုတွေ့တော့ လက်မြှောက်ပြီး ခေတ်သစ်လူငယ်များ၏အဆင့်သို့ ချက်ချင်းဝင်ရောက်သွားခဲ့သည်။ “ယောကျာ်း၊ ကျွန်တော်နို့လက်ဖက်ရည်သောက်ချင်တယ်။”



“မင်းအခုလေးတင်ဗိုက်ပြည့်နေတာ ဘယ်နို့လက်ဖက်ရည်ကိုသောက်ချင်တာလဲ” ရှန်ချီဟွမ်းက နို့လက်ဖက်ရည်ဆိုင်က ရှည်လျားသောတန်းကိုကြည့်လိုက်သည်။


“ဒါပေမယ့် ကျွန်တော်သောက်ချင်တယ်လေ၊ ဒီတစ်ခါ စပျစ်အရသာသောက်ချင်တယ်။” ရှန်းယုဟန်၏မျက်လုံးများက နို့လက်ဖက်ရည်ဆိုင်၏ ဆိုင်းဘုတ်ကို စိုက်ကြည့်နေပြီး သူ့ခြေထောက်တွေက နည်းနည်းလေးတောင်မရွေ့တော့ပေ။


ရှန်ချီဟွမ်းက ရှည်လျားသောတန်းကို စိတ်ပျက်လက်ပျက်ကြည့်လိုက်သည်။ “အိုကေ၊ သွားတန်းစီကြတာပေါ့။”


ကံကောင်းစွာပင် သူတို့က အော်ဒါမှာဖို့ QR Code ဖတ်နိုင်ပြီး နာရီဝက်စောင့်ပြီးရင် ရမှာ​ဖြစ်သည်။



ရှန်းယုဟန်က သူ့မျက်နှာတစ်ဝက်ကို ဖုံးထားသော လည်စည်းပုဝါကိုဆွဲချကာ သက်ပြင်းချသည်။ “အခုအဆင်ပြေသွားပြီ။”


ရှန်ချီဟွမ်းက သူ့ဖုန်းကို အိပ်ကပ်ထဲထည့်ကာ ရွံရှာသလို လုပ်ပြလိုက်သည်။ “နို့လက်ဖက်ရည်တစ်ခွက်သောက်ဖို့ နာရီဝက်တောင်စောင့်ရမယ်။”


သို့သော်ရှန်းယုဟန်က သူ့ကိုဖော်ထုတ်လိုက်သည်။ “ဒါပေမယ့် ခင်ဗျားက နို့လက်ဖက်ရည်ရွေးတဲ့နေရာမှာ ဗဟုသုတတော်တော်ရှိတယ်ပဲ။ ယောကျာ်း… တကယ်တော့ ခင်ဗျားလည်း နို့လက်ဖက်ရည်သောက်ရတာ ကြိုက်တယ်မလား?”

“ပေါက်ကရ၊ မကြိုက်ပါဘူး။” ရှန်ချီဟွမ်းက သူ့နှုတ်ခမ်းထောင့်တွန့်ကွေးနေတာကို ရှန်းယုဟန်မမြင်စေရန် ရှေ့မှထွက်သွားခဲ့သည်။


“ခင်ဗျားကြိုက်တာသိသာတယ်။” ရှန်းယုဟန်က သူ့ခင်ပွန်း ဟန်ဆောင်နေတာကို အကျင့်အရဖော်ထုတ်လိုက်သည်။



သူတို့နှစ်ယောက်က လမ်းလျှောက်လာရင်း တာကိုယာကီ၊ကင်ဘတ်၊ ဝက်နံရိုးကြော်၊ တို့ဖူး​ကြော်၊ ဟန်ကျိုးဖက်ထုပ်၊ လတ်ဆတ်သောအအေးနှင့် တခြားမုန့်မျိုးစုံကိုတွေ့လိုက်ရသည်။ သူတို့ စားသောက်ပြီး လမ်းနည်းနည်းထပ်လျှောက်ပြီးမှ အထည်ဆိုင်တစ်ခုကိုတွေ့လိုက်ရသည်။


Lolita စတိုင်ဝတ်စုံ၊ ရှေးဆန်ရည်မွန်သောမန်ချူးဂါဝန်၊ အမျိုးမျိုးသောခေတ်မီအားကစားဝတ်စုံ စသဖြင့် ပုံစံမျိုးစံရှိကြပြီး ရှန်းယုဟန်ကို ရပ်အောင်လုပ်နိုင်သည်မှာ ဟန်ဖူရိုးရာဝတ်စုံဆိုင်ဖြစ်သည်။


သူ့မင်္ဂလာပွဲနေ့မှာ ဝတ်ခဲ့သော ဝတ်စုံတစ်စုံက ဤနေရာရှိ ဝတ်စုံနှင့်တူ၏။


သူ၏စူးစမ်းချင်စိတ်ကို ​မြင်သွားသော ရှန်ချီဟွမ်းကပြောလိုက်သည်။ “ကြည့်ချင်လား?”


ရှန်းယုဟန်က ခေါင်းညိတ်လိုက်သည်။ “အွန်း” သူက သူဝတ်ဖူးသော အဝတ်အစားများကို ပြန်အမှတ်ရသွားပေမယ့် အရင်ဝတ်စုံက ဤနေရာရှိဝတ်စုံနှင့်ကွာခြားပြီး အသေးစိတ်ကျသည်။ သို့သော် ယေဘုယျအားဖြင့် ကွဲပြားမှုသိပ်မရှိပေ။