Chapter 65.2
“တတိယအစ်ကို”
သူတို့နှစ်ယောက်ဝင်လာတော့ ဆိုင်ဝန်ထမ်းများက ချောမောခန့်ညားသော လူငယ်အမျိုးသားနှစ်ယောက် ရောက်လာမယ်လို့ မမျှော်လင့်ထားပေ။ အနည်းငယ် လူကောင်သေးသော တစ်ယောက်က ဆိုင်ထဲရှိ တန်ဖိုးအကြီးဆုံးပစ္စည်းဖြစ်သည့် ဟန်ဖူအမျိုးသားဝတ်ရိုးရာဝတ်စုံကို စိုက်ကြည့်နေ၏။
ရှန်းယုဟန်က ထိုဝတ်စုံကိုဝယ်ဖို့ စုံစမ်းခါနီးမှာ ဆိုင်ဝန်ထမ်းက စိတ်ကြိုက်ပြင်ဆင်ပေးလို့ရပေမယ့် ထိုအဖိုးတန်ပစ္စည်းက ရောင်းချဖို့မဟုတ်ကြောင်းပြောလာခဲ့သည်။
ရှန်းယုဟန်က ထိုဝတ်စုံ၏အသားကို နောက်တစ်ကြိမ်ထိလိုက်ပြီး အလွန်သာမန်ဆန်တာကို တွေ့ရှိခဲ့တာကြောင့် သူက ခေါင်းခါကာ ရှန်ချီဟွမ်းကို ဆွဲခေါ်သွားခဲ့သည်။
“မင်းဟန်ဖူကိုကြိုက်လား?” ရှန်ချီဟွမ်းက ထိုဝတ်စုံကို ရှန်းယုဟန်တကယ်လိုချင်နေတယ်လို့ တွေးမိပြီး သူက ဝယ်ပေးဖို့ ပိုက်ဆံတိုက်ရိုက်ဖြုန်းလိုက်ချင်သည်။
အနည်းငယ်ထပ်လျှောက်ပြီးတော့ ရှန်းယုဟန်က ပြောလာသည်။ “အွန်း၊ ဒါပေမယ့် အဲ့ဒီဆိုင်က အသားအရမ်းညံ့တယ်။ အရည်အသွေးမြင့်တဲ့ပိတ်စကိုရရင် ကျွန်တော်ကိုယ့်ဘာကိုယ်ချုပ်နိုင်တယ်။”
“မင်းက အဝတ်အစားလည်းချုပ်နိုင်တာလား?” ဤအရာက ရှန်ချီဟွမ်းကို အံ့အားသင့်စေသည်။ ပရော်ဖက်ရှင်နယ် ဖက်ရှင်ဒီဇိုင်နာများအပြင် ဒီခေတ်မှာ ဘယ်သူက အဝတ်အစားချုပ်ကြလို့လဲ။
“ဘာများခက်လို့လဲ၊ ကျွန်တော်က ကိုယ့်အဝတ်အစားကိုယ်ချုပ်ခဲ့တာ။ ပြီးတော့ပေးလည်းပေး….” ကျွန်တော့်အစ်ကိုကြီးတွေကို ကိုယ်တိုင်ပဲချုပ်ပေးခဲ့တာ။
ရှန်ချီဟွမ်း၏နားက စူးရှပြီး သဝန်တိုစိတ်က ပေါ်ထွက်လာသည်။ “မင်းတခြားသူတွေအတွက်လည်း အဝတ်အစားချုပ်ပေးခဲ့တာလား?”
“ကျွန်တော့်အတွက်ပါပဲ။” သူတော်တာကို ပြောချင်ဇောနဲ့ သူ့ကိုယ်သူ ထုတ်ဖော်မိမလိုဖြစ်သွားခဲ့သည်။ “ဒါဆို ကျွန်တော့်ယောကျာ်းအတွက် နောက်ကျရင် တစ်စုံချုပ်ပေးမယ်။”
“ဒီလိုမှပေါ့၊ ငါမင်းကို အပ်ချုပ်စက်ဝယ်ပေးမယ်။” ရှန်ချီဟွမ်းက စိတ်အားထက်သန်နေပြီး ရှန်းယုဟန် ဘာလုပ်နိုင်တာလဲ သူမသိရင်တောင် သဖန်းရွက်မချုပ်သရွေ့ သူစမ်းဝတ်ကြည့်နိုင်ပါတယ်။
ထိုအချိန်မှာ နို့လက်ဖက်ရည်ကို ပါဆယ်ထုပ်ပြီးကြောင်း ဖုန်းသတိပေးချက်ဝင်လာသဖြင့် သူတို့က နို့လက်ဖက်ရည်ယူဖို့သွားခဲ့သည်။
သူတို့နို့လက်ဖက်ရည်ဆိုင်ရောက်တော့ လူတိုင်းက တူညီသောလမ်းကြောင်းတစ်ခုကို ပြေးနေတာတွေ့လိုက်ရသည်။
ရှန်းယုဟန်က ဖြတ်သွားဖြတ်လာတစ်ယောက် ‘နှစ်သစ်ကြိုဆိုပွဲ'လို့ပြောတာကို ကြားလိုက်သည်။ သူက ချိုမြိန်သောနို့လက်ဖက်ရည်ကိုသောက်ကာ ပြောလိုက်၏။ “ယောကျာ်း၊ နှစ်သစ်ကြိုဆိုပွဲကဘာလဲ?”
ရှန်ချီဟွမ်းက သူတို့ရှေ့က ကျန်းချန်မြို့အထင်ကရမျှော်စင်ကို လက်ညိုးထိုးကာပြောလိုက်သည်။ “ဒီနေ့က နှစ်သစ်ကူးအကြိုပဲ။ ပြီးတော့ သူတို့က နှစ်သစ်ကိုကြိုဆိုဖို့ မျှော်စင်ကိုသွားကြမှာ။ မနက်ဖြန်နှစ်သစ်ကူးရုံးပိတ်ရက်။” သူသာ နားရက်မရှိခဲ့ရင် နှစ်သစ်ကူးနေ့ရှိတာကိုပင် မေ့နေလောက်ပြီ။
ရှန်းယုဟန်က နှစ်သစ်ကူးရုံးပိတ်ရက်ကိုသိသွားပြီး သူက ရှန်ချီဟွမ်းအနောက်ကနေလိုက်သွားကာ မျှော်စင်ပေါ်က အချိန်တိုင်းစက်ကိုတွေ့သွားပြီး မရေတွက်ခင် နှစ်နာရီလိုသေးသည်။
“ဒီတော့ဒီလိုပေါ့” သူက လူအုပ်ကြီးကိုကြည့်ကာ သူ့ခင်ပွန်းကိုမေးလိုက်သည်။ “ဒီတော့ ကျွန်တော်တို့ရော ရေတွက်ကြမလား?”
“မင်းအိမ်ပြန်ပြီး မအိပ်ချင်ဘူးလား?” ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ဖြတ်သွားဖြတ်လာများနှင့် မတိုက်မိစေရန် သူ့ဘက်ကိုဆွဲလိုက်သည်။
သာမန်အခြေအနေအရ အိမ်ပြန်သွားဖို့က နောက်ကျလိမ့်မယ်။
“မအိပ်ချင်ဘူး၊ ယောကျာ်း၊ ခင်ဗျားအိပ်ချင်ပြီလား?” ရှန်းယုဟန်က တက်ကြွနေပြီး သူက ခေတ်သစ်လူသားများ၏ ဘဝနေထိုင်မှုပုံစံကို နားလည်သွားပြီထင်သည်။ မမျှော်လင့်ထားစွာပင် သူက အပြင်ထွက်တာနဲ့ တိုးတက်မှုများစွာရခဲ့သည်။ ခေတ်သစ်လူသားတွေမှာ အားလပ်ရပ်ရှိပြီး နောက်နှစ်ကိုကြိုဆိုဖို့ ကွဲပြားသောလှုပ်ရှားမှုများလည်းရှိသည်။
သူက မီးပုံးပွဲတော်မှာ သူ့အစ်ကိုကြီးများနှင့်အတူ မီးပုံးလွှတ်လေ့ရှိပြီး သူ့နှလုံးသားက နှစ်သစ်ကူးကြိုဆိုတာနှင့်ပတ်သတ်ပြီး သိလိုစိတ်များပြည့်နေ၏။
“မင်းသွားချင်သွားလေ” လက်ထပ်ပြီးကတည်းက သူအပြင်မှာတစ်ညလုံးနေတာ ဘယ်နှစ်ရက်ရှိခဲ့လို့လဲ.. သူအပြင်မှာသွားသောက်သည့်ရက်တွေကတောင် တဖြည်းဖြည်းလျော့ပါးလာပြီး လွန်ခဲ့သည့်နှစ်ရက်က လျှိုထန်က သူ့ကို ခင်ပွန်းဝတ္တရား၂၄ပါး စောင့်ထိန်းသည့် ခင်ပွန်းကောင်းလို့ နောက်ပြောင်ခဲ့သေးသည်။
သူတို့နှစ်ယောက်က လူအုပ်နောက်ကိုလိုက်လာပြီး မျှော်စင်ဆီကို လျှောက်သွားကြသည်။ လမ်းပေါ်မှာလူအများကြီးရှိသဖြင့် သူတို့ရောက်ဖို့ နာရီဝက်ကြာခဲ့ပြီး ထိုင်စရာတွေ့သွားတော့ နို့လက်ဖက်ရည်သောက်ရင်း စောင့်ခဲ့ကြသည်။
ရင်ပြင်မှာ တိရစ္ဆာန်နားရွက်ဘီးကုပ်များကို ရောင်းချနေသော ထက်မြက်သောလူငယ်များရှိပြီး ရှန်းယုဟန်က အရာအားလုံးကို စိတ်ကူးယဥ်ဆန်တယ်လို့တွေးကာ ငေးကြည့်နေစဥ် ရှန်ချီဟွမ်းက နားလည်သွားသည်။
“မဝယ်နဲ့၊ အဲ့ဒါကအသုံးမဝင်ဘူး။” သူကတော့ သူ့ခေါင်းပေါ်မှာ လုံးဝမတပ်ဘူးလို့ဆုံးဖြတ်ထားသည်!
“ဒါပေမယ့် တပ်ထားတဲ့သူတွေအများကြီးပဲ၊ စိတ်ဝင်စားစရာကောင်းတယ်။ ယောကျာ်း၊ ကျွန်တော်တို့နှစ်ယောက်အတွက် ဝယ်ရအောင်နော်။” ရှန်းယုဟန်က သူ့လက်မောင်းကိုခါပြီးပြောလိုက်သည်။ “ဝယ်လိုက်မယ်၊ ဒီနေ့က ကျွန်တော်တို့ရဲ့ပထမဆုံးနှစ်သစ်ကူးနေ့ပဲ။ အမှတ်တရအဖြစ် သိမ်းထားရအောင်။”
‘ငါတို့ရဲ့ပထမဆုံးနှစ်သစ်ကူးနေ့'ဆိုသော စကားက ရှန်ချီဟွမ်းကို အောင်အောင်မြင်မြင် သိမ်းသွင်းနိုင်ခဲ့သည်။ “ကောင်းပြီ၊ ဒါပေမယ့် ဝယ်ပြီးရင် မင်းပဲတပ်ရမယ်။”
ရှန်းယုဟန်က ကောင်မလေးဆီပြေးသွားကာ ယုန်နားရွက်ဘီးကုပ်ကိုဝယ်လိုက်ပြီး ဤတစ်ခုက စျေးပိုကြီးပြီး ပိုပေါ်လွင်သည်။
သူက ရှန်ချီဟွမ်း၏ခေါင်းပေါ်မှာ တစ်ခုတပ်ပေးပြီး ရှန်ချီဟွမ်းက သူ့ကို အမူအရာမဲ့စွာကြည့်လိုက်သည်။ ရှန်းယုဟန်က ကျယ်လောင်စွာရယ်မောလိုက်ပြီး ရှန်ချီဟွမ်းက သူ ဟက်ဟက်ပက်ပက်ရယ်မောနေတာကို တွေ့သောအခါ သူဂရုစိုက်သောမျက်နှာလေးက လေနဲ့အတူ ပျောက်ကွယ်သွားခဲ့သည်။ တော်သေးတာပေါ့….ဒီနေရာမှာ သူ့ကိုသိတဲ့လူမရှိလို့…
ကြည့်လိုက်ဝယ်လိုက်နှင့် နှစ်သစ်ကြိုဆိုမယ့်အချိန်က စတင်လာပြီး ရှန်းယုဟန်က သူ့လက်ထဲမှာ မြေခွေးဖြူမျက်နှာဖုံးအပိုတစ်ခုကို ကိုင်ထားသည်။
လူအများကြီးက ဖုန်းနဲ့ ဗီဒီယိုဓာတ်ပုံရိုက်နေကြပြီး ရှန်းယုဟန်ကလည်း နောက်ကျမကျန်ပဲ သူက Selfie ရိုက်နည်းပါသင်ထားသည်။
ရှန်းယုဟန်က ဖုန်းကင်မရာကိုဖွင့်ကာ ရှန်ချီဟွမ်းကိုပေးလိုက်သည်။ “ယောကျာ်း၊ ဂရုဓာတ်ပုံရိုက်ရအောင်။”
Selfie က ရှန်ချီဟွမ်းအတွက် မခက်ခဲသဖြင့် သူက ရှန်းယုဟန်ကိုဖက်ကာ LandMark မျှော်စင်ကို နောက်ခံထားပြီး သူတို့နှစ်ယောက်ပုံကိုရိုက်လိုက်သည်။ ရှန်းယုဟန်က အွန်လိုင်းပေါ်က သင်ယူထားသော ရှေးရိုးဆန်သောပို့စ်ပေးကာ V အမူအရာကိုပြုလုပ်ခဲ့သည်။
ရှေ့က လူတစ်ယောက်က အငွေ့အသက်ကိုဦးဆောင်ကာ Countdown လို့ စအော်လိုက်ပြီး အခမ်းအနားမှာ မပါဝင်သူနှစ်ဦးကလည်း ဝင်ပျော်လိုက်ကြသည်။
“ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်! ဟက်ပီးနယူးရီယား!”
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို နောက်ကနေဖက်ထားပြီး ရှန်းယုဟန် ပါးစပ်ဖွင့်ခါနီးမှာ သူ့ခင်ပွန်းပြောတာကို ကြားလိုက်ရသည်။ “ရှန်းယုဟန်၊ ဟက်ပီးနယူးရီယား!”
“ယောကျာ်း၊ ဟက်ပီးနယူးရီးယား” သူက သူ၏စိတ်လှုပ်ရှားမှုနှင့် ပျှော်ရွှင်မှုကို ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့သည်။ “ယောကျာ်း…ကျွန်တော်ဒီနေ့အရမ်းပျော်တာပဲ။”
ရှန်ချီဟွမ်းက သူ့ကိုနောက်ကနေဖက်ပြီး သူ့နားကိုနမ်းကာ ညင်ညင်သာသာ ပြောလိုက်၏။ “ငါသိပါတယ်။ ငါတို့နောက်နှစ်လည်း ပြန်လာကြမယ်။”
ရှန်းယုဟန်၏မျက်နှာက အနည်းငယ်ပူနွေးနေပြီး သူက တခြားသူများမြင်သွားမှာကို စိုးရိမ်နေပေမယ့် သူ့ခေါင်းကို အားကြိုးမာန်တက်ညိတ်လိုက်၏။ “အွန်း”
ဒါက သူ့ခင်ပွန်း သူ့ကို ပထမဆုံးအကြိမ် ကတိပေးခဲ့တာဖြစ်ကြီး သူတ်ို့နောက်နှစ်မှာ အတူရှိနေသရွေ့ သေချာပေါက်လာလို့ရသည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏နားရွက် ဖြည်းဖြည်းချင်း ပန်းရောင်သန်းလာတာကို ကြည့်နေပြီး မကိုက်ပဲမနေနိုင်တော့ပေ။ အမှောင်ထဲမှာ သူက ရှန်းယုဟန်၏ နူးညံ့သောလက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး သူ့လက်ချောင်းများနှင့် ယှက်ထားသည်။
ရှန်းယုဟန်က သူ့ကိုမှီကာ သူ့ခင်ပွန်းကို တိုးတိုးလေးခေါ်လိုက်သည်။
ရှန်ချီဟွမ်းက တွေးလိုက်သည်။: သူက အလွယ်တကူ ရှက်သွေးဖြာတတ်တဲ့ လူကပ်တဲ့ဟာလေးပဲ။
–
နောက်တစ်နေ့တွင် လူတိုင်း မနေ့ညက Countdown ဗီဒီယိုတင်နေကြတာကို တွေ့လိုက်ရပြီး တချို့တွေက ဘားမှာရှိနေပြီး တချို့မှာရင်ပြင်မှာရှိသလို တချို့ကတော့ သူငယ်ချင်းများနှင့် လည်ပတ်စားသောက်နေပြီး လူအားလုံးက သူတို့လုပ်ချင်တာကို လုပ်နေကြသည်။ အချိန်အတော်ကြာ စဥ်းစားပြီးနောက် သူက သူ့ဘဝကို Moments မှာတင်ဖို့ ဆုံးဖြတ်လိုက်ပြီး ခေတ်သစ်လူ့အဖွဲ့အစည်းကို ဝင်ရောက်ပေါင်းစည်းဖို့ ကြိုးစားနေသည်။
ခဏလောက်ဟိုဟိုသည်သည်နှိပ်ကာ သူက စာတစ်ကြောင်းနှင့်အတူ မနေ့ညက သူ့ခင်ပွန်းနှင့်ရိုက်ခဲ့သောပုံကို တင်လိုက်သည်။
ပို့ပြီး မိနစ်ဝက်အကြာမှာ ရှန်ချီဟွမ်း၏ဖုန်းထဲတွင် မရေမတွက်နိုင်သော မက်ဆေ့များပေါ်လာခဲ့သည်။
လျှိုထန်က ရှန်းယုဟန်၏ ဝီချက်အကောင့်ကို အက်ဒ်ထားသဖြင့် သူက ရှန်ချီဟွမ်းနှင့် သူ့ဇနီး၏ဓာတ်ပုံကိုတွေ့တော့ ဂရုထဲပို့လိုက်ပြီး လူတိုင်းက သေမတတ်ရယ်မောနေကြ၏။
– လောင်ရှန်၊ မင်းကို မင်းမိန်းမနဲ့ဆို အဲ့လိုဖြစ်နေမယ်လို့ မထင်ထားဘူး!
— ဟားဟားဟား…လောင်ရှန်…မင်းဇနီးက အရမ်းတော်တာပဲ!
— ဒီနှစ်တွေမှာ လောင်ရှန်ကို ဒီပုံစံနဲ့ တစ်ခါပဲတွေ့ဖူးသေးတယ်၊ ဒေါင်းလုဒ်လုပ်ပြီး သိမ်းလိုက်ပြီ…
ဒေါင်းလုဒ်လုပ်ပြီး သိမ်းဆည်းလိုက်သည် +1
ဒေါင်းလုဒ်လုပ်ပြီး သိမ်းဆည်းလိုက်သည် +2
ရှန်ချီဟွမ်း: သေနတ်!
သူက ညည်းတွားကာ မျက်ခုံးပင့်လိုက်သည်: ရှက်ဖို့ကောင်းလိုက်တာ!
မနေ့ညက ဒီလိုလုံးဝမဖြစ်ခဲ့ပေ။ သူက သူစိမ်းများ၏ ဖုန်းကင်မရာကိုရှောင်ခဲ့သည်။ အပြင်မှာ နှစ်သစ်ကူးနေသော သူ့သူငယ်ချင်းများကိုလည်း ရှောင်ခဲ့သည်။ သို့သော် သူ့ဇနီး၏ Moments ကိုတော့ မရှောင်နိုင်ခဲ့ပေ။
သို့သော် သူ့ဇနီးတင်လိုက်တာကို တွေ့ပြီးတော့ သူက ရုတ်တရက်ရှက်စရာမလိုဘူးလို့ ခံစားမိသွားသည်။
သူ့ဇနီး၏ Moments မှာ စာရေးထားသည် ‘နောက်နှစ်လည်း ထပ်သွားဦးမှာ’
–
နှစ်သစ်ကူးပိတ်ရက်သုံးရက်က တကယ်ကိုအားလပ်ရက်ဖြစ်ပေမယ့် ရှန်ချီဟွမ်းက ရှန်ချီယွမ်၏အလုပ်ကို လွှဲပြောင်းယူထားသဖြင့် ဒီသုံးရက်အတွင်းမှာ ရှန်းယုဟန်နှင့်ဖြတ်သန်းဖို့ အချိန်မရှိခဲ့ပေ။ မနက်ခင်းမှာ သူက ရှန်ချီယွမ်နှင့် ဗီဒီယိုထဲမှ ဆွေးနွေးခဲ့ရပြီး နေ့လည်မှာ ကုမ္ပဏီကိစ္စရပ်များကို ကိုင်တွယ်ရသည်။ သူက မနားရအောင် အလုပ်ရှုပ်နေခဲ့ပြီး ထိုအလုပ်ရှုပ်နေသော နေ့ရက်များတွင် ရှန်းယုဟန်က ကုမ္ပဏီမှာ သူနဲ့နေ့လည်စာလာစားပြီး အဖော်ပြုပေးခဲ့သည်။
ရှန်းယုဟန်က သူ့ခင်ပွန်း၏အလုပ်ရှုပ်သော နေ့ရက်များကို ကျင့်သားရနေခဲ့ပြီး ယခုချိန်မှာ သူလည်း အလုပ်ရှုပ်နေခဲ့သည်။
နှစ်သစ်ကူးအားလပ်ရက်၏ တတိယမြောက်နေ့မှာ ရှန်ချီဟွမ်း၏ သူငယ်ချင်းဖြစ်သူ တင်းချွမ်က ရှန်းယုဟန်ကို ချဥ်းကပ်ခဲ့သည်။
ကိစ္စကဒီလိုဖြစ်သည်။ တင်းချွမ်မှာ အနုပညာပြပွဲလုပ်ငန်းက သူငယ်ချင်းတစ်ယောက်ရှိပြီး သူက ရှန်းယုဟန်၏ ပန်းချီကို သဘောကျခဲ့ပေမယ့် ရှန်းယုဟန်ကို ဆက်သွယ်ရမယ့် အချက်အလက်ကို ရှာမတွေ့ခဲ့ပေ။ အလှည့်အပြောင်းအများကြီးပြီးမှ သူက ရှန်ချီဟွမ်းကို သိသော တင်းချွမ်ကိုရှာတွေ့ခဲသည်။
ရှန်းယုဟန်က ရှာဖို့အတော်ခက်ပြီး သူနဲ့ပူးပေါင်းဆောင်ရွက်လို့ရသော တစ်ခုတည်းသောနည်းလမ်းမှာ ရှန်ချီဟွမ်းဖြစ်သည်။
ရှန်းယုဟန် တစ်ဖက်လူနှင့်မဆက်သွယ်ခင်မှာ ရှန်ချီဟွမ်းက တစ်ဖက်လူ၏အချက်အလက်ကို အရင်စစ်ဆေးခဲ့သည်။ ထိုမှသာ သူအနားမှာမရှိရင် သူ့ဇနီးက ပစ်မှားခံရခြင်းမှ ရှောင်နိုင်မှာဖြစ်သည်။ ထိုအကြောင်းပြချက်အတွက် ပန်းချီပြပွဲပြသသူနှင့်တွေ့ဆုံနိုင်ရန်နှင့် အခြေအနေသဘောတရားကို နားလည်နိုင်ရန် ရှန်ချီဟွမ်းက လက်ထောက်ချွီကို ရှန်းယုဟန်နှင့်အတူ စေလွှတ်ခဲ့သည်။
ရှန်းယုဟန်နှင့်ပန်းချီပြပွဲတင်ပြသူက နောက်ဆုံးမှာ အောင်အောင်မြင်မြင် ဆက်သွယ်နိုင်ခဲ့သည်။
လက်ထောက်ချွီက ရှန်ချီဟွမ်းနှင့် နှစ်ပေါင်းများစွာ အတူရှိလာခဲ့သည့် လက်ထောက်ဖြစ်ဖို့ ထိုက်တန်၏။ သူကားပေါ်ရောက်တာနဲ့ မျက်မှန်ကိုပင့်တင်ကာ ပန်းချီပြပွဲတင်ပြသူ သူ့ကို ရှာခဲ့သည့် အကြောင်းအရင်းကို တင်ပြနေခဲ့သည်။
“မစ္စတာရှန်း၊ ဒီပန်းချီပြပွဲတင်ပြသူရဲ့နာမည်က ရှန့်ယွီလင်းပါ။ သူ့ကုမ္ပဏီက အနုပညာပြပွဲကျင်းပရာမှာ အတော်လေးအောင်မြင်တယ်။ အခုသူက ခင်ဗျားကိုရှာနေတာ ခင်ဗျားရဲ့ပန်းချီကားကို သူ့ပြပွဲမှာထည့်မလို့ပါ။ ကျွန်တော်သိသလောက်ဆိုရင် သူတို့က ဒီတစ်ကြိမ်မှာ စုစုပေါင်း ပန်းချီဆရာဆယ့်ရှစ်ယောက်ရဲ့ ပန်းချီကားကို မိတ်ဆက်သွားမှာပါ။ ပြီးတော့ ခင်ဗျားက သူ့ဖိတ်ခဲ့တဲ့လူထဲကတစ်ယောက်ပါ။ ဒါ့အပြင် သူက ခင်ဗျားကို ပြပွဲကျင်းပမယ့်နေ့မှာပဲ ပန်းချီတိုက်ရိုက်ဆွဲပေးဖို့ ဖိတ်ခဲ့ပါတယ်”
ရှန်းယုဟန်က အနည်းငယ်တုံ့ဆိုင်းသွားသည်။ “အဲ့နေရာမှာ ဆွဲရမှာလား? လူအားလုံးအရှေ့မှာလား?”
လက်ထောက်ချွီကဆိုသည်။ “ဟုတ်ပါတယ်။ အဲ့လိုပဲနားလည်ထားလိုက်ပါ။ အဲ့ဒါက ခင်ဗျားရဲ့ကျော်ကြားမှုကို တိုးစေနိုင်လို့ ဝင်ပါဖို့ အကြံပေးချင်ပါတယ်။ ပြီးတော့ ခင်ဗျားဝေ့ပေါ်ဖွင့်ပြီး ပရိသတ်တွေနဲ့ ဆက်သွယ်လို့ရတယ်။ ဒါဆို အနာဂတ်မှာ တစ်ယောက်ယောက်က ပြပွဲကျင်းပပေးဖို့ တောင်းဆိုလာရင် အဲ့ဒါက ခင်ဗျားရဲ့ ဝင်ငွေအရင်းအမြစ်ဖြစ်လာနိုင်တယ်။ ပြပွဲနေ့မှာ ခင်ဗျားပန်းချီဆွဲနေတာကို ဗီဒီယိုရိုက်ဖို့ လူတစ်ယောက်စီစဥ်ပေးပါမယ်။”
သူ့ပရိသတ်များက သူ့ဝင်ငွေလမ်းကြောင်း ဘယ်လိုဖြစ်လာမှာလဲ သူမသိသော်ငြား ရှန်းယုဟန်က လက်ထောက်ချွီ၏ကျွမ်းကျင်မှုကိုယုံသည်။ ဝေ့ပေါ်လည်းဖွင့်ရမည်။ အရင်က အသုံးမဝင်လို့ မလိုအပ်ခဲ့ပေမယ့် ယခုချိန်မှာ မုန့်ဖိုးရှာဖို့ သုံးလို့ရသဖြင့် လျစ်လျူရှုလို့မရတော့ချေ။
လက်ထောက်ချွီက ရှန်းယုဟန်ကို သူတို့ဒီနေ့တွေ့ကြမည့် ကော်ဖီဆိုင်ကို ခေါ်သွားခဲ့သည်။
တစ်ဖက်လူက ရောက်နှင့်နေပြီးဖြစ်သည်။
တစ်ယောက်ယောက် တံခါးတွန်းဖွင့်လာတာကိုကြားတော့ တစ်ဖက်လူက မတ်တပ်ရပ်ကာ သူတို့ကိုနှုတ်ဆက်လာပြီး သူ့အပြုအမူက စိတ်အားထက်သန်နေပေမယ့် မရိုင်းပေ။ “ဟယ်လို၊မစ္စတာရှန်း၊ ကျွန်တော်က ရှန့်ယွီလင်းပါ။ ဒါက ကျွန်တော့်လုပ်ငန်းကတ်”
ဆန့်ကျင်ဘက်အနေနဲ့ ကျင့်ဝတ်များကို လိုက်နာလေ့ရှိသော ရှန်းယုဟန်က တစ်ဖက်လူကိုတွေ့သောအခါ အံ့အားသင့်သွားပြီး မသိစိတ်က ရေရွတ်မိလိုက်၏။ “တတိယအစ်ကို”