Chapter 66.1
“နတ်ဆိုးကို မြန်မြန်နှိမ်နှင်းလိုက်”
ရှန့်ယွီလင်းက ရှန်းယုဟန်၏ အသွင်အပြင်ကိုတွေ့သောအခါ အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ သူက ထိုချစ်စရာကောင်းသော ပန်းချီကိုဆွဲခဲ့သူမှာ အရမ်းငယ်မယ်လို့ မမျှော်လင့်ထားသည့်အပြင် သူ့အသွင်အပြင်က အတော်လေးထူးကဲပြီး မေ့မရနိုင်သော မျက်နှာမျိုးဖြစ်သည်။
သူက ရှန်းယုဟန် ရေရွတ်လိုက်တာကို ကြားတော့ ပြုံးလိုက်သည်။ “မစ္စတာရှန်းက ကျွန်တော်တတိယမှန်းဘယ်လိုသိတာလဲ၊ သူတို့အားလုံး ကျွန်တော့်ကိုတတိယအစ်ကိုလို့ ခေါ်ရတာကြိုက်တယ်လေ၊ ခင်ဗျားစိတ်မရှိရင်လည်း အဲ့လိုခေါ်လို့ရပါတယ်။ ကျွန်တော်က အသက်ပိုကြီးတာဆိုတော့”
ထိုမှသာ ရှန်းယုဟန်က တုံ့ပြန်နိုင်ပြီး တစ်ဖက်လူ၏ လုပ်ငန်းကတ်ကိုယူကာ တစ်ချက်ကြည့်လိုက်သည်။ ကုမ္ပဏီဒါရိုက်တာ..
ဒါရိုက်တာရာထူးက မနိမ့်ပေ။ ရှန်းယုဟန်က သူ့ခင်ပွန်း ဒါရိုက်တာများစွာနဲ့ အစည်းအဝေးကျင်းပတာကို မှတ်မိပြီး ဒါရိုက်တာရာထူးက သူဌေးထက်အနည်းငယ်နိမ့်မယ်လို့ ယူဆလိုက်သည်။
“တောင်းပန်ပါတယ်။ ကျွန်တော်လူမှားသွားတာပါ။ ခင်ဗျားက ကျွန်တော့်ဆွေမျိုးတစ်ယောက်နဲ့တူတယ်။ အဲ့ဒါကြောင့်ပါ။” ရှန်းယုဟန်က နောက်တစ်ကြိမ် အနီးကပ်ကြည့်လိုက်တော့ သူတို့က နည်းနည်းပဲတူတာဖြစ်သည်။
ရှန့်ယွီလင်းက ခမ်းနားသောအသွင်အပြင်ရှိပြီး သူ့မျက်နှာပေါက်က လမ်းမပေါ်တွင် လမ်းလျှောက်သောအခါ ၉၀% သောလူများ၏ ခေါင်းကိုလှည့်သွားစေနိုင်၏။ သူ့ရုပ်သွင်က သဘာဝဆန်ဆန် ထူးကဲပေမယ့် ဤသည်မှာ သူတခြားတစ်ယောက်နဲ့တူတယ်ဆိုတာကို ပထမဆုံးအကြိမ်ကြားဖူးတာဖြစ်၏။ ရှန်ယုဟန်ကို ဂရုတစိုက်ကြည့်ပြီးတော့ သူက စိတ်သက်သာရာရသွားသည်။ သူ့ဆွေမျိုးကလည်း ရုပ်မဆိုးတာကြောင့် သူက ရှန့်ယွီလင်းကိုနှိမ်နေတာတော့မဟုတ်ပေ။
ရှန့်ယွီလင်းက စိတ်မဆိုးပေ၊ ဤအစပြုခြင်းက သူစိမ်းနှစ်ယောက်ကြားက အကွာအဝေးကို ကျဥ်းမြောင်းသွားစေမည်။ “ရပါတယ်..မစ္စတာရှန်း… ထိုင်ပါ၊ ဘယ်လိုလက်ဖက်ရည်မျိုးသောက်ချင်လဲ? လုံကျင့်၊ တဟုန်ဖောင် ဒါမှမဟုတ် ဖူအာလား?
“လုံကျင့်ပါ။” သူက မကြာသေးမီက လက်ဖက်စိမ်းကိုသောက်ခဲ့ပြီး ရှန့်ယွီလင်းက သူ့တတိယအစ်ကိုနဲ့တူတာကြောင့် သူက စိတ်သက်သာရာရသွားတာဖြစ်ပေမည်။ ထို့အပြင် ရှန့်ယွီလင်းက ချဥ်းကပ်ရလွယ်ကူသည်ဟု ထင်မိသည်။
ရှန့်ယွီလင်းကစကားများပေမယ့် ရှန်းယုဟန်၏အကြောင်းကို သိပြီးနောက် သူက တစ်ဖက်လူ၏ ကိုယ်ရေးကိုယ်တာအခြေအနေကို သိပ်မစုံစမ်းခဲ့ပေ။ ရှန်းယုဟန်နှင့်အတူလာခဲ့သူက တစ်ချက်ကြည့်ရုံနဲ့ အထက်တန်းစားဖြစ်ကြောင်း သိနိုင်ပြီး အရူးလုပ်ရမလွယ်သဖြင့် သူတို့က အဓိကခေါင်းစဥ်ကိုသာ တိုက်ရိုက်သွားခဲ့ကြသည်။
ရှန်းယုဟန် ကားပေါ်မှာရှိနေစဥ် လက်ထောက်ချွီက ရှန့်ယွီလင်း၏ကုမ္ပဏီအကြောင်း အကြမ်းဖျင်းမိတ်ဆက်ပေးနေတာကို ကြားခဲ့ရသဖြင့် သူ့ပန်းချီကို ယုံကြည်မှုရှိရှိ အပ်နိုင်ဆဲဖြစ်သည်။ ထို့အပြင် သူတို့ကုမ္ပဏီက ပန်းချီကားနှင့် ပန်းချီဆရာ အများအပြားကို ပံ့ပိုးပေးခဲ့ပြီး အချုပ်ဆိုရရင် ရှန့်ယွီလင်းက စီးပွားရေးသမားသာဖြစ်၏။
ရှန်းယုဟန် ရှန့်ယွီလင်းနဲ့မဆက်သွယ်နိုင်ခင်မှာ ရှန်ချီဟွမ်းက သူ့နောက်ခံနှင့်အားသာချက်ကို အကဲဖြတ်ခဲ့သည်။
ရှန်းယုဟန်က နားထောင်ဖို့သာတာဝန်ရှိပြီး လက်ထောက်ချွီက အဓိကညှိနှိုင်းသူဖြစ်သည်။ ရှန့်ယွီလင်းက အစက သူ့ကို ရိုးရိုးလက်ထောက်လို့ထင်ခဲ့ပေမယ့် မမျှော်လင့်ထားစွာ လက်ထောက်ချွီက သူ့အလုပ်မှာ အလွန်သတိရှိပြီး သူ့အပြုအမူက အတော်လေးခိုင်မာမှုရှိသည်။ အရာအားလုံးက ရှန်းယုဟန်အတွက် အသင့်လျော်ဆုံးထောက်ပံ့မှုကို ရရှိဖို့ပင်။
“လောလောဆယ်မှာ ကျွန်တော်တို့ရဲ့ လက်မှတ်အရောင်းကို မျှဝေနိုင်တဲ့ ပန်းချီဆရာမရှိသေးပါဘူး။”
“ဒါပေမယ့် ကျွန်တော်တို့မစ္စတာရှန်းက သုံးလို့ရပါတယ်။ လက်ရှိက အထွတ်အထိပ်ရောက်နေတဲ့အချိန်ပါ။ ရှန်ဂရုလက်အောက်က Ski အပန်းဖြေစခန်းက လတ်တလောလှုပ်ရှားမှုလုပ်နေတဲ့အပြင် ကျွန်တော်တို့ကုမ္ပဏီကလည်း ပံ့ပိုးပေးလို့ရပါတယ်။ မစ္စတာရှန်းက နာမည်သိပ်မကြီးပေမယ့် သူ့နာမည်ကရှိပြီးသားပါ။ လူအများကြီးလည်းလာမှာဆိုတော့ ကျွန်တော်တို့က အနုပညာပြပွဲကို ကြော်ညာပေးမှာမို့ တူညီတဲ့အကျိုးအမြတ်အဖြစ် လက်မှတ်အရောင်းကို ပမာဏလေးတစ်ခုလောက် မျှဝေဖို့တောင်းဆိုချင်ပါတယ်။ မစ္စတာရှန်းရဲ့ပန်းချီကားတွေရောင်းထွက်ရင် ခင်ဗျားတို့ကုမ္ပဏီလည်း ဝေစုရမှာပါ။ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်တဲ့ဆက်ဆံရေးပါ။”
ရှန့်ယွီလင်းက ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆပြီးတော့ သူက သူဘာမှမနစ်နာတာကိုတွေ့ခဲ့ရသည်။ ဆန့်ကျင်ဘက်မှာ ရှန်းယုဟန်က သူ့ကိုယ်ပိုင်လမ်းကြောင်းကို ယူဆောင်လာကာ သူတို့က သူ့လက်ရာပြပွဲအတွက် နေရာနှင့် ဝန်ထမ်းကိုသာထောက်ပံ့ခဲ့ပြီး ရှန်းယုဟန်၏ဘက်က အကောင်းဆုံးရုပ်သံလိုင်းကို ဝယ်ပြီးပြီဖြစ်၏။
ရှန်းယုဟန်က တကယ့်ရွှေတုံးကြီးဖြစ်၏။
ရှန့်ယွီလင်းက နောက်ဆုံးမှာ လက်ထောက်ချွီ၏တောင်းဆိုမှုကို လက်ခံခဲ့ပြီး လုပ်ငန်းစဥ်တစ်လျှောက် ရှန်းယုဟန်က နားထောင်ဖို့နဲ့ သူဖြေနိုင်သောမေးခွန်းများကိုဖြေဖို့ပဲ တာဝန်ရှိသည်။ မေးခွန်းကတော့ ပြပွဲနေရာမှာ တိုက်ရိုက်ပန်းချီဆွဲဖို့ လိုအပ်ချက်နှင့် သူပြသမည့် ပန်းချီအရေအတွက်တို့ဖြစ်၏။ ရှန့်ယွီလင်းကလည်း {နွေဦးစတင်ချိန်} နှင့် {ဆောင်းယဥ်စွန်းချိန်} တို့ကို ပြသဖို့တောင်းဆိုခဲ့သည်။
ရှန်းယုဟန်က ကိုယ်ပိုင်ခံယူချက်ရှိသည်။ “ဟုတ်ကဲ့ ဒါပေမယ့် ဒီပန်းချီကားနှစ်ချပ်က ရောင်းဖို့မဟုတ်ပါဘူး။”
ရှန့်ယွီလင်းက ခေါင်းညိတ်ပြသည်။.. “ကောင်းပါပြီ၊ အခြေခံအားဖြင့် ကျွန်တော်တို့အားလုံးပြင်ဆင်ပြီးပါပြီ။ မစ္စတာရှန်းက ကျွန်တော်နဲ့အတည်ပြုတဲ့ နောက်ဆုံးပန်းချီဆရာပါ။ ပြသဖို့ တခြားလက်ရာတွေရှိသေးလား သိလို့ရမလား”
ဒါပေါ့…ရှန်းယုဟန်မှာ အများကြီီးရှိသည်။ သူကပုံမှန်ဆို စာရေးလေ့ကျင့်နေတာကြောင့်ပင်။ “ခင်ဗျားဘယ်လောက်လိုတာလဲ”
ရှန့်ယွီလင်း: “{နွေဦးစတင်ချိန်}နဲ့ {ဆောင်းယဥ်စွန်းချိန်}ကို ဖယ်လိုက်ရင် ပန်းချီကားသုံးချပ်လိုပြီး ဒီသုံးချပ်ကိုရောင်းလို့ရဖို့ လို့အပ်ပါတယ်။”
ရှန်းယုဟန်: “ကောင်းပါပြီ၊ ကျွန်တော် နောက်မှပုံအရင်ပို့ပေးလိုက်ပါမယ်။”
ရှန့်ယွီလင်း: “အတည်ပြုပြီးရင် အနုပညာပြပွဲစင်တာကို ပန်းချီကားပို့ဆောင်ပေးဖို့ ကျွန်တော့်ဝန်ထမ်းတစ်ယောက်ကို ခင်ဗျားဆီလွှတ်လိုက်ပါမယ်။”
ရှန်းယုဟန်က ခေါင်းညိတ်သည်။ သူက အရံထားဖို့ ပန်းချီကားတစ်ချပ်နှစ်ချပ်လောက် ထပ်ဆွဲရမလားတွေးနေသည်။ ဘာပဲဖြစ်ဖြစ် ပန်းချီဆွဲတာ အချိန်သိပ်မပေးရတာမို့ မရှုပ်ထွေးသရွေ့ သူအလွယ်တကူဆွဲလို့ရသည်။
“ရှုခင်းကရော? အပြင်အဆင်ကရော? ကျွန်တော်ကြိုက်တာဆွဲလို့ရလား?”
“တိုက်ရိုက်ရေးဆွဲပြမယ့် ပန်းချီက အရမ်းရှုပ်ထွေးစရာမလိုပါဘူး။ ရိုးရှင်းတာပဲဆွဲပါ။ ခင်ဗျားရဲ့ပန်းချီကားတွေကို လေလံတင်ရောင်းရဖို့ ပြပွဲမှာ အခမ်းအနားမှူးရှိပါမယ်။ ခင်ဗျားကအဲ့ဒီကိုသွားပြီး တစ်နာရီလောက်နေပေးရုံပါ။ ပြပွဲနေရာပေါ်မူတည်ပြီး ခင်ဗျားကြိုက်သလောက်ဆွဲလို့ရပါတယ်။” ရှန့်ယွီလင်းက ကျောင်းသားတစ်ယောက်လို နားထောင်နေသော ရှန်းယုဟန်ကို တွေ့လိုက်ရသဖြင့် သူက စကားတချို့ထပ်ပြောလိုက်၏။ “တချို့ပန်းချီဆရာတွေက နာမည်သိပ်မကြီးသေးတော့ တိုက်ရိုက်ရေးဆွဲမှုရဲ့ အကျိုးသက်ရောက်မှုက သိပ်မကြီးဘူး။ ပြီးတော့ သူတို့က ရှုခင်းရဲ့အငွေ့အသက်ကို ဆောင်ကြဥ်းမပေးနိုင်လောက်ဘူး။ ဒါပေါ့ ဒါက ချွင်းချက်တစ်ခုပါပဲ။”
သူပြောတာကိုကြားတော့ ရှန်းယုဟန်က အနည်းငယ်စိုးရိမ်သွားသည်။ “ကျွန်တော်လည်းနာမည်မကြီးပါဘူး။”
ရှန့်ယွီလင်းက ခဏလောက်အံ့အားသင့်ပြီး ပြုံးပြလိုက်သည်။ ထိုကဲ့သို့ရိုးသားသောမျက်လုံးများဖြင့် ထိုစကားလုံးကိုပြောတာက အထင်ကြီးစရာကောင်း၏။
သူကရှင်းပြခဲ့သည်။ “အဲဲဒါအတွက်စိတ်ပူနေဖို့မလိုပါဘူး။ တိုက်ရိုက်ပန်းချီဆွဲတာက အပြန်အလှန်ဆက်သွယ်နိုင်ဖို့ လုပ်ငန်းစဥ်တစ်ခုပါပဲ။”
“ကျွန်တော်အဲ့ဒီနေရာမှာသိပ်မတော်ဘူး။” ရှေးခတ်ဝိဉာဥ်တစ်ခုက ခေတ်သစ်လူသားတွေနဲ့ ဘယ်လိုဆက်ဆံနိုင်မှာလဲ…
“မင်းသူတို့နဲ့စကားမပြောချင်ရင် ပန်းချီပဲဆွဲနေလို့ရပါတယ်။” ရှန်းယွီလင်းက ဘယ်လိုပဲဖြစ်ဖြစ် ရှန်းယုဟန်ကို ပြပွဲ၏ပေါ်လွင်မှုဖြစ်စေချင်သည်။ သူက တကယ်ချောမောသလို ဆံပင်ရှည်နှင့်အတူ ရှေးခတ်အလှလေးတစ်ယောက်ဖြစ်၏။
ရှန်းယုဟန်နှင့် ရှန့်ယွီလင်းတို့ လမ်းမခွဲခင် သူတို့က ဝီချက်အက်ဒ်ခဲ့ကြသည်။
ပူးပေါင်းဆောင်ရွက်မှုအကြောင်းပြောတာကလွဲရင် လက်ထောက်ချွီက တစ်ချိန်လုံးနားထောင်နေပြီး သူဌေး၏ဇနီးနှင့် ဥက္ကဋ္ဌရှန့်တို့ စကားကောင်းခဲ့တာကို သူဌေးကိုပြောပြရမလား စဥ်းစားနေသည်။
ထားလိုက်ပါတော့ အဲ့ဒီအကြောင်းထပ်တွေးလို့မရဘူး။
–
နောက်ရက်အနည်းငယ်မှာ ရှန်းယုဟန်က အလုပ်ရှုပ်နေပြီး ရှန့်ယွီလင်းနှင့် အများကြီးဆက်သွယ်ခဲ့သည်။ သူက ပန်းချီကားအသစ်နှစ်ချပ်ကို ဆွဲခဲ့ပြီး ပုံမှန်လေ့ကျင့်ခဲ့သော ပန်းချီကားတစ်ချပ်ကိုရွေးကာ မဆိုးဘူးထင်ထားသည့် ထိုသုံးချပ်ကို အတူထည့်ထားလိုက်၏။
လုပ်စရာတစ်ခုရှိတော့ အထီးကျန်မှုက လျော့သွားပြီး သူ့ခင်ပွန်းက ညဆိုအဖော်ပြုပေးသော်ငြား သူ့အချိန်က အကန့်အသတ်သာရှိ၏။ တစ်ခါတစ်လေ သူ့မျက်လုံးအောက်က အပြာရင့်ရောင်ကိုတွေ့သောအခါ ရှန်းယုဟန်က သူ့နဲ့စကားပြောဖို့ အခွင့်အရေးကို စွန့်လွှတ်လိုက်ရသည်။
ဤမနက်ခင်းမှာ သူက ရှန်ချီဟွမ်း ဘောင်ခတ်ပေးထားသော {နွေဦးစတင်ချိန်}နှင့် {ဆောင်းယဥ်စွန်းချိန်}တို့ကို အောက်ထပ်သယ်လာပြီး ကျန်သုံးချပ်ကို ပန်းချီပြွန်ထဲထည့်ထားသည်။ ရှန်ချီဟွမ်းက မနက်စာစားပြီး၍ အပြင်သွားတော့မှာဖြစ်ပြီး သူ့မှာဒီမနက်အစည်းအဝေးရှိသည်။
ရှန်ချီဟွမ်းက ကော်ဖီစားပွဲပေါ်က ပန်းချီကားကိုကြည့်ကာ သူ့ကိုမေးလိုက်၏။ “ဘယ်လောက်ထိယူသွားချင်တာလဲ?”
ရှန်းယုဟန်က ရေတွက်လိုက်၏။ “မရှိတော့ဘူး။ ဒီငါးချပ်ပဲ။ ဒါကို ပြပွဲခန်းမကိုယူသွားဖို့ လူတစ်ယောက်လာလိမ့်မယ်။”
“အနုပညာပြပွဲက ဘယ်အချိန်စမှာလဲ? မင်းကိုလာအားပေးဖို့ အချိန်ယူလိုက်မယ်။” ရှန်ချီဟွမ်းက ဒီရက်တွေမှာ အတော်အလုပ်ရှုပ်နေပြီး နှစ်သစ်ကူးပြီးတည်းက သူနဲ့အတူနေ့လည်စာသေချာမစားနိုင်ခဲ့ပေ။
“နောက်သုံးရက်နေရင်” ရှန်းယုဟန်က ရှေ့တိုးကာ သူ့ခင်ပွန်း၏ရှပ်ကော်လာကို တည့်ပေးလိုက်သည်။ “ယောကျာ်း၊ ဒီည ညစားဖို့ အိမ်ပြန်လာမှာလား?”
ရှန်ချီဟွမ်းက သူ့စိတ်ထဲမှာအချက်အလက်ရှာခဲ့သည်။ သူဒီသောကြာမှာ မအားတဲ့ပုံပဲ….
သူက ခဏစဥ်းစားပြီး ပြောလိုက်သည်။ “ဒီညတော့မသေချာဘူး။ ဒင်နာပါတီရှိနိုင်တယ်။ ဖျက်သိမ်းခဲ့ရင်တော့ ပြန်လာမယ်။”
“ကောင်းပြီ” ရှန်းယုဟန်က သူ့ကိုတံခါးနားလိုက်ပို့ခဲ့သည်။ “ယောကျာ်း…လမ်းခရီးဂရုစိုက်ပါ။”
ရှန်ချီဟွမ်းက သူ့နှုတ်ခမ်းကိုနမ်းလိုက်သည်။ “အွန်း”
ရှန်းယုဟန်က သူ့ခင်ပွန်းအပြင်သွားတိုင်း အနမ်းခံရတာကို အသားကျနေပေမယ့် အနမ်းပြီးတိုင်း သူ့မျက်နှာက ပူနွေးနေဆဲပင်။
ဒါက ခေတ်သစ်စုံတွဲတွေကြားက ကျင့်ဝတ်ဖြစ်ရမယ်လို့ သူတွေးမိသွားသည်။
ရှန်ချီဟွမ်းထွက်ခွာပြီး နာရီဝက်အကြာမှာ ပန်းချီကားလာသယ်ရမယ့် လူကရောက်လာခဲ့သော်လည်း ထိုလူက ဝန်ထမ်းမဟုတ်ပဲ ရှန့်ယွီလင်းကိုယ်တိုင်ဖြစ်သည်။
ရှန်းယုဟန်က အံ့အားသင့်သွားသည်။ “ခင်ဗျားဘာလို့ကိုယ်တိုင်လာခဲ့တာလဲ?”
ရှန့်ယွီလင်းက ဒီနေ့မှာ အလွန်ဖက်ရှင်ကျနေပြီး ပေါ့ပေါ့ပါးပါး အကွက်ဝတ်စုံကိုဝတ်ထားပြီး သူက ရှန်ချီဟွမ်းနှင့် လုံးလုံးကွဲပြားသောပုံစံဖြစ်နေသည်။ ထိုသည်မှာ သူက မတူညီသောလုပ်ငန်းမှာ ကျင်လည်နေရလို့ဖြစ်ပေမည်။
သူက ညင်ညင်သာသာ ပြောလိုက်သည်။ “ဝန်ထမ်းကလုပ်စရာရှိလို့ မလာနိုင်ခဲ့ဘူး။ ကျွန်တော်ကလည်းအားနေပြီး ပန်းချီပြပွဲခန်းမကို သွားကြည့်စရာရှိတာနဲ့ ပန်းချီကားယူဖို့ လမ်းကြုံဝင်ခဲ့တာ”
ရှန်းယုဟန်ကပြောလိုက်သည်။ “အို..အဲ့လိုလား…ခဏစောင့်ပါ။ ကျွန်တော်ထုတ်လာခဲ့မယ်”
ရှန့်ယွီလင်းက ဒရိုက်ဘာထိုင်ခုံမှဆင်းလာသည်။ “ကျွန်တော်ယူပေးမယ်။”
ရှန်းယုဟန်က ရင်းနှီးသော သူ့မျက်နှာကိုကြည့်ကာ ခေါင်းညိတ်ပြသည်။ “ကောင်းပါပြီ”
ရှန့်ယွီလင်းက ပန်းချီကားကို ထုပ်ပိုးပြီး အိမ်ထဲတစ်ချက်ကြည့်လိုက်သည်။ “ဥက္ကဋ္ဌရှန် အိမ်မှာမရှိဘူးလား?”
ရှန်းယုဟန်ကပြုံးပြသည်။ “အာ၊ သူအလုပ်သွားတယ်။ ခင်ဗျားအိမ်ထဲဝင်ပြီး လက်ဖက်ရည်သောက်ချင်လား?”
ရှန့်ယွီလင်းက သူ့ဖိတ်ခေါ်မှုကို လက်ခံလိုက်သည်။ “ခင်ဗျားအချိန်ကို နှောင့်နှေးအောင် မလုပ်မိသရွေ့ပေါ့”
“မနှောင့်နှေးပါဘူး၊ ကျေးဇူးပြုပြီး အထဲဝင်ခဲ့ပါ။” ဤသည်မှာ ရှန်းယုဟန်က လူတစ်ယောက်ကို သူ့အိမ်ထဲ ပထမဆုံးအကြိမ် ဖိတ်ဖူးတာဖြစ်၏။
ဖြစ်နိုင်တာက သူက သူ့မိသားစုကို အရမ်းလွမ်းနေပြီး ရှန့်ယွီလင်း၏မျက်နှာကိုကြည့်ရင်း ပိုပိုပြီး မြင်ချင်နေသည်။ ဒါမှ သူက သူ၏တောင့်တမှုအနည်းငယ်ကို ဖြည့်ဆည်းနိုင်မှာပင်။
ရှန့်ယွီလင်းက ရှန်းယုဟန် ဘာတွေတွေးနေလဲမသိပေ။ ရှန်းယုဟန်က သူ့ကို နူးညံ့သောအကြည့်ဖြင့် ထူးထူးခြားခြားကြည့်နေတာတော့ သိသည်။ သူက ဒီလိုအလှလေးရဲ့ဖိတ်ခေါ်မှုကို ဘယ်လိုငြင်းနိုင်မှာလဲ?