Chapter 71.1
“ရူးလောက်အောင်လွမ်း”
မြို့တော်ကို ဖြတ်ကျော်လာသော သဲမုန်တိုင်းကြောင့် လူတွေဆုတ်ခွာခဲ့ရပြီး ကောင်းကင်ကြီးက အုံ့ဆိုင်းနေကာ အပြင်ကိုခြေချလိုက်တိုင်း သဲတစ်လုပ်ကို စားလိုက်ရလေ၏။
ဒါရိုက်တာဖန့်က တောင်ဘက်ရှိ သဲမုန်တိုင်းမရှိသော နေရာမှလာသည့် ရှန်းယုဟန်ကို စဥ်းစားမိတာကြောင့် သူက သူ့ကို ဟိုတယ်မှာ တစ်ရက်နေခိုင်းပြီး ကျန်တေးဂီတအားလုံးကို အပြီးမသတ်ခင်မှာ ပြင်းထန်သော သံမုန်တိုင်းကို စောင့်ပေးဖို့ တောင်းဆိုခဲ့သည်။
ရှန်းယုဟန်က သဲမုန်တိုင်းကို တစ်ခါမှမမြင်ဖူးသဖြင့် သူက တေးသွားလေ့ကျင့်မနေပဲ ပြတင်းပေါက်မှာရပ်ကာ အထပ်မြင့် အဆောက်အအုံကြီးကနေ အလွန်အမင်း ကြောက်စရာကောင်းသော ကောင်းကင်ကြီးကို ကြည့်လိုက်၏။ ကောင်းကင်ကြီးက နေ့လယ်ကြီးမှာ အလွန်မှောင်နေပြီး အလင်းရောင်လုံးဝမရှိပေ။ လမ်းသွားလမ်းလာများ လမ်းလျှောက်ဖို့ခက်ခဲနေပြီး အပြင်ထွက်သူတိုင်း သူတို့ကိုယ်သူတို့ zongzi လို ထုပ်ပိုးထားကြသည်။ ကောင်းကင်၏အရောင်ကို အချိန်အတော်ကြာကြည့်ပြီးနောက် သူက ရှင်းမပြနိုင်လောက်အောင် ကြောက်သွားခဲ့၏။
သူက ဓာတ်ပုံချက်ချင်းရိုက်ကာ ရှန်ချီဟွမ်းကို မက်ဆေ့ပို့လိုက်သည်။ သူက မြို့တော်ကို အရမ်းကြောက်စရာကောင်းတယ်လို့ ထင်ပြီး အိမ်ကိုမြန်မြန်ပြန်ချင်နေသည်။
ရှန်ချီဟွမ်းက အစည်းအဝေးပြီးလို့ ရုံးခန်းကိုပြန်ရောက်တာနဲ့ သူနဲ့ ဗီဒီယိုကောလ်ခေါ်လာခဲ့သည်။ “ငါကုမ္ပဏီမှာရှိနေတာ၊ အပြင်မှာရာသီဥတုသာယာတယ်။ မင်းအပြင်ထွက်လို့မရရင် အခန်းထဲမှာ တီဗီကြည့်နေ၊ လိုက်ကာကိုတော့ပိတ်ထား…”
သူက နေသာသော ကျန်းမြို့တော်ကို ရှန်းယုဟန်အားပြသရန် ကင်မရာ တကူးတကဖွင့်လိုက်လေသည်။
“အွန်း” ရှန်းယုဟန်က သူ့စကားကို ချက်ချင်းနားထောင်လိုက်ပြီး လိုက်ကာကိုပိတ်ကာ အပြင်က မှိန်ဖျော့နေသော ကောင်းကင်ကြီးကိုမကြည့်တော့ပေ။ ထို့နောက် တီဗီဖွင့်လိုက်ပြီး ချန်နယ်တစ်ခု ကြုံသလိုပြောင်းလိုက်တော့ တီဗီက နွေဦးပန်းပွင့်များကို ပြနေသည်။ ယင်းမှာ တိရစ္ဆာန်များ၏ မိတ်လိုက်ရာသီဖြစ်ပြီး တေးသွားက အလွန်အသက်ဝင်နေသဖြင့် သူ့စိတ်က ပိုကြည်လာပြီး မြန်နေသော နှလုံးခုန်သံမှာလည်း ငြိမ်သက်သွားလေသည်။
ရှန်ချီဟွမ်းက သူ့အတွက် အာရုံလွှဲပေးလိုက်သည်။ “မင်းမနက်ဖြန် သူတို့အတွက် အသံသွင်းပေးမှာလား? ဘယ်လောက်ထိ သွင်းပေးထားလဲ?”
သူ့အလုပ်အကြောင်းပြောလာသည့်အခါ ရှန်းယုဟန်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ “အများကြီးမဟုတ်ပါဘူး။ တစ်ဝက်လောက်တော့ သွင်းပြီးပြီ၊ အဲ့ဒီတေးသွားတွေက အရင်ဆုံးလေ့လာရဦးမှာ…ပြီးရင် မသွင်းခင် ကျွမ်းကျင်အောင် အရင်လုပ်ရမယ်။ သီချင်းတွေက ခက်တယ်။ ကျွန်တော် ဒီနေ့လည်း အပြင်မထွက်ဖြစ်လို့ သီချင်းအားလုံးနဲ့ ရင်းနှီးအောင် လုပ်လို့ရတယ်။”
ရှန်ချီဟွမ်းမှာ သံသယတချို့ရှိနေသည်။ “သုတေသနဌာနမှာပဲ လေ့ကျင့်လို့ရတယ်လို့ မင်းပြောခဲ့တယ်မလား? ဒါပေမယ့် အခု ဟိုတယ်မှာ လေ့ကျင့်နေတာလား?”
ရှန်းယုဟန်က လုပ်ငန်းစဥ်ကို အသေးစိတ်ရှင်းပြလိုက်၏။ “ဒါရိုက်တာဖန့်က ပေါက်ကြားလို့မရတဲ့ သဘောတူစာချုပ်မှာ လက်မှတ်ထိုးဖို့ပြောခဲ့တယ်။ ကျွန်တော် လက်ထောက်ယန်ကိုပြလိုက်တော့ သူမက ပြဿနာမရှိဘူးပြောမှ ကျွန်တော်ထိုးလိုက်တာ။”
“လက်ထောက်ယန်က ယုံလို့ရတယ်။ သူမက အမြဲတင်းကျပ်တယ်။” ရှန်ချီဟွမ်းက ထိုအကြောင်းကြွားဝါလိုက်၏။ သူမက သူရှာတွေ့ခဲ့သော အရည်အချင်းရှိသူဖြစ်၏။ “တစ်ခုခုလိုလို့ မင်းငါ့ကိုဆက်သွယ်မရရင် လက်ထောက်ယန်ကို မေးလို့ရတယ်”
“သိပါပြီ….ယောကျာ်း….ခင်ဗျားအလုပ်ရှုပ်နေလား?” သူက ရှန်ချီဟွမ်း မောက်စ်နှိပ်နေသောအသံကို ဗီဒီယိုထဲမှ ကြားခဲ့ရသည်။ “ခင်ဗျားအလုပ်ရှုပ်နေရင် ကျွန်တော်ချင်လေ့ကျင့်တော့မယ်။ ဒါကြောင့် သေချာနားထောင်ပြီး ဖုန်းမချလိုက်နဲ့။”
ရှန်ချီဟွမ်းက ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။”
ရှန်းယုဟန်က သူ့ချင်တူရိယာကိုယူကာ စတင့်လေ့ကျင့်ခဲ့သည်။
ရှန်ချီဟွမ်းက တကယ်ကိုအလုပ်ရှုပ်နေပြီး သူ့လက်အောက်ငယ်သားများနှင့် အကြံသစ်တစ်ခုကို ဆွေးနွေးနေခဲ့တာဖြစ်၏။ ထိုအတောအတွင်း သူက ရှန်ဂရုနဲ့ သူ့ကိုယ်ပိုင်ကုမ္ပဏီကြားမှာ ပြေးနေရပြီး ထိုနေရာမှာ အများကြီးသင်ယူခဲ့ရသည်။ သူပြန်ရောက်လာတော့ သူ့ကုမ္ပဏီမှာ အပြောင်းအလဲတချို့ ပြုလုပ်ခဲ့ပြီး ရှန်ဂရု၏ လမ်းကြောင်းဟောင်းကို မလိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။ မဟုတ်ပါက ယခုလိုမျိုး ဖရိုဖရဲအခြေအနေ ရှိလာပေမည်။
အစ်ကိုကြီးက အိမ်မှာပြန်နေပြီး ဒုတိယနှင့် တတိယအိမ်တော်ကတော့ ရှန်ထျန်းဖုန်းဆီမှ အာဏာယူဖို့ အလုပ်ရှုပ်နေသည်။ အလွန်အကျွံမဖြစ်လာသရွေ့ ရှန်ထျန်းဖုန်းက သူတို့တောင်းဆိုမှုကို သဘောတူပေးပြီး နှစ်ဖက်လုံးက တစ်ယောက်နဲ့တစ်ယောက် ပြိုင်နေကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် အလုပ်ရှုပ်လွန်းလို့ မြေပြင်ကိုတောင် မထိရသေးသော ရှန်ချီဟွမ်းက ပြန်လာပြီး သူ့ကိုယ်ပိုင်ကိစ္စများကို ကိုင်တွယ်ဖို့ အားလပ်ချိန်ရခဲ့သည်။ သူက အစားထိုးလေးသာဖြစ်ပြီး အိမ်တော်နှစ်ခုကြားက ရန်ပွဲကြောင့် ဒေါသမထွက်နိုင်ပေ။ တောင်ပေါ်မှာထိုင်ပြီး ကျားတွေဖိုက်တာကို ကြည့်နေတာပိုကောင်းပြီး ဤနည်းက စိတ်ဝင်စားစရာလည်းဖြစ်၏။
ဗီဒီယိုထဲတွင် ရှန်းယုဟန်က တေးသွားအသစ်ကို လေ့လာရာမှာ နစ်မြုပ်ထားပြီး သူတီးခတ်ဖူးသော ဂီတရမှတ်ကလွဲရင် ဤတေးသွားများကို မကြားဖူးပေ။ ဂီတရမှတ်ပေါ်က စကားလုံးများက ချီတိုင်းပြည်နဲဲ့ တစ်ထပ်တည်းမတူသော်လည်း မှတ်မိဖို့ အရမ်းလွယ်ကူသည်။
ရှန်းယုဟန်က လွန်ခဲ့သောနှစ်ရက်က ဒေါက်တာဖန့်ပြောခဲ့သော မျိုးရိုးနာမည်ရှန်း၏ ရှေးဟောင်းအုတ်ဂူကို သတိရသွားပြီး သူက ထိုအကြောင်း စဥ်းစားနေတာကြာခဲ့လေပြီ။ အဲ့ဒါက ရှန်မိသားစုနဲ့ သက်ဆိုင်နေတာလား?
သူက ထိုအရာကို ရှန်မိသားနှင့် ပတ်သက်စေချင်တာလားဆိုတာ သူလည်းသေချာမသိပေ။ ပတ်သက်နေရင် ဘိုးဘွားအုတ်ဂူကို တူးသည်မှာ အလွန်သိက္ခာမဲ့သဖြင့် သူက ရှန်မိသားစုကို ထိုသို့မဖြစ်စေချင်ပေ။
မပတ်သက်ဘူးဆိုရင် သူက သူ့နှလုံးသားထဲမှာ ရှန်မိသားစု အသက်ရှင်နေသေးတယ်လို့ ခံစားရမှာပင်။
ဒေါက်တာဖန့်ပေးခဲ့သော အချက်အလက်အရ ရှေးဟောင်းအုတ်ဂူက လွန်ခဲ့သည့်နှစ်ပေါင်းနှစ်ထောင်လောက်ကဖြစ်ပြီး ထိုအချိန်က ချီတိုင်းပြည်နှင့် ကောတွေရှိခဲ့လျှင် ယခုချိန်မှာ ဘာလို့မရှိတော့တာလဲ၊ ချီတိုင်းပြည်က ဒဏ္ဍရီတစ်ခုပဲဖြစ်နေမလား?
သံသယတစ်ခုကမရှင်းသေးတော့ ရှန်းယုဟန်က စိတ်မငြိမ်မသက်ဖြစ်ကာ ချင်တီးခတ်နေရင်း မှတ်စုတချို့မှားသွားတာကြောင့် သူက ရပ်လိုက်သည်။
စာရိုက်နေသောရှန်ချီဟွမ်းက ချင်အသံမကြားရတော့သဖြင့် ရှန်းယုဟန်ကို လှည့်ကြည့်လိုက်သည်။
“မင်းဘာလို့ မတီးခတ်တော့တာလဲ?” သူ့ဇနီးလေးက ချင်ကို ကောင်းကောင်းတီးတတ်တယ်။
ရှန်းယုဟန်က သူ့လက်ကို ဒူးပေါ်တင်ကာ ပြောလိုက်၏။ “ကျွန်တော့်စိတ်က မငြိမ်လို့ မှတ်စုတချို့ မှားသွားတယ်။”
ရှန်ချီဟွမ်းက မေးလိုက်၏။ “ဘာလို့မငြိမ်တာလဲ? သဲမုန်တိုင်းကိုကြောက်နေတုန်းလား?”
“အဲ့ဒါမဟုတ်ဘူး။ ခင်ဗျားရှိနေလို့ ကျွန်တော်သဲမုန်တိုင်းကို မကြောက်ပေမယ့် အဖြေရှာမရတဲ့ ပြဿနာတစ်ခုရှိနေလို့။”
“ငါ့ကိုပြောပြလေ၊ မင်းအတွက်ရှာပေးနိုင်မလား ကြည့်ရတာပေါ့”
ရှန်းယုဟန်က သူ့ခင်ပွန်းမှာ ဗဟုသုတအများကြီးရှိတယ်လို့ တွေးလိုက်ပြီး ခဏလောက်တုံ့ဆိုင်းနေပြီးမှ သူက မေးလိုက်သည်။ “ယောကျာ်း၊ သမိုင်းမှာလုံးဝပေါ်မလာဖူးတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ကျော်က နိုင်ငံတစ်ခုကို အခုမှ ရှာတွေ့ခဲ့တာ ဘာကြောင့်လိို့ထင်လဲ?”
ရှန်ချီဟွမ်းကပြောလိုက်သည်။ “ဒီကိစ္စကိုစိတ်ပူနေတာလား၊ ဘာကိုပြောချင်တာလဲ၊ သမိုင်းမှာ နိုင်ငံတွေအများကြီးရှိတယ်။ နိုင်ငံကြီးတွေက နိုင်ငံအသေးလေးတွေကို ဖျက်စီးခဲ့တယ်။ ငါးအကြီးက ငါးသေးကိုစားတယ်။ ငါးသေးက ပုဇွန်ဆိတ်ကိုစားတယ်။ အနောက်မှာချန်ထားခဲ့လို့ရတဲ့ သမိုင်းမှတ်တမ်းနဲ့ အခြေခံအချက်အလက်တွေက အခြေခံအားဖြင့် မရှိတော့ဘူးလို့ပြောလို့ရတယ်။ ရှာတွေ့ခဲ့တဲ့ နိုင်ငံတွေလည်း အများကြီးရှိတဲ့အပြင် တခြားနိုင်ငံတွေရဲ့ ဖျက်စီးခံလိုက်ရတဲ့နိုင်ငံတွေလည်းရှိတယ်။ ညတွင်းချင်းရုတ်တရက်ပျောက်ကွယ်သွားတဲ့ လို့လန်လို နိုင်ငံတွေလည်းရှိတယ်။ အခုထိတော့ အကြောင်းအရင်းကိုမသိရသေးဘူး။ ဒီထက်ပိုတာက မင်းက လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ကျော်က နိုင်ငံကိုပြောနေတော့ အဲ့ဒါကနိုင်ငံအသေးလေးဆိုရင် သုတ်သင်ခံရတာ ဒါမှမဟုတ် သိမ်းပိုက်ခံခဲ့ရတာဖြစ်မယ်။ အမည်မဖော်ပဲ ဆက်လက်နေထိုင်ခဲ့လားဆိုတာလည်း မသိသေးဘူး။ သူတို့က အမည်မဖော်ပဲနေထိုင်ခဲ့တာဆိုရင် အကြောင်းအရင်းက ဘာဖြစ်နိုင်မလဲ? အကြောင်းအရင်းတော့ရှိရမယ်။”
ချီတိုင်းပြည်က တခြားနိုင်ငံတွေ လိုချင်တဲ့အရာကို ကမ်းလှမ်းခဲ့တာလား? တွင်းထွက်ပစ္စည်းတွေလား?
ချီတိုင်းပြည်ပျောက်ကွယ်သွားရင် အဲ့ဒါကပါ ဘာလို့ပျောက်သွားတာလဲ??
.
မူလကတော့ သူ့ဝိညာဥ်က ကမ္ဘာတစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းသွားတာလို့ ထင်ခဲ့ပေမယ့် ဂီတရမှတ်ကစလို့ သူက ရိုးရိုးလေးသာ တွေးခဲ့တာကို သဘောပေါက်သွားခဲ့သည်။ သူက တခြားကမ္ဘာကို ရောက်သွားတာမဟုတ်ပဲ အချိန်နှင့်အမျှ တိုးတက်နေသော ကမ္ဘာတစ်ခုတည်းမှာ ရှိနေတာဖြစ်နိုင်သည်။
ချီတိုင်းပြည်နဲ့ အိမ်နီးချင်းနိုင်ငံတွေက ဘာလို့ သမိုင်းမှာပေါ်မလာခဲ့တာလဲ?
ရှေးဟောင်းအုတ်ဂူကို ဘယ်မှာတူးဖော်ခဲ့တယ်ဆိုတာ သူရှာဖို့လိုပြီထင်တယ်။
–
သဲမုန်တိုင်းမပြီးခင် သုံးရက်ကြာခဲ့ပြီး ရှန်းယုဟန်က ဟိုတယ်မှာပဲ သုံးရက်နေခဲ့သည်။ ဒီသုံးရက်အတွင်းမှာ သူက ကျန်အပိုင်းများကို လေ့ကျင့်လို့ပြီးသွားပြီး လေးရက်မြောက်နေ့မှာ သူက ဌာနကိုသွားကာ တိုက်ရိုက်အသံသွင်းခဲ့သည်။ သူတီးခတ်ခဲ့သော မှတ်စုက သုတေသနပညာရှင်များ ဘာသာပြန်ခဲ့သော ဂီတရမှတ်နှင့် တစ်ထပ်တည်းတူပြီး သူနဲ့ အသံသွင်းဖို့ တာဝန်ရှိသည့် ဝန်ထမ်းက အံ့သြသွားခဲ့သည်။
သီချင်းရှစ်ပုဒ်ကို အသံသွင်းဖို့ နှစ်ရက်ကြာခဲ့ပြီး ကျန်နှစ်ပုဒ်ကတော့ တခြားရှစ်ပုဒ်နှင့်မတူစွာ စာသားပါရှိသည်။ ကျွမ်းကျင်ပညာရှင်များက စာသားကို ဘာသာပြန်ပြီးနောက် သူတို့က စာသားများ အလွန်ရိုးရှင်းပြီးလှပတာကို တွေ့ခဲ့ရပြီး သီချင်းအတူဆိုဖို့ လူရှာသင့်လားလို့ စဥ်းစားနေကြသည်။
သူတို့က ရှန်းယုဟန်ကို ဦးစားပေးမစဥ်းစားပေမယ့် ဒါရိုက်တာဖန့်က ရှန်းယုဟန် စွယ်စုံရတာကို မြင်ခဲ့ရတာကြောင့် သူတို့ ကဖေးမှာ မုန့်စားရင်း ပေါ့ပေါ့ပါးပါး မေးခဲ့သည်။.
ဒါရိုက်တာဖန့်က သူ့ကိုမေးလာသည်။ “ရှောင်ရှန်သီချင်းဆိုတတ်လား?
“ကျွန်တော်မဆိုတတ်ဘူး” ချီတိုင်းပြည်၏ စည်းမျဥ်းအရ မိန်းမပျိုလေးနှင့် ကောများက သီချင်းဆိုတာကို သင်ယူလို့မရပေ။ အကြောင်းမှာ ထိုအရာက တခြားသူများရှေ့ ပါးစပ်ဖွင့်ပြီး အသက်မွေးဝမ်းကြောင်းပြုသည့် လူများအတွက်သာဖြစ်၍ပင်။
ခေတ်သစ်ကိုရောက်လာပြီးနောက် သီချင်းဆိုခြင်းက ဖျော်ဖြေရေးပုံစံတစ်ခုဖြစ်လာခဲ့ပြီး လူတိုင်းက သီချင်းဆိုနိုင်ကြသည်။ ဆင်းရဲသားနှင့် နိမ့်ကျသူများကြားမှာ ခွဲခြားထားခြင်းမရှိပေမယ့် ရှန်းယုဟန်က သူ့ရင်ထဲက အရှက်တရားကို မကျော်ဖြတ်နိုင်သေးသဖြင့် သူက တခြားသူများရှေ့တွင် သီချင်းမဆိုဖို့ ဆုံးဖြတ်ထားသည်။
ဒါရိုက်တာဖန့်က နှမြောတသဖြစ်နေပြီး သူက ရှန်းယုဟန်၏ အသံသွင်းဗီဒီယိုနှင့် အကျိုးသက်ရောက်မှုကို ကြည့်ရှုခဲ့သည်။ ယင်းမှာ ထိုင်နေသော လူများ၏မျက်လုံးကို သာယာစေပြီး သူသာ စာသားအနည်းငယ်ဆိုနိုင်ခဲ့ရင် ခံစားချက်နှင့် ကင်းလွတ်နေတော့မှာမဟုတ်ပေ။ ထို့အပြင် သူတို့ကလည်း သီချင်းဆိုဖို့ လူရှာစရာမလိုတော့ပဲ အားလုံးကို တစ်ခါတည်းနဲ့ အပြီးသတ်နိုင်လိမ့်မည်။
ရှန်းယုဟန်က ငြင်းလိုက်တော့ ဒါရိုက်တာဖန့်က ဘာမှမလုပ်နိုင်ခဲ့ပေ။