Chapter 72.1
“ငါဘာများမှားသွားလို့လဲ”
ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက ညနက်သည်အထိ မအိပ်ခဲ့ကြပေ။
ည၏လုပ်ရှားမှုများက ရှန်းယုဟန်၏ လုပ်ရိုးလုပ်စဥ်ကို အထက်အောက်လှန်သွားစေပေမယ့် နောက်တစ်ကြိမ်ရေချိုးပြီးနောက် သူက နည်းနည်းလေးတောင် အိပ်မငိုက်တော့ပဲ စိတ်တက်ကြွနေခဲ့သည်။ သူက ရှန်ချီဟွမ်း၏ ကွေးကောက်နေသော လက်မောင်းထဲမှာ လဲလျောင်းနေပြီး အေးစက်သောလက်ဖဝါးက ရှန်ချီဟွမ်း၏ခါးနှင့် ဗိုက်ပေါ်မှာ တင်ထားလေ၏။
သူအိပ်မက်မက်နေဆဲဖြစ်သလိုပင် …
သူ့ခင်ပွန်းက ညနေကတောင် သူနဲ့ ဖုန်းပြောနေဆဲဖြစ်ပြီး သူအိပ်ပျော်ပြီး မကြာခင်မှာ သူ့ခင်ပွန်းက ရုတ်တရက်ပေါ်လာခဲ့သည်။
ဤလျှက်တပြက်အံ့အားသင့်မှုက သူ့ကို စိတ်ရောကိုယ်ပါ ကျေနပ်အားရစေခဲ့သည်။
ရှန်ချီဟွမ်း၏ရင်ဘတ်ကြွက်သားများက တောင့်တင်းနေပြီး ရှန်းယုဟန်က စိတ်ဝင်စားစရာတွေ့ရှိသွားသလိုပင်။ သူက ကောတစ်ယောက်ဖြစ်ပြီး ထိုကြွက်သားများကို လိုချင်တယ်လို့ ဘယ်တုန်းကမှမတွေးခဲ့ဖူးပေမယ့် ထိုအရာများက သူ့ခင်ပွန်းအပေါ်မှာ ပြီးပြည့်စုံနေပြီး ရှန်းယုဟန်က ကြွက်သားပြီးပြည့်စုံမှုကို အများကြီးအသိအမှတ်ပြုလိုက်၏။
ရှန်ချီဟွမ်းက သူ့လက်များကိိုဖိကာ ပြောလိုက်၏။ “ရှန်းယုဟန်၊ မလှုပ်နဲ့၊ မင်းမနက်ဖြန် အိပ်ရာထချင်သေးတယ်မလား?”
ရှန်းယုဟန်က နီမြန်းနေသောမျက်နှာဖြင့် သူ့လက်ကို ချက်ချင်းရုတ်လိုက်သည်။ “ကောင်းပါပြီ” သူက ရှန်ချီဟွမ်း၏ခါးကို ဖက်ထားလိုက်သည်။ “ဒါဆို ဒီလိုပဲအိပ်တော့မယ်။”
ဤတစ်ကြိမ်က ရှန်ချီဟွမ်း လက်သုံးသည့်အလှည့်ဖြစ်ပြီး ရှန်းယုဟန်၏ အဖိခံထားရသောလက်က သူ့နားရွက်ကိုထိမိသွားသည်။
ရှန်းယုဟန်က တန်ပြန်တိုက်ခိုက်ခဲ့သည်။ “ယောကျာ်း… ခင်ဗျား ကျွန်တော့်ကို အိပ်ခွင့်ပေးဦးမှာလား?”
ရှန်ချီဟွမ်းက မောက်မာစွာပြောလိုက်၏။ “ငါမင်းရဲ့အပ်စိုက်ကုထုံး point ကို နှိပ်ပေးမယ်။ ကျောက်ကပ်က အဆီအနှစ်ရဲ့ အဓိကလှောင်ကန်ဖြစ်ပြီး နားထဲမှာကပြွန်ရှိလို့ ဒီနေရာကိုဖိလိုက်ရင် မင်းရဲ့ကျောက်ကပ်ကို အားကောင်းစေတယ်”
ရှန်းယုဟန်က သူပြောတာကိုနားထောင်ပြီး တီးတိုးပြောလိုက်သည်။ “လိုအပ်တာက ခင်ဗျားမဟုတ်လား? ယောကျာ်း… ကျွန်တော်ခင်ဗျားကိုနှိပ်ပေးရမလား?” ပြောပြီးသည်နှင့် သူက သူ့နားရွက်ကို ဆွဲဖဲ့လိုက်သည်။
သို့သော် ရှန်ချီဟွမ်းက သူ့နားရွက်ကို ဆွဲဖဲ့ခွင့်မပေးပေ။ သူ့နားက အတော်လေးထိရှလွယ်သည်။ သူက ယခုလေးတင် ရှန်းယုဟန်၏ အကိုက်ခံထားရပြီး သူ့တစ်ကိုယ်လုံးက တုန်ခါသွားကာ သူ့ခါးက အားနည်းလုနီးပါးဖြစ်ပြီး သက်ကြီးရွယ်အို Gong တစ်ယောက်လို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ဆုံးရှုံးတော့မတတ်ပင်။
သူတို့နှစ်ယောက်က ခဏလောက် လူးလှိမ့်ပြီးနောက် ရှန်းယုဟန်က အိပ်ချင်လာသဖြင့် နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဖက်အိပ်လိုက်ကြသည်။
–
ရှန်ချီဟွမ်း၏ ရုတ်တရက်ပေါ်လာမှုကြောင့် ရှန်းယုဟန်၏ ခရီးက နှစ်နာရီနှောင့်နှေးသွားခဲ့သည်။ သူက မနက်ခင်းမှာ ယိုထျောင်စားပြီး တားမြစ်မြို့ကို မဝင်နိုင်မှာ စိုးရိမ်နေသည်။ ထိုနေရာမှာ တန်းကအရှည်ကြီးပဲလို့ ကြားခဲ့သည်။
(ယိုထျောင်- အီကြာကွေး)
ရှန်ချီဟွမ်းက သူ့ကို စိတ်မပူဖို့ပြောလိုက်၏။ “မင်းအထဲဝင်လို့ရတယ်။ အလျင်လိုစရာမလိုဘူး။ ဒီနေ့ကပိတ်ရက်မဟုတ်သလို ရာသီဥတုက နည်းနည်းပဲအေးတယ်။ လူအများကြီးမရှိလို့ စိတ်ပူမနေပဲ မင်းရဲ့ယိုထျောင်ကိုစားပြီး ပဲနို့သောက်လိုက်။”
“အို” ရှန်းယုဟန်က ရှန်ချီဟွမ်းလက်ထဲက ပဲနို့တစ်ငုံသောက်လိုက်သည်။ “အရမ်းချိုတာပဲ”
ရှန်ချီဟွမ်းက သူနည်းနည်းပဲသောက်တာကိုကြည့်ပြီး သူ့ဇနီးက ပဲနို့ကိုတောင် ပြေပြစ်အောင် သောက်နိုင်တယ်လို့တွေးလိုက်သည်။ သူက နာနာခံခံသောက်နေပြီး အလျင်လိုမနေပဲ သူဗိုက်ဆာနေရင်တောင် ဝံပုလွေနဲ့ကျားလို မျိုချမှာမဟုတ်ပေ။ ဘယ်လိုမိသားစုက အဲ့လောက်ချစ်ဖို့ကောင်းတဲ့ လူတစ်ယောက်ကိုမွေးလာတာလဲ?
သူ့မိဘများနှင့် အဘိုးက အသက်ရှင်မနေတာ နှမြောစရာပင်။ မဟုတ်ရင် သူက သူတို့ကို ကျေးဇူးတင်ပြီး ဂုဏ်ပြုမှာဖြစ်၏။
ရှန်းယုဟန်က သူ့ခင်ပွန်းငေးတာကို ခံနေရပြီး မျက်ခုံးပင့်လိုက်၏။ “ယောကျာ်း၊ ခင်ဗျားမစားဘူးလား?”
ရှန်ချီဟွမ်း: “ဗိုက်ပြည့်နေပြီ”
ရှန်းယုဟန်: “ကျွန်တော်လည်းပြည့်ပြီ… သွားရအောင်”
ရှန်ချီဟွမ်း: “အွန်း၊ ခင်ဗျား မှတ်ပုံတင်ယူလာဖို့လည်း မမေ့နဲ့ဦး”
ရှန်းယုဟန်: “သိပါတယ်”
မြို့တော်က ဖုန်ထူခြောက်သွေ့နေတာကြောင့် ရှန်ချီဟွမ်းက ရှန်းယုဟန်အတွက် မတ်စ်ယူလာပေးခဲ့သည်။
တားမြစ်မြို့တော်မှာ လူအများကြီးရှိပြီး ရှန်းယုဟန်က နိုင်ငံခြားသား အများကြီးကိုတွေ့ခဲ့ရသည်။ သူက ပုံမှန်ဆိုရင် အပြင်သိပ်မထွက်သဖြင့် အများဆုံးမှ ဆံပင်ကောက်နှင့် မျက်လုံးပြာရှိသော လူဖြူများကို တွေ့ခဲ့ရပေမယ့် ဤနေရာတွင် အနက်ရောင်ကျစ်ဆံမြီးနှင့် လူမည်းများကို တွေ့ခဲ့ရသည်။ မှန်သည်…အလွန်ရေပန်းစားသော လူငယ်များလည်းရှိသည့်အပြင် သူက အနီအဝါအပြာအလံများကို ကိုင်ဆောင်လာသည့် ဧည့်လမ်းညွှန်များနှင့် သူတို့နောက်ကိုလိုက်သွားကာ လူတစ်စုက သူတို့အစီအစဥ်များကို နာနာခံခံလုပ်နေတာကိုလည်း တွေ့ခဲ့ရသည်။
ရှန်ချီဟွမ်းကလည်း နှစ်အနည်းငယ်လောက်က တားမြစ်မြို့ကို လည်ပတ်ခဲ့ပြီး ယင်းမှာ လုံးလုံးမတူညီသော အတွေ့အကြုံတစ်ခုသာဖြစ်သည်။ လက်ထောက်ယန်က သူတို့အတွက် စကားပြန်စက်နှစ်လုံးကို ငှားပေးပြီး ရှန်းယုဟန်က ရှန်ချီဟွမ်း၏အကူအညီဖြင့် ချောချောမွေ့မွေ့ တပ်နိုင်ခဲ့သည်။ သူတို့နေရာတစ်ခုကိုဖြတ်သွားလိုက်သည်နှင့် နားကြပ်မှ ရှင်းပြချက်တစ်ခုထွက်ပေါ်လာခဲ့သည်။ ရှန်းယုဟန်က ခေတ်သစ်လူသားများ၏ မှော်ဆန်သော တီထွင်မှုများကို အံ့အားသင့်နေ၏။ ဒီလိုလည်းလုပ်လို့ရတာလား…အရမ်းမိုက်တာပဲ!
အံ့အားသင့်မှုအပြီးမှာ ရှန်းယုဟန်က ရှင်းပြချက်ကို ဂရုတစိုက်နားထောင်နေပြီး သူက နန်းတော်ကို အရင်ကလည်း ဝင်ဖူးပေမယ့် ဤတစ်ခုနှင့်ယှဥ်လျှင် ချီတိုင်းပြည်၏နန်းတော်က နိမ့်ကျသလိုထင်ရသည်။
တားမြစ်မြို့ရှိ နန်းတော်များက ရွှေကျောက်စိမ်းတို့ဖြင့် အလှဆင်ထားပြီး ကွေးကောက်နေသော ရောင်စဥ်တန်းများ၊ ခြယ်သထားသော အမိုးဒိုင်းများနှင့် ဆင်ယင်ထားသည်။ ထိုစဥ် ချီတိုင်းပြည်ရှိ အဆင်အယင်က ပိုလေးနက်ပြီး ခမ်းနားထည်ဝါကာ တစ်မျိုးစီမှာ ပြိုင်ဘက်ကင်းသော ထူးခြားမှုရှိ၏။
နန်းတော်တစ်ခုစီကို လည်ပတ်နေကြသော လူများစွာရှိပြီး ရှန်းယုဟန်က တစ်နာရီကျော် လမ်းလျှောက်ပြီးနောက် ပင်ပန်းသွားခဲ့သည်။
ရှေးခတ်ကနေ လက်ရှိအချိန်ထိ လူတွေက တော်ဝင်မိသားစု၏ဘဝအကြောင်းကို သိလိုစိတ်ပြင်းပြကြ၏။
သုတို့နှစ်ယောက်က ထိုင်ဖို့ တစ်နေရာရှာတွေ့သွားပြီး အနားယူကာ ရေသောက်လိုက်ကြ၏။
ရှေ့မှာ ခန်းမများစွာရှိပြီး အနောက်မှာ ကိုယ်လုပ်တော်များ၏ အိပ်ခန်းများရှိသည်။ ရှန်းယုဟန်က သူသိသော အနောက်ဆောင်နှင့်တူတာကြောင့် သိချင်စိတ်မရှိပေမယ့် ခေတ်သစ်လူသားများက ရှေးခေတ်လူနေမှုဘဝကို နားမလည်လို့ လာလည်ကြတာဖြစ်၏။ သို့သော် ရှန်းယုဟန်က ရှေးခတ်လူသားတစ်ယောက်ဖြစ်၍ တားမြစ်မြို့တော်ကို ကြည့်နေသည်မှာ သူနေခဲ့သောမြို့တော်ကို ကြည့်နေရသလိုပင်၊ သူ၏သိလိုစိတ်ကလည်း သိပ်မပြင်းထန်တော့ပေ။
“ပင်ပန်းနေပြီလား?” ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ကိုယ်ကာယကြံ့ခိုင်မှုက သာမန်ဆိုတာကိုသိသည်။ တစ်နာရီကြာအောင်လမ်းလျှောက်ပြီး ပင်ပန်းတာကို မပြောလေနှင့်၊ သူက လက်ရေးလှနှင့် ပန်းချီလေ့ကျင့်ဖို့အတွက် ပုံမှန်ဆိုရင် နှစ်နာရီတောင် မတ်တပ်ရပ်နိုင်သည်။
“မပင်ပန်းပါဘူး။ ထပ်မကြည့်ချင်တော့သလို ခံစားရလို့” ရှန်းယုဟန်က သူ့နောက်က တော်ဝင်ကိုယ်လုပ်တော်များ၏ နန်းတော်ကိုကြည့်ကာ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက နန်းတွင်းကိုယ်လုပ်တော်များနှင့် ဆက်စပ်မှုကို ခံစားမိခဲ့သည်။ သူက အတိတ်မှာ ယခုလို နက်နဲသောနေရာကို ဝင်ရတော့မလိုဖြစ်ခဲ့ပြီး ဓားပြတွေနဲ့သာမဆုံခဲ့ရင် ခတ်သစ်ကမ္ဘာကို ရောက်လာခဲ့မှာမဟုတ်ပေ။
ရှန်ချီဟွမ်းက ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ သူလိုချင်တာကိုပေးဖို့ ဆန္ဒရှိသည်။
သူတို့နှစ်ဦးက ယဥ်ကျေးမှုနှင့် ဖန်တီးမှုထုတ်ကုန်ဆိုင်တွင် လက်ဆောင်အစုံအိတ်ကို ဝယ်ခဲ့ပြီး နောက်တစ်နေရာကို တိုက်ရိုက်သွားခဲ့ကြသည်။
မဟာတံတိုင်းကလည်း သွားလို့ကောင်းသော နေရာတစ်ခုဖြစ်၏။ သူတို့က ကေဘယ်ကားစီးကာ အပိုင်းတိုလေးပေါ် တက်ခဲ့ကြသည်။ ရှန်းယုဟန်က မဟာတံတိုင်းကိုကြည့်ကာ ရှန်ချီဟွမ်းပြောပြနေသော ‘Huns ကိုခုခံခြင်း'ဇာတ်လမ်းကိုနားထောင်နေသည်။ သူ့ခင်ပွန်းက ပုံပြင်ပြောပြနေသောအခါ သူ့စိတ်က တမူကွဲပြားနေခဲ့ပြီး သူ့ဇာတ်လမ်းက ရိုးရှင်းတာကြောင့် ရှန်းယုဟန်၏ မသိစိတ်က ဆွဲဆောင်ခံလိုက်ရကာ ယခုချိန်မှာ ရှန်ချီဟွမ်းက အတော်လေးဆွဲဆောင်မှုရှိနေ၏။
(Huns - လှည့်လည်သွားလာနေသော စစ်သည်တော်အုပ်စု)
ရှန်းယုဟန်က ထပ်မတက်နိုင်တော့ ရှန်ချီဟွမ်းက ထိပ်ဆုံးရောက်သည်အထိ သူ့ကိုဆွဲခေါ်ခဲ့ပြီး လက်ထောက်ယန်က သူတို့ပုံတွေကို ရိုက်ပေးခဲ့သည်။
ဒီနေ့က သူတို့နှစ်ယောက် ပထမဆုံးအကြိမ် ခရီးထွက်ဖူးတာဖြစ်ပြီး ရှန်းယုဟန်က အတော်လေး အမှတ်ရစရာကောင်းတယ်လို့တွေးကာ ရှန်ချီဟွမ်းနှင့် Selfieဆွဲပြီး ဝီချက် Moments မှာတင်ခဲ့သည်။ သူ့ Selfie စကေးလ်က မဆိုးပါပဲ သူ့မှာ အလင်းနှင့်ရှုထောင့်ကောင်းရှိပြီး ရှန်ချီဟွမ်းက ပုံများကို တိုက်ရိုက်စုဆောင်းကာ သူ့ဝီချက် Moments မှာ ထပ်တင်ခဲ့သည်။
–
မြို့တော်မှာတစ်ရက်လည်ပတ်ပြီးနောက် သူတို့နှစ်ယောက်က နောက်နေ့မနက်မှာ အစောဆုံးလေယာဥ်စီးခဲ့ကြပြီး ကျန်းမြို့တော်ကို ပြန်လာခဲ့သည်။
မူလက သူတို့နှစ်ယောက် နှစ်ရက်လည်ပတ်နိုင်ခဲ့သည်။ ရှန်ချီဟွမ်းက သူ့ကို ရှန့်ရှန်တောင်ကုန်းပေါ်တွင် နှင်းလျှောစီးရန် ခေါ်သွားပြီး မြောက်ဘက်ရှိ နှင်းလျှောစီးအပန်းဖြေစခန်းသည် တကယ့် နှင်းလျှောစီးအပန်းဖြေစခန်းဖြစ်၏။
ရှန်ချီယွမ်ဆီမှ ဖုန်းကောလ်တစ်ခုက သူတို့၏အစီအစဥ်ကို အဆုံးသတ်ခဲ့သည်။
လက်ရှိမှာ ဒုတိယအိမ်တော်နှင့် တတိယအိမ်တော်က အချင်းချင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပြီး ပရောဂျက်တစ်ခုကို အစပြုသိမ်းပိုက်ရန်အတွက် သူတို့က ကုမ္ပဏီထဲမှာ ထိုးနှက်ခဲ့ကြသည်။ ရှန်ချီပိုင်က တတိယအိမ်တော်မှ ရှန်ချီယွင်၏ ထိုးနှက်ချက်ကြောင့် သွားကျိုးခဲ့ရပြီး ရှန်ချီယွင်ကလည်း အသာစီးမရခဲ့ပေ။ သူ့လက်တစ်ချောင်းက ရှန်ချီပိုင်ကြောင့်ကျိုးသွားပြီး ယခုချိန်မှာ ပတ်တီးစည်းထားရ၏။
ရှန်ချီဟွမ်းက သူတို့သေခြင်းရှင်ခြင်းကို ဂရုမစိုက်ပေမယ့် ရှန်ထျန်းဖုန်းက ထိုအရာကြောင့် ဒေါသထွက်ပြီး မူးလဲကာဆေးရုံရောက်သွားသည်။ သူက ဆေးရုံမှာ စစ်ဆေးခံဖို့ နှစ်ရက်နေရမှာဖြစ်ပြီး ရှန်ထျန်းဖုန်းက ကျန်းမာရေးမကောင်းသည်မှစ၍ သူ့စိတ်က ပိုပြီးမတည်မငြိမ်ဖြစ်လာသည်ဟု ရှန်ချီယွမ်ကပြောခဲ့သည်။
အရမ်းကောင်းတယ်… အခုတော့ လူတိုင်းက သားသမီးတာဝန်ကျေဖို့ သူ့ဆီသွားရဦးမယ်..
–
ရှန်းယုဟန်အိမ်ပြန်ရောက်တော့ သူက ရှန်ချီဟွမ်းကို ပြောလိုက်၏။ “ခင်ဗျားအဖေက ဘာလို့ဆေးရုံအမြဲတက်နေရတာလဲ? သူနေ့တိုင်းဒေါသထွက်နေတာ မကောင်းဘူးမလား?”
ရှန်ချီဟွမ်းက ရှန်ထျန်းဖုန်းကို မသနားပေ။ သူက ငယ်ငယ်တည်းက လွတ်လပ်ပေါ့ပါးသောဘဝမှာနေပြီး ကျိုးကြောင်းမဆင်ခြင် ပြုမူခဲ့သည်။ သူအသက်ကြီးလာတော့ သူ့ငယ်ဘဝက ခံနိုင်ရည်မရှိခဲ့သော တူညီသောဖိအားကို သည်းခံရပေမည်။ ဇနီးမယားနဲ့ ကလေးအများကြီးရှိတာက သူ့အတွက်ဖိအားဖြစ်၏။
အရာအားလုံးက ‘ပိုက်ဆံ'ဆိုသော စကားလုံးကြောင့်ဖြစ်လာတာပင်။
ရှန်းယုဟန်က အကြံပေးလိုက်သည်။ “ အန်တီ့ကို ကြက်သားစွပ်ပြုတ်လုပ်ဖို့ပြောပီး ယူသွားလို့ရမလား?”
ရှန်ချီဟွမ်း: “အဆင်ပြေပါတယ်…မင်းသဘောပဲ။”
ရှန်းယုဟန်က သူပိုင်မြို့တော်ကဝယ်ခဲ့သော လက်ဆောင်ဘူးလေးကို ပြန်ယူခဲ့သည်။
သူတို့နှစ်ယောက် ပြန်လာတော့ ဆေးရုံကိုတန်းသွားခဲ့ကြသည်။
တခြားအိမ်တော်သုံးအိမ်၏ ဇနီးတွေကလည်း ထိုနေရာမှာရှိနေပြီး တိုက်ပွဲ၏ အဓိကဇာတ်ဆောင်နှစ်ဦးက ဆူခံရမှာစိုးလို့ မလာကြပေ။
ရှန်ထျန်းဖုန်းက ရှန်းယုဟန် ရောက်လာတာကိုတွေ့တော့ စိတ်အခြေအနေပိုကောင်းလာ၏။ “ယုဟန်…မင်းမြို့တော်ကိုသွားခဲ့တာလား?”
ရှန်းယုဟန်က ပြောလိုက်၏။ “ဟုတ်ကဲ့၊ အဖွဲ့အစည်းက လူတစ်ယောက်က အကူအညီတောင်းလာလို့ပါ။”
မိသားစုပိုင်ဆိုင်မှုခွဲဝေဖို့နဲ့မပတ်သက်သော်လည်း ရှန်ထျန်းဖုန်းက ရှန်းယုဟန်နဲ့စကားပြောဖို့ ဆန္ဒရှိနေသည်။ “ဘယ်သုတေသနအဖွဲ့အစည်းလဲ?”
ရှန်းယုဟန်က ဂုဏ်ယူစွာ ပြောလိုက်၏။ “အမျိုးသားရှေးဟောင်းသုတေသနဌာနကပါ၊ သူတို့ရုံးက အကြီးကြီးပဲ။”
ရှန်းထျန်းဖုန်း၏မျက်နှာမှာ ရှားပါးသောအပြုံးတစ်ခုပေါ်လာ၏။ “ငါမရောက်ဖူးဘူး။ မင်းကတော်တာပဲ…ငါတို့ရှန်မိသားစုက ပညာတတ်တစ်ယောက်မှမမွေးသေးဘူး။ မင်းကပထမဆုံးပဲ”
“တကယ်?” ရှန်းယုဟန်က ချီးကျူးခံလိုက်လို့ ပျော်ရွှင်နေသည်။ သူက သူယူလာသော လက်ဆောင်ဘူးကို ရှန်ထျန်းဖုန်းအား ပေးလိုက်၏။ “ဒါနဲ့.. ကျွန်တော် တားမြစ်မြို့တော်နဲ့မဟာတံတိုင်းကိုလည်းသွားခဲ့တယ်။ အဖေ့အတွက် လက်ဆောင်ယူလာတယ်။”
“အို? ကြည့်ပါရစေဦး” လက်ဆောင်ဘူးလေးက ရှန်ထျန်းဖုန်း၏သိလိုစိတ်ကို အောင်မြင်စွာနှိုးဆွနိုင်ခဲ့၏။
ရှန်ထျန်းဖုန်းက စိတ်ကြီးဝင်ကာ လက်ဆောင်ဘူးကိုဖွင့်လိုက်တော့ အထဲမှာ ချစ်စရာကောင်းသော တားမြစ်မြို့၏ကြောင်ခွက်ရှိနေသည်။
ရှန်းယုဟန်က မူလက လေးလုံးဝယ်လာပြီး သူနဲ့သူ့ခင်ပွန်းအတွက် တစ်လုံးစီ၊ တစ်လုံးက ယောက်ဖရှန်ချီရှင်းအတွက်ဖြစ်ပြီး ကျန်တစ်လုံးက အပိုဝယ်လာတာဖြစ်လို့ ပေးဖို့တုံ့ဆိုင်းနေခဲ့ပေမယ့် ဝယ်လာပြီး လောလောဆယ်အသုံးမလိုသေးလို့ ဒီကိုယူလာခဲ့တာဖြစ်၏။
“ချစ်ဖို့မကောင်းဘူးလား?” ရှန်းယုဟန်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ကျွန်တော်တခြားပစ္စည်းတွေလည်း ဝယ်လာသေးတယ်။ အဲ့ဒီမှာဆိုင်တွေများပြီး ရှုပ်ထွေးသွားလို့ အသုံးအဝင်ဆုံးအရာကို ဝယ်လာခဲ့တာ။”
ရှန်ထျန်းဖုန်းက ထူးဆန်းသော ကျေနပ်မှုအာရုံတစ်ခုကို ခံစားမိပြီး နေ့တစ်နေ့၏ဆိုးရွားသော စိတ်ခံစားချက်များ ပျောက်ကွယ်သွားခဲ့သည်။ သူ့ကလေးတွေ ခရီးဝေးသွားရင် ဘယ်တုန်းကများ သူ့အတွက် လက်ဆောင်ယူလာပေးလို့လဲ… သူက ခရီးအပြန် အမှတ်တရလက်ဆောင်ကို တစ်ခါမှမရဖူးပေ။
“အရမ်းချစ်ဖို့ကောင်းတယ်။ မင်းယူလာတဲ့ခွက်ကို အရမ်းသဘောကျတယ်။” သူက ထိုခွက်ကိုဆေးပြီး လက်ဖက်ရည်ဖျော်ပေးဖို့ အိမ်တော်ထိန်းကို ချက်ချင်းပြောလိုက်၏။
အိမ်တော်ထိန်းကလည်း ပြုံးနေပြီး ရှန်းယုဟန်ကို ကျေးဇူးတင်ကြောင်းဖော်ပြသော အကြည့်ဖြင့် ကြည့်လိုက်၏။