Chapter 73.2
Viewers 23k

Chapter 73.2


“အိမ်ကထွက်သွားခြင်း”


ရှန်ချီဟွမ်းက ဝိုင်သောက်ခဲ့တာကြောင့် ဒရိုက်ဘာခေါ်ခဲ့ပေမယ့် သူအိမ်ပြန်ရောက်သည့်အခါ မှောင်မဲနေခဲ့သည်။ 


ဒီနေ့မှာ ရှန်းယုဟန်က သူ့အတွက် ပုံမှန်လို မီးမဖွင့်ထားပေ။ ရှန်ချီဟွမ်းက သူတစ်ညလုံး ဝီချက်မက်ဆေ့မပို့ထားလို့ဖြစ်မည်ဟု တွေးလိုက်သည်။ ရှန်ချီဟွမ်းက နံရံပေါ်က နာရီကိုကြည့်လိုက်တော့ ညဆယ်နာရီခွဲပြီးတာကြောင့် ရှန်းယုဟန်က အိပ်မပျော်လောက်သေးပေ။


ရှန်ချီဟွမ်းက အိပ်ခန်းထဲပြန်မဝင်ခင် တစ်ဖက်ခန်းမှာ ရေချိုးပြီး အဝတ်အစားလဲလိုက်သည်။


ကုတင်ပေါ်တွင် မြှင့်ထားသောစောင်တစ်ထည်သာ ရှိပြီး ရှန်းယုဟန်က စောင်ခြုံထဲတွင် နစ်မြှုပ်နေကာ ငိုသံမထွက်တာကြောင့် အိပ်ပျော်နေတာဖြစ်မည်။


ရှန်ချီဟွမ်းက ရှန်းယုဟန် အိပ်နေတာကို အနှောင့်အယှက်မဖြစ်စေရန် ကုတင်ပေါ် တိတ်တိတ်လေး တက်သွားခဲ့သည်။


မကြာသေးခင်က သူတို့နှစ်ယောက်က သာယာချောမွေ့သောဘဝကို ပိုင်ဆိုင်ထားပြီး ယခုလို ပြဿနာဖြစ်တာရှား၏။

လဲလျောင်းပြီးနောက် ရှန်ချီဟွမ်းက မလှုပ်မယှက် ပက်လက်လှဲနေသည်။ ရှန်းယုဟန်က အကြာကြီး စောင်ခြုံထားတာကို သတိထားမိသွား​တော့ ရှန်ချီဟွမ်းက တိတ်တဆိတ် ထထိုင်ပြီး စောင်ကိုဆွဲချလိုက်၏။


အမှောင်ထဲမှာ သူက သူ့မျက်နှာကို ရှင်းရှင်းမမြင်ရပဲ ရှန်းယုဟန်၏ အိပ်ပျော်နေသော အနေအထားက အတော်လေးကြည့်ကောင်းနေသည်။ သူက ဒီနေ့ ရှန်ချီဟွမ်းနဲ့ ရန်ဖြစ်ထားလို့ အသက်ရှူကျပ်နေတာမျိုး ဖြစ်နိုင်သည်။

ရှန်ချီဟွမ်းက အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရပေမယ့် သူ့ကိစ္စတွေမပြေလည်ခင်အထိ သူက နှစ်ရက်လောက် စိတ်အေးအေးထားချင်သည်။ ဒါမှ သူ့စိတ်ကိုမထိခိုက်ပဲ ရှန်းယုဟန်နှင့် စကားကောင်းကောင်းပြောလို့ရမှာဖြစ်ပြီး သူက သူ့ဇနီးလေးကို သိပ်နားမလည်ဘူးလို့ တွေးမိလိုက်သည်။


တစ်ညလုံးတိတ်ဆိတ်နေခဲ့သည်။


နောက်နေ့မနက်တွင် ရှန်ချီဟွမ်းက မနက်စာစားပြီး ရှန်းယုဟန်က ထမင်းစားစားပွဲမှာ သူ့ကိုစောင့်နေခဲ့သည်။


သူ့အကျင့်အရ သူ့ကို ရှန်ချီဟွမ်းထက် အရင်စားဖို့ ခွင့်မပြုပေမယ့် ဒီနေ့မှာ သူက ပါးစပ်ဖွင့်လိုက်တိုင်း ရှန်ချီဟွမ်းကို ယောကျာ်းလို့မခေါ်ခဲ့ပေ။


မနေ့ကဖြစ်ခဲ့တာက တကယ်ကို အခုထိမပြီးသေးပေ။ 


ရှန်ချီဟွမ်းက ရှန်းယုဟန်၏ မျက်နှာတည်ငြိမ်နေပြီး ပုံမှန်အပြုံးနှင့် ကွာခြားနေတာကို တွေ့လိုက်ရသည်။ သူက ရှန်းယုဟန်ကို နားမလည်ဘူးလို့ နောက်တစ်​ကြိမ်ခံစားလိုက်ရသည်။ သူနဲ့ သွေးအေးစစ်ပွဲတိုက်နေသော ရှန်းယုဟန်က အေးစက်နေလို့ သူက အနည်းငယ်စိတ်ရှုပ်သွားသည်။


ရှန်ချီဟွမ်းက သူ့ပါးစပ်ကို အရင်ဖွင့်လိုက်သည်။ “ငါမနေ့ညက ပြန်လာတော့ မင်းကအိပ်ပျော်နေပြီ။”


ရှန်းယုဟန်က ခေါင်းငုံ့ကာ ဆန်ပြုတ်သောက်နေသည်။ “အင်း”


ရှန်ချီဟွမ်းက ခဏလောက် ဘာပြောရမှန်းမသိဖြစ်သွားသည်။ သူတို့နှစ်ယောက်လုံး စိတ်အေးအေးထားသင့်တယ်လို့ မနေ့ကပြောခဲ့တာကို တမျိုးတွေးလိုက်တာလား?


“ငါဒီညပြန်လာရင် မင်းနဲ့စကားပြောမယ်။” သူက ထိုဆုံးဖြတ်ချက်တစ်ခုသာ ချနိုင်သည်။



“အင်း” ရှန်းယုဟန်က ရိုးရိုးလေးတုံ့ပြန်လိုက်ပြီး မနေ့က သူ့ခင်ပွန်းအပေါ် တွန်းအားပေးခဲ့သလားဆိုတာကို ပြန်တွေးနေသည်။ သခင်မလေးရှန်းက သူဖြစ်နေတာကို သူ့ခင်ပွန်းကမသိခဲ့ပေ။


ရှန်ချီဟွမ်းက ဒီလိုနဲ့ ကုမ္ပဏီသွားခဲ့သည်။ ရှန်းယုဟန်က ပုံမှန်အတိုင်း သူ့ကို တံခါးဝလိုက်ပို့ပြီး တံခါးနားမှာ ခဏကြာအောင် ရပ်နေခဲ့သည်။ ရှန်ချီဟွမ်းသာ အာရုံပိုစိုက်ခဲ့ရင် ရှန်းယုဟန်၏ ဖုန်းပေါ်မှာ သူမနေ့ညက လူတစ်ယောက်နဲ့ စကားပြောနေသည့်ပုံရှိနေတာကို မြင်ရမှာဖြစ်သည်။ ခေါင်းစဥ်က ‘ရှန်ချီဟွမ်းရဲ့အိမ်ထောင်ရေး ဖရိုဖရဲဖြစ်နေပြီလား? ကမ္ဘာ့အလှမယ်နဲ့ ညနက်ပိုင်း တိတ်တဆိတ်တွေ့ခဲ့တယ်'ဖြစ်၏။


ရှန်းယုဟန် မနက်အိပ်ရာထတော့ သူက သူ့ခင်ပွန်းနဲ့ စကားကောင်းကောင်းပြောချင်ပေမယ့် သူ့ခင်ပွန်းက မနက်စာစားချိန် မတိုင်ခင်အထိ မထခဲ့တာကြောင့် သူက သူ့အလုပ်သာ လုပ်နေလိုက်ပြီး တီဗီမှာ သတင်းကြည့်ရှူနေခဲ့သည်။ ထို့နောက် သူက ဖုန်းထဲက တ​ခြားအရာများကို စစ်ဆေးကြည့်တော့ မမျှော်လင့်ထားစွာပင် ထိုသတင်းက သူ့ဖုန်းပေါ်မှာ တိုက်ရိုက်ပေါ်လာခဲ့သည်။


ဓာတ်ပုံထဲမှာ လူနှစ်ယောက်သာရှိရင် ရှန်းယုဟန်က အတုလို့သတ်မှတ်လိုက်မှာဖြစ်​ပေမယ့် သူက မြင်ကွင်းနောက်က ကားကိုမှတ်မိသည်။ ယင်းမှာ ရှန်ချီဟွမ်းပြောပြခဲ့သော ကားဖြစ်ပြီး ကျန်းမြို့တော်မှာ သူတစ်ယောက်တည်းပိုင်တာဖြစ်၏။


သူ သူ့ကိုယုံပေးသင့်လား?


သူတို့သာရန်မဖြစ်ခဲ့ရင် သူက ထိုပုံကို လုံးဝယုံမိမှာမဟုတ်ပေမယ့် သူတို့ မနေ့ကရန်ဖြစ်ခဲ့တော့ ရှန်ချီဟွမ်းက လှည့်မကြည့်ပဲ ထွက်သွားခဲ့တာပင်။



ရှန်ချီဟွမ်းနှင့် ကမ္ဘာ့အလှမယ် လျို့ဝှက်တွေ့ဆုံခဲ့သောနေရာက အလွန်ချောင်ကျ​တယ်လို့ သတင်းထောက်က ပြောထားသည်။ ထိုနေရာက လူချမ်းသာတွေ အနုပညာရှင်များနှင့် သိခွင့်ရရန် အထူးအခွင့်အရေးပေးသည့် ကလပ်တစ်ခုဖြစ်ပေမည်။


သူက ကမ္ဘာ့အလှမယ်ဆိုတာကိုလည်း ရှာဖွေခဲ့ပေမယ့် မဖတ်ခဲ့တာက ပိုကောင်းဦးမည်။ ဖတ်ပြီးတော့ ရှန်းယုဟန်၏ရင်ထဲမှာ ခါးသီးသွားခဲ့၏။ သူမက ကမ္ဘာအနှံ့နိုင်ငံပေါင်းစုံမှ ရွေးချယ်ခံထားရသော အလှလေးဖြစ်ပြီး သူ၏ “ချီတိုင်းပြည်၏နံပါတ်တစ်ကော’ ခေါင်းစဥ်လေးက လုံးဝ ယှဥ်လို့မရနိုင်ပေ။


သူ့ခင်ပွန်းက သူ့ကို စတင်ငြီးငွေ့လာတာကို မမျှော်လင့်ထားပဲ သိခဲ့ရသည်။


ရှန်းယုဟန်က ရှန်ချီဟွမ်းနှင့် မနက်စာမစားခင် ဖန်လုံအိမ်ထဲမှာ မျက်ရည်သုတ်နေခဲ့သည်။ သူက မျက်နှာသစ်လိုက်တာကြောင့် ရှန်ချီဟွမ်း နိုးလာသောအခါ သူငိုထားတာကို မတွေ့ခဲ့ရပဲ သူ့မျက်လုံးတွေက မနေ့ညက ငိုထားလို့ ရောင်ရမ်းနေတာလို့ ထင်လိုက်သည်။ 


ရှန်ချီဟွမ်းအလုပ်သွား​တော့ ရှန်းယုဟန်က ဖန်လုံအိမ်ထဲမှာ တစ်မနက်လုံးထိုင်နေပြီး ဒါရိုက်တာဖန့်က သူ့ကိုဖုန်းခေါ်မလာခင်အထိ သူက အသိပြန်မဝင်သေးပေ။


ဒါရိုက်တာဖန့်က ပြုံးကာ​ပြောလိုက်သည်။ “ရှောင်ရှန်း၊ မင်းလတ်တလော အလုပ်ရှုပ်နေလား?”


ရှန်းယုဟန်က သူ့ခံစားချက်ကို စုစည်းကာ ပြောလိုက်၏။ “မဆိုးပါဘူး။ အရမ်းအလုပ်မရှုပ်ဘူး။”


ဒါရိုက်တာဖန့်က အတော်လေး အာရုံစိုက်နေပြီး “ကိစ္စကြီးမဟုတ်ပေမယ့် မင်းအသံက အအေးမိထားသလိုပဲ”


ရှန်းယုဟန်က သူ့စိတ်ညစ်နေတာကို ဖုံးကွယ်ဖို့ သတိပေးလိုက်သည်။ “ကျွန်တော် အအေးမမိထားပါဘူး။ ဒါပေမယ့် လည်ချောင်းက ရေမသောက်ရသေးတော့ နည်းနည်း​ခြောက်နေတာ၊ ဒါရိုက်တာ ကျွန်တော့်ဆီက လိုချင်တာရှိလို့လား?”


ဒါရိုက်တာဖန့်က နောက်တစ်ကြိမ် ရင်းနှီးဖို့ကြိုးစားစရာမလိုသဖြင့် လိုရင်းကိုပြောလိုက်သည်။ “ဒါကဒီလိုပါ၊ အနောက်တိုင်းဟန်မင်းဆက်ရဲ့အုတ်ဂူပေါ်က စာတွေကို မင်းနည်းနည်းသိတာ ငါမှတ်မိတယ်။ မင်းဘယ်လိုဖတ်နိုင်ခဲ့တာလဲ ငါသိချင်လို့ပါ။” ပညာရှင်များက အုတ်ဂူပိုင်ရှင်၏ အရေးအသားကို ပုံဖော်ရာမှာ အခက်အခဲဖြစ်နေပြီး လက်ရှိမှာ တိုးတက်မှုနှေးနေသည်။ သူက ရှန်းယုဟန် ဖတ်နိုင်တာကို မှတ်မိနေတာပင်။


ရှန်းယုဟန်က ပြောလိုက်သည်။ “ကျွန်တော်တို့မိသားစုမှာ အလားတူစာအုပ်တွေ ရှိခဲ့ဖူးတယ်။ ကျွန်တော်က နောက်မှ မိသားစုရဲ့ လူကြီးတွေဆီက သင်ခဲ့ရတာ။ ဒီဖတ်စာအုပ်တွေကို ကျွန်တော့်မိသားစုက ရှင်းပစ်လိုက်လို့ ကျွန်တော် ဆက်မသင်နိုင်တော့တာ။ ကျွန်တော် စာလုံးတွေကိုလည်း သိပ်မမှတ်မိတော့ပါဘူး။ ဒါပေမယ့် လက်ရေးလှလေ့ကျင့်ခဲ့တုန်းက အဲ့ဒီစာလုံးတွေကိုလည်း လေ့ကျင့်ဖူးတယ်။”


“အဲ့ဒါတကယ်ကောင်းတယ်!” ဒါရိုက်တာဖန့်က အားစိုက်ထုတ်စရာမလိုပဲ တွေးမိခဲ့တာပင်။ “ဒါကဒီလိုကွာ၊ ရှေးဟောင်းအုတ်ဂူတွေကနေ မကြာသေးခင်က  တူးဖော်ရရှိခဲ့တဲ့ စာအုပ်အများကြီးရှိတယ်။ အားလုံးက ဆန်းကြယ်တဲ့နိုင်ငံတွေပဲ။ မင်းတို့ရှန်းမိသားစုက ဒီအုတ်ဂူနဲ့ သက်ဆိုင်နေမယ်လို့ ခန့်မှန်းမိတယ်။ မင်းက ရှန်းမိသားစုက ဆင်းသက်လာတဲ့သူဖြစ်နိုင်လို့ ငါ့ကို နည်းနည်းလောက် ထပ်ကူညီပေးလို့ရမလား၊ စာအုပ်ပေါ်က စကားလုံးတွေကို အဓိပ္ပါယ်ဖော်ဖို့ ကူညီပေးပါ။ ဒါက ငါတို့ရဲ့ ရှေးဟောင်းသုတေသနအလုပ်အတွက် အရမ်းအရေးကြီးလို့ပါ။”


ရှန်းယုဟန်က မစဥ်းစားပဲပြောလိုက်သည်။ “ဒီလိုဆိုရင် ကူညီဖို့က ကျွန်တော့်တာဝန်ပါ။ ကျွန်တော်အချိန်မရွေးလာနိုင်ပါတယ်။”

“ကောင်းပြီ ဒါပေမယ့် ဒီတစ်ကြိမ်က မြို့တော်မှာမဟုတ်ပဲ တူးဖော်တဲ့နေရာမှာပါ။ အဲ့ဒီဘက်ကိုတော့ သေချာကာကွယ်ထားပါတယ်။ ပြောရရင် ပရောဂျက်နဲ့ပတ်သတ်တဲ့ ကျွမ်းကျင်ပညာရှင်အားလုံး အဲ့ဒီမှာရှိတယ်။ မင်းစိတ်မရှိရင် ဒီနေ့ဖြစ်ဖြစ် မနက်ဖြန်ဖြစ်ဖြစ် ထွက်လာပေးလို့ရမလား? မင်းရောက်ရင် လာကြိုဖို့ လူလွှတ်လိုက်မယ်။”


“ကောင်းပါပြီ၊ ကျွန်တော့်ကို လိပ်စာသာပေးလိုက်ပါ။ နေ့လည် ထုပ်ပိုးပြီးတာနဲ့ ထွက်လာပါ့မယ်။” ရှန်းယုဟန်က အိမ်မှာနေပြီး အရူးလိုတွေးမနေချင်တော့ပေ။ သူ့ခင်ပွန်းပြောသလို သူ စိတ်ငြိမ်အောင်လုပ်ဖို့ လိုနေလေပြီ။


“ဟုတ်ပြီ၊ မင်းအဲ့ဒီကို လေယာဥ် ဒါမှမဟုတ် အမြန်ရထားနဲ့လာလို့ရတယ်။” ဒါရိုက်တာဖန့်က အကြံပြုလိုက်သည်။ “လေယာဥ်က ရှေးဟောင်းအုတ်ဂူနဲ့ နည်းနည်းဝေးပြီးတော့ အမြန်ရထားက ပိုနီးတယ်။”


“အွန်း.. ဒါဆို ကျွန်တော် ထုပ်ပိုးပြီး နေ့လည်ထွက်လာပါမယ်” ရှန်းယုဟန်က အမြန်ရထား တစ်ခါမှမစီးဖူးတာကြောင့် သူက လေယာဥ်ကိုသာရွေးလိုက်၏။


သူက သူ့မိသားစု ချန်ထားခဲ့​သောအရာတွေ ရှိမရှိသိနိုင်ဖို့ စိတ်အားထက်သန်နေသည်။


သူတို့က နှစ်ထောင်ပေါင်းများစွာ ကွဲကွာနေသော်လည်း တ​ခြားကမ္ဘာမှာ အကူအညီဖြစ်စေဖို့ သူ့မိသားစုနှင့်ပတ်သတ်တာ တစ်ခုခုကိုသိရဖို့ မျှော်လင့်နေသည်။


ရှန်းယုဟန်က ခရီးဆောင်အိတ်တစ်လုံးကိုကိုင်ကာ အိပ်ခန်းထဲမှာ မတ်တပ်ရပ်နေသည်။ သူက မှတ်ပုံတင်နှင့် ဘဏ်ကဒ်ကိုပါယူလာခဲ့သည်။ သူက ဖုန်းထဲမှာ စကားပြောရတာမကြိုက်သဖြင့် စာရွက်နဲ့ဘောပင်ကိုသာသုံးပြီး စာတိုတစ်စောင်ရေးကာ အိပ်ခန်းနှင့် ဧည့်ခန်းရှိ စားပွဲပေါ်တွင် ထိုးထည့်ထားလိုက်သည်။


သူက ရှန်ချီဟွမ်း ပြန်လာရင် မြင်နိုင်မယ်လို့ တွေးနေသည်။


သူတို့က သူတို့အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး သေချာပြန်စဥ်းစားဖို့လိုလေပြီ။ သူက ခေတ်သစ်မှာဆို သူနဲ့ရှန်ချီဟွမ်း၏ဆုံစည်းမှုကို မိဘစီစဥ်ပေးသော လက်ထပ်ပွဲလို့​ ခေါ်နိုင်မှန်းသိသည်။ မတွဲခင်မှာ သမီးရည်းစားပေါင်းသင်းဆက်ဆံရေးရှိပြီး စမ်းသပ်မှုအမျိုးမျိုးကို ကျော်ဖြတ်ခဲ့ကြသော စုံတွဲများနှင့်မတူပဲ သူတို့ဆက်ဆံရေးက တကယ်ကို မတည်မ​ငြိမ်ဖြစ်နေခဲ့သည်။


အရေးကြီးဆုံးအရာက ရှန်ချီဟွမ်းက ခေတ်သစ်လူသားတစ်ယောက်ဖြစ်ပြီး သူက ပဒေသရာဇ်ခေတ်က ရှေးခေတ်လူသားတစ်ယောက်သာဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ့ခင်ပွန်းပြောသလိုပင် သူက ခေတ်သစ်လူနေမှုဘဝကို အမှီမလိုက်နိုင်ပဲ ရှေးရိုးဆန်ကာ ငြီးငွေ့ဖို့ကောင်းလေသည်။


ရှန်းယုဟန်​က သူ့မျက်လုံး​ထောင့်မှာ စုနေသော မျက်ရည်ကိုသုတ်လို​က်သည်။ သူတို့ကွဲသွားရင် သူတကယ်ကိုဝမ်းနည်းရမှာဖြစ်ပေမယ့် ရေရှည်နာကျင်မှုက ရေတိုနာကျင်မှုထက် ပိုဆိုးသည်။ သူ့ခင်ပွန်းက ပိုကောင်းသည့် ခေတ်သစ်လူသားတစ်ယောက်နဲ့သာ ထိုက်တန်သည်။


သူက ဆက်မနေနိုင်တော့ပေ။


သူ့မျက်လုံးများမှ အထိန်းအကွပ်မဲ့စွာ ကျဆင်းလာသော မျက်ရည်များကို သုတ်ပြီး​နောက် ခရီးဆောင်အိတ်လေးကိုဆွဲကာ သူနှစ်ဝက်ကျော်နေလာခဲ့သည့် အိမ်မှထွက်ခွာခဲ့သည်။

မနက်ခင်းတွင် ရှန်ချီဟွမ်းက အစည်းအဝေးခန်းမှာ ရှိနေပြီး ဒုတိယအိမ်တော်နှင့် တတိယအိမ်တော်ကြားရှိ ငြင်းခုံမှုကိုနားထောင်နေရသည်။ သူ့အစ်ကိုကြီးကလည်း လတ်တလောမှာ အနည်းငယ်ထူးဆန်းနေ၏။ သူက နေပြန်ကောင်းသွားတာ သိသာသော်လည်း ကုမ္ပဏီကို ပြန်လာဖို့ တုံ့ဆိုင်းနေသည်။


မွန်းလွဲပိုင်းမှာ သူ့ကုမ္ပဏီဘက်မှာ နောက်ထပ်ပြဿနာတစ်ခု ဖြစ်လာတာကြောင့် သူကိုယ်တိုင်ကိုင်တွယ်ဖို့ လိုအပ်ခဲ့သည်။ အစည်းအဝေးက လေးနာရီနီးပါးကြာခဲ့ပြီး သူက ဟိုဟိုသည်သည် ပြေးနေရသည်။ ရှန်ချီဟွမ်းက လူရောစိတ်ပါ မောပန်းနေပြီး နေ့လည်ထိ ဘာမှမစားရသေးတာ​ကြောင့် ဗိုက်ဆာလွန်းလို့ သူ့အစာအိမ်ကနာကျင်လာသည်။


ရှန်းယုဟန်နှင့် လက်ထပ်ပြီးကတည်းက လွန်ခဲ့သည့် ခြောက်လအတွင်း သူ့မှာ အစာအိမ်ပြဿနာမရှိခဲ့ပေ။


သူက သူ့ကုလားထိုင်ပေါ်မှာ ဗိုက်ကိုင်ကာ ထိုင်နေပြီး သူ့နဖူးက နာကျင်မှုကြောင့် ချွေးပျံနေကာ မျက်နှာမှာ ဖြူဖျော့နေသည်။ လက်ထောက်ချွီက သူ့သောက်ဖို့ ရေနွေးနှင့် ဆေးပေးခဲ့သည်။


လက်ထောက်ချွီက အကြံပြုလိုက်သည်။ “သူဌေး၊ ဆေးရုံသွားစစ်ကြည့်ကြမလား”


ရှန်ချီဟွမ်းက ခေါင်းခါကာ ပြောလိုက်သည်။ “ငါသက်သာပါတယ်။ ခဏထိုင်နေလိုက်မယ်။”

လက်ထောက်ချွီက ဘေးမှာရပ်စောင့်နေပြီး သူ့တစ်ခုခုဖြစ်သွားမှာ​ စိုးရိမ်နေသည်။ တစ်ခုခုဖြစ်သွားရင် သူဌေးကို ဆေးရုံခေါ်သွားဖို့ ချက်ချင်းစီစဥ်ရလိမ့်မည်။

ကံကောင်းသည်မှာ ရှန်ချီဟွမ်း၏ အစာအိမ်က တဖြည်းဖြည်းသက်သာလာသဖြင့် လက်ထောက်ချွီက သူ့ကို အဓိပ္ပါယ်နှစ်မျိုးဖြင့် မေးလိုက်သည်။ “အဆင်ပြေရဲ့လား?”


“အဆင်ပြေပါတယ်။” ရှန်ချီဟွမ်းက သူဘာကိုဆိုလိုတာလဲ သေချာနားမလည်ခဲ့ပေ။


လက်ထောက်ချွီက ထပ်ပြောလိုက်သည်။ “အဆင်ပြေတာကောင်းပါတယ်။ ကျွန်တော်က သူဌေးရဲ့ဇနီး စိတ်ဆိုးနေပြီထင်တာ”


ရှန်ချီဟွမ်းက အဓိကအချက်ကို ဖမ််းမိသွားသည်။ “စိတ်ဆိုးနေတယ်?” သူနဲ့ရှန်းယုဟန်ရန်ဖြစ်ခဲ့တာ လူသိရှင်ကြားဖြစ်သွားတာလား? သူက လျှိုထန်ကိုပဲ ပြောခဲ့တာမဟုတ်ဘူးလား? ရှန်းယုဟန်က တခြားသူတွေနဲ့ အတင်းပြောရတာ ကြိုက်တဲ့သူလည်း မဟုတ်ပါဘူး။ ဒါဆို အဲ့တာတော့မဖြစ်နိုင်ဘူး။


လက်ထောက်ချွီက ထိုစကားကြားတော့ တစ်ခုခုမှားနေတာကို သိလိုက်သည်။ “သူဌေး…ခင်ဗျားမသိဘူးလား? သူဌေးက ထိုအရှုပ်တော်ပုံကို ဖြေရှင်းဖို့ တစ်နေကုန် ပြောမလာတာကြောင့် သူက သူ​ဌေးနဲ့ သူဌေးဇနီး ဂရုမစိုက်ဘူးလို့ ထင်လိုက်တာဖြစ်၏။


“ဘာကိုသိရမှာလဲ?” ရှန်ချီဟွမ်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက ဒီနေ့မှာ ထမင်းနှစ်လုပ်တောင် မစားရသေးသည့်အပြင် ဖုန်းကိုကြည့်လိုက်တော့ ရှန်းယုဟန်​ဆီကလည်း မက်ဆေ့တစ်စောင်တောင် ရောက်မလာပေ။


“ခင်ဗျားမနေ့ညက အပြင်မှာထွက်စားတဲ့ သတင်းတစ်ခုထွက်နေတာပါ။ ဓာတ်ပုံလည်းပါသေးတယ်။ ဒီမနက် Hot Search ပေါ်မှာရှိနေတာ။” သူက သူ့သူဌေး ဒီလိုလူမဟုတ်တာကိုသိပြီး ဖျော်ဖြေရေးသတင်းထောက်က ကြုံရာကျပန်း ရေးထားတာဖြစ်ပေမည်။ “ကျွန်တော်က သူဌေးသိတယ်ထင်လို့ မမေးခဲ့တာ။”


ရှန်ချီဟွမ်းက ဖုန်းကိုချက်ချင်းဖွင့်ကာ သူ့နာမည်ကို ရိုက်ရှာလိုက်တော့ သူ့မျက်လုံးထဲ ပထမဆုံးဝင်လာတာက ဖျော်ဖြေရေးသတင်းထောက်တင်ထားသော ဓာတ်ပုံဖြစ်၏။


သူက ဝေ့ပေါ်မှာတင်ခဲ့သော ပို့စ်၏အချိန်ကိုကြည့်လိုက်တော့ မနက်ခြောက်နာရီဖြစ်သည်။ သူက ဒီမနက်မှာ ရှန်းယုဟန် တစ်ခုခုဖြစ်နေတာကို ရုတ်တရက် သတိရသွားခဲ့သည်။


မဖြစ်ဘူး! ရှန်းယုဟန်က ယုံမှာမဟုတ်ဘူး!


ဖြစ်နိုင်ချေကိုတွေးကြည့်တော့ သူတို့ရန်ဖြစ်ခဲ့သည့်အချက်က ရှန်ချီဟွမ်း၏မျက်နှာကို ပို၍ဖြူဖျော့သွားစေခဲ့သည်။ သူက ဗိုက်နာနေတာကိုပင် မေ့သွားပြီး ဖုန်းကိုင်ကာ ထွက်သွားခဲ့သည်။ “ရှောင်ချွီ…ငါ့ကိုအိမ်ပြန်ပို့ပေးပါ! မြန်မြန်!”


ကားထဲဝင်ပြီးနောက် သူက ရှန်းယုဟန်၏ဖုန်းကိုခေါ်နေပေမယ့် ဘယ်လောက်ခေါ်ခေါ် စက်ပိတ်ထားတယ်သာ ပြောနေ၏။


အိမ်ကို အမြန်ပြန်ပြီးနောက် ပုံမှန်ဆိုရင် နွေးထွေးသောအိမ်လေးက လူသူကင်းမဲ့နေသည်ကို တွေ့လိုက်ရသည်။ သူက သူ့ဗိုက်ကိုကိုင်ကာ အခန်းထဲအမြန်ပြေးသွားတော့ ဘယ်သူမှရှိမနေပဲ စားပွဲပေါ်တွင် ပန်းအိုးလေးဖြင့် ဖိထားသော A4 စာရွက်ကိုသာ မြင်လိုက်ရသည်။ 

စာရွက်ပေါ်က လက်ရေးကလှပပြီး သေသပ်ပေမယ့် ပထမဆုံးစာကြောင်းက ရှန်ချီဟွမ်းကို ရေခဲလှိိုဏ်ဂူထဲ တိုက်ရိုက်တွန်းပို့ခဲ့သည်။ ယင်းမှာ ရေခဲအပ်တစ်ချောင်းနှင့် သူ့ဗိုက်ထဲကို ထိုးလိုက်သလိုပင်။

—--- ယောကျာ်း… ကျွန်တော်ထွက်သွားတော့မယ်။ စိတ်ပူမနေပါနဲ့… ပြီးတော့ ကျွန်တော့်ကိုရှာဖို့ မလိုပါဘူး။