Chapter 78.1
“ယောက္ခမပြန်လာပြီ”
ရှန်ချီဟွမ်းက ခေါင်းညိတ်ပြပြီး ရှန်းယုဟန်၏ခန့်မှန်းချက်ကို အတည်ပြုလိုက်သည်။ “မှန်တယ်။ သူမက သီလရှင်ဝတ်ဖို့ သွားခဲ့ရာကနေ ပြန်လာပြီ။”
“သူမ အိမ်ကို လာလည်မှာလား ဒါမှမဟုတ် လောကီဘဝထဲ ပြန်လာဖို့စီစဥ်နေတာလား?” ရှန်းယုဟန်က ယခင်က တစ်ခါမှပေါ်မလာဖူးသော လျို့ဝှက်ဆန်းကြယ်သည့် ယောက္ခမအကြောင်းကို မသိပေ။ သူက သူမ၏ဓာတ်ပုံကိုလည်း မမြင်ဖူးသလို ရှန်ချီဟွမ်းဆီမှ သူမနှင့် ပတ်သက်တာလည်း မကြားဖူးပေ။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ဤအကြောင်းကိစ္စရပ်များ ပြောပြလေ့မရှိပေ။ အကြောင်းမှာ သူ့အမေအပေါ် သူ၏အမြင်မှာ ငယ်ငယ်တုန်းက ရှန်ထျန်းဖုန်းနှင့် မကြာခဏ ရန်ဖြစ်ကြတာကိုသာ မှတ်မိနေပြီး အိမ်မှ ပြတ်ပြတ်သားသား ထွက်သွားခဲ့သော သူမ၏ပုံရိပ်နှင့် သူမ၏အသွင်အပြင်ကတောင် မှုန်ဝါးနေခဲ့သည်။
အစ်ကိုကြီးနှင့် အစ်မလတ်က အမွှေးတိုင်ပူဇော်ဖို့ တစ်နှစ်တစ်ခါ ဘုရားကျောင်းကိုသွားလေ့ရှိပေမယ့် သူကတော့ လုံးဝမသွားခဲ့ပေ။ ဤအမျိုးသမီးက မွေးပြီးကတည်းက သူ့ကိုဂရုမစိုက်ခဲ့တာဖြစ်ပြီး သူက ကလေးထိန်းနှင့် ကြီးပြင်းလာခဲ့ရသူဖြစ်၏။ သူမ၏အာရုံက ရှန်ထျန်းဖုန်းဆီမှာ အချိန်ပြည့်ရှိနေခဲ့ပြီး သူတို့ သူ့ကိုမွေးခဲ့သည်အချိန်က သူတို့၏ အဆိုးဆုံးအချိန်ဖြစ်ခဲ့တာကြောင့် ရှန်ချီဟွမ်း သူမဆီက ရခဲ့သည်မှာ လျစ်လျူရှုမှုများသာဖြစ်၏။
ထိုနည်းတူစွာ သူမ ကလေးထိန်းကို အပြောအများဆုံး စကားကိုတောင် ရှန်ချီဟွမ်းကမှတ်မိနေသေးသည်။ “အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ! သူ့ကိုခေါ်သွားစမ်း… ငါ အခု သူ့ကို မမြင်ချင်သေးဘူး!”
တကယ်တော့ ရှန်ချီဟွမ်းက ဤအမျိုးသမီးပြန်လာသော သတင်းကြောင့် စိတ်ထိခိုက်နေတာမဟုတ်ပဲ သူမ သူ့အတွက် ယူဆောင်လာပေးခဲ့တာက ဆိုးရွားသော အမှတ်တရများသာဖြစ်၍ပင်။ သို့သော် ရှန်းယုဟန်နှင့်ဆိုလျှင် သူက သူ့အတွေးကို အလွယ်တကူ ဖော်ပြနိုင်တာကြောင့် စကားကြုံ၍ ပြောပြခဲ့တာပင်။
သူက ပြောလိုက်သည်။ “အစ်ကိုကြီးက သူမကျန်းမြို့တော်မှာ ကာလတစ်ခုအထိ ပြန်လာနေမယ်လို့ ပြောခဲ့တယ်။ လောကီဘဝကို ပြန်လာတာပဲဖြစ်ဖြစ် တခြားကိစ္စပဲဖြစ်ဖြစ် သေချာရှင်းရှင်းလင်းလင်း မသိရသေးဘူး။”
ရှန်းယုဟန်က သူ့ကို တူတစ်စုံပေးလိုက်သည်။ “ဒါဆို သူမပြန်လာချင်ရင် ပြန်လာလို့ရတာပဲ။ ယေကျာ်း စိတ်ပူစရာမလိုပါဘူး။ ခင်ဗျားဘဝကို ထိခိုက်စေမှာမှ မဟုတ်တာ။”
ရှန်ချီဟွမ်းက ခေါင်းညိတ်လိုက်သည်။ “အဲ့ဒါလည်းမှန်တာပဲ။” ယခုအချိန်အထိ သူပိုင်ဆိုင်သမျှ အရာအားလုံးက သူကိုယ်တိုင်ကြိုးစားခဲ့ရတာဖြစ်လို့ သူမနဲ့ ဘာမှမဆိုင်ပေ။
ထိုအချိန်တွင် ရှန်းယုဟန်က တခြားတစ်ခုတွေးမိသွားသည်။ “သူမပြန်လာရင် ကျွန်တော်တို့နှစ်ယောက် သူမဆီသွားလည်ဖို့ လိုအပ်လား?” တစ်ဖက်လူက သီလရှင်မဟုတ်တော့ပဲ လူဝတ်ထွက်လာတာဖြစ်၍ 'သွားလည်မယ်'စကားလုံးကို သုံးလို့ရပြီး ယခုအချိန်မှာ သူမကို ဓမ္မအမည်လည်း ခေါ်စရာမလိုပေ။
“မသိဘူး။ သူမပြန်လာမှ ဘာရည်ရွယ်ချက်တွေရှိနေလဲ ကြည့်ကြတာပေါ့” ရှန်ချီဟွမ်းက သူ့မိခင်အရင်းအကြောင်းကို ဆိုးဆိုးရွားရွား မတွေးချင်သော်လည်း အတိတ်က ဆိုးရွားသော အတွေ့အကြုံများကို တွေးမိလိုက်တိုင်း အလိုအလျောက်တုံ့ပြန်စက် တီထွင်ထားမိသလိုပင် ကူကယ်ရာမဲ့ဖြစ်စေ၏။
“ယောကျာ်း၊ ကျွန်တော့်ယောက္ခမက ဘယ်လိုလူမျိုးလဲ?” ရှန်းယုဟန်က နည်းနည်းလောက် သိချင်နေ၏။ အမှန်တော့ ရှန်ချီဟွမ်းက ရှန်ထျန်းဖုန်းနှင့် သိပ်မတူပဲ သူ့ညီအစ်ကိုများကတော့ ရှန်ထျန်းဖုန်း၏ အသွင်အပြင်ကို ဆက်ခံထားကြသည်။
ရှန်ချီဟွမ်းသည် သူ့ဇနီးလေး အဆက်မပြတ် အသုံးပြုနေသော ယောက္ခမဆိုသောအသုံးအနှုန်းကြောင့် ရယ်မောမိကာ သူ၏စိတ်ပူပန်မှုကို ခံစားမိ၏။ “မင်းယောက္ခမအကြောင်းကို တရားကျကျပြောရရင် ငါ့မှာ သူမအပေါ် အမြင်ကောင်းသိပ်မရှိဘူး။ ဒါပေမယ့် အပြင်လူတွေကတော့ သူမကိုအထင်ကြီးကြတယ်။ အဲ့ဒီအချိန်တုန်းက သူမရဲ့မိသားစုက ကျန်းချန်မြို့က ချမ်းသာတဲ့ဒေသခံတွေပဲ။ ငါ့အဖေက ဆင်းရဲတဲ့မိသားစုက လူငယ်လေးဖြစ်ပြီး လူတွေကို ကစားနိုင်တဲ့ ပလေးဘွိုင်းတစ်ယောက်ပဲ။ သူမက ငါ့အဖေကိုလက်ထပ်ဖို့ ကိုယ်တိုင်ရွေးချယ်ခဲ့တာလို့ပြောတယ်။ ဒါပေမယ့် သူမမိသားစုက သူ့ကိုမကြိုက်တော့ အမေက သူ့ကိုလက်ထပ်ချင်လွန်းလို့ အဘိုးအဘွားတွေနဲ့ ဆက်ဆံရေးဖြတ်တောက်လုနီးပါးဖြစ်ခဲ့တယ်။ ဒါပေမယ့်လည်း သူမက ကုမိသားစုလက်ဖဝါးထဲက ပုလဲလုံလေးဖြစ်နေတော့ နောက်ဆုံးမှာ သူတို့က သူမတောင်းဆိုတာကို လက်ခံလိုက်ကြတယ်။”
ရှန်းယုဟန်က အချစ်နဲ့ပတ်သတ်ပြီး သူမ၏ခံယူချက်ကို အတော်လေးအထင်ကြီးသွားသည်။ “ဒါဆို နောက်တော့ ဒီလိုဘာလို့ဖြစ်လာတာလဲ? မိသားစုနှစ်ခုရဲ့ အဆင့်က ပြောင်းပြန်ဖြစ်နေသလိုပဲ။ ယောက္ခမရဲ့ဇာတိကရော ဘယ်လိုမျိုးလဲ? သူတို့အဆက်အသွယ်မရှိကြတော့ဘူးလား?” သူက ရှန်ချီဟွမ်းနှင့် နှစ်ဝက်ကျော်အတူနေခဲ့ဖူးပေမယ့် သူ့ဆီက ယောက္ခမ၏ မိသားစုအကြောင်း မကြားဖူးချေ။ အကျိုးအကြောင်းသင့်ရရင် မိခင်၏မိသားစုက အရမ်းအရေးကြီးသည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏သိချင်စိတ်ကို ကျေနပ်နေသည်။ “အဘိုးအဘွားက ငါမမွေးခင်တည်းက ဆုံးသွားတာ၊ ပြီးတော့ အမေကလည်း သီလရှင်ဖြစ်လာတယ်။ ရလဒ်ကတော့ ငါနဲ့ချီရှင်းက ကုမိသားစုနဲ့ အတော်လေး ဆက်ဆဲရေးကျဲသွားတယ်။ လက်ရှိမှာ အစ်ကိုကြီးက ရင်းနှီးတဲ့ဆွေမျိုးတချို့နဲ့ အဆက်အသွယ်ရှိနေလောက်တယ်။ ဒါပေမယ့် မကြာခဏလို့ပဲပြောရမှာပေါ့။ နှစ်သစ်ကူးနေ့နဲ့ တခြားပွဲတော်တွေမှာ လက်ဆောင်ဖလှယ်တာ ..အဲ့လောက်ပါပဲ။ မိသားစုနှစ်ခုရဲ့ အဆင့်အတန်းကွာနေတဲ့ အကြောင်းအရင်းက အဘိုးအဘွားတွေရဲ့ငွေအများစုကို အမေ့ကိုပေးခဲ့လို့ပဲ။ ရှန်ထျန်းဖုန်းက အမေ့ကို ကောင်းကောင်းဂရုစိုက်နိုင်မယ်လို့ သူတို့မျှော်လင့်ထားလို့ အဖေ့ရဲ့လုပ်ငန်းအတွက် အများကြီးထောက်ပံ့ခဲ့တယ်။ သူ့ကိုအကူအညီအများကြီးပေးခဲ့တယ်။ တစ်ခွန်းတည်းပြောရရင် ရှန်မိသားစုက ကုမိသားစုကြောင့် လက်ရှိအခြေအနေကို ရလာခဲ့တာ။”
ရှန်းယုဟန်က ပြောလိုက်သည်။ “နောက်ကွယ်မှာ လူတွေအကြောင်းပြောတာ မကောင်းပေမယ့်လည်း အခု အဖေက ကုမိသားစုရဲ့ ကျေးဇူးကို လျစ်လျူရှုပြီး သူ့အကိုင်းအခက်တွေကို အပြင်မှာဖြန့်ခဲ့တာပေါ့။ ခင်ဗျားရဲ့အဘိုးအဘွားတွေက သူနဲ့အဆက်အသွယ်ပြတ်သင့်တာ ကြာပြီမဟုတ်လား?”
ရှန်ချီဟွမ်းက ခေါင်းခါကာ ပြောလိုက်၏။ “အဘိုးအဘွားတွေက သူတို့ဆုံးသွားတဲ့နေ့အထိ သူ့ကို သည်းမခံနိုင်ခဲ့ဘူးလို့ ပြောကြတယ်။ ဒါပေမယ့် အမေက သူ့ကိုလက်မလွှတ်ပေးတော့ သူတို့ဘာမှမလုပ်နိုင်ခဲ့ဘူးလေ”
“ဒါဆို သူ့အပြုအမူက လက်ရှိတစ်လင်တစ်မယားစနစ် ဥပဒေကို ချိုးဖောက်နေတာမဟုတ်ဘူးလား?” ရှန်းယုဟန်က လက်ရှိဥပဒေကို မသိတာမဟုတ်၊ သူ လျန်ရွှေရွာမှာရှိခဲ့စဥ် သူ့ဖုန်းက လိုင်းမကောင်းတာကြောင့် သူနဲ့ အကိုကြီးလင်းက ဧည့်ခန်းထဲမှာထိုင်ပြီး ဥပဒေချန်နယ်ကို ကြည့်ခဲ့ကြပြီး သူကလည်း ခေတ်သစ်က လက်ထပ်ထိမ်းမြားခြင်း ဥပဒေကို အနည်းအကျဥ်း နားလည်ခဲ့သည်။
ရှန်ချီဟွမ်းကပြောလိုက်သည်။ “ဒီလိုကိစ္စမျိုးမှာ အများပြည်သူက သတင်းမပို့ရင် အာဏာပိုင်တွေက စစ်ဆေးလို့မရဘူး။ ကျင့်ဝတ်အရပဲ ရှုတ်ချလို့ရပြီး နိုင်ငံတော်က ဝင်စွက်ဖက်လို့ မရဘူး။”
ဒီလိုကိုး.. တရားဥပဒေချန်နယ်လိုင်းကိုကြည့်ပြီးတော့ ရှန်းယုဟန်က ထိုကိစ္စကို ထူးဆန်းတယ်လို့ တွေးမိခဲ့၏။ တစ်လင်တစ်မယားဓလေ့နှင့် လူအဖွဲ့အစည်းမှာ ရှန်ထျန်းဖုန်းက ဇနီးမယားများစွာကို လက်ထပ်ထားပြီး အများပြည်သူက မတိုင်ကြားရင် အာဏာပိုင်တွေက အရေးယူလို့မရပေ။ ဆိုလိုတာက သူက ဥပဒေမှာ ကွက်လပ်တစ်ခုကို ရှာတွေ့ခဲ့သည့်အပြင် ယင်းက နိုင်ငံသားများ၏ ကိုယ်ရေးကိုယ်တာ အပြုအမူအမျိုးအစားအောက်မှာ ကျရောက်သွားပြီး လူ့အဖွဲ့အစည်းကို ထိခိုက်စေသော အဆင့်ထိ မပြင်းထန်ခဲ့ပေ။
“ဒါခင်ဗျားတို့အတွက် အရမ်းခက်ခဲမှာပဲ။” ရှန်းယုဟန်က သူ့ခင်ပွန်းကို သနားနေသည်။
“မဆိုးပါဘူး။” ရှန်ချီဟွမ်းက သူ့ကိုယ်သူလှောင်လိုက်သည်။ “ငါက ပထမဇနီးရဲ့သားဖြစ်ပြီး နောက်ခံကောင်းကောင်းလည်း ရှိတယ်လေ”
ရှန်းယုဟန်က ခေါင်းညိတ်သည်။ “ဟုတ်တယ်”
သူ့ဇနီးနှင့် တအောင့်ကြာအောင် စကားပြောပြီးနောက် ရှန်ချီဟွမ်း နှစ်ပေါင်းများစွာ သိမ်းဆည်းထားရသော နာကျည်းမှုအချို့ သက်သာသွားခဲ့၏။
လူနှစ်ယောက်က ပြေလည်သွားကတည်းက သူတို့ဆက်ဆံရေး ပိုမိုချောမွေ့လာတယ်လို့ ပြောလို့ရသော်လည်း သူတို့နှစ်ယောက်က ကိုယ့်အလုပ်နဲ့ကိုယ် အလုပ်ရှုပ်နေခဲ့ပြီး အရမ်းကပ်တွယ်မနေကြပေ။ တစ်ယောက်၏အတွင်းစိတ်ကို တစ်ယောက်နားလည်ပြီးနောက် သူတို့ဆက်ဆံရေးက တင်းမာမနေတော့ပေ။ အနည်းဆုံးတော့ တစ်ခုခုဖြစ်လာရင် နှစ်ယောက်ကြားဆက်ဆံရေးက ပြင်ပတွန်းအားများကို တွန်းလှန်နိုင်စွမ်းရှိပေလိမ့်မည်။
–
ထိုနေရာရှိ ရှေးဟောင်းသုတေသနအဖွဲ့က အုတ်ဂူထဲက ယဥ်ကျေးမှုအမွေအနှစ် နောက်ဆုံးအသုတ်ကို ရှင်းလင်းနေပြီး သူတို့က ရှန်းယုဟန် ပြတိုက်သို့သွားရန် အချိန်ယူခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ကြသည်။ သန့်ရှင်းလို့ပြီးသွားမှ ရှန်းယုဟန် ဆက်လက်ထိန်းသိမ်းနိုင်မှာပင်။
သတိမထားမိလိုက်ပါပဲ ရှန်းယုဟန် တစ်ခါမှမတွေ့ဖူးသော ယောက္ခမက ကျန်းမြို့တော်ကို ရောက်လာခဲ့သည်။
ရှေးခေတ်ကတည်းက ယောက္ခမနှင့် ချွေးမကြားရှိ ဆက်ဆံရေးက အကြီးမားဆုံးပြဿနာဖြစ်၏။
ချီတိုင်းပြည်၌ ချွေးမက သူတို့ခင်ပွန်းအပြင် သူတို့ယောက္ခမ၏စကားကိုပါ နားထောင်ရသည်။ သူတို့က ယောက္ခမခွင့်မပြုတာ ဘာမှမလုပ်ရသလို သူတို့ခင်ပွန်းကလည်း ယောက္ခမစကားကို နားထောင်ရ၏။ သူတို့က သူတို့ဇနီးဘက်က ပြောပေးရင် မွေးရကျိုးမနပ်ဘူးလို့ သတ်မှတ်ခံရပြီး ယောက္ခမက သူတို့ချွေးမကို သဘောမကျရင် သူ့သားကိုယ်စား သူတို့ကို ကွာရှင်းပေးလို့ရသည်။ ထို့အပြင် သားက မနာခံရင် သားဆိုးအဖြစ် သတ်မှတ်ခံရလေ၏။
ရှန်းယုဟန်က သီလရှင်ဝတ်ပြီး ကျန်းမြို့တော်ကို ပြန်ရောက်လာသော သူ့ယောက္ခအကြောင်းကို ရှန်ချီဟွမ်းဆီမှ နည်းနည်းလေ့လာခဲ့သည်။
သူမနာမည်က ကုပီချင်းဖြစ်ပြီး သူမက ရှန်ထျန်းဖုန်းထက် လေးနှစ်ငယ်သည်။
–
ယနေ့တွင် ရှန်ချီယွမ်က သူတို့အားလုံးကိုခေါ်ပြီး အားလုံးက ညနေမှာ ညစာစားဖို့ အိမ်မှာစုကြမည်ဖြစ်၏။ ကုပီချင်းက သူ့အိမ်မှာ ခဏလောက်နေမှာဖြစ်ပေမယ့် အချိန်အတိအကျကိုတော့ မပြောထားပေ။
သူ့ယောက္ခမကို ပထမဆုံးအကြိမ်တွေ့ရမှာဖြစ်သော ရှန်းယုဟန်က စိတ်လှုပ်ရှားနေသည်။ သူက ကုမ္ပဏီအောက်ထပ်တွင် ရှန်ချီဟွမ်း အလုပ်ဆင်းတာကို စောင့်နေပြီး သူတို့နှစ်ယောက်က ရှန်ချီယွမ်၏အိမ်ကို သွားခဲ့ကြသည်။
လမ်း၌ ရှန်းယုဟန်က တိတ်ဆိတ်နေပြီး စကားတစ်လုံးမှမပြောသဖြင့် ရှန်ချီဟွမ်းက သူဒီနေ့တစ်ခုခုဖြစ်နေမှန်း သိလိုက်၏။
ရှန်ချီဟွမ်းက သူ့ကိုမေးလိုက်သည်။ “ဘာလို့ဘာမှမပြောတာလဲ?”
ရှန်းယုဟန်က သက်ပြင်းရှည်ချကာ ဆိုသည်။ “ရုပ်ဆိုးတဲ့ချွေးမလေးက ယောက္ခမကြီးကို ကြောက်လို့ပါ”
ရှန်ချီဟွမ်းက သူ့ကိုဘေးသို့ဆွဲလိုက်၏။ “ဘာကြောက်စရာလိုလဲ? ကိုယ်တောင် ဂရုမစိုက်တာ မင်းလည်း သူမကို ဂရုစိုက်ဖို့မလိုဘူး”
ရှန်းယုဟန်က ရှန်ချီဟွမ်းကိုမှီပြီး စိတ်သက်သာရာရသွား၏။ “ကောင်းပြီ”
သို့သော် သူက ရှေးခေတ်လူသားတစ်ယောက်ဖြစ်နေဆဲပင်။ သူငယ်စဥ်ကတည်းက အနာဂတ်မှာ ယောက္ခမကို ကောင်းကောင်းပြုစုရမယ်လို့ သွန်သင်ဆုံးမခဲ့ကြသည်။ နန်းတော်မှာ မိဘုရားကို ကောင်းကောင်းအမှုထမ်းဖို့လည်း သူ့မော့မေ့ာကသင်ပေးဖူးသည်။
တကယ်တော့ သူက ထွက်မလာခင်မှာ ခေတ်သစ်၏ယောက္ခမနှင့် ချွေးမကြားဆက်ဆံရေးအကြောင်း အများကြီးဖတ်ရှုခဲ့ပြီး ခေတ်သစ်လူသားတွေမှာ အပြောင်းအလဲရှိမယ်လို့ ထင်ခဲ့ပေမယ့် သူက သူတို့ယောက္ခမများအကြောင်း မကျေမနပ် ညည်းတွားထားသည့် စာများစွာကိုသာ ဖတ်ရှုခဲ့ရသည်။ သတင်းထဲမှ ယောက္ခမနှင့်ချွေးမကြား ဆက်ဆံရေးကပင် သိပ်မကောင်းပေ။ တချို့အမျိုးသားများက ယောက္ခမကြောင့် သူတို့ဇနီးသည်များကို ကိုယ်ထိလက်ရောက်အနိုင်ကျင့်ကြပြီး ယင်းမှာ အတော်လေး ဆိုးရွား၏။
ဤအဆုံးမရှိသော ပြဿနာမှာ အဖြေမရှိပေ။
စိုးရိမ်သောကရောက်နေသော ရှန်းယုဟန်က ရှန်ချီယွမ်၏ ဗီလာကို ရောက်လာခဲ့ပြီး ဤသည်မှာ ဒီကိုရောက်ဖူးသော ပထမဆုံးအကြိမ်တော့ မဟုတ်ချေ။
ရှန်ချီယွမ်၏မိသားစုမှာ လူအများကြီးရှိပြီး ဒရိုက်ဘာနှင့် ကလေးထိန်းအပါအဝင် ဆယ့်နှစ်ယောက်ကျော်လောက်ရှိသည်။ အခန်းကလည်း ကျယ်ဝန်းပြီး ပင်မအိမ်တော်ကို မောင်းလာဖို့ အကွာအဝေးအနည်းငယ်ရှိသည်။ သူတို့က တရုတ်နှစ်သစ်ကူးမှာ ဤနေရာတွင် ညစာလာစားခဲ့ပြီး ရှန်းယုဟန်က လှပသောဥယျာဥ်အမျိုးမျိုးကြောင့် အံ့အားသင့်ခဲ့ရသည်။
ဒီတစ်ကြိမ်လာသော ခံစားချက်က ကွဲပြားပြီး သူ့မှာ ထိုအရာများကို ခံစားဖို့ စိတ်ကြည်မနေတော့ပေ။
ရှန်ချီဟွမ်းက ရှန်ချီယွမ်၏အိမ်ကိုလာတာ ရှား၏။ ပထမအချက်ကတော့ သူ့အစ်ကိုကြီးက အလုပ်ရှုပ်နေပြီး ဒုတိယအချက်ကတော့ သူ့မရီးက တက်ကြွမှုမရှိပေ။ သူမမှာ လူတိုင်းအပေါ် တူညီသောသဘောထားရှိပြီး အတော်လေးအေးစက်တာကြောင့် ညီအစ်ကိုတွေ ညစာအတူစားချင်သည့်အချိန်တိုင်း သူတို့က အပြင်မှာတွေ့လေ့ရှိသည်။
ယနေ့မှာ လူအများကြီးရှိနေပြီး ပုံမှန်ဆိုလျှင် နောက်ဆုံးမှရောက်လာတတ်သော ရှန်ချိီရှင်းက အရင်ရောက်နေခဲ့သည်။ သူက သူ့တူလေးနှင့် အမြဲတမ်း ကစားရတာကြိုက်ပေမယ့် ယနေ့မှာတော့ စိတ်ဓာတ်ကျနေခဲ့သည်။ သူ့မှာလည်း ရှန်းယုဟန်နှင့် ထပ်တူညီသော စိတ်အခြေအနေရှိပြီး တစ်ယောက်က ယောက္ခမကိုတွေ့ဆုံရတာဖြစ်ပြီး နောက်တစ်ယောက်ကတော့ မွေးမိခင်ကိုတွေ့ရတာဖြစ်၏။ ယှဥ်ကြည့်လျှင် မိခင်နှင့်တွေ့ဆုံတာက အရေးပိုကြီးသဖြင့် ရှန်းယုဟန်က ထိုအကြောင်းတွေးပြီး စိတ်သက်သာရာရသွား၏။
အစ်မလတ်နှင့် ဒုတိယယောက်ဖ၏မိသားစုလည်း ရှိနေပြီး သူမကတော့ ဒီကို မကြာခဏလာလေ့ရှိတာကြောင့် ကလေးတွေက တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကြသည်။
ရှန်ချီဟွမ်းက သူတို့နဲ့စကားစမြည်ပြောနေပြီး ရှန်ချီရှင်းက ရှန်းယုဟန်၏ဘေးကို တိတ်တိတ်လေးရွှေ့သွားသည်။ ညီအစ်ကိုမောင်နှမလေးယောက်ထဲမှာ သူက အငယ်ဆုံးဖြစ်ပြီး သူ့မိခင်ကို တစ်ခါမှမမြင်ဖူးပေ။ ယခုလို နှစ်နှစ်ဆယ်ကျော်ကြာမှ သူမက ပြန်လာချင်တယ်လို့ ရုတ်တရက်ပြောခဲ့သည့်အပြင် တစ်မိသားစုလုံးက အတူရှိနေရမှာဖြစ်၍ ရှန်ချီရှင်းက ယခင်ရက်အနည်းငယ်တည်းက စိတ်ဓာတ်ကျနေခဲ့သည်။
ရှန်ချီရှင်းက တီးတိုးပြောလာ၏။ “တတိယမရီး၊ ကျွန်တော်စိတ်လှုပ်ရှားနေတယ်။”
ရှန်းယုဟန်က သူ့ကိုဖြေလိုက်သည်။ “ငါလည်းစိတ်လှုပ်ရှားနေတယ်”
တူညီသောအချက်ကိုတွေ့လိုက်ရတော့ ရှန်ချီရှင်းက ပြောလိုက်၏။ “ဘာလို့စိတ်လှုပ်ရှားနေတာလဲ?”
ရှန်းယုဟန်က ပြောလိုက်သည်။ “ယောက္ခမကိုတွေ့ရမယ့် ဘယ်ချွေးမက စိတ်မလှုပ်ရှားလို့လဲ?”
ရှန်ချီရှင်းက သူ့ကိုပြန်နှစ်သိမ့်လိုက်ပြီး သူ စိတ်ညစ်နေတာကိုပင် ချက်ချင်းမေ့သွားခဲ့သည်။ “သူမက ခင်ဗျားနဲ့ သိပ်မဆိုင်ပါဘူး။ ခင်ဗျားက တော်တော်တည်ငြိမ်တယ်လို့ ကျွန်တော်ထင်တယ်။”
ရှန်းယုဟန်ကပြောလိုက်သည်။ “မင်းနားမလည်ပါဘူး၊ အိမ်ထောင်ကျပြီးမှသိလိမ့်မယ်။”
ရှန်ချီရှင်း၏အာရုံက အောင်မြင်စွာ လွှဲပြောင်းသွားပေမယ့် သူ့စိတ်အခြေအနေက မကောင်းသေးပေ။ “အဲ့ဒါတော့မှန်တယ်။ ကျွန်တော် အိမ်ထောင်မပြုဖူးဘူးလေ။ အိမ်ထောင်ပြုပြီးရင်တောင် ဒီလိုအရာမျိုးတော့ မကြုံချင်ပါဘူး။”
ဤအချက်ကအနာကိုထိ၏။ ရှန်းယုဟန်က ရှန်ချီရှင်းကို စကားမပြောချင်တော့ပေ။ ခေတ်သစ်အသုံးအနှုန်းအရ သူ့ယောက်ဖ၏ ဉာဏ်ရည်ဉာဏ်သွေးက နည်းနည်းနိမ့်သည်။