Chapter 78.2
Viewers 23k

Chapter 78.2


“ယောက္ခမပြန်လာပြီ”


ရှန်းယုဟန်က ဘာကြောင့်မှန်းမသိပေမယ့် ယောက္ခမနှင့် အဆင်ပြေအောင် ပေါင်းသင်းရတာက ကြီးကြီးမားမား ပြဿနာမဟုတ်ဘူးလို့ အမြဲတမ်းခံစားခဲ့ရသည်။ ရှန်မိသားစု၏ ဖွဲ့စည်းပုံက ချီတိုင်းပြည်က မိသားစုများနှင့် သိပ်မကွာပေ။ သူ ရှန်ချီဟွမ်းကို ဂရုစိုက်တာကြောင့် ဤတွေ့ဆုံမှုကို အလေးထားတာဖြစ်ပေမည်။ ထို့အပြင် သူက အနည်းငယ်နေရခက်နေသည်။ သူက သူ့ယောက္ခမနှင့် ပေါင်းသင်းဆက်ဆံဖို့က မလွယ်ဘူးလို့ အမြဲခံစားခဲ့ရပြီး ယင်းမှာ သူ၏ဆဋ္ဌမအာရုံသာဖြစ်၏။


အတန်ကြာစောင့်ပြီးနောက် ကုပီချင်း ရောက်လာဖို့က ပိုနီးကပ်လာခဲ့၏။


ရှန်ချီယွမ်က ရုတ်တရက် စကားပြောတာရပ်လိုက်ပြီး ဖုန်းဖြေလိုက်သည်။ လူ​အကြိုလွှတ်လိုက်သော ဒရိုက်ဘာက သူတို့ရောက်နေပြီလို့ ပြောလာသည်။

လူတိုင်းက မတ်တပ်ထရပ်ကာ တံခါးဆီလျှောက်သွားသည်။ ရှန်းယုဟန်​က စိတ်လှုပ်ရှားနေပေမယ့် သူက ရှန်ချီဟွမ်း၏ လက်ရှိစိတ်အခြေအနေကို အာရုံစိုက်နေဆဲပင်။ သူက တံခါးမှာ လူစောင့်ရင်း သူ့လက်ကို မသိမသာကိုင်လိုက်၏။ ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်​က တစ်ယောက်ကိုတစ်​​ယောက် ကြည့်လိုက်ကြပြီး ရှန်းယုဟန်က သူ့လက်ဖဝါးကို အသာအယာ ညှစ်လိုက်၏။


ရှန်းယုဟန်က တိုးတိုးလေးပြောလိုက်သည်။ “ယောကျာ်း၊ မစိုးရိမ်ပါနဲ့”


ရှန်ချီဟွမ်းက သူ့ကြောင့် ရွှင်လန်းလာသည်။ “ငါမစိုးရိမ်ပါဘူး။” 


သူတို့နှစ်ယောက်စကားပြောနေစဥ် လူတိုင်းကို စိတ်မသက်မသာဖြစ်စေသော လူကို ခေါ်လာသည့်ကားက နောက်ဆုံးမှာရောက်လာခဲ့သည်။


ဒရိုက်ဘာက ကားထဲကထွက်ပြီး အ​နောက်တံခါးကိုဖွင့်လိုက်သည်။ 


အစ်ကိုကြီး ရှန်ချီယွမ်က ရှေ့ကို ဦးဆောင်ထွက်သွားသည်။


လူတိုင်းတွေးထားသည်နှင့် လုံးဝမတူပဲ တင်းမာသော မျက်နှာထားနှင့် ဆံပင်ထုံးထားသော ​​အမျိုးသမီးတစ်ယောက်က ကားပေါ်မှဆင်းလာသည်။ သူမမျက်နှာပေါ်မှာ အပြုံးမရှိသလို ဆင်းလာတာနှင့် ရှန်ချီယွမ်ကို သခင်လေးလို့ခေါ်လိုက်သည်။


ရှန်ချီဟွမ်းက သူမကိုခေါ်လိုက်သည်။ “အန်တီချန်”

သူမက ရှန်ချီဟွမ်း၏မိခင်မဟုတ်ပဲ ကုပီချင်း၏ဘေးမှာ အမြဲရှိနေခဲ့သောလူဖြစ်၏။


အန်တီချန်က လှည့်ကြည့်ကာ ကားထဲကို လက်ကမ်းပေးလိုက်သည်။ “မဒမ်၊ ကျွန်မတို့ရောက်ပြီ”


ထိုအချိန်တွင် မဒမ်ဆိုသည့် အမျိုးသမီးက လက်ဆန့်လိုက်ပြီး သူမလက်က ဖြူဖွေးကာ ကောင်းကောင်းထိန်းသိမ်းထားဆဲဖြစ်ပြီး သူမက ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။


သူမခြေထောက်များက မြေပြင်ပေါ်ကို ဆင်းသက်ပြီးနောက် လက်ကိုဖြည်းဖြည်းချင်းမြှောက်ကာ တင်းမာသောမျက်နှာထားရှိသည့် အမျိုးသမီး၏လက်ကောက်ဝတ်ကို ကိုင်လိုက်သည်။


ဘယ်ညာတစ်ချက်ကြည့်ပြီး နောက်ဆုံးမှာတော့ သူတို့စောင့်မျှော်နေသော လူကရောက်ရှိလာခဲ့သည်။


ကုပီချင်းက သူမကလေးများ၏အရှေ့မှာ ထွက်ပေါ်လာပြီး သူမက သီလရှင်ဝတ်ရုံကို မဝတ်ထားပဲ ခေတ်မီကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထား၏။



သူမမျက်နှာက ဘာမှမလိမ်းထားပဲ ဆံပင်ကိုထုံးထားပြီး အသက်ခြောက်ဆယ်ကျော်အထိ ကောင်းကောင်းထိန်းသိမ်းထားသည်။ သူမ၏အသားအရေက တင်းမာနေပြီး မျက်လုံး​ထောင့်က အရေးအကြောင်းသာ မရှိခဲ့ရင် သူမ၏အသက်အစစ်အမှန်ကို ပြောရခက်ပေမည်။

သူမက နူးညံ့သိမ်မွေ့သော သာမန် ကျန်းနန်အမျိုးသမီးတစ်ဦးဖြစ်ပြီး အရပ်လည်း သိပ်မရှည်ပေ။ သူမက ဤနေရာတွင်ရှိနေသူအားလုံးကို နှံ့နှံ့စပ်စပ်ကြည့်ကာ သူမမျက်လုံးများက ရှန်ချီယွမ်ဆီရောက်သွားသည်။


ရှန်ချီယွမ်က အရင်ခေါ်လိုက်သည်။ “အမေ၊ ပြန်လာပြီ”


ထိုမှသာ ကုပီချင်းက သူမလက်ကို တင်းမာသောမျက်နှာထားရှိသည့် အမျိုးသမီး၏လက်ကောက်ဝတ်မှ ချလိုက်သည်။ သူမက ဤနှစ်များအတွင်း ခက်ခဲသောဘဝမှာ မနေခဲ့ရတာကို မြင်နိုင်သည်။ သူမဘေးမှာ အလုပ်အကျွေးပြုမယ့် လူတွေရှိနေဆဲဖြစ်ပြီး ယင်းမှာ နှစ်အတော်ကြာ သစ္စာစောင့်သိခဲ့သော အစေခံဖြစ်၏။


ကုပီချင်းက ခေါင်းညိတ်ကာ ရှန်ချီယွမ်အား ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။


ရှန်ချီပင်းက သူမကို အမေလို့ခေါ်လိုက်တော့ ကုပီချင်းက သူမကိုလည် ခေါင်းညိတ်ပြလိုက်ပြီး ရှန်ချီဟွမ်းနှင့် ရှန်ချီရှင်းကိုကြည့်လိုက်သည်။ သူတို့က စကားတစ်လုံးမှ မပြောတာကြောင့် သူမကလည်း ဘာမှမပြောတော့ပဲ အိမ်ထဲတန်းဝင်သွားသည်။ တခြားလူများကိုတော့ သူမက တည့်တိုးလျစ်လျူရှုသွား၏။


ဟုတ်သည်.. သူမက သူတို့ကိုလျစ်လျူရှုကာ အကြည့်တစ်ချက်ပင် မပေးခဲ့ပေ။


သူမအိမ်က ထွက်မသွားခင်မှာ ရှန်ချီယွမ်နှင့် ရှန်ချီပင်းက အိမ်ထောင်မပြုရသေးပဲ သူမပြန်လာတော့ ကိစ္စတွေက ပြောင်းလဲသွားပေမယ့် သူမ၏ အကျင့်စရိုက်ကတော့ သိပ်မကောင်းလှပေ။


ရှန်းယုဟန်က သူမနဲ့မတွေ့ခင် အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း သူမကိုတွေ့ပြီး​နောက် စိတ်လှုပ်ရှားခြင်း မရှိတော့ပေ။


နှစ်ပေါင်းများစွာ သီလရှင်ဝတ်ခဲ့သော လူတစ်​​ယောက်က ရုတ်တရက်ပြန်လာပြီး သူမပြန်လာသောအခါ သီလရှင်ဝတ်ဖူးသူတစ်ယောက်လို ဝတ်ဆင်မထားပဲ ဆံပင်နဲ့ကျင့်သားနေရပုံမှာ စဥ်းစားစရာဖြစ်နေသည်။ သူက အမြဲတမ်း အသေးစိတ်ခံစားတတ်တာကြောင့် တစ်ချက်ကြည့်ရုံဖြင့် ခပ်လျှိုလျှိုနေတတ်သော ယောက္ခမ၏ပုံရိပ်ကို မတွေ့ခဲ့ရပေ။ ယင်းမှာ ရိုးစင်းမှုမရှိပေ။ အထူးသဖြင့် သူမက သူမကလေးများ၏ လက်တွဲဖော်များကို ပြတ်ပြတ်သားသား လျစ်လျူရှုသွားပုံက သူမ၏အတုမရှိသော မောက်မာမှုကို ဖုံးကွယ်ထားလို့ မရနိုင်ခဲ့ပေ။


ရှန်းယုဟန်က ဘယ်သူ့ကိုမှ မျက်နှာသာမပေးချင်တာကြောင့် ကုပီချင်း၏ရည်ရွယ်ချက်ကို မတွေးတော့ပဲ ရပ်လိုက်သည်။


ရှန်ချီယွမ်က သူမနဲ့ အန်တီချန်၏ ခရီး​ဆောင်အိတ်ကို အခန်းထဲအရင်သယ်သွားခဲ့ပြီး သူမကို ထမင်းစားမလား ကိုယ်လက်သန့်စင်မလား အရင်မေးလိုက်သည်။


ကုပီချင်းက ​နောက်ဆုံးမှာ ပါးစပ်ဖွင့်လာသည်။ “အရင်စားကြတာပေါ့၊ အားလုံးစောင့်နေရတာကြာပြီ၊ အိမ်မှာ လူတွေလည်းအများကြီးတယ်။ ငါ့မြေးတွေအပါအဝင် ငါသူတို့ကို သေချာမကြည့်ရသေးဘူး” 

သူမ၏မျက်ခုံးနှင့် မျက်လုံးကြားတွင် ပင်ပန်းနွမ်းနယ်မှုမရှိပဲ သူမက အလွန်တက်ကြွနေသည်။


လူတိုင်းက စားပွဲမှာထိုင်လိုက်ကြပြီး ကုပီချင်းက ပင်မထိုင်ခုံမှာထိုင်ကာ လှည့်ပတ်ကြည့်ရှုနေသည်။

ရှန်ချီယွမ်က အားလုံးကို တစ်​​ယောက်ချင်းစီ မိတ်ဆက်ပေးလိုက်သည်။ သူက မိသားစုရှိ လူအားလုံးကို အရင်မိတ်ဆက်ပေးလိုက်ပြီး ယောက္ခမကို ရင်ဆိုင်ရသောအခါ အကြီးဆုံးမရီးက ယောက္ခမကိုလည်း မထူးမခြားနားဆက်ခဲ့သည်။ သို့သော် သူမက ကုပီချင်းကို လေးလေးနက်နက် နှုတ်ဆက်ခဲ့​ပေမယ့် ယခုလို လူစိမ်းများနှင့် အတူရှိနေရသည့် အခြေအနေကို မ​ကြိုက်သည့်ပုံပင်။ ကုပီချင်းက သူမကိုကြည့်ကာ မကျေမနပ်မဖြစ်ပဲ သူမ၏မိသားစု အခြေအနေအကြောင်းကို မေးလိုက်လေသည်။ 

ကုပီချင်းက သူမကို ကြင်ကြင်နာနာ စိုက်ကြည့်ကာ မေးလိုက်၏။ “မင်းမိဘတွေရှိသေးလား?”


အကြီးဆုံးမရီး: “ကျန်းကျန်းမာမာ ရှိနေဆဲပါပဲ”


ကုပီချင်းက ချောချောမွေ့မွေ့ ပြောလိုက်၏။ “ဒါဆို တစ်ရက်လောက် သွားလည်ရအောင်.. ဘာပဲဖြစ်ဖြစ် ငါတို့က ခမည်းခမက်တွေပဲလေ”


အကြီးဆုံးမရီးက ဘယ်လောက်ပဲအေးစက်ပါစေ သူမက လူကြီးများကို တုံ့ပြန်သည့်အခါ အမှားမလုပ်ပေ။ “အမေအနားယူပြီးရင် သူတို့နဲ့တွေ့ပေးဖို့ စီစဥ်ပေးပါမယ်။ ကျွန်မမိဘတွေက အတော်လေး အပူအပင်ကင်းတယ်”




ကုပီချင်းက ခေါင်းညိတ်ပြသည်။ “ကောင်းပြီ၊ ဒါဆိုအဆင်ပြေသွားပြီ”


တစ်ဖက်ခြမ်းက ရှန်းယုဟန်က သူ့ခင်ပွန်းပြောပြတာကို သတိရသွားသည်။ အစ်ကိုကြီးနှင့် အကြီးဆုံးမရီးတို့က မဟာမိတ်ဖွဲ့အိမ်ထောင်ရေးဖြစ်ပြီး သူမမှာ ချို့ယွင်းချက်အနည်းငယ်ရှိပေမယ့်လည်း မျိုးရိုးနောက်ခံက အရမ်းကောင်းသည်။ ဒါကြောင့်ပဲ ရှန်ထျန်းဖုန်းက ရှန်မိသားစု၏ လေးလံသောတာဝန်ကို ရှန်ချီယွမ်အား ပေးခဲ့တာဖြစ်၏။


ရှန်ချီယွမ်က သူ့သားနှစ်ယောက်ကို မိတ်ဆက်ပေးလိုက်တော့ ကလေးတွေက သူမကို နာခံစွာ အဘွားလို့ခေါ်ခဲ့ပြီး ကုပီချင်းက သူတို့ကို မိတ်ဆက်လက်ဆောင်အဖြစ် စာအိတ်နီပေးဖို့ အန်တီချန်ကိုပြောခဲ့သည်။


ထို့နောက် အစ်မလတ်ရှန်ချီပင်း၏ မိသားစုအလှည့်ရောက်လာပြီး ကုပီချင်းက သားမက်ကို အကြိမ်ရေအနည်းငယ်ကြည့်ခဲ့ပေမယ့် သူတို့မှာ ကလေးတွေလည်းရှိတာကြောင့် ဘာမှမပြောတော့ပဲ ကလေးတွေကို စာအိတ်နီပေးလိုက်သည်။



သူမက ရှန်ချီဟွမ်းနှင့် ရှန်ချီရှင်းကိုကြည့်ကာ ​ပြောလိုက်သည်။ “လောင်စန်း၊ လောင်စစ်၊ မင်းတို့ကြီးပြင်းလာလိုက်တာ။”


ရှန်ချီဟွမ်းက ​ခေါင်းညိတ်ပြသည်။ “အဲ့လိုပါပဲ” သူက ရှန်းယုဟန်ကို မိတ်ဆက်ပေးချင်ပေမယ့် ကုပီချင်းက သူ့ကို စကားပြောခွင့်မပေးခဲ့ချေ။ “လောင်တ၊ ငါတို့စားကြတော့မလား”


ရှန်ချီရှင်းက သူမကို အမေလို့မခေါ်နိုင်ပေ။ သူမ၏အာရုံကလည်း သူ့အပေါ်မှာမရှိတော့ သူကလည်း ဘာမှမပြောတော့ပေ။ သူမက သူစိမ်းတစ်ယောက်သာဖြစ်သည်။


​ဖြစ်စဥ်တစ်လျှောက်မှာ ကုပီချင်းက ရှန်းယုဟန်ကိုလုံးဝမကြည့်ပဲ သူဒီမှာမရှိသလို ပြုမူနေ၏။


ညစာစားပြီးနောက် ကုပီချင်းက လူသားဆက်ဆံရေး၏ ပျော်ရွှင်မှုကိုခံစားဖို့ ရည်ရွယ်ချက်မရှိသဖြင့် သူမပင်ပန်းနေ၍ လူတိုင်းကို အရင်ပြန်ဖို့ပြောခဲ့သည်။



အားလုံးက ပြန်သွားကြပြီး သူမက ရှန်ချီရှင်းကို ရှန်ချီယွမ်၏အိမ်မှာနေဖို့ ​တောင်းဆိုခဲ့သည်။


ကုပီချင်းက အိမ်ထဲဝင်ပြီး ညစာစားပြီးသည်အထိ ရှန်းယုဟန်အကြောင်းကိုမမေးခဲ့ပေ။ ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ကားပေါ်တက်ကာပြန်သွားကြသည်။


ကားပေါ်ရောက်တာနဲ့ ရှန်ချီဟွမ်းက မျက်နှာမဲ့ကာပြောလိုက်၏။ “သူမရဲ့ရည်ရွယ်ချက်ကဘာလို့ထင်လဲ? သူမက မင်းကိုဘာလို့ လျစ်လျူရှုနေတာလဲ? မင်းက အဖေ့သူငယ်ချင်းရဲ့သားမို့လား?” ကလေးတွေသာရှိမနေခဲ့ရင် သူက နေရာမှာတင် ဒေါသထွက်သွားမှာဖြစ်၏။


မတရားမှုကြောင့် ဒေါသဖြစ်နေသော ရှန်ချီဟွမ်းကိုကြည့်ကာ ရှန်းယုဟန်က ပြုံးလိုက်သည်။ “ယောကျာ်း၊ စိတ်တိုစရာဘာရှိလို့လဲ၊ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် မကြိုက်ဘူးဆိုရင် မကြိုက်ဘူးပေါ့။ လူတွေကြားက ဆက်ဆံရေးက ကံတရားနဲ့ဆိုင်တယ်။ ကျွန်တော်ကပိုက်ဆံမှမဟုတ်တာ.. လူတိုင်းကျွန်တော့်ကို ကြိုက်လာအောင် မလုပ်နိုင်ဘူးလေ”


ရှန်ချီဟွမ်းက သရော်လိုက်သည်။ “မှန်တယ်။ သူမက ငါ့ကိုတောင် တိုက်ရိုက်မကြည့်ရဲဘူး။ သူများတွေက အိမ်ကိုချစ်လို့ ကျီးကန်းကိုချစ်ပေမယ့် သူမကတော့ အိမ်ကိုမုန်းပြီး ကျီးကန်းကိုလည်းမုန်းနေတယ်”


(သား/သမီးကိုချစ်ရင် ချွေးမ သို့မဟုတ် သားမက်ကိုလည်း ချစ်ရမယ်လို့ဆိုလိုတာပါ)


ရှန်းယုဟန်က သူ့ကိုနှစ်သိမ့်လိုက်သည်။ “ဒါဆို နောက်တစ်ခါ သူမရှေ့မလာမိအောင် ကြိုးစားမယ်”


ဆန့်ကျင်ဘက်အနေနဲ့ ရှန်းယုဟန်က လုံးဝစိတ်မထိခိုက်ပေ။ ထိုအစား သူက သူ့သံသယကိုထုတ်မေးလိုက်သည်။ “သူမက သီလရှင်မဟုတ်ဘူးလား? ကျွန်တော် အရင်က သီလရှင်တွေနဲ့ အဆက်အဆံရှိဖူးတယ်။ သူမက သီလရှင်နဲ့မတူဘူး။ ဆန့်ကျင်ဘက်ဆိုရရင် သူမက ဘယ်တုန်းကမှ သီလရှင်မဖြစ်ခဲ့သလိုပဲ”


ရှန်ချီဟွမ်းက ထို​မေးခွန်းကြောင့် အလေးအနက်တွေးလိုက်ပြီး ထိုနှစ်များမှာ ကုပီချင်းနှင့် အဆက်အသွယ်ရှိသူက သူ့အစ်ကိုကြီးဖြစ်ပြီး သူက သူ့အမေအကြောင်း သိပ်မသိပေ။


သူ့အစ်ကိုကြီးက သူ့ကို တစ်ခုခုဖုံးကွယ်ထားတာ ဖြစ်နေမလား?

ရှန်းယုဟန်က ကုပီချင်း၏အပြုအမူကို ဒီညလေ့လာခဲ့ပြီး ယင်းမှာ အာဏာပြတာနဲ့မတူပဲ သူမက သူ့ကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားတာဖြစ်သည်။ သူမက သူ့ကိုမကြိုက်သည့်အပြင် သူနဲ့ဆက်ဆံရတာ နိမ့်ကျပြီး မထိုက်တန်ဘူးလို့ တွေးနေပုံရသည်။.

သူ့စိတ်ထဲမှာ ပုံရိပ်တစ်ခုဖြတ်ပြေးသွား၏။ ချီတိုင်းပြည်တွင် အကြီးဆုံးမင်းသမီးတစ်ပါးရှိပြီး သူမက သူမသားကို ဇနီးကောင်းတစ်ယောက်၊ မိခင်ကောင်းတစ်ယောက်၊ ရိုးသားဖြောင့်မတ်သော အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ပေးချင်ခဲ့သည်။ သူမသားက သူမဆန္ဒကို မဖြည့်စည်းပေးပဲ ကောတစ်ယောက်နှင့် လက်ထပ်ပေးရန် သူ့ဦးလေးကို တောင်းဆိုခဲ့သည်။

အကြီးဆုံးမင်းသမီး၏ အတွင်းခြံဝင်းမှာ ကောနှစ်​​​ယောက်ရှိတာကြောင့် သူမက ကောများကို အရမ်းမုန်းသည်။ ထို့နောက် သူမက သူမ၏ချွေးမကို အထင်သေးရှုတ်ချခဲ့ပြီး နှင်းကျသောနေ့မှာလည်း သူမကိုစောင့်ခိုင်းခဲ့သည်။ အမှားမရှိလည်း သူ့ကိုဆူပူကြိမ်းမောင်းပြီး ဧည့်ခံပွဲကိုခေါ်သွားရင် တမင်တကာလျစ်လျူရှုပြီး သူအရှက်ကွဲသွားဖို့ မျှော်လင့်နေခဲ့သည်။

ပွဲတစ်ခုမှာ ရှန်းယုဟန်က ထိုမြင်ကွင်းကို ရပ်မကြည့်နိုင်တော့သဖြင့် ကဗျာရေးတာမကျွမ်းကျင်သော ကောလေးကို ကူညီပေးခဲ့သည်။ ထိုမှသာ ဧည့်ခံပွဲမှာ အရှက်မကွဲမှာဖြစ်ပြီး ထိုအချိန်တုန်းက သူသည် ချွေးမဖြစ်ရတာမလွယ်ဘူးလို့ ခံစားမိခဲ့သည်။ နောက်တော့ ထိုကောက သူ့ဆီကို ရံဖန်ရံခါ စာရေးလေ့ရှိပြီး စိတ်ဝင်စားစရာ ရတနာလေးတွေ ပို့ပေးလေ့ရှိသည်။ သူက အတော်လေးရက်ရောသည့် ကောဖြစ်ပြီး လူကောင်းဖြစ်ပေမယ့် မြို့စားလေးက သူ့ကို ကောင်းကောင်းဆက်ဆံရဲ့လားတော့ မသိချေ။


ရှန်းယုဟန်အတွက်က ထိုအကြီးဆုံးမင်းသမီးကို ပြန်တွေးမိတိုင်း ဘာမှမှားနေတယ်လို့ မထင်ခဲ့ပေ။ သူ့ယောက္ခမက သူ့ကိုမကြိုက်တာပုံမှန်ဖြစ်ပြီး သူမ သီလရှင်တစ်ပါးဖြစ်နေရင်တောင် ရှန်မိသားစုမှာ ဘာတွေဖြစ်နေလဲသိခဲ့တာကို မြင်နိုင်သည်။

သူ့ယောက္ခမက ချီတိုင်းပြည်မှာ နေထိုင်မယ်ဆိုရင် အကြီးဆုံးမင်းသမီးနှင့် သူငယ်ချင်းဖြစ်မှာသေချာသည်။