Chapter 79.1
Viewers 23k

Chapter 79.1


“အရမ်းနည်းလွန်းတယ်”


ဘဝ၏ကိစ္စရပ်များမှာ ဆယ်ကြိမ်မှာကိုးကြိမ်က အဆင်မပြေပေ။ ရှန်းယုဟန်က ခေတ်သစ်က လူအများကြီးနှင့် ကိစ္စရပ်များစွာကို တွေ့ခဲ့ရပြီး သူ့စိတ်နှင့်အမြင်က ပိုပိုပြီး ကျယ်ပြန့်လာသည်။


သူ့ယောက္ခမက သူ့ကို တမင်တကာ လျစ်လျူရှုခဲ့သောအချက်ကို တွေးကြည့်တော့ ဆန့်ကျင်ဘက်အနေဖြင့် သာမန်ပဲလို့ခံစားခဲ့ရသည်။ သူမက ရှန်ချီဟွမ်းကို​တောင် မမြင်ချင်တာ သူ့ကိုတော့ ထည့်မပြောလေနှင့်။ ထို့အပြင် ဂိုဏ်းခွဲခြားမှုအရ သူ​က ရှန်ထျန်းဖုန်းဘက်ကဖြစ်တာကြောင့် ကုပီချင်းက မျက်နှာသာမပေးခဲ့တာဖြစ်၏။



ရှန်ထျန်းဖုန်းအတွက် သူမ၏အမုန်းတရားက သိသာလှပြီး သီလရှင်ဝတ်ခဲ့တာတောင် သူမ၏နာကျည်းမှုနှင့် အမုန်းတရားက ပျောက်ကွယ်မသွားခဲ့ချေ။


သူနဲ့ရှန်ချီဟွမ်း အိမ်ပြန်ရောက်တော့ ရှန်းယုဟန်က ထိုကိစ္စကို ပေါ့ပေါ့တန်တန် တွေးလိုက်ပေမယ့် ရှန်ချီဟွမ်းက ရှန်းယုဟန်အပေါ်ထားသည့် ကုပီချင်း၏သဘောထားကြောင့် စိတ်တိုနေခဲ့သည်။



ရှန်းယုဟန်က သူ့ကို ဖန်လုံအိမ်ထဲ ဆွဲခေါ်သွားကာ ချီတိုင်းပြည်၏ လဲ့ချာလက်ဖက်ရည်ကို ပေးလိုက်သည်။ “ယောကျာ်း… သောက်ကြည့်ပါဦး”


ဤလဲ့ချာက အရသာရှိသဖြင့် ရှန်ချီဟွမ်း၏ရင်ထဲက စုပြုံနေသောဒေါသမှာ အများကြီးပျောက်ကွယ်သွားခဲ့သည်။ “အရသာကောင်းတယ်”


“ဒီအရသာကို အပြင်မှာသောက်လို့မရဘူး။” ရှန်းယုဟန်က ရှေးဟောင်းအုတ်ဂူမှာ မကြာသေးခင်က ရှင်းလင်းခဲ့သော ယဥ်ကျေးမှုအမွေအနှစ်များကို တွေးနေ၏။ “လျန်ရွေ့ရွာက အ​နောက်ဟန်မင်းဆက်အုတ်ဂူမှာ လက်ဖက်ရည်ဖျော်တဲ့ကိရိယာတချို့ကို တူးဖော်ရရှိခဲ့တယ်လို့ ရှောင်လီက ကျွန်တော့်ကို မက်ဆေ့ပို့ခဲ့တယ်။ ဒါက တိုက်ဆိုင်တယ်လို့မထင်ဘူးလား?”


ရှန်ချီဟွမ်းက လက်ဖက်ရည်ကို တစ်ခွက်နဲ့တစ်ဝက်သောက်လိုက်ပြီး သူပိုသောက်လေ ပိုမွှေးကြိုင်လာလေဖြစ်သည်။ “လဲ့ချာက ရှေးခေတ်ကတည်းက တည်ရှိတာဆိုပေမယ့် အပြင်မှာတော့ ရှာလို့မတွေ့နိုင်ဘူး။” 


ချီးကျူးခံရပြီး​နောက် ရှန်းယုဟန်က ပိုတက်ကြွလာ၏။ “ယောကျာ်း… ခင်ဗျားသောက်ချင်သေးလား?”


ရှန်ချီဟွမ်းက ခေါင်းညိတ်လိုက်သည်။ ည​နေက ကုပီချင်းအပြူအမူကို စိတ်တိုနေတာ​ကြောင့် ထမင်းတစ်လုပ်တောင် မစားခဲ့ရပေ။ သူ့ဇနီး၏ အချက်အပြုတ်စွမ်းရည်က အလွန်ကောင်းတာကြောင့် ဤလဲ့ချာက သူ့ဆာလောင်မှုကို သက်သာစေသည်။

ဖန်လုံအိမ်က ပုံမှန်အပူချိန်မှာရှိနေပြီး ယခုချိန်က နွေဦးရာသီဖြစ်ပြီး ပန်းရနံ့များက ညအချိန်မှာ ပြည့်သျှံနေခဲ့သည်။


ရှန်းယုဟန်က ရှန်ချီဟွမ်းအတွက် လက်ဖက်ရည်ထည့်ပေးပြီးနောက် ကိရိယာဘူးထဲက ကတ်ကြေးကိုယူကာ ပန်းများကြားမှ အနီရောင် တရုတ်နှင်းဆီပန်းကို ဖြတ်လိုက်ပြီး ရှန်ချီဟွမ်းကို ပေးလိုက်သည်။ “ယောကျာ်း၊ ရော့…..စိတ်ညစ်မနေပါနဲ့”


ဘာပဲဖြစ်ဖြစ် ကုပီချင်းက ရှန်ချီဟွမ်း၏မွေးမိခင်ဖြစ်၍ သူမက ရှန်ချီဟွမ်းကို ဘယ်လောက်ပဲ ဆိုးဆိုးရွားရွား ဆက်ဆံပါစေ ၊ ကိုယ်တိုင်ပျိုးထောင်ခြင်း မရှိခဲ့သည်ဖြစ်စေ အနည်းဆုံးတော့ သူမက သူ့ကိုဘဝတစ်ခုပေးခဲ့သည်။ ရှန်ချီဟွမ်းမရှိလျှင် ရှန်းယုဟန်က ဤကမ္ဘာသစ်နှင့် လိုက်လျောညီထွေဖြစ်နိုင်ခဲ့မှာမဟုတ်ချေ။ ရှုထောင့်တစ်ခုက ကြည့်မယ်ဆိုရင် ရှန်ချီဟွမ်းကို ဤကမ္ဘာသို့ ခေါ်ဆောင်လာပေးခဲ့လို့ သူမကို ကျေးဇူးတင်သည်။ ဒါပေါ့… သူက သူ့ခင်ပွန်းကို ပိိုချစ်ပေးဦးမှာပင်။ သူကြီးပြင်းလာချိန်မှာ မိခင်၏သွန်သင်ဆုံးမမှု လစ်ဟင်းခဲ့ပြီး နောင်တများစွာလည်း ရှိနေပေမယ့် သူက ဤနောင်တများအတွက် အတတ်နိုင်ဆုံး ဖြည့်စည်းပေးလို့ရ၏။


“ကျေးဇူးပါ” ရှန်ချီဟွမ်းက ရှန်းယုဟန်ကို အပြုံးတစ််ခုဖြင့် ကြည့်လိုက်ပြီး ရှန်းယုဟန်ဆီက ကတ်ကြေးတောင်းကာ တရုတ်နှင်းဆီနီတစ်ပွင့်ကို ခူးလိုက်သည်။ ထို့နောက် မတ်တပ်ရပ်ကာ ရှန်းယုဟန်၏ နားရွက်ကြားထဲ ထည့်ပေးလိုက်၏။



သူ့ဆံပင်က ပိုရှည်လာပြီး ယခုတော့ ကျောလယ်ကို ကျော်သွားလေပြီ။ ရှန်းယုဟန်က ဆံပင်ကို ခေါင်းစည်းကြိုးနှင့် ချည်ထားပြီး ဆံပင်မွှေးတချို့က ရံဖန်ရံခါ ကျဆင်းနေတတ်သည်။


ဤသည်မှာ သူ့ခင်ပွန်းက ရှန်းယုဟန်ကို ပထမဆုံးအကြိမ် ပန်းပေးဖူးတာဖြစ်၏။ သူက အနည်းငယ် စိတ်ကြီးဝင်သွားပြီး သူ့ခင်ပွန်းကို မေးလိုက်၏။ “ကြည့်ကောင်းလား?”



သူတို့ချီတိုင်းပြည်ရှိ နွေဦးရာသီတွင် လူငယ်များအတွက် ပွဲတော်တစ်ခုရှိသည်။ ထိုနေ့တွင် အိမ်ထောင်မပြုရသေးသော လူငယ်များက လမ်းပေါ်ထွက်ကစားကြပြီး အရည်အချင်းရှိသော လူငယ်များက ကဗျာစပ်ပြီး မြင်းစီးကာ သူတို့ချစ်ရသူများကို ပိုးနိုင်ကြသည်။ အမျိုးသားတစ်ယောက်ကို စိတ်ဝင်စားနေသော ရဲရင့်သော့အမျိုးသမီး ဒါမှမဟုတ် ကောတစ်ယောက်သာရှိခဲ့ရင် သူတို့က တစ်ဖက်လူကိုပေးဖို့ ပန်းစည်းဝယ်နိုင်ကြပြီး နှစ်ဖက်လုံးက စိတ်ဝင်စားရင် နောက်တစ်ဆင့်တက်ဖို့ စကားပြောနိုင်သည်။ 

ရှန်ချီဟွမ်း၏မျက်ခုံးများက ပြေလျော့သွားပြီး ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကြည့်ကောင်းတယ်” သူ့ဇနီးလေးကိုကြည့်ရုံနဲ့ စိတ်ရောကိုယ်ရာ အမောပြေသွားပြီး တခြားအကြောင်းတွေ တွေးလို့မရတော့ဘူး။


ကုပီချင်း၏ ကျန်းမြို့တော်ကို ပြန်လာသော သတင်းက ရှန်ထျန်းဖုန်းနှင့် တခြားအိမ်တော်သုံးအိမ်ကို မဖုံးကွယ်ထားပေ။ အကြောင်းမှာ ပင်မအိမ်တော်၏လှုပ်ရှားမှုကို စိတ်ဝင်စားနေသော လူများစွာရှိ၍ဖြစ်၏။ ဆယ့်နှစ်နာရီမပြည့်ခင်မှာပင် သတင်းထောက်များက သိသွားခဲ့ပြီး လေယာဥ်ပေါ်မှ ဆင်းလာသော သူမပုံကလည်း အင်တာနက်ပေါ်မှာရောက်နေသည်။ ထိုညက သူမ၏ ပေါ်လာမှုကြောင့် လူဘယ်နှစ်ယောက် အိပ်ရေးပျက်သွားလဲပင် မသိနိုင်ချေ။

နောက်နေ့မနက်မှာ ရှန်းယုဟန်က ရှန်ချီဟွမ်းအတွက် မနက်စာပြင်ပေးဖို့ စောစောနိုးလာသည်။ သူ့ခင်ပွန်း မနေ့ညက သူ့ကို တစ်ညလုံးနှိပ်စက်ခဲ့ပေမယ့် လျန်ရွှေတောင်ပေါ်မှာ တစ်လနီးပါး တောင််တက်ခဲ့ရသဖြင့် သူ့ရုပ်ပိုင်းဆိုင်ရာအခြေအနေက တိုးတက်လာပြီး အိပ်ရာမှစောစောထနိုင်ခဲ့သည်။

သူက မီးဖိုချောင်မှာ အန်တီဝမ် မနက်စာဘာလုပ်ပေးထားလဲ သွားကြည့်ပြီး အပြင်ဘက်က ဒေါသတကြီး တံခါးခေါက်သံကို ကြားသောအခါ သူကဖွင့်ပေးဖို့ သွားခဲ့သည်။


အပြင်မှာ ရင်းနှီးသော မျက်နှာရှိနေပြီး ထိတ်လန့်နေပုံရသော ရှန်ချီရှင်းက တံခါးခေါင်းလောင်းကို ဆက်တိုက်တီးနေသည်။


ရှန်းယုဟန်က ဆူညံသောခလုတ်သံကြောင့် အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ “ယောက်ဖ၊ မနှိပ်နဲ့တော့။ မင်းပက်စ်ဝေါ့မသိဘူးလား?”


ရှန်ချီရှင်းကပြောလိုက်၏။ “မရီး… တံခါးမြန်မြန်ဖွင့်ပြီး ကျွန်တော့်ကို ဝင်ခွင့်ပေးပါ!”


ရှန်းယုဟန်က သူ့ကို တံခါးဖွင့်ပေးလိုက်ပြီး ရှန်ချီရှင်းက ဝင်လာတာနဲ့ ရေသောက်ဖို့ ရေခဲသေတ္တာဆီ ပြေးသွားသည်။ ရှန်းယုဟန်က သူ့ကို စိုးရိမ်သလိုကြည့်ကာ လုံးဝမရင့်ကျက်တာကိုတွေ့တော့ စိတ်ပူနေသည်။


ပုံမှန်ဆိုတက်ကြွနေသော ယောက်ဖက သရဲလိုက်ခံနေရသလို အိမ်တော်ကို အမြန်ပြေးလာခဲ့သည်။


ရှန်းယုဟန်က သူ့နောက်ကနေ မီးဖိုချောင်ကိုလိုက်သွားသည်။ “ယောက်ဖ၊ သတင်းထောက်တွေ မိသွားလို့လား? ဒီတစ်ခါ ဘယ်သူနဲ့ CP သတင်းထွက်နေတာလဲ?” သူ ဝေ့ပေါ်သင်ပြီးကတည်းက ရှန်းယုဟန်က ဝေ့ပေါ် Homepage တွင် သူ့ကို မကြာခဏမြင်ရသဖြင့် CP ဆိုတာကို နားလည်သွားခဲ့သည်။ 


ရှန်ချီရှင်းက ရင်ဘတ်ကိုကိုင်ကာ ပင့်သက်ရှိုက်၏။ “သတင်းထောက်လိုက်တာထက်ဆိုးတယ်။ သတင်းထောက်တွေကမှ ကျွန်တော့်ကို ကြုံရကျပန်း လျှောက်တွဲပေးတာ၊ တကယ်က ကြောက်စရာကောင်းတဲ့ မိန်းမတစ်ယောက်က ကျွန်တော့်ကို အတင်းလက်ထပ်ပေးချင်နေတယ်!”


ထိုစကားကြား​တော့ ရှန်းယုဟန်က ရယ်ချင်သွားပေမယ့် ပြုံးရုံသာပြုံးလိုက်၏။ “ငါ့ယောက်ဖလည်း လက်ထပ်ဖို့ ဖိအားပေးခံရတဲ့ လူတစ်ယောက်ဖြစ်လာတာပဲ”.

ရှန်ချီရှင်းကပြုံးလိုက်ပြီး သူက သူ့မရီး၏ စနောက်ခံနေရတာကို စိတ်မဆိုးပဲ သူ့ကိုယ်သူလက်ညိုးထိုးပြလိုက်၏။ “ကျွန်တော်အခုထိ ဘွဲ့မရ​သေးဘူး။ ကျွန်တော့်မျက်နှာက ဒီလောက်နုပျိုတာ၊ အခုလက်ထပ်လိုက်ရင် လွတ်လပ်ခွင့်ကို ဆုံးရှုံးမှာမဟုတ်လား! ၂၁ရာစုတောင်ရောက်နေပြီ၊ ဒီလိုပဒေသရာဇ်ဆန်တဲ့ အတွေးအခေါ် ဘယ်လိုရှိနိုင်ရတာလဲ!”


ရှန်းယုဟန်က တစ်အောင့်ကြာအောင် စဥ်းစားလိုက်ပြီး သူဘာတွေးနေလဲသိသွားခဲ့သည်။ “မနေ့ညက မင်းအစ်ကိုကြီးအိမ်မှာ ဆိုးရွာတာကြုံခဲ့ရတာလား?”


မနက်၈နာရီပဲရှိသေးပြီး သူ့ခင်ပွန်းအလုပ်သွားခါနီးဖြစ်သည်။ အစ်ကိုကြီးအိမ်ကနေ သူတို့အိမ်ကိုရောက်လာဖို့ အနည်းဆုံးတစ်နာရီသုံးပုံတစ်ပုံကြာပြီး ယင်းမှာ ယာဥ်ကြောပိတ်ဆို့မှုမပါသေးပေ။


ရှန်ချီရှင်းက ယခုချိန်မှာ အကုန်ဖွင့်ထုတ်ချင်တာကြောင့် ရှေ့သို့ငုံ့ကိုင်းကာ ပြောလိုက်၏။ “သရဲတွေတော့ ပျော်နေမှာပဲ၊ ကျွန်တော်ပြောပြမယ်…မနေ့ညက အိပ်မက်ဆိုးတစ်ခုပဲ! အဲ့ဒီမိန်းမက….”


သူစပြောဖို့လုပ်တာနဲ့ အောက်ထပ်ဆင်းလာသော ရှန်ချီဟွမ်းကြောင့် ရပ်သွားပြီး သူ့ကော်လာက ရှန်ချီဟွမ်း ဆွဲတာကိုခံလိုက်ရသည်။


“ပြောချင်ရင်ပြောလိုက်၊ ဘာလို့အဲ့လောက်နီးကပ်နေတာလဲ? မင်းတံတွေးတွေ စင်ကုန်တော့မယ်။” ရှန်ချီဟွမ်းက သူ့ကိုရှန်းယုဟန်နဲ့ ဝေးဝေးနေဖို့ပြောလိုက်ပြီး သူတို့နှစ်ယောက်က ဘာမှမဖြစ်နိုင်ဘူးဆိုတာ သိသော်ငြား သူက ကာကွယ်ထားရမည်။ သူ့ဇနီးလေးက ချစ်စရာကောင်းတယ်၊ လှလည်းလှတယ်၊ နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်သိက္ခာလည်းကောင်းတယ်!


ရှန်ချီရှင်းက သူ့အစ်ကိုဆင်းလာတာကိုတွေ့​တော့ ပစ်မှတ်ပြောင်းလိုက်သည်။ “တတိယအစ်ကို၊ ကျွန်တော်မနေ့ညက ဘာတွေကြုံခဲ့ရလဲ ခင်ဗျားမသိပါဘူး။ ကျွန်တော့်ကို ကူညီရမယ်နော်!”


“မကူညီနိုင်ဘူး” ရှန်ချီဟွမ်းက ပြတ်ပြတ်သားသား ငြင်းလိုက်၏။ “မင်းက အရွယ်ရောက်နေပြီ။ ကိုယ့်ကိစ္စကို ကိုယ်တိုင်ရှင်းတတ်ဖို့လိုတယ်။ လက်ထပ်ချင်လား မထပ်ချင်ဘူးလား မင်းမှာပြောပိုင်ခွင့်ရှိတယ်။ ဘယ်သူမှထိန်းချုပ်လို့မရဘူး!”


ရှန်ချီရှင်းက သူ့အစ်ကိုဆီက ဘာနှစ်သိမ့်မှုမှမရသဖြင့် မီးဖိုချောင်ထဲမှ နို့နှစ်ဘူးယူလာသော ရှန်းယုဟန်ဘက် လှည့်သွားသည်။ 


ရှန်းယုဟန်က အရင်ပြောလိုက်သည်။ “မနက်စာအရင်စားကြစို့၊ စားပြီးမှစကားပြောနိုင်မှာ”


ညီအစ်ကိုနှစ်ယောက်လုံး နို့သောက်ရတာကြိုက်ပေမယ့် ရှန်းယုဟန်က မကြိုက်သဖြင့် သူ့အတွက် ဖျော်ရည်သာညှစ်လိုက်သည်။


ရှန်ချီရှင်း၏စိတ်လှုပ်ရှားမှုက ဖြည်းဖြည်းချင်း ငြိမ်သက်သွားပြီး အစားအစာက လူတစ်ယောက်၏ ဒိုပါမင်းကို တိုးမြှင့်ပေးနိုင်သည်။


မနက်စာစားပြီးတာနဲ့ ရှန်ချီဟွမ်းက အလုပ်သွားဖို့ လုပ်နေပေမယ့် ရှန်ချီရှင်းက မနေ့ညကအကြောင်း မပြောရသေးပေ။


ရှန်းယုဟန်က သူ့ခင်ပွန်းကို အလုပ်ပို့ပြီးမှ ရှန်ချီရှင်းက အခွင့်အရေးရသွားခဲ့သည်။ သူရင်ဖွင့်ရမယ်!


ရှန်းယုဟန်က လက်ဖက်ရည်ပြင်ထားပြီး အတင်းအဖျင်းနား​ထောင်ရန် ဆိုဖာပေါ်က သက်တောင့်သက်သာ ထိုင်လိုက်၏။ “မင်းကိုဘာလို့ ရုတ်တရက်လက်ထပ်ခိုင်းတာလဲ?” အကြောင်းပြချက်ရှိရမည်။ 


သို့သော် ရှန်ချီရှင်းက သူ့မရီးထိုင်နေသောကိုယ်ဟန်က မနေ့ညက အမျိုးသမီး၏ကိုယ်ဟန်နှင့်တူတယ်လို့ တွေးလိုက်သည်။ ဟိုတစ်ယောက်ကိုကြည့်တော့ မသက်မသာဖြစ်ရပြီး သူ့ကိုကြည့်တော့ ဘာလို့စိတ်အေးချမ်းနေရတာလဲ? သူ့တတိယမရီး၏နေရာမှာဆို သူစိတ်ကအေးချမ်းပေမယ့် ထိုနေရာမှာတော့ ဖိအားနှင့်ဒေါသကိုသာခံစားခဲ့ရသည်။


ရှန်ချီရှင်းက ခေါင်းအုံးတစ်လုံးရှာပြီး ပြောလိုက်သည်။ “မရီးပဲ ပြောကြည့်၊ သီလရှင်တစ်ယောက်က ဘယ်မိန်းကလေးမှာ မျိုးရိုးကောင်းရှိလဲ၊ ဘယ်မိန်းကလေးက ဂုဏ်သိက္ခာရှိပြီး နူးညံ့သိမ်​မွေ့လဲဆိုတာကို လေ့လာဖို့ အချိန်ဘယ်လိိုရတာလဲ?”


သူ့ယောက္ခမနဲ့ပတ်သတ်ပြီး သူလည်းအများကြီးမစဥ်းစားတတ်ပေ။ “နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ရတာပျင်းလို့ အွန်လိုင်းမှာ သတင်းနဲ့အတင်းအဖျင်းတွေ ဖတ်ခဲ့တာဖြစ်နိုင်မလား?”


သူ့ယောက်ဖ၏ဦးနှောက်က ရုတ်တရက်အသုံးဝင်လာသည်။ “မဖြစ်နိုင်တာ။ ဘလိုင်းဒိတ်အချက်အလက်တွေ စုပုံနေတာပဲ။ အဲ့ဒါတွေကိုရဖို့ဆို အချိန်ယူရမှာပဲ။ မိသားစုမျိုးရိုးနောက်ခံကိုလည်း EXCEL form မှာ ရှင်းရှင်းလင်းလင်း ချရေးထားတယ်။ ထုတ်ကုန်ရွေးခိုင်းနေသလိုမျိုးပဲ မင်းဘယ်ဟာကြိုက်လဲရွေးလိုက်တဲ့”

ရှန်းယုဟန်က သူဘာပြောနေလဲ နားမလည်ပေမယ့် ကောင်းတာမဟုတ်တာတော့သေချာသဖြင့် သူက ပြုံးပြီးပြောလိုက်သည်။ “သူမက မင်းကိုစိိတ်ပူနေတာဖြစ်မယ်”


“ဒါပေမယ့် ကျွန်တော်လိုချင်တာ အဲ့လိုဂရုစိုက်တာမျိုးမဟုတ်ဘူး” ရှန်ချီရှင်းက အနှီအမျိုးသမီး၏ဦးနှောက်မှာ တစ်ခုခုမှားနေတယ်လို့တွေးလိုက်သည်။ သူမပြန်ရောက်တာနဲ့ ဆက်ဆံရေး ရင်းနှီးလာဖို့တောင် မကြိုးစားပဲ တစ်ခါမှမတွေ့ဖူးသည့် သားကို ဘလိုင်းဒိတ်လုပ်ခိုင်းသည်မှာ တကယ်ကိုထူးဆန်းသည်။


“ဒါဆို မင်းတတိယအစ်ကိုပြောသလိုပဲလုပ်၊ လျစ်လျစ်ရှုလိုက်ပါ။ မင်းလက်မထပ်ချင်ရင် ဘယ်သူမှမင်းကိုတားလို့မရဘူး။” သူက ရှန်ချီဟွမ်းကို လက်ထပ်ခဲ့သည်မှာ ရှန်ထျန်းဖုန်းနှင့် ရှန်ချီဟွမ်း​ကြားက အကျိုးစီးပွားကြောင့်ဖြစ်ပြီး ရှန်ချီရှင်းကတော့ ဘယ်သူနဲ့မှ အကျိုးစီးပွားပဋိပက္ခမရှိပေ။


ရှန်းယုဟန်က ရှန်ချီယွမ်ကို ရုတ်တရက်တွေးမိသွားသည်။ “မင်းအစ်ကိုကြီးကရော ဘယ်လိုမြင်လဲ?”


ရှန်ချီရှင်း၏ဦးနှောက်က တကယ်ကိုမပြည့်ပေ။ “အစ်ကိုကြီးလား? သူမနေ့ညကပေါ်မလာလို့ ကျွန်တော်မနက်နိုးလာတော့လည်း မမြင်ခဲ့ရဘူး။ ကျွန်တော့်အစ်ကိုကြီးနဲ့ အဲ့ဒီမိန်းမ ပူးပေါင်းပြီး ကျွန်တော့်ကိုလက်ထပ်ပေးတာတော့ မဟုတ်ဘူးမလား?” သူက ရှန်းယုဟန် ပြုံးနေပြီး ဘာမှမပြောတာကိုတွေ့တော့ လန့်သွားသည်။ “မဖြစ်နိုင်ဘူး။ အစ်ကိုကြီးက ကျွန်တော့်ကို စောင့်ရှောက်ခဲ့တာ။ ကျွန်တော့်ကို နယ်ရုပ်လို ဘယ်လိုအသုံးချနိုင်တာလဲ?”