Chapter 80.1
“မြေခွေးကောင်”
စင်မြင့်ပေါ်ရှိ တရုတ်အော်ပရာမင်းသားနှင့် မင်းသမီးသည် အကောင်းဆုံးကြိုးစားသရုပ်ဖော်နေကြပြီး ရှန်းယုဟန်က နောက်ခံတေးသွားကို သဘောကျနေသည်။
ယခုအခါ ကျောင်းကျုံးချင်နှင့် သူ့ဇနီး လျှိုလန်ကျစ်တို့၏ လမ်းခွဲနှုတ်ဆက်နေသော ဇာတ်ဝင်ခန်းကို သရုပ်ဖော်နေပြီး သူထိုအခန်းကိုကြည့်တိုင်း ရှန်းယုဟန်က စိတ်ကူးယဥ်ဆန်တယ်လို့ ခံစားမိသည်။ ထိုနေရာမှာ သူနဲ့ရှန်ချီဟွမ်းကို အစားထိုးမိလိုက်တော့ သူ့နှာခေါင်းက နာကျင်လာပြီး မျက်လုံးများက နီရဲလာသည်။
သူက သွယ်လျသောလက်ချောင်းများဖြင့် တစ်ရှူးကိုထုတ်ကာ မျက်လုံးထောင့်ကို ညင်ညင်သာသာ သုတ်လိုက်သည်။ မျက်လုံးထောင့်ကမျက်ရည်ကိုသုတ်ပြီးနောက် သူ့လက်ကို ဒူးပေါ်ပြန်တင်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “ပထမမဒမ်၊ ပြောကြည့်ပါဦး… အရမ်းချစ်ကြတဲ့ သူနှစ်ယောက် လမ်းခွဲရတာ ဘယ်လောက်ဆိုးရွားလိုက်လဲ” သူက ပထမမဒမ်ကို ရှင်းအောင်ပြောနေတာဖြစ်၏။
ကုပီချင်းက ရှန်းယုဟန်၏ ရုတ်တရက်ကျလာသော မျက်ရည်ကြောင့် အနည်းငယ်အံ့အားသင့်သွားကာ သူမမျက်နှာပေါ်မှာ အထင်သေးသောပုံရိပ်ရှိနေပေမယ့် သူမက သူ့လှုပ်ရှားမှုတိုင်းကို အကဲဖြတ်နေသည်။ နူးညံ့ပြီး အလျင်မလိုသော တစ်ရှူးယူလိုက်ပုံက သူမလိုအမျိုးသမီးတောင် လုပ်နိုင်မှာမဟုတ်ပေ။ အသက်ခြောက်ဆယ်ကျော် နေလာခဲ့ပြီးတာတောင် သူမက ထိုသို့မလုပ်နိုင်ပေ။
လောင်စန်းက လူထုရှေ့ချမပြနိုင်သော ကောင်လေးတစ်ယောက်ကို လက်ထပ်လိုက်တယ်လို့ သူမကြားပြီးကတည်းက သူမက အဆတစ်သန်းလောက် မကျေနပ်ခဲ့ပေ။ ယောကျာ်းအချင်းချင်း လက်ထပ်ပြီး ဘာလုပ်လို့ရမှာလဲ… အမျိုးသားနှင့်အမျိုးသမီး လက်ထပ်သည့်အခါ သူတို့၏ပန်းတိုင်မှာ မျိုးနွယ်ဆက်ခံဖို့ဖြစ်သည်။
မနက်က သူမ သူနဲ့စကားပြောဖို့ အသင့်မဖြစ်ခင်အထိ ထိုကလေး၏နာမည်ကို အန်တီချန်အား မေးတောင်မပေးခဲ့ပေ။
“လျှိုလန်ကျစ်က သူမမိခင်ဆီက ငါးသန်းတောင်မရခဲ့ဘူး။ မင်းလောင်စန်းကို လက်လွှတ်ပေးရင် ငါမင်းကို နောက်ငါးသန်းထပ်ပေးနိုင်တယ်။ ဒါပေမယ့် ကွာရှင်းစာချုပ်ကို အရင်ရမှဖြစ်မယ်။” ပထမမဒမ်က ရှန်းယုဟန်နှင့် ခံစားချက်အကြောင်း လုံးဝမပြောပေ။
ရှန်းယုဟန်က ထိုလမ်းကိုမဖြစ်နိုင်ဘူးလို့မြင်၏။ အနှီပထမမဒမ်က အတော်လေးခေါင်းမာသည်။ ခေတ်သစ်မှာဆိုရင် သူ့မှာ မိသားစုဝင်အဖြစ် ရှန်ချီဟွမ်းသာရှိသည်။ ပြီးတော့ သူမပေးသောပိုက်ဆံက ဂဏန်းရှစ်လုံးသာရှိပြီး သူ့မုန့်ဖိုးက ပိုများနေသည်။ ပထမမဒမ်က သူ့ကို အထင်သေးသလိုကြည့်ပြီး သူကလည်း ပထမမဒမ်၏အပြုအမူကို အထင်သေးသလို ကြည့်လိုက်သည်။
“ပထမမဒမ်၊ ကျွန်တော် ရှန်ချီဟွမ်းကို လက်လွှတ်ပေးချင်တယ်လို့ မပြောခဲ့ပါဘူး။ ခင်ဗျားက အလေးအနက်မထားတာပဲ။ ခင်ဗျားက ဒီလောက်ကောင်းတဲ့ပြဇာတ်ကိုတောင် မကြည့်ချင်တာ နှမြောစရာပဲ။” ရှန်းယုဟန်က သက်ပြင်းရှည်ချလိုက်၏။
သူ့မျက်နှာပေါ်မှာ ကုပီချင်း၏ သိမ်ဖျင်းသောအပြုအမူကို ရှုတ်ချသည့် မယဥ်ကျေးသောအပြုံးရှိနေပြီး ထိုအခိုက်အတန့်မှာ သူမက ရှန်းယုဟန်ကို သိသိသာသာ ရှုံးသွားခဲ့သည်။
“အမျိုးသားနှစ်ယောက်က ဘာဖြစ်နိုင်မှာလဲ? မင်းကိုယ်ဝန်ဆောင်နိုင်လို့လား? ငါ့သားကိုငါသိတယ်။ သူ့အဖေက လူရှုပ်ပဲ၊ အနာဂတ်မှာ သူစိတ်မပြောင်းပါဘူးလို့ မင်းအာမခံနိုင်လား? မင်းက ရှန်ထျန်းဖုန်းရဲ့ အသုံးချခံနယ်ရုပ်လေးပဲ။ ဒီတော့ မင်းကိုယ်မင်း အထင်ကြီးမနေနဲ့” ကုပီချင်းက ရှန်းယုဟန်နှင့် ရှန်ချီဟွမ်း၏ အိမ်ထောင်ရေးမှာ ဖြစ်နိုင်ချေရှိသော ပြဿနာများကို တိုက်ရိုက်ထောက်ပြလိုက်သည်။
ရှန်းယုဟန်က ပထမမဒမ် စိတ်မရှည်တာကိုသိပေမယ့် သူကလည်း အလျင်မလိုပေ။ ပထမမဒမ်ထောက်ပြခဲ့သော ပြဿနာသုံးရပ်က သူ့အတွက် ပြဿနာမဟုတ်ပေ။ သူမသာ သူ့ကို လွန်ခဲ့သည့်သုံးလက ယခုလိုစကားမျိုးပြောခဲ့လျှင် သူက ကလေးမရနိုင်လို့ တစ်နေ့လုံး တစ်ညလုံး ငိုနေမှာဖြစ်ပေမယ့် သူနဲ့ရှန်ချီဟွမ်းက အများကြီးဖြတ်ကျော်ခဲ့ပြီးပြီ။ ကလေးတွေက ဘဝ၏တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး အရာအားလုံးကို ကိုယ်စားမပြုဘူးဆိုတာ သူသိသည်။ အနာဂတ်မှာ စိတ်ပြောင်းမပြောင်းက သူတို့ကိစ္စသာဖြစ်သည်။ ရှန်ထျန်းဖုန်းက သူ့ကိုနယ်ရုပ်လိုအသုံးချနေတယ်? အဲ့လိုလုပ်ဖို့လိုအပ်လို့လား?
သူက ပထမမဒမ်ကို ခပ်ဖျော့ဖျော့ အပြုံးတစ်ခုပေးလိုက်သည်။ “ကလေးအများကြီးရှိတော့ ဘာရမှာလဲ? မဟာမိတ်ဖွဲ့ဖို့ လက်ထပ်ပေးမလို့လား?”
ကုပီချင်း၏မျက်နှာပေါ်က စိတ်ရင်းမပါသော ကြင်နာမှုက လုံးလုံးပျောက်ကွယ်သွားခဲ့ပြီး မည်းမှောင်မှုဖြင့် အစားထိုးသွားသည်။ သူမက ထပ်ပြောချင်သေးပေမယ့် ရှန်းယုဟန်၏ဖုန်းကမြည်လာပြီး ယင်းမှာ သူ့ကိုခေါ်နေသော သခင်ကြီးကျန်းဖြစ်သည်။
လူကြီးတွေကို လေးစားမှုပြသရန် ခွင့်ပြချက်တောင်းရမှာဖြစ်ပေမယ့် ကုပီချင်းက ထိုအယူအဆကို ချိုးဖျက်ခဲ့တာကြောင့် သူက ဖုန်းတိုက်ရိုက်ဖြေလိုက်သည်။
သခင်ကြီးကျန်းက မေးလာသည်။ “ရှောင်ရှန်း၊ ငါမင်းနဲ့ဆန့်ကျင်ဘက်မှာရှိတယ်။ ဒီမှာငါနဲ့လာထိုင်ပါလား ၊ မင်းဘယ်သူနဲ့ ထိုင်စကားပြောနေတာလဲ?”
ရှန်းယုဟန်က အမှန်တိုင်းပြောလိုက်သည်။ “အဲ့ဒါ ကျွန်တော့်ခင်ပွန်းအိမ်က လူကြီးတစ်ယောက်ပါ။ သူနဲ့စကားပြောပြီးသွားလို့ ကျွန်တော်အဲ့ဒီကိုလာပြီး ခင်ဗျားကိုနှောင့်ယှက်လို့ရပြီ”
သခင်ကြီးကျန်းက သူ့ကိုတိုက်တွန်းလိုက်သည်။ “ဒါဆို မင်းမြန်မြန်လာတော့၊ ငါတို့မင်းကိုလွမ်းနေပြီ၊ လောင်ဖန့်ကလည်း သူ့မိသားစုဝင် ပိုင်ရွှယ်ကိုခေါ်လာတယ်။ လာကြည့်လှည့်ပါဦး”
သူတို့အသိုင်းအဝိုင်းက သိပ်မကြီးသလို ရှန်ထျန်းဖုန်း၏ တရားဝင်ဇနီး ပြန်လာသည့်အကြောင်းက ပျံ့နေခဲ့တာကြောင့် ရှန်းယုဟန်ပြောခဲ့သော လူကြီးဆိုတာက ဘယ်သူလဲသိသာသည်။
ရှန်းယုဟန်က ဖုန်းချပြီးနောက် မတ်တပ်ရပ်ကာ ကုပီချင်းကို ဦးညွတ်လိုက်သည်။ “ပထမမဒမ်၊ ကျွန်တော့်မှာ သူငယ်ချင်းတချို့ရှိသေးလို့ ခင်ဗျားကို အဖော်ပြုပေးလို့မရတော့ဘူး။” ရှန်းယုဟန်က လှည့်ထွက်ပြီး နှစ်လှမ်းလျှောက်ပြီးနောက် ပြန်လှည့်လာကာ ပြောလိုက်၏။ “ဒီနေရာက တစ်ရက်လုံးစာ ငှားထားလို့ ခင်ဗျားပြန်ချင်တဲ့အချိန် ပြန်လို့ရပါတယ်”
သူ့ကျင့်ဝတ်ကပြီးပြည့်စုံပြီး သူ့စကားမှာ အမှားတစ်ခုမှမရှိပေ။ ကုပီချင်း၏လက်သီးက ဝါဂွမ်းကိုထိသွားပုံရ၏။ ရှန်းယုဟန်ထွက်သွားတော့ သူမက ဒေါသထွက်လွန်းတာကြောင့် သူမကိုင်ထားသော လက်ကိုင်ပုဝါကို လက်ဖက်ရည်စားပွဲပေါ် ပစ်လိုက်သည်။ “သူငါ့ကို မျက်လုံးထဲရော ထည့်ရဲ့လား?”
အန်တီချန်က ရှန်းယုဟန်ကို တချိန်လုံးလေ့လာနေပြီး စကားအနည်းငယ်ကြောင့် ဒေါသထွက်နေသော ကုပီချင်းနှင့်ယှဥ်လျှင် သူမက ပိုတည်ငြိမ်တာသိသာသည်။
“မဒမ်၊ ဒေါသမထွက်ပါနဲ့၊ သူက ဒီနေရာကို လူတစ်ယောက်ငှားထားတယ်လို့ပဲ ပြောသွားတာ။ ဘယ်သူငှားပေးထားတာလဲ သွားစုံစမ်းပေးမယ်။ သူ မဟုတ်တရုတ်တွေနဲ့ ပတ်သတ်နေတာဆိုရင် တတိယသခင်လေး သူ့ကိုလက်လွှတ်ဖို့ လွယ်မသွားဘူးလား?”
“အွန်း၊ သွားတော့… ငါ့သားက မိန်းကလေးကိုပဲလက်ထပ်သင့်တယ်။” ကုပီချင်းက စောဒကတက်၏။ “လောင်စန်းက ငယ်ငယ်လေးတည်းက အေးစက်လွန်းတယ်။ သူ့အစ်ကိုကြီးလို ဘာလို့မနာခံရတာလဲ? ဇနီးတစ်ယောက်ကိုလက်ထပ်ပြီး သားတစ်ယောက်မွေးလိုက်ရင် အိမ်တော်သုံးအိမ်က ဘယ်လောက်မွှေနေပါစေ၊ နောက်ဆုံးမှာ သူတို့လက်ထဲပဲရောက်လာလိမ့်မယ်။ သူတို့က ငါပြန်လာရတဲ့ အကြောင်းအရင်းကို တကယ်နားမလည်ကြဘူး”
အန်တီချန်က ပြောလိုက်သည်။ “မဒမ်၊ သူတို့က မဒမ်နဲ့ ကြီးပြင်းလာတာမဟုတ်လို့ မဒမ်ရဲ့အတွေးကို နားမလည်ကြတာပါ။ ကလေးယူခြင်းရဲ့ ပျော်ရွှင်မှုကိုသာ ခံစားမိရင် နားလည်ပါလိမ့်မယ်။ မစ္စတာရှန်း ဘယ်သူနဲ့ပတ်သတ်နေလဲ ကျွန်မသွားစုံစမ်းလိုက်ဦးမယ်”
ဆယ်မိနစ်နေတော့ အန်တီချန်ပြန်လာခဲ့သည်။
သူမက ရှန်းယုဟန်၏အသိ အဘိုးကြီးများနာမည်ကို ပြောပြလိုက်တော့ ကုပီချင်းက မယုံနိုင်သလို ပြန်မေးလာသည်။
“သူက အဲ့ဒီလူတွေနဲ့ ဘယ်လိုသိနိုင်မှာလဲ၊ သူတို့နဲ့မိတ်ဆက်ပေးဖို့ လောင်စန်းခေါ်သွားခဲ့တာပဲဖြစ်မယ်။ သူ့စိတ်ဓာတ်က တကယ်ကိုနက်နဲတာပဲ။ သူက လောင်စန်းရဲ့ အဆက်အသွယ်အားလုံးကို ချုပ်ထားတာ” သူမက အေးစက်စွာရယ်မောလိုက်သည်။ “သူ့မှာ အကြောက်တရားကင်းမဲ့တဲ့ အပြုအမူရှိနေတာလည်း မထူးဆန်းတော့ပါဘူး။ ကျန်းမိသားစုနဲ့ ဖန့်မိသားစုကို ခယဝယလုပ်ဖို့ အလျင်လိုနေတာ။” သူက တကယ်ကိုပင် တခြားသူ၏ပေါင်များကို ဖက်ထားလေသည်။ သူမက သူ့ကို လောင်စန်းဘေးမှာဆက်နေဖို့ ခွင့်မပြုနိုင်တော့ပေ။
အန်တီချန်က ရှန်းယုဟန်ကို လူတိုင်း လေးလေးစားစားဆက်ဆံကြောင်း၊ ရှန်းယုဟန်က တခြားသူများကို မြှောက်ပင့်ဖားယားမနေကြောင်းနှင့် တခြားသူများကို မျက်နှာသာပေးဖို့ ကြိုးစားမနေကြောင်း ပြောပြချင်ခဲ့သည်။ သို့သော် ဖန့်မိသားစုကတစ်ယောက်သည် ရှန်းယုဟန်အား သူနဲ့ကြက်တူရွေး၏ပုံ ဘယ်တော့ဆွဲပေးမှာလဲ မေးနေခဲ့သည်။
သူမက ကုပီချင်း အလျင်စလို ကောက်ချက်ချလိုက်မှာကို စိုးရိမ်နေတာကြောင့် အကြုံပြုချက်တစ်ခုကို ပေးလိုက်၏။ “မဒမ်၊ ကျွန်မတို့ နည်းနည်းလောက် ထပ်လေ့လာကြည့်မလား?”
“လေ့လာဖို့လိုသေးလို့လား? ခုနလေးတင် ဒီနေရာမှာ လုပ်ပြသွားတဲ့ သူ့ပုံစံက အရမ်းအတုယောင်ဆန်နေတာ။ အခုခတ်ရဲ့ ပေါ့ပေါ့နေပေါ့ပေါ့စားတဲ့ အလေအလွင့်ပဲဖြစ်လိမ့်မယ်။ သူ့ကိုဆက်ထိန်းထားဖို့က မသင့်တော်ဘူး။” ကံကောင်းစွာပင် သူမက အွန်လိုင်းသတင်းများကိုဖတ်တာကြောင့် လူတွေရဲ့အသွင်အပြင်နဲ့ အရူးလုပ်မခံရဖူးပေ။
အန်တီချန်က ထိုစကားကို အဓိပ္ပါယ်ရှိတယ်လို့ စိတ်ထဲမှာပြောလိုက်သည်။ တတိယသခင်လေးက သူ့အပေါ် အကြွင်းမဲ့ယုံကြည်နေတာ။ သူက ထိုအမျိုးအစားဖြစ်နိုင်သည်။ သူမက ရှန်းယုဟန် အတော်လေးသိက္ခာရှိတယ်လို့လည်း ခံစားမိသည်။ သူက အစကနေအဆုံးအထိ မဒမ်၏လျစ်လျူရှုမှုကို ခံရတာတောင် ဒေါသထွက်််မသွားပေ။ သူက လူတွေကို အပြုံးတစ်ခုဖြင့်သာ နှုတ်ဆက်ပြီး အကြံအစည်ကြီး၏။
ကုပီချင်းက ကျန်းမိသားစု စီစဥ်ထားသော ပြဇာတ်မှန်းသိသွားတော့ သခင်ကြီးကျန်းကို နှုတ်မဆက်ပဲ ချက်ချင်းထွက်သွားခဲ့သည်။ သူမမျက်နှာပြလို့မဖြစ်ပေ။ သူမက နှစ်နှစ်ဆယ်ကျော် သီလရှင်ဝတ်ခဲ့တာကြောင့် တချိန်က ရွယ်တူအမျိုးသားများက သူမ၏အိုမင်းနေသောမျက်နှာကို တွေ့သွားမှာမလိုချင်ပေ။
ရှန်းယုဟန်ကို ကာကွယ်ပေးဖို့ လိုက်လာသော ဘော်ဒီဂတ်က တတိယမဒမ်ထွက်သွားပြီဖြစ်ကြောင်း ရှန်းယုဟန်ကို မက်ဆေ့ပို့ခဲ့သည်။ ထိုမှသာ ရှန်းယုဟန်က စိတ်ချမ်းသာပြီး ပြဇာတ်ကို အေးအေးဆေးဆေးကြည့်နိုင်တော့သည်။ သူက ပြဇာတ်ကြည့်နေစဥ် ဘေးမှာ စိတ်အနှောင့်အယှက်ဖြစ်အောင် စကားပြောရတာကိုမကြိုက်ပေ။
ရှန်းယုဟန်နှင့် သခင်ကြီးကျန်းက နေ့လည်စာစားပြီး ပြန်လာခဲ့ကြသည်။
–
ရှန်ချီဟွမ်း ညနေမှာ ညစာပြန်စားမှာကိုသိပြီးတော့ သူက ကိုယ်တိုင်ငါးကင်ပြီး အေပရွန်ချွတ်လိုက်သည်။
ရှန်ချီဟွမ်းအိမ်ပြန်လာတော့ ရှန်းယုဟန်ဆီကို ကုပီချင်း ချဥ်းကပ်ခဲ့တာကိုသိပြီး ချက်ချင်းစိတ်ပူသွားခဲ့သည်။ “အဲ့ဒီမိန်းမ မင်းနဲ့ဘာကိစ္စရှိလို့လဲ? မင်းကိုအနိုင်ကျင့်သေးလား?”
ကုပီချင်းသာ ရှန်းယုဟန်နှင့် ပထမဆုံးအကြိမ်တွေ့တုန်းက အေးဆေးတည်ငြိမ်စွာ ပြုမူခဲ့မယ်ဆိုရင် သူ ဒီလောက်စိတ်ပူနေမှာမဟုတ်ပေ။
ဒါပေါ့ ရှန်းယုဟန်က အဆင်ပြေတယ်ဆိုတော့ စိတ်ဆိုးနေတဲ့သူက ပထမမဒမ်ဖြစ်ပေမည်။
သူက စိတ်ကောင်းဝင်နေသဖြင့် “သူမ ကျွန်တော့်ကိုအနိုင်ကျင့်လို့မရပါဘူး။”
ရှန်ချီဟွမ်းမှာ ကုပီချင်းအတွက် ထူးခြားသော ခံစားချက်တစ်စုံတစ်ရာမရှိပေ။ သူမက သူ့ကိုထားခဲ့လို့ နာကျည်းနေပေမယ့် သူမက စည်းစိမ်ဥစ္စာကို မက်မောနေတာ တွေ့ရပြီးနောက် သူ့အမုန်းတရားက ပျောက်ကွယ်သွားခဲ့သည်။