Chapter 83.2
Viewers 23k

Chapter 83.2


“နားလည်မှုအကြီးကြီးလွဲခြင်း”


ရှန်းယုဟန်က ပြတိုက်မှာ နေ့တိုင်းအချိန်ဖြုန်းနေပြီး ရှေးဟောင်းသုတေသနအဖွဲ့အတွက် စာအများကြီးဖတ်ပေးခဲ့သည်။



သူ့အတွက် ထိုအရာများက ယဥ်ကျေးမှုအမွေအနှစ်များမဟုတ်ပဲ သူ့မိသားစုချန်ခဲ့သော ပိုင်ဆိုင်မှုများဖြစ်တာကြောင့် အဖိုးတန်ဆုံးရတနာများဖြစ်သည်။

တန်ဖိုးကြီးပစ္စည်းအများကြီး မကျန်တော့ပေမယ့် သူ့အစ်ကိုကြီး ချန်ထားခဲ့သော ပစ္စည်းအများကြီးကို တွေ့ခဲ့ရသည်။


မူလကတော့ သူ့တတိယအစ်ကို၏ သားစဥ်မြေးဆက်များ ချန်ထားခဲ့တာလို့ ထင်ခဲ့သည်။ သူနဲ့သူ့တတိယအစ်ကိုက ပိုရင်နှီးပြီး သူ့အစ်ကိုကြီးက တည်ငြိမ်ကာ ဒုတိယအစ်ကိုက​တော့ ပညာရှင်တစ်ယောက်မှာ ရှိသင့်သော စာပေစွမ်းရည်ရှိသည်။ သို့သော် ရှန်းကျိယွီက အစ်ကိုကြီး၏ သားစဥ်မြေးဆက်ဖြစ်ကြောင်း သိခဲ့ရသည်။


ရှန်မိသားစုက 'ကော'ဆိုတာကို သတိရှိရှိ​ ပျောက်ကွယ်အောင် လုပ်ခဲ့တာ​ကြောင့် ရှန်းယုဟန်က ထိုနာမည်ကိုဖော်ပြဖို့ အစပြုမှာမဟုတ်ပေ။ သူက စာကိုဘာသာပြန်ဖို့သာ တာဝန်ရှိပြီး စာက ရည်ညွှန်းသော အကြောင်းအရာကိုတော့ သူသာသိသည်။



ယနေ့က ရှေးဟောင်းသုတေသနအဖွဲ့မှာ အလုပ်လုပ်ရမယ့် သူ၏နောက်ဆုံးရက်ဖြစ်ပြီး သူဘာသာပြန်ပေးရမည့် စာတစ်စောင်ရှိနေသည်။



သူက ဒီစာကို တမင်သက်သက် နောက်ဆုံးမှဖတ်ဖို့ ချန်ထားတာမဟုတ်ပဲ လက်ရှိကျွမ်းကျင်သူများက ကိုယ်တိုင်ဘာသာပြန််ချင်နေကြလို့ဖြစ်၏။ သို့သော် သူတို့က ရက်ပေါင်းများစွာ ကြိုစားအားထုတ်မှုများကို ဖြုန်းတီးခဲ့ပြီး စာထဲမှာ ဘာပြောထားလဲ နားမလည်ခဲ့ပေ။ အကြောင်းမှာ ထိုစာပုံစံသည် အုတ်ဂူပိုင်ရှင် ချန်ထားခဲ့သော မှတ်စုထဲကစာနှင့်မတူပေ။


ယင်းမှာ လက်ရေးစာဖြစ်သည်။


ရှန်းကျိယွီ၏ လူကြီးတစ်ယောက်က သခင်မလေးရှန်းအတွက် ရေးထားတာဖြစ်ပြီး ရှန်းယုဟန်က လက်ရေးကိုကြည့်ရုံဖြင့် ထိုစာမှာ သူ့အစ်ကိုကြီး သူ့အတွက်ရေးထားတာမှန်း သိခဲ့သည်။


အစ်ကိုကြီးက ဘာလို့ သူ့ကိုစာရေးတာလဲ? သူ့အရိုးတွေကို ရှာမတွေ့လို့လား?


သို့သော် သူ့မှာစဥ်းစားဖို့အချိန်မရှိပေ။ အကြောင်းမှာ သူ့ဘေးနားမှာ လူတွေအများကြီးရပ်နေလို့ပင်။ ကျွမ်းကျွင်ပညာရှင်များ၏ အဆိုအရ ဤစာမှာ အရေးကြီးအချက်အလက်များပါဝင်ပြီး သူတို့က ရှန်းယုဟန် အဖြေပေးဖို့ နေရာမှာတင်စောင့်နေကြသည်။


ယနေ့က သူ့နောက်ဆုံးနေ့ဖြစ်ပြီး ထိုစာက ချီတိုင်းပြည်နှင့် ပတ်သက်တာကို ဘာသာပြန်ဆိုရမည့် နောက်ဆုံးသော ယဥ်ကျေးမှုအမွေအနှစ်ဖြစ်၏။ သူက ရှန်းကျိယွီနှင့် တစ်ခါမှမဆက်သွယ်ဖူးပေမယ့် သူထိန်းသိမ်းထားသမျှ အရာအားလုံးက သူ့ကို အလွန်အမင်း စိတ်သက်သာရာရစေသည်။


အခမ်းအနားသဘောအရ ကြီးကြပ်ရေးမှူးလျန့်က ဤလုပ်ငန်းစဥ်ကို ဗီဒီယိုတိတ် ရိုက်ခိုင်းလိုက်သည်။ မှတ်တမ်းတင်ထားသော လုပ်ငန်းစဥ်က အလွန်တန်ဖိုးရှိသော အချက်အလက်ဖြစ်သည်။


ယနေ့ခေတ်မှာ အင်တာနက်သုံးစွဲသူများက အနောက်ဟန်မင်းဆက်၏ အုတ်ဂူများနှင့် ပတ်သတ်ပြီး အလွန်ဂရုစိုက်ကြသည်။ အုတ်ဂူတစ််ခုက မိသားစုကြီးတစ်ခုကို မြင်နိုင်ပြီး သူတို့က ကျွမ်းကျင်ပညာရှင်များ သူတို့အတွက် အချိန်ဇယားထုတ်ပေးမှာကို စောင့်နေကြသည်။


ရှန်းယုဟန်က တံခါးကိုကြည့်လိုက်တော့ ကြီးကြပ်ရေးမှူးလျန့်၏ ခွင့်ပြုချက်နှင့်အတူ ရှန်ချီဟွမ်းကပါ ရောက်လာခဲ့ပြီး သူက ရှန်းယုဟန်ကို လာကြိုတာဖြစ်၏။


သူက ထိုင်ခုံတစ်လုံးမှာထိုင်ပြီး သူ့ဇနီးအလုပ်လုပ်တာကို ပထမဆုံးအကြိမ် လေ့လာနေသည်။

ဗီဒိယိုကအသင့်ဖြစ်ပြီး ဘာသာပြန်ဖို့လိုအပ်သော နောက်ဆုံးလက်ကျန် ယဥ်ကျေးမှုအမွေအနှစ်က ခမ်းနားဖို့လိုသည်။


“ရှောင်ရှန်း၊ စကြတော့မလား?”

ရှန်းယုဟန်က ရှန်ချီဟွမ်းကိုထပ်ကြည့်လိုက်ပြီး သူ့ခင်ပွန်းက သူ့ကိုပြုံးပြနေသည်။ ရှန်းယုဟန်က သက်ပြင်းမောချလိုက်ပြီး လက်အိတ်စွပ်ကာ နှာခေါင်းစည်းကို နှာတံပေါ်ဆွဲတင်လိုက်ပြီး ဖိလိုက်၏။


သူက စကားစုတစ်ခုချင်းကို နှိုင်းယှဥ်ရန် မှန်ဘီလူးမလိုပေ။ သူလုပ်ရမည့်အရာက ဆီလျော်အောင် ရွတ်ဆိုဖို့သာဖြစ်သည်။


ဒါက သူ့အစ်ကိုကြီး သူ့အတွက်​ရေးထားသော နောက်ဆုံးစာဖြစ်၏။


တစ်နေ့ကျရင် သူ့အစ်ကိုကြီးဆီက စာကို လူထုကို ချပြရမယ်လို့ မထင်ထားခဲ့ပေ။

သူ့နှာခေါင်းက ချဥ်စူးနေပြီး ဤသည်မှာ နှစ်နှစ်ထောင်ကွာသော စာတစ်စောင်ဖြစ်ကာ အစ်ကိုကြီးနှင့် တခြားသူများက သူ့ကိုလုံးဝမေ့မသွားခဲ့ပေ။

ရှန်းယုဟန်က သက်ပြင်းရှိုက်လိုက်ပြီး စာကိုစဖတ်လိုက်သည်။ သူက ပထမစာတစ်ကြောင်းမှာတင် ဆို့နင်ကာ စကားထစ်နေခဲ့သည်။


“ဟန်ကောအာ၊ စာကိုမြင်တာက ငါ့ကိုမြင်ရသလိုပါပဲ။ မင်းအိမ်ကထွက်သွား​တော့ ချူတိုင်းပြည်က ချီတိုင်းပြည်ကို တိုက်ခိုက်ခဲ့တယ်။ အဖေက သူ့ကလေးတွေ သူ့ထက်အရင် သေသွားတာကို မကြည့်ချင်ခဲ့ဘူး။ ဒါကြောင့် သူက ရှန်းမိသားစု လူ့အဖွဲ့အစည်းထဲကို မဝင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ ငါ ချီတိုင်းပြည်မှာ သုံးနှစ်နေခဲ့ပြီး သုံးနှစ်လုံး မင်းကိုရှာဖို့ လူလွှတ်ခဲ့ပေမယ့် မင်းဘယ်မှာလဲ မသိခဲ့ရဘူး။ ဒါတွေက မင်းကို တစ်ဘဝလုံးအတွက် ကာကွယ်ဖို့ အရည်အချင်းမရှိတဲ့ မင်းအစ်ကိုကြီးရဲ့အပြစ်တွေပါ။ မင်းသာ ချူတိုင်းပြည်လို အဝေးကြီးမှာ လက်မထပ်ခဲ့ရရင် ဒီလိုတွေဖြစ်လာခဲ့မှာမဟုတ်ဘူး။ ကောင်းကင်ဘုံမှာ မျက်စိရှိရင် မင်းဒီစာကိုမြင်နိုင်မယ်လို့ မျှော်လင့်တယ်။ မင်း ကမ္ဘာကြီးရဲ့ ​လုံခြုံတဲ့နေရာတစ်ခုကို ရောက်နေပြီး မင်းကို ကာကွယ်ပေးဖို့ လူတစ်ယောက်ရှိပါစေလို့ ငါမျှော်လင့်တယ်”


သူက စာကိုခက်ခက်ခဲခဲ ဖတ်နေရပြီး နောက်ဆုံးစကားလုံးကို ဖတ်ပြီးတာနဲ့ မျက်ရည်တွေကျလာခဲ့သည်။


သူ့ရဲ့ထ​ပ်တူခံစားနိုင်စွမ်း ဘယ်လောက်ပြင်းထန်လဲဆိုတာ ဘယ်သူမှမသိပေ။


ရှန်းယုဟန်က စာကို အသာအယာ ချထားလိုက်ပြီး ယင်းမှာ သူနဲ့သူ့မိသားစု၏ နောက်ဆုံးသော ဆက်သွယ်မှုဖြစ်ပြီး သူက အရမ်းတန်ဖိုးထားသည်။



ရှန်ချီဟွမ်းက သူငိုနေတာမြင်တော့ စိတ်ပူနေသည်။ စာတစ်စောင်အတွက်နဲ့ ဘာလို့ငိုရတာလဲ?

ရှောင်လီက သူ့ကိုတစ်ရှူးကမ်းပေးတော့ ရှန်းယုဟန်က အဆက်မပြတ်ကျလာသော မျက်ရည်များကို သတိလက်လွတ် သုတ်ပစ်လိုက်သည်။

သူက လူအုပ်ကြီးကိုပြောလိုက်သည်။ “စိတ်မရှိပါနဲ့”


ကြီးကြပ်ရေးမှူးလျန့်ကပြောလိုက်သည်။ “ရပါတယ်။ စာက အရမ်းထိမိတယ်။ ဒီစာက ရှန်းမိသားစုမှာ သခင်မလေးရှန်းရဲ့အရေးပါမှုကို သက်သေပြနေတာပဲ။ ဒါက ငါတို့ ရှေးဟောင်းသုတေသန ပညာရှင်တွေအတွက် အကြီးမားဆုံးရှာဖွေတွေ့ရှိမှုပါ…. ရှောင်ရှန်း.. မင်းကောင်း​ကောင်းလုပ်ခဲ့ပါတယ်။ ငါတို့ကို ရက်ပေါင်းများစွာ ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။”


ရှန်းယုဟန်​က စာကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။ “ကျွန်တော့်ကို ကျေးဇူးတင်စရာမလိုပါဘူး။ ဒါက ကျွန်တော်လုပ်သင့်တဲ့အရာပါ” သူကမေးလိုက်သည်။ “ဒီစာကို နောက်တစ်ခါ ထပ်ဖတ်ချင်ရင် ကျွန်တော်က ပြတိုက်မှာ လက်မှတ်သွားဝယ်ရမှာလား?”

ကြီးကြပ်ရေးမှူးလျန့်ကရယ်မောကာ ဖြေလိုက်၏။ “အင်း”


လူတိုင်းကရယ်မောလိုက်ကြပြီး အားလုံးက ရှန်းယုဟန်ကို အလွန်အမင်း သ​ဘောကျ၏။ သူက ငယ်ပေမယ့် နှိမ်ချပြီး ယဥ်ကျေးသည်။ မိသားစုက ကောင်းကောင်းပျိုးထောင်ခဲ့တာ သိသာပြီး သူက အားလုံးနဲ့ ပေါင်းသင်းဆက်ဆံတတ်သည်။


ယနေ့က သူ့ရဲ့အလုပ်နောက်ဆုံးရက်ဖြစ်ပြီး သူ့ကိုလွှတ်ပေးဖို့ တုံ့ဆိုင်းနေသူများက ရှောင်လီ၊ အကိုယန်နှင့် အကိုကြီးလင်းဖြစ်သည်။ သူတို့က အခက်အခဲများကို အတူတူရင်ဆိုင်ခဲ့သည့် ရဲဖော်များဖြစ်ပြီး ဘယ်အချိန်မှ ပြန်ဆုံရမလဲ မသိနိုင်ချေ။

ရှန်ချီဟွမ်းက ဘေးနားက စားသောက်ဆိုင်မှာ ဘိုကင်လုပ်ထားကြောင်းပြောကာ သူတို့အားလုံးကို ဖိတ်ခေါ်လိုက်သည်။


သူက ရှန်းယုဟန် အဆူခံရပြီး အထင်လွဲခံရခြင်းမှ ကျွမ်းကျင်ပညာရှင်များ၏ မျက်လုံးထဲက ပညာရှင်ပေါက်စလေးအဖြစ် ပြောင်းသွားတာကို ကြည့်နေခဲ့ပြီး သူ့အတွက် အရမ်းဝမ်းသာတာကြောင့် တစ်ခုခုလုပ်ပေးချင်ခဲ့သည်။


ရှန်းယုဟန်က တွေ့တာမကြာသေးသော လုပ်ဖော်ကိုင်ဖက်များနှင့် မခွဲချင်ဖြစ်နေသည်။


ရှေးဟောင်းသုတေသနအဖွဲ့၏လူများနှင့် နှုတ်ဆက်ပွဲညစာစားနေချိန်တွင် စိတ်အတက်အကျဖြစ်နေခဲ့သော ရှန်းယုဟန်က သူတို့နဲ့အတူသောက်ပြီး နောက်ဆုံးမှာ ရှန်ချီဟွမ်းက သူ့ကို ခေါ်ဆောင်သွားခဲ့ရသည်။

ရှန်ချီဟွမ်းက နီမြန်းနေသော သူ့မျက်နှာကိုကြည့်နေသည်။


ကံကောင်းတာက သူ ဒီတစ်ခါ ရူးမသွားပေ။


သူတို့က နေ့လည်မှာ ကျန်းမြို့တော်ကို ပြန်ရမှာပေမယ့် ယခုပုံစံနဲ့ဆိုရင် လေယာဥ်စီးရတာ အဆင်မပြေမှာစိုး၍ ဟိုတယ်ကို အရင်သွားလိုက်ကြသည်။




ရှန်ချီဟွမ်းက ရှန်းယုဟန် အရက်သောက်ပြီး အရူးမထတာကို ကျေးဇူးတင်နေပေမယ့် သူတို့ကားပေါ်ကဆင်းပြီး ရှန်းယုဟန်ကို ဟိုတယ်သို့ ကူတွဲပေးနေစဥ် ရှန်းယုဟန်က ရုတ်တရက် အော်ငိုလာသည်။


“ကျွန်တော်အိမ်ပြန်ချင်တယ်…..ဟင့်..ဟင့်…ဟင့်”


“အစ်ကိုကြီး…. သူတို့က ကျွန်တော့်ကို သုံးနှစ်​တောင် စောင့်ခဲ့ရတာ။ ဒါပေမယ့် ကျွန်တော်က သေသွားခဲ့ပြီ.. ပြန်သွားလို့မရတော့ဘူး၊ သူတို့စောင့်နေတာ အချည်းနှီးဖြစ်သွားပြီ..ဟင့် ဟင့် ဟင်….”


ရှန်ချီဟွမ်းက လမ်းသွားလမ်းလာများကို ထပ်တလဲလဲကြည့်နေပြီး ခေါင်းကိုက်လာသည်။ ကားပေါ်မှာမငိုပဲ ကားပေါ်ကဆင်းမှ ဘာလို့ငိုတာလဲ “ရှန်းယုဟန်၊ မငိုနဲ့ဦး… အိမ်အရင်ပြန်မယ်”


“ခင်ဗျားကျွန်တော့်ကိုလိမ်တယ်!” ရှန်းယုဟန်က ငိုနေရင်းပြောလာသည်။ “ကျွန်တော် အိမ်ပြန်လို့မရတော့ဘူး။ ဒါက ကျွန်တော့်အိမ်မဟုတ်ဘူး။ ဘယ်ကိုခေါ်သွားနေတာလဲ?”


ရှန်ချီဟွမ်းက သူပြုတ်ကျမှာကြောက်လို့ သူ့ကိုပွေ့ဖက်ကာ တိုးတိုးလေးပြောလိုက်သည်။ “မင်းဒီပုံစံနဲ့ လေယာဥ်စီးလို့မရဘူးလေ၊ ဟိုတယ်မှာ ခဏနေပြီး မင်းစိတ်ငြိမ်သွားမှ အိမ်ပြန်မယ်။”


သို့သော် ယခုအချိန်တွင် ရှန်းယုဟန်ကမူးနေသည်။ သူက ရှန်ချီဟွမ်း၏ တင်းတင်းဖက်ခံထားရလေ ပိုရုန်းလေဖြစ်သည်။ “ခင်ဗျားလူလိမ်၊ ကျွန်တော့်ကိုလိမ်တယ်။ ကျွန်တော်အိမ်ပြန်လို့မရတော့ဘူး။ ကျွန်တော်ချီတိုင်းပြည်ကို ပြန်ချင်တယ်။ ခင်ဗျားနဲ့မနေချင်ဘူး။ လွှတ်ပေးပါ… လွှတ်ပေးတော့!”

“လိမ္မာစမ်း၊ ငါက မင်းရဲ့ယောကျာ်း… ငါမင်းကိုမလိမ်ဘူး။” ရှန်ချီဟွမ်းက အကြမ်းပတမ်း လှုပ်ခါနေသော သူ့လက်ကိုဖိထားပြီး ဘော်ဒီဂတ်ကို ကားပါကင်မှာ ကားမထိုးခိုင်းလိုက်တာ နောင်တရနေသည်။

ရှန်းယုဟန်က ရုန်းကန်နေဆဲပင်။ “ခင်ဗျားက ကျွန်တော့်ယောကျ်ားမဟုတ်ဘူး။ ကျွန်တော့်ယောကျာ်းက ကျန်းမြို့တော်မှာ အလုပ်လုပ်နေတယ်။ သူအလုပ်ရှုပ်နေတယ်””

သူတို့ကို ကြည့်နေတဲ့လူတွေ ပိုများလာသည်။


လူတွေက အချင်းချင်းစကားပြောနေပြီး သူတို့မျက်လုံးတွေက ရှန်ချီဟွမ်းကို သတိဖြင့်ကြည့်နေသည်။ “နင်အရင်နှစ်ရက်က သတင်းတစ်ခုဖတ်ခဲ့လား၊ အင်တာနက်ကဖေးမှာ ထိုင်နေတဲ့အမျိုးသားတစ်ယောက်က သူ့ဘေးက ကြည့်ကောင်းတဲ့အမျိုးသားတစ်ယောက်ကို မြင်သွားပြီး သူသန့်စင်ခန်းသွားနေတုန်းမှာ နို့လက်ဖက်ရည်ထဲဆေးခတ်လိုက်တာလေ။ ဒီလူက လူကောင်းနဲ့တူတယ်။ အဲ့လိုမျိုးတော့ မဖြစ်နိုင်ဘူးမလား၊ သူကိုင်ထားတဲ့​ယောကျ်ားက အရမ်းလှတယ်။!”


“ငါကြားတာ​တော့ ကောင်လေးက ဒါသူ့အိမ်မဟုတ်ဘူးတဲ့၊ ဒီလူကို လူလိမ်လို့လည်း ခေါ်လိုက်သေးတယ်။ တကယ့်လူလိမ်များလား”



“လူလိမ်ဟုတ်ဟုတ်မဟုတ်ဟုတ် ငါဂရုမစိုက်ဘူး၊ ရဲခေါ်လိုက်!”


“မှန်တယ်! ရဲခေါ်လိုက်!”


“ဒီရက်တွေမှာ ကောင်လေးတွေ အပြင်ထွက်ရင် ကာကွယ်ပေးရမယ်!”


ထိုအချိန်တွင် ရှန်းယုဟန်ကို ရင်ခွင်ထဲမှာ နှစ်သိမ်ရတာ ရှန်ချီဟွမ်းအတွက် မလွယ်ကူပေ။ သူက သူ့ကို အပေါ်ထပ်ခေါ်သွားခါနီး လူတစ်စုက သူတို့ကို ဝိုင်းထားတာတွေ့လိုက်ရသည်။


မိနစ်အနည်းငယ်ကြာတော့ ရဲစခန်းက ရဲတွေက ရှန်ချီဟွမ်းကို သူတို့အိုင်ဒီကတ်ပြလာသည်။


ရဲသား: “သခင်လေး၊ နိုင်ငံသားတစ်​ယောက်က ရဲခေါ်ပြီး ခင်ဗျားက ဒီကောင်လေးအပေါ် ယုတ်မာတဲ့ရည်ရွယ်ချက်ရှိနေတယ် ပြောလာလို့ပါ။ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပေးပါ။”


ရှန်ချီဟွမ်းက သူ့လက်မောင်းထဲက ကောင်လေးကိုကြည့်လိုက်သည်။ “မဟုတ်ဘူး၊ ခင်ဗျားအထင်လွဲနေတာ၊ သူက ကျွန်တော့်ချစ်သူပါ။ သူအရက်မူးနေလို့ပါ”



ရဲများနှင့် လူ့အုပ်ကြီးက မယုံပေ။ သူတို့က သူ့ကိုဝိုင်းထားပြီး လွှတ်ပေးဖို့ငြင်းဆန်နေသည်။ သူတို့၏မျက်နှာကလည်း သတိအနေအထားရှိနေကြသည်!

ရှန်ချီဟွမ်းက ခေါင်းငုံ့ကာ ကြည့်လိုက်သည်။ သူက အရက်နံ့နေသော ကောင်လေးကို ကိုင်ထားတာအမှန်ဖြစ်သည်။ လူကလည်း အသိစိတ်မရှိတာ​ကြောင့် ရှင်းပြခိုင်းလို့မရပေ။


သေစမ်း… ဒါက နားလည်မှုအကြီးကြီးလွဲနေတာကွ!