Chapter 92
Viewers 23k

Chapter 92


“ငါအကုန်သိသွားပြီ”


ရှန်ချီဟွမ်း၏ကားအက်စီဒန့်အပြီးမှာ ရှန်းယုဟန်က နောက်ကွယ်ကလူများ၏ ရက်စက်ကြမ်းကြုတ်မှုကို အလွန်အမင်းကြောက်ရွံ့ခဲ့သည်။ သူ့ကို နောက်ယောင်ခံလိုက်နေသူများမှာ သူ့ဆီက အကျိုးအမြတ်လိုချင်လို့ ဒါမှမဟုတ် ရှန်ချီဟွမ်းကို အန္တရာယ်ပြုဖို့ ကြိုးစားနေကြတာပင်။ သူနဲ့ရှန်ချီဟွမ်းက ယခုချိန်မှာ နှစ်ကိုယ့်တစ်စိတ်ဖြစ်၏။


“ဒီလူတွေက ဘာလို့ နေ့ခင်းကြောင်တောင် ကားနောက်ကနေ ပေါ်တင်လိုက်နေတာလဲ?” ရှန်းယုဟန်က မျက်မှောင်မကြုတ်ပဲ မနေနိုင်တော့ပေ။


ဘော်ဒီဂတ်က သူ့ကိုပြောလာသည်။ “ရာဇဝတ်ကောင်တချို့က ပိုက်ဆံကိုပဲဂရုစိုက်တယ်။ အသက်ကိုဂရုမစိုက်ဘူး။ သူတို့က အလုပ်ရှင်ရဲ့ပိုက်ဆံကိုယူပြီး သူတို့အတွက် ကိစ္စအားလုံးလုပ်ပေးကြတယ်။”


ရှန်းယုဟန်က နားလည်သွားသည်။ တကယ်တော့ သူနှင့် ဒါရိုက်တာကျင်းတွေ့ဆုံမယ့်နေရာက မြို့လယ်ခေါင်ဖြစ်ပြီး ယခု ထိုကားက မြို့လယ်မှာ မောင်းနေသဖြင့် ရူးရူးမိုက်မိုက်တွေ လုပ်မလာဖို့ မျှော်လင့်သည်။

လက်ထောက်ယန်က သူမ၏မျက်မှန်ကို ပင့်တင်လိုက်ပြီး ခန့်မှန်းလိုက်သည်။ “မစ္စတာရှန်း၊ သူတို့မှာ နောက်ထပ်အကြံအစည်ရှိနေတာလား? အနီးကပ်လိုက်မလာပဲ အဝေးကနေကြည့်နေတယ်။”


ရှန်းယုဟန်ကတွေးလိုက်သည်။ သူ့ကို ဘာရည်ရွယ်ချက်နဲ့ စောင့်ကြည့်နေတာလဲဆိုတာကို ခန့်မှန်းတာ ပိုကောင်းမည်။

“ခင်ဗျား လိုင်စင်နံပါတ်ပြား အကုန်ရေးချပေးနိုင်မလား?” သူ့ခင်ပွန်း၏ ကားအက်စီဒန့်အပြီးမှာ သူက ထိုမတော်တဆမှုမျိုးကို ကိုင်တွယ်ဖို့ အင်တာနက်မှာရှာဖွေခဲ့သည်။ ပထမတစ်ချက်က လိုင်စင်နံပါတ်ပြားကို မှတ်ထားဖို့ဖြစ်ပြီး ဒုတိယအချက်က ကျူးလွန်သူ၏မျက်နှာကို မှတ်ထားဖို့ဖြစ်သည်။ အတိုချုပ်ဆိုရရင် မတော်တဆမှုမှာ ထိုနှစ်ချက်က အလွန်အရေးပါသည်။


ဘော်ဒီဂတ်ကပြောလိုက်သည်။ “ဟုတ်ကဲ့ပါ”


နောက်ထိုင်ခုံမှာထိုင်နေသော ဘော်ဒီဂတ်က တစ်ဖက်လူ၏ လိုင်စင်ပြားကို သိုသိုသိပ်သိပ် ဓာတ်ပုံရိုက်ခဲ့ပေမယ့် လက်ထောက်ယန်က ပြောလာသည်။ “ဓာတ်ပုံရိုက်ရင်တောင် မသုံးမဝင်လောက်ဘူး။ သူတို့က လိုင်စင်ပြားအတုကို သုံးထားတာဖြစ်နိုင်တယ်။ ပြီး​တော့ ငါတို့ အဲ့ဒါကို ရဲလက်အပ်လိုက်ရင်တောင် သူတို့က အချက်အလက်ကို ရှာနိုင်မှာမဟုတ်ဘူး။ တစ်ဖက်လူက ငါတိုနောက်ကိုလိုက်နေတော့ သူတို့ပြင်ဆင်ပြီးလာတာဖြစ်ရမယ်။”


“လိုင်စင်ပြားအတု?” ရှန်းယုဟန်က ထိုစကားကိုနားမလည်ပေ။


“တကယ်မရှိတဲ့ လိုင်စင်နံပါတ်ပြားကိုပြောတာပါ။” ရှန်းယုဟန်က အင်မတန်း ရိုးရှင်းသူမှန်း လက်ထောက်ယန်ကသိတာ​ကြောင့် ရှင်းပြလိုက်လေသည်။


“အော်၊ ဒါဆို သူတို့က ကျွန်တော်တို့ကို စောင့်ကြည့်နေရုံပဲလား?” ရှန်းယုဟန်က စိတ်ထင့်နေသည်။ “လမ်းမှာကားအပြည့်ပဲ၊ သူတို့ လမ်းမပေါ်မှာတော့ ပြစ်မှုမကျူးလွန်လောက်ဘူး။” သူတစ်ခုခုဖြစ်ရင် သူ့ယောကျာ်းက ဘယ်လောက်တောင် စိတ်ပူနေမလဲ?


“မစ္စတာရှန်း…စိတ်မပူပါနဲ့၊ ကျွန်တော်တို့ ခင်ဗျားကို ကာကွယ်မှာပါ။” ဘော်ဒီဂတ်က သူ့တာဝန်ကို ဖော်ပြလာသည်။


“ကောင်းပါပြီ” နောက်ဆုံးတစ်ခေါက် အထည်ဆိုင်မှာ သူ့ကို ကာကွယ်ပေးခဲ့သူကလည်း ဘော်ဒီဂတ်ဖြစ်တာကြောင့် ရှန်းယုဟန်က စိတ်သက်သာရာရသွားသည်။


သူတို့ကားက နေအိမ်လမ်းကြောင်းကို ဆက်လက်မောင်းနှင်နေပြီး ဘောဒီဂတ်က ဘယ်ညာကွေ့ကာ အရှိန်ကိုမြှင့်လိုက်သည်။ သူတို့နောက်လိုက်နေသော ကားနှစ်စီးက မီးပွိုင့်အမျိုးမျိုးကြောင့် သူတို့နောက်ကို ဆက်လိုက်ဖို့ အခွင့်အရေးလွတ်သွားပြီး​နောက် မြို့ပတ်လမ်းပေါ်မှာ ယာဥ်အသွားအလာများလာ၍ ကားနှစ်စီးလုံးက မြင်ကွင်းမှပျောက်ကွယ်သွားခဲ့သည်။


လက်ထောက်ယန်က နောက်လှည့်ကြည့်ကာ ပြောလိုက်သည်။ “ငါတို့ သူတို့ကို လမ်းလွှဲလိုက်နိုင်တယ်ထင်တယ်။” 


​နောက်တန်းက ဘော်ဒီဂတ်က ပြောလာသည်။ “မဟုတ်ဘူး။ သူတို့ကို မရှင်းပစ်နိုင်သေးဘူး။ ကားတွေက နှစ်စီးထက်ပိုတယ်၊ အဖြူလေးရောပဲ”


ဘော်ဒီဂတ်ဒရိုက်ဘာက ဆိုသည်။ “ငါနားလည်ပြီ၊ အားလုံးပဲ ထိုင်ခုံခါးပတ်ကို တင်းတင်းပတ်ထားပါ။”



ရှန်းယုဟန်က ထိုင်ခုံခါးပတ်ကိုစစ်ဖို့ ခေါင်းငုံ့လိုက်ပြီး ထပ်ခါထပ်ခါစစ်နေသည်။


ကားက ရုတ်တရက်ဆိုသလိုပင် ဘွန်းကနဲ ရှေ့ကို အရှိန်ပြင်းပြင်းပြေးသွားပြီး ရုတ်တရက်ပေါ်လာသော ကားအဖြူလေးကလည်း အရှိန်မြန်လာသည်။ ထို့အပြင် အမြန်နှုန်းက သူတို့ထက်မြင့်တာကြောင့် ရှေ့တိုးလာကာ ရှန်းယုဟန်၏ ကားနောက်ခြမ်းကို ပြောင်ပြောင်တင်းတင်း ဝင်တိုက်ပစ်ခဲ့သည်။ ယခုလိုအရေးကြီးအခိုက်အတန့်မှာ ဘော်ဒီဂတ်ဒရိုက်ဘာက နောက်တစ်လမ်းကို ခက်ခက်ခဲခဲ ဖြတ်ကျော်ကာ တတိယမြောက်လမ်းကြားသို့ ကွေ့ဝင်သွားခဲ့သည်။


ရှန်းယုဟန်၏ ခန္ဓာကိုယ်က ရှေ့ကိုယိမ်းထိုးကာ ခါးပတ်မပတ်ထားလျှင် ခေါင်းရိုက်မိသွားမှာပင်!

သူ့ဘေးမှာထိုင်နေသောလက်ထောက်ယန်က သူ့ကို မေးလာသည်။ “မစ္စတာရှန်း…အဆင်ပြေရဲ့လား?”


“ပြေပါတယ်။ ခင်ဗျား ငြိမ်ငြိမ်ထိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။” ရှန်းယုဟန်က ယခုချိန်မှာ ရထားလုံးပေါ်မှာ ထိုင်နေတာမဟုတ်ပဲ သက်တောင့်သက်သာရှိသော ကားပေါ်မှာထိုင်နေတာဖြစ်၏။ သူချောက်ကမ်းပါးပေါ်က ပြုတ်ကျတုန်းက မူးဝေးသွားသည်အထိ တုန်လှုပ်ခဲ့​တာကို မှတ်မိသေးသည်။


လက်ထောက်ယန်က ယခုချိန်တွင် တာဝန်ကို မှတ်မိနေသေးသည်။ “ကျွန်မတို့ မစ္စတာရှန်းကို အကြောင်းကြားလိုက်မလား?”


ရှန်းယုဟန်က လုံးဝတုံ့ဆိုင်းမနေပေ။ “သူ့ကိုပြောပြလိုက်ပါ” တခြားသူများက ကိစ္စပြီးသွားပြီလို့ ထင်ကောင်းထင်နိုင်ပေမယ့် သူက ထိုသို့မလုပ်ချင်ပေ။ သူက သူ့အသက်အန္တရာယ်ကို ဘယ်လိုစတေးနိုင်မှာလဲ…. သူအသက်ရှင်ချင်သေးသည်။


ကားက တည်ငြိမ်သောအခြေအနေကို ပြန်ရောက်သွားသောအခါ ရှန်းယုဟန်က တုန်လှုပ်နေသည့်ကြားက ဖုန်းကိုရှာပြီး ရှန်ချီဟွမ်း၏ နံပါတ်ကို တစ်ချက်တည်းနှိပ်လိုက်လေသည်။


သူ့ဇနီးလေးက အမြဲယဥ်ကျေးတာကြောင့် သူအစည်းအဝေးလုပ်နေရင် ပေါ့ပေါ့ဆဆ ဖုန်းခေါ်လေ့မရှိတာကို ရှန်ချီဟွမ်းကသိသည်။ ရှန်းယုဟန်က ရုတ်တရက်ဖုန်းခေါ်လာသောအခါ သူက ချက်ချင်းကိုင်လိုက်လေသည်။

ရှန်းယုဟန်၏လေသံက တည်ငြိမ်နေဆဲပင်။ “ယောကျာ်း၊ ကျွန်တော်တို့နောက်မှာ ကားသုံးစီးလိုက်နေလို့၊ အခုလေးတင် သူတို့လိုက်တိုက်တာကို ခံလိုက်ရသေးတယ်။ ဘာဆက်လု​ပ်ရမလဲ?”


ပထမစကား၏အစမှာ အဓိပ္ပါယ်မရှိတာ မဟုတ်သလို အလားတူပင် ဤစကားတစ်ခွန်းက ရှန်ချီဟွမ်း၏လက်ထဲက ဘောပင်ကို နှစ်ပိုင်းကျိုးလုနီးပါးဖြစ်စေခဲ့ပြီး သူနှလုံးသားက ရုတ်ချည်းရ​ပ်တန့်းသွားသည်။

ရှန်းယုဟန်၏အသံက ထိတ်လန့်မှုကို တိုက်ရိုက်သက်သာစေတာကြောင့် သူ့စိတ်က ပြန်တည်ငြိမ်သွားသည်။ “စိတ်မပူပါနဲ့၊ မင်းအခုဘယ်လမ်းမှာလဲ? ဘောဒီဂတ်အားလုံး အဲ့မှာရှိလား?”


ရှန်းယုဟန်က ပြောလိုက်သည်။ “အားလုံးဒီမှာရှိတယ်။ ကျွန်တော်တို့ ခုလေးတင် မြို့ပတ်လမ်းကဆင်းပြီး အိမ်ပြန်နေပြီ။”


ရှန်ချီဟွမ်းက သူတို့နေရာကို ချက်ချင်းသိသွားပြီး သူတို့က သူ့ကုမ္ပဏီနှင့် နည်းနည်းသာဝေးတော့သည်။ “မင်း ကုမ္ပဏီကိုပဲ တိုက်ရိုက်လာခဲ့။ မင်းကိုကြိုဖို့ ကားလွှတ်လိုက်မယ်။”


“ဟုတ်ကဲ့” ရှန်းယုဟန်က ပြောလိုက်၏။


“ဖုန်းမချပစ်နဲ့၊ ဒီအတိုင်းပဲဖွင့်ထား။” ရှန်ချီဟွမ်းက အစည်းအဝေးခန်းထဲက လူတွေကို တစ်ချက်ကြည့်ပြီး လက်ထောက်ချွီနှင့်အတူ ထွက်လာခဲ့သည်။ သူက လက်​ထောက်ချွီကို စကားနည်းနည်းပြောပြီး ဘောဒီဂတ်များကို ပို့လိုက်ရုံတင်မကပဲ ရဲတပ်ဖွဲ့ကိုပါခေါ်ခဲ့သည်။


လက်ထောက်ယန်က ထိုကားသုံးစီး အရှိန်သိပ်မမြန်စဥ်က ရိုက်ထားခဲ့သော ကားလိုင်စင်နံပါတ်ပြားကို ပို့ပေးလိုက်သည်။ ဤသည်မှာ နေ့ခင်းကြောင်တောင် ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်၍ သင်ခန်းစာပေးဖို့လိုအပ်သည်။


ရှန်ချီဟွမ်းက သူ့ပစ္စည်းများကို ချက်ချင်းထုပ်ပိုးကာ ရှန်းယုဟန်ကို သွားကြိုခဲ့သည်။ လက်ရှိမှာ တုန်လှုပ်နေဖို့က သူ့အတွက် အသုံးမဝင်ပေ။


ရဲတပ်ဖွဲ့က အမြန်တုံ့ပြန်လာပြီး ရှန်းယုဟန်ကို နောက်ယောင်ခံလိုက်နေသောကားကို အတိအကျဖော်ထုတ်ခဲ့သည်။ မူလက ယာဥ်ထိန်းရဲစောင့်ကြည့်ရေးစနစ်တွင် ကားနှစ်စီး၏အမြန်နှုန်းက အကန့်အသတ်ကိုကျော်လွန်နေခဲ့သဖြင့် ရဲတပ်ဖွဲ့၏ ပစ်မှတ်ဖြစ်လာခဲ့ပေမယ့် သူတို့က ထိုနေရာမှာ ရှန်မိသားစုဝင်တစ်ယောက် ပါနေမယ်လို့ မမျှော်လင့်ထားပေ။


ရှန်းယုဟန်က ကား၏လှုပ်ခါမှုကြောင့် ​​နောက်တစ်ကြိမ် မူးဝေသွားပြီး တစ်ကိုယ်လုံးက ငိုက်စိုက်ကျလုနီးပါးပင်။ ယင်းမှာ ရဲကား၏အသံကို ကြားလိုက်ရ၍ သူတို့ကားက ပုံမှန်အမြန်နှုန်း ပြန်ပြောင်းမသွားခင်အထိဖြစ်၏။ ရဲကားများစွာက ကားဖြူလေး​နောက်ကိုလိုက်နေကြပြီး ထိုအရာကိုမြင်သော ကားဖြူလေးက ချက်ချင်းထွက်ပြေးဖို့ကြိုးစားလိုက်ရာ Guardrails တန်းကိုဝင်တိုက်မိပြီး ကားသမားကို နေရာမှာတင် ချက်ချင်းဖမ်းမိခဲ့သည်။

(** Gurardrail က ယာဥ်မတော်တဆမှုဖြစ်အောင် ကားလမ်းရဲ့ ဘေးနှစ်ဖက်မှာ ကာကွယ်တားဆီးပေးထားတဲ့ သံဘောင်လက်ရန်းကိုပြောတာပါ)


ရဲတပ်ဖွဲ့ရောက်ရှိလာမှုက ရှန်းယုဟန်၏ ဖိအားကို ပြေလျော့စေပြီး သူတို့ကားက လမ်းဘေးတစ်နေရာမှာ ထိုးရပ်ခဲ့သည်။


သူ​က နောက်တစ်ကြိမ် လွတ်မြောက်လာခဲ့သည်။ သူ ထိုင်ခုံမှာထိုင်ပြီး သက်ပြင်းရှူထုတ်လိုက်သည်။ ဘယ်သူက သူ့ကို ပစ်မှတ်ထားနေတာလဲ?


ကားတံခါးပွင့်သွားခဲ့သည်။ လက်ထောက်ယန်က ကားထဲက အရင်ထွက်လိုက်ပြီး သူက ​နောက်ကလိုက်ထွက်စဥ် ရှန်ချီဟွမ်း၏ စိုးရိမ်နေသောမျက်နှာကို မြင်လိုက်ရသည်။ “ရှန်းယုဟန်! မင်းအဆင်ပြေလား?”

.ရှန်းယုဟန်က စိတ်သက်သာရာရသလို ပြုံးပြလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်အဆင်ပြေပါတယ်။” ကားပေါ်ကဆငးပြီး​​​ေနောက် သူက သူ့ကိုစိတ်ပူနေသော ရှန်ချီဟွမ်းကိုဖက်လိုက်ပြီး သူ့ခင်ပွန်းကလည်း သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လာ၏။


ငါ့ကြောင့်နဲ့ မင်းကိုပစ်မှတ်ထားခဲ့တာဖြစ်မယ်” ရှန်ချီဟွမ်းက သူ့စိတ်ပူပန်မှုများနှင့် ဖြစ်နိုင်ချေကို စိတ်ရင်းနဲ့ဖော်ပြလိုက်​ပြီး သူ့ကိုယ်သူစိတ်ပျက်နေသည်။ သူ့ဇနီးလေး တစ်ယောက်​ယောက်ဆီက ပစ်မှတ်ထားခံရအောင် သူဘယ်လိုခွင့်ပြုနိုင်ခဲ့တာလဲ.?


“ယောကျာ်း ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့၊ ဒီအရာတွေက လူဆိုးတွေလုပ်ခဲ့တာ။ ခင်ဗျားနဲ့မဆိုင်ဘူး” ရှန်းယုဟန်က သူ့ခင်ပွန်း မျက်မှောင်ကြုတ်ပြီး မှုန်ကုပ်ကုပ်ဖြစ်နေတာကို မလိုချင်ပေ။


“လတ်တလောကုမ္ပဏီမှာ ပြောင်းလဲမှုကြီးကြီးမားမားဖြစ်ခဲ့လို့ လူတစ်ချို့ကို မကျေမနပ်ဖြစ်စေခဲ့တယ်။”


သူတို့ဘာလုပ်နိုင်မှာလဲ… ရှန်းယုဟန်က အပြင်ထွက်တာနဲ့ ပစ်မှတ်ထားခံနေရပြီး သူတို့က သူ့အတွက် ခက်ခဲအောင် လု​ပ်ချင်နေတာသိသာသည်။


“ဒါကလည်းလိုအပ်တာ​ပဲ။ ပြီး​တော့ ရဲတွေက သူ့တို့ကို တားဆီးပြီးပြီဆိုတော့ သူတို့ကို ဘယ်သူကြိုးကိုင်နေလဲ အရင်မေးရအောင်”


ရှန်ချီဟွမ်း၏စိတ်ထဲမှာ လူစာရင်းရှိပြီးသားမို့ သူကခေါင်းညိတ်လိုက်လေသည်။ သူက ရှန်းယုဟန်အပြင်ထွက်တာကို မတားနိုင်သဖြင့် လူပိုလွှတ်ပေးရုံသာ တတ်နိုင်သည်။


ရဲတပ်ဖွဲ့က ဒရိုက်ဘာကို ဘာမှမေးလို့မရခဲ့ပေမယ့် ရှန်ချီဟွမ်းက စုံစမ်းစစ်ဆေးဖို့ လူတစ်​ယောက်လွှတ်နိုင်သည်။ သူတို့က နောက်ဆုံးတစ်ခေါက် အထည်ဆိုင်မှာ အက်စီးဒန့်ဖြစ်စေခဲ့သော ကားနှင့် တိုက်ရိုက်ချိတ်ဆက်လိုက်တော့ ယင်းမှာ တိုက်ဆိုင်တာလုံးဝမဟုတ်ပါပဲ တစ်ဖက်လူက ရှန်းယုဟန်ကို ပစ်မှတ်ထားနေတာဖြစ်၏။


ရှန်းယုဟန် မမြင်နိုင်သောနေရာတစ်ခုမှာ ရှန်ချီဟွမ်း၏ မျက်လုံးများက နက်မှောင်သွားလေ၏။


အခင်းပွားမှုကို စစ်ဆေးနေဆဲဖြစ်ပြီး မျှော်လင့်ထားသလိုပင် ရဲတပ်ဖွဲ့ဘက်က ဒရိုက်ဘာကို ပုံမှန်တရားစီရင်ရေး လုပ်ထုံးလုပ်နည်းအရသာ အရေးယူနိုင်ပြီး ရှန်ချီဟွမ်းက သူလိုချင်သောအဖြေကို မရခဲ့ပေ။ ဤရာဇဝတ်သားများ၏ ချဥ်းကပ်နည်းမှာ တသမတ်တည်းဖြစ်ပြီး ရန်သူများက အမှောင်ထဲမှာရှိနေစဥ် သူတို့ကတော့ မြင်သာနေခဲ့သည်။

ရက်အနည်းငယ်ကြာတော့ ရှန်ချီဟွမ်းက သဲလွန်စအချို့ရခဲ့ပြီး သူ့လက်ထဲက လူတွေမှာ အသုံးဝင်စပြုလာသည်။ ဒရိုက်ဘာ၏အချက်အလက်ကို စစ်ဆေးခဲ့ပြီးနောက် သူတို့က တစ်ဖက်လူစကားပြောလာပြီး သူနဲ့ပတ်သက်သူများကို ရှာဖွေရန် စိတ်ပိုင်းဆိုင်ရာ နည်းလမ်းတချို့ကို အသုံးပြုခဲ့သည်။

သူနဲ့ပတ်သက်သော အဆက်အသွယ်ရှိနေသရွေ့ ထိုအဆက်အသွယ်ကို စစ်ဆေးမေးမြန်းကာ အဖြေရှာဖို့ ခက်ခဲမည်မဟုတ်ပေ။


တခြားအိမ်တော်သုံးအိမ်က တစ်​ယောက်​ယောက်လုပ်ခဲ့တာ ၆၀% ၇၀% သေချာပေမယ့် အတိအကျကတော့ ဖြည်းညှင်းစွာ ထွက်ပေါ်လာပေမည်။


ရှန်းယုဟန်က အိမ်မှာပျင်းရိမနေပေ။ လက်ထောက်ယန်က သူ့အတွက် ကိစ္စများကို ကိုင်တွယ်ပေးနေပြီး သူမအလုပ်အားသည့်အခါ ရှန်းယုဟန်က သူမကို ကုမ္ပဏီနှင့်ပတ်သက်သော ကိစ္စများ မေးလေ့ရှိသည်။ သူက တကယ်နားမလည်နိုင်တာကြောင့် အားလုံးကို ချရေးကာ အင်တာနက်မှာ အချက်အလက်များရှာခဲ့သည်။ သူက ​ခေတ်သစ်၏လူသုံးများသော ဗဟုသုတများကို ပိုမိုနားလည်လာ၍ ပိုလို့​တောင်တည်ငြိမ်လာပြီး လုပ်စရာရှိတာသာ လုပ်နေခဲ့သည်။


ရှန်းကျိယွီ၏အုတ်ဂူက ရက်အနည်းငယ်အတွင်း ပြသတော့မှာပင်။ ကြီးကြပ်ရေးမှူးလျန့်က ရှန်းယုဟန်ကို ပြပွဲဖိတ်စာပို့ပေးခဲ့သည်။ ထိုနေ့မှာ အခမ်းအနားအသေးလေးရှိနေမှာဖြစ်ပြီး သူတို့က ရှန်ကျိယွီ၏ နက်နဲသောအရာများကို ထုတ်ဖော်ပြမည်ဖြစ်ပြီး မဖြေရှင်းနိုင်သော လျို့ဝှက်ဆန်းကြယ်မှုများလည်း ရှိနေသေးသည်။


တစ်ပတ်ကြာတော့ ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက ဖန့်ချန်ကို အတူသွားခဲ့ကြသည်။ ရှန်ချီဟွမ်းက အနောက်ဟန်မင်းဆက်အုတ်ဂူကို သွားကြည့်ဖို့ ရှန်းယုဟန်ကို အဖော်လိုက်ပေးမယ်လို့ ကတိပေးခဲ့တာဖြစ်၏။ သူက ရှန်းယုဟန် ဤအုတ်ဂူကို အရမ်းဂရုစိုက်မှန်းသိပြီး ယခင်က ထိုအရာနှင့်ပတ်သက်ပြီး အမြဲစဥ်းစားနေခဲ့ပေမယ့် နောက်တော့ လွှတ်ပေးထားခဲ့သည်။ သူ့ဇနီးလေးက ရှေးဟောင်းပစ္စည်းများကို တကယ်သဘောကျလို့ ဖြစ်မည်။ ဘယ်လိုပင်ဖြစ်စေ သူက ရှေးခေတ်တရုတ်စာကိုသာ သိနေသည်လေ….


နှစ်ယောက်သားက လေယာဥ်ပေါ်ကဆင်းပြီးနောက် ပြတိုက်ကို တန်းသွားခဲ့သည်။


ယနေ့လာရောက်ကြသော လူတိုင်းက အဖိတ်ခံထားရတာဖြစ်၏။ မနက်ခင်း အခမ်းအနားဖွင့်လှစ်ပြီး​နောက် မွန်းလွဲပိုင်းမှာ တရားဝင်ဖွင့်လှစ်ပြသခဲ့သည်။ ယနေ့က ပြတိုက်၏ သတင်းစာရှင်းလင်းပွဲနှင့် ခပ်ဆင်ဆင်တူပြီး သူတို့က အနောက်ဟန်မင်းဆက်၏အုတ်ဂူကို အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ကြသည်။



တိုက်ရိုက်ထုတ်လွင့်ရေး၏နာမည်မှာ: အ​နောက်ဟန်မင်းဆက်အုတ်ဂူမှ ရှန်ကျိယွီဖြစ်သည်။



ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းတို့ကို တတိယတန်းမှာထိုင်ဖို့ စီစဥ်ထား၏။


ပြတိုက်မှူး၏ စင်မြင့်ပေါ်က အဓိပ္ပါယ်မဲ့စကားများကို နားထောင်ပြီးနောက် ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုမေးလိုက်သည်။ “တိုက်ရိုက်ထုတ်လွှင့်မှုရှိတာကို မင်းက ဘာလို့ လူကိုယ်တိုင်လာဖို့ လိုအပ်တာလဲ?


ရှန်းယုဟန်က သူ့နားနားကို ကပ်ပြီး ပြောလိုက်သည်။ “ကျွန်တော် ရှန်ကျိယွီဘယ်လိုပုံစံလဲဆိုတာ အနီးကပ်ကြည့်ချင်လို့”


ရှန်ချီဟွမ်းက တစ်ခုခုနားလည်သွားပုံရသည်။ “ဒါပေမယ့် လူတွေက သခင်မလေးရှန်းရဲ့ ပုံစံကို ပိုစိတ်ဝင်စားကြမယ်ထင်တယ်။ သူမရဲ့အချက်အလက်က နည်းပါးလွန်းတယ်။ ပြီး​တော့ သူမက လျှို့ဝှက်ဆန်းကြယ်သလိုပဲ။”


ရှန်းယုဟန်က အသာရယ်မောလိုက်ပြီး သူ့ကိုမေးလိုက်လေ၏။ “ဒါဆို ခင်ဗျား သခင်မလေးရှန်းရဲ့ပုံစံကို သိချင်လား?”

ရှန်ချီဟွမ်းက ထိုအခိုက်အတန့်မှာ ခေါင်းညိတ်ခေါင်းခါ မလုပ်ရဲဖြစ်နေသည်။ သူက မသိချင်ရဲပါဘူး။ သူ့ဇနီးလေးကို ငို​အောင်လုပ်တာမကောင်းပေ။



သူက အလေးအနက်ပြောလိုက်သည်။ “သူမဘယ်လိုပုံစံဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ သူမက နှစ်ထောင်ပေါင်းများစွာက လူသားတစ်ယောက်ပဲ။ ငါတို့ ပညာရေးအတွေးအခေါ်နဲ့ပြောရရင် အဲ့ဒါက လေ့လာဖို့ထိုက်တန်တဲ့ ခေါင်းစဥ်တစ်ခုပဲ”


ရှန်းယုဟန်က နှာခေါင်းရှုံ့လိုက်သည်။ သူ့ယောကျာ်းက ဘာပေါက်ကရတွေပြောနေတာလဲ၊ သူ့ကို လေ့လာရေးခေါင်းစဥ်အဖြစ် ဘယ်လိုတောင် ဆက်ဆံနိုင်ရတာလဲ?



ရှန်ချီဟွမ်းက သူ့ထဲမှာ မသိမသာ ပြောင်းလဲမှုတစ်ခုကို တွေ့လိုက်သည့်နှင့် သူ့အဖြေက သူ့ဇနီးကို မကျေနပ်စေခဲ့ဘူးဆိုတာ သိသွားသည်။ ရှန်းယုဟန်က သခင်မလေးရှန်းကို ဘာလို့အဲ့လောက်ဂရုစိုက်နေရတာလဲ? ဒီတစ်ကြိမ်မှာ သူက ဘက်လိုက်မှုမရှိသော ကိစ္စကို ဆွေးနွေးခဲ့တာပင်။


ကံအားလျော်စွာ ထိုအချိန်တွင် ကြီးကြပ်ရေးမှူးလျန့်က စတိတ်ပေါ်တက်သွားပြီး ချီတိုင်းပြည်၏ အထင်ကရ ယဥ်ကျေးမှုသုတေသနဖြစ်သော အနောက်ဟန်မင်းဆက်၏အုတ်ဂူမှ တူးဖော်ရရှိခဲ့သည့် အရေးကြီးသော ယဥ်ကျေးမှုအမွေအနှစ်များအကြောင်း ရှင်းပြလာခဲ့သည်။ ရှန်ချီဟွမ်းက စိတ်ဝင်တစားဖတ်ရှုနေပြီး ထိုအပေါ်က စကားလုံးများမှာ သူ့ဇနီးလေး ကိုယ်တိုင်ဖော်ထုတ်ပြီး ဘာသာပြန်ပေးခဲ့တာပင်။



ကြီးကြပ်ရေးမှူးလျန့်၏ လုပ်ငန်းစဥ်မှာ သုံးဆင့်ရှိပြီး ပထမတစ်ဆင့် က အရေးကြီးသော ယဥ်ကျေးမှုအမွေအနှစ်များကို မိတ်ဆက်ပေးဖို့ဖြစ်၏။ ဒုတိယတစ်ဆင့်ကတော့ ချီတိုင်းပြည်၏ ဂီတသံစဥ်ဆယ်မျိုးကို ပရိသတ်များအား ချပြဖို့ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်က ဂီတကို နေရာမှာတင် တိုက်ရိုက်ဖွင့်ပြခဲ့ပြီး ၎င်းမှာ သုံးဆယ်စက္ကန့်ဗီဒီယိုသာဖြစ်၏။



ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်များ၏ ပရိသတ်များက အွန်လိုင်းပလက်ဖောင်းမှတစ်ဆင့် ထိုဗီဒီယိုကို ကြည့်ရှုခဲ့ကြသည်။



ဗီဒီယိုထဲတွင် ဂီတပညာရှင်က တီးခတ်နေပြီး ယင်းမှာ သူတို့တစ်ခါမှမမြင်ဖူးသော နှစ်လိုဖွယ်ဂန္ဓဝင်တေးနှင့် ကြာရှည်သောသံစဥ်များပါဝင်သည်။


ကြီးကြပ်ရေးမှူးလျန့်က ကူချင်တီးခတ်ဖို့ ကျွမ်းကျင်ပညာရှင်များကို ငှားရမ်းခဲ့ကြောင်း အသာပေးဖော်ပြခဲ့သည်။


သုံးဆယ်စက္ကန့်သာကြာသော ဗီဒီယိိုကို ချက်ချင်းမှတ်တမ်းတင်ခဲ့သည်။



ကနဦးက ကျည်ဆံစခရင်ပေါ်က လူတစ်ယောက်၏ ကွန်းမန့်ပေါ်မလာမချင်း တီးခတ်သူ၏ အ​ထောက်အထားကို ဘယ်သူမှသတိမထားမိခဲ့ပေ။


— ဒါ ဇနီးလေးရဲ့လက်မဟုတ်ဘူးလား?


– ဒါ ဇနီးလေးရဲ့ ဘေးတိုက်မျက်နှာမလား?


– ဒါ တကယ်ပဲသူလား?


– မဖြစ်နိုင်ဘူး


သုံးဆယ်စက္ကန့်က လျင်မြန်စွာ ကုန်သွားခဲ့ပြီး ဆွေးနွေးမှုအကြောင်းအရာ ပေါ်လာတာနှင့် ကျည်ဆံစခရင်က ပို့လို့ပင် ရူးသွပ်လာကြသည်။ သို့သော် သူတို့က သူ၏မျက်နှာအစစ်ကို မပြခဲ့တာကြောင့် ကောက်ချက်ချလို့မရခဲ့ပဲ ဆွေးနွေးမှုခေါင်းစဥ်က ဖြည်းဖြည်းချင်းရပ်တန့်သွားခဲ့သည်။ ထို့နောက် အရေးကြီးသောအပိုင်းဖြစ်သည့် ရှန်ကျိယွီကို ထုတ်ဖော်ပြသခြင်းရောက်လာခဲ့သည်။


ကြီးကြပ်ရေးမှူးလျန့်က ရှန်းကျိယွီ၏ ပုံပန်းသွင်ပြင်ကို ဘယ်လိုပြန်လည်ထိန်းသိမ်းခဲ့လဲ ရှင်းပြလာခဲ့သည်။


ရှေးဟောင်းအုတ်ဂူတွင် နှစ်ပေါင်းများစွာတည်ရှိခဲ့သည်မှာ ချီတိုင်းပြည်၏ ယဥ်ကျေးမှုအမွေအနှစ်များတင်မဟုတ်ပဲ ထိုခေတ်က အဝတ်အထည်များလည်းရှိ၏။ အုတ်ဂူထဲတွင် ရှန်းကျိယွီ၏ မဆွေးမြေ့သေးသော အဝတ်အစားများရှိပြီး မပျက်စီးသရွေ့ ရှေးဟောင်းသုတေသနအဖွဲ့မှ အသုံးအဆောင်ပစ္စည်းများအားလုံးကို သေချာရှင်းလင်းပြီး ထိန်းသိမ်းပေးထားသည်။ ယခုအချိန်မှာ ထိုပစ္စည်းများကို ပြတိုက်ထဲတွင် ခင်းကျင်းပြသထားလေ၏။ ထို့အပြင် ကြီးကြပ်ရေးမှူးလျန့်က ပြန်လည်ပြုပြင်ထိန်းသိမ်းရေးမှာ ပုံပန်းသွင်ပြင်ပါရုံမကပဲ ရှန်းကျိယွီ၏ အရိုးစုပုံသဏ္ဍန်ကိုပါ အခြေခံပြီး ပြုပြင်ထားကြောင်း ပြောပြခဲ့သည်။


ရှန်းကျိယွီ၏ ဆန်းကြယ်မှုကို ဖော်မပြခင် ရှန်းယုဟန်က ရှန်ချီဟွမ်း၏လက်ကို တင်းတင်း​ဆု​ပ်ကိုင်ထားလေသည်။

သူက ပြုပြင်ထိန်းသိမ်းထားသော ရှန်မိသားစု၏ သားစဥ်မြေးဆက်က ဘယ်လိုဘယ်ပုံဖြစ်နေမလဲမသိပေမယ့် ဤသည်မှာ အစ်ကိုကြီးမိသားစု၏ သားစဥ်မြေးဆက်ဖြစ်ပြီး သူ့ဆွေမျိုးဖြစ်သည်။ သူက အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ဤကမ္ဘာမှာ သူနဲ့ဆက်စပ်နေသော တစ်ဦးတည်းသောသူက ရှန်းကျိယွီဖြစ်ပေမယ့် ဤသည်မှာ ကောင်းသောအရာသာဖြစ်၏။ နောင်မှာ သူ့မိသားစုကိုလွမ်းလာရင် ပြတိုက်ကို လာကြည့်လို့ရပေမည်။

အခမ်းအနား၏မီးအရောင်က မှိန်ဖျော့သွားပြီး မှင်ပန်းချီက ပိတ်ကားပေါ်မှာပေါ်လာသည်။ ရိုးရှင်းသောကာတွန်းတစ်ခုပြီးသွားတော့ နောက်ဘက်မှမြင်ကွင်းတစ်ခုကို ပြသခဲ့ပြီီး စမ်းရေများ တဖျပ်ဖျပ်မြည်သံလိုက်ပါလာခဲ့သည်။


စမ်းရေစီးသံက လူတွေရဲ့နှလုံးသားကို ဝင်ရောက်သွားစေပြီး သိမ်မွေ့သောခြေသံက အဝေးကနေ ပိုနီးကပ်လာခဲ့သည်။


ပြန်လည်ပြုပြင်ထိန်းသိမ်းရေးအဖွဲ့က ရှန်းကျိယွီ၏အသွင်အပြင်ကို ထိန်းသိမ်းဖို့ လူငှားခဲ့ရတင်မဟုတ်ပဲ ရှန်းကျွီယွီ၏ လမ်းလျှောက်သောကိုယ်ဟန်ကိုပါ တုပခဲ့သည်။



ရှန်းကျိယွီ၏ ခန္ဓာကိုယ်မှာ အရပ်သိပ်မရှည်ပဲ အနည်းငယ်သွယ်လျသည်။ သူ့အဝတ်အစားက ခေတ်သစ်မှာ ရှာဖွေတွေ့ရှိခဲ့သော အမျိုးသားဟန်ဖူနှင့် ထန်ရိုးရာဝတ်စုံများနဲ့ အလွန်ကွာခြားပေမယ့် သူသည် ကြော့ရှင်းရည်မွန်သော လူကြီးလူကောင်းအမျိုးအစားဖြစ်၏။ သူ့မှာ ကျဥ်းမြောင်းသောခါးနှင့် သွယ်လျသောခြေတံများရှိပြီး အနက်ရောင်ဆံပင်ရှည်က သူ့ပခုံးပေါ်ကျဆင်းနေသည်။ သူက စက်ဝိုင်းပုံပန်ကာကိုကိုင်ထားပြီး သူတို့ဆီကို ဖြည်းဖြည်းချင်းလျှောက်လာခဲ့သည်။


နီးလာပြီ…. သူနီးလာပြီ…


ရှန်းကျိယွီ၏ပုံပန်းသွင်ပြင်က လူတိုင်း၏မျက်လုံးရှေ့မှာ ပေါ်လာခဲ့ပြီး ပါးနပ်သော သူ့မျက်လုံးက လှည့်လိုက်​သောအခါ သူ့မှာ အပြုံးပါးတစ်ခုနှင် သိမ်မွေ့သောမျက်နှာရှိနေသည်။ သူက ရှေးခေတ်နှင့် ခေတ်သစ်ကိုဖြတ်ကျော်ကာ ထိုနေရာမှာရပ်နေခဲ့ပြီး လူတိုင်းကို အပြုံးတစ်ခုနဲ့ ကြည့်နေသည်။ သူက ခတ်သစ်လူသားများကို နှုတ်ဆက်ချင်နေသလိုပင်။



ရှန်းယုဟန် သူ့မျက်နှာကို ရှင်းရှင်လင်းလင်း မြင်လိုက်ရသော အခိုက်အတန့်မှာ သူ့ရင်ထဲကအလုံးကြီး ပြုတ်ကျသွားပြီး ယင်းမှာ ရှန်းမိသားစုဝင်ဖြစ်၏။



သို့သော် သူ့ကိုကြည့်ပြီးနောက် ပို၍ အံ့အားသင့်နေသူမှာ ရှန်ချီဟွမ်းဖြစ်သည်။ ပြန်လည်ပြုပြင်ထိန်းသိမ်းထားသော ရှေးခေတ်ရှန်းကျိယွီမှာ ရှန်းယုဟန်နှင့် ၇မှတ်ကနေ ၈မှတ်ခန့် တူနေလို့ပင်ဖြစ်၏။


ဒါက တိုက်ဆိုင်မှုဟုတ်ရဲ့လား?

.


ရှန်ချီဟွမ်းက စက္ကန့်အနည်းငယ်လောက် အေးခဲသွားပြီး ရှန်းယုဟန်ကိုလှည့်ကြည့်ကာ ပြောလိုက်သည်။ “မင်းသူနဲ့နည်းနည်းဆင်တယ်”


ဤတစ်ကြိမ်တွင် ရှန်းယုဟန်က သူ ရှန်းမိသားစု၏ သားစဥ်မြေးဆက်ဖြစ်ကြောင်းကို မပြောခဲ့ပဲ ရှန်ချီဟွမ်းကိုသာ လေးလေးနက်နက် ကြည့်လိုက်၏။ ထိုအကြည့်မှာ အလွန်ရှုပ်ထွေးပြီး သူက ရှန်းကျိယွီနှင့် သူ့ကြားရှိဆက်ဆံရေးကို ပြောပြချင်နေသည်။



ဒါပေမယ့် သူကခေတ်သစ်ရှန်းယုဟန်ဖြစ်နေလို့ ခေတ်သစ်ရှန်းယုဟန်က ရှန်းကျိယွီနဲ့ ပတ်သက်နေတာကို ဘယ်လိုသက်သေပြရမှာလဲ?


သူတွန့်ဆုတ်နေစဥ် ရှန်ချီဟွမ်း၏ စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာသည်။ ထိုအရာကို သူက အချိန်အတော်ကြာစဥ်းစားခဲ့ပြီး ယခုအခါ ရှန်းယုဟန်၏အပြုအမူနှင့် ရှန်းကျိယွီ၏ ပြန်လည်ပြုပြင်ထားသော ပုံတူတို့ကို ပေါင်းစပ်မိသွားသည်။ ထို့အပြင် ​မကြာသေးခင်က သူသည် သခင်မလေးရှန်းအကြောင်းပြောတိုင်း မပျော်မရွှင်ဖြစ်နေတတ်တာကို ထည့်စဥ်းစားကာ နိဂုံးချုပ်ကောက်ချက်ချလိုက်လေ၏။

.


ရှန်ချီဟွမ်းက သူ့နားထဲတွင် ဂုဏ်ယူစွာ တီးတိုးပြောလိုက်လေသည်။ “မင်းလျှို့ဝှက်ထားစရာမလိုတော့ဘူး။ ငါအကုန်သိသွားပြီ။”



ဘာလဲ? သိတာမြန်လိုက်တာ?


ရှန်းယုဟန်က သူ့ခင်ပွန်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ “ခင်ဗျား… ဘာသိတာလဲ?” ရုတ်တရက်ဆန်လိုက်တာ… သူအားလုံးသိသွားပြီလား?


သူတို့နှစ်ယောက်က အလွန်နီးကပ်နေကြပြီး သူတို့ပြောနေတာကို ဘယ်သူမှမကြားနိုင်ပေ။ ရှန်ချီဟွမ်း၏နှုတ်ခမ်းက အနည်းငယ် ကွေးညွတ်သွားပြီး ရှားလော့ဟုမ်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ “မင်း ဒီအနောက်ဟန်မင်းဆက်အုတ်ဂူကို အရမ်းဂရုစိုက်နေတာ အကြောင်းတစ်ခုရှိမှန်းငါသိခဲ့တယ်။ မင်းက သူတို့လက်ရေးကိုလည်းနားလည်တယ်။ သူတို့ဂီတကိုလည်း တီးခတ်နိုင်တယ်။ မင်းက ရှန်းကျိယွီမိသားစုရဲ့ သားစဥ်မြေးဆက်မလား?”

“အာ?” ရှန်းယုဟန်က သူ့ခင်ပွန်းကို ကြောင်စီစီကြည့်ကာ သူ့ပါးစပ်ကထွက်လာတော့မည့် အမှန်တရားကို တိတ်တဆိတ် ပြန်လည်မျိုချလိုက်လေသည်။