"မနေ့ညကမင်း
အရက်ယွမ်တစ်သန်းဖိုးလောက် မှာပြီး ယွမ်နှစ်သောင်းဖိုးလောက်ပဲ သောက်ပြီးတာနဲ့
ကျန်တာတွေကို ရှေးခေတ်တုန်းကလို မိန်းမတွေခြံရံနေတဲ့ ဝိုင်ကန်ကြီးလုပ်မယ်ဆိုပြီး
ရိုစ့်ဟိုတယ်ကရေကူးကန်ထဲကို လောင်းချခဲ့တာလေ မမှတ်မိတော့ဘူးလား?"
ရန်ကျစ်
ထိုကိစ္စအား လုံးဝမမှတ်မိပါ။ သို့သော် ပုံစံကြည့်ရတာတော့ သူမူးသည့်အခါတိုင်း
လုပ်တတ်သည့်ကိစ္စမျိုးပင်။ သူအကောင်းအတိုင်းနေရင်တောင် ဂေါက်တောက်တောက်ဖြစ်နေတာ
အရက်ရဲ့လွှမ်းမိုးမှုအောက်မှာဆိုရင်တော့ ပို၍ပင်ဆိုးနေလောက်၏။
"ကောင်းပြီ
နောက်မှပဲ ငါ့အတွင်းရေးမှူးကို မင်းဆီပြေစာနဲ့ဗီဒီယိုတွေ ပို့ပေးခိုင်းလိုက်မယ်
ပြီးတော့ မင်းရဲ့ထောက်ပံ့ကြေးကနေလည်း လျော်ကြေးနှုတ်မယ်" ဟုပြောကာ ယွီယွင်ထောင်တစ်ယောက်
ဖုန်းတန်းချလိုက်လေသည်။
ရန်ကျစ်၏ခေါင်းထဲရှိ
တဒိန်းဒိန်းအသံများ ပိုမိုကျယ်လောင်လာ၏။ ထို့နောက် သူဝန်ထမ်းလေးကို
ယူလာခိုင်းခဲ့သည့် အစ်ကိုက်အခဲပျောက်ဆေးအား ရေနွေးပူပူလေးဖြင့် တွဲသောက်လိုက်မှသာ
သက်သာလာတော့သည်။ သို့သော် ဆေးများနှင့်အတူ တစ်ပါတည်းပို့ပေးလာသည့်
ရေကူးကန်သန့်ရှင်းခအား တွေ့လိုက်ရချိန်မှာတော့ သူသွေးများပြန်တိုးလာရ၏။
တကယ်တော့ မနေ့ညက
စူပါမော်ဒယ် ယန်းယိဟန်၏မွေးနေ့ဖြစ်သည်။ ထိုအမျိုးသမီးမော်ဒယ်သည် လတ်တလောတွင်
အလွန်ရေပန်းစားနေပြီး ရန်ကျစ်တစ်ယောက် ကောက်ကောက်ပါအောင်လိုက်နေသည့်
ဇယားလေးတစ်ပွေလည်းဖြစ်၏။ ပိုးပန်းသူအနေဖြင့် ရန်ကျစ် ယန်းယိဟန်အတွက်
ထိုဇိမ်ခံဟိုတယ်၌ မွေးနေ့ပါတီစီစဥ်ပေးခဲ့ပြီး လူသိရှင်ကြားချစ်ရေးဆိုခဲ့သော်လည်း
ရက်ရက်စက်စက် ငြင်းပယ်ခြင်းကိုသာ ခံခဲ့ရလေသည်။
ထို့ကြောင့်
ရန်ကျစ် သူ၏ကြေကွဲမှုများအား သောက်ခြင်းဖြင့် ဖြေဖျောက်ရင်း အမူးရောဂါထသွားခဲ့၏။
ရန်ကျစ်တစ်ယောက် မူးလာတိုင်း သူ့ကိုယ်သူကလွဲ၍ ဘယ်သူ့ကိုမှ ဒုက္ခမပေးဖူးပေ။ သူ အရက်ကန်ကြီးအား
ဖန်တီးပြီးနောက်တွင် ထိုထဲသို့ဒိုင်ပင်ပစ်လိုက်ရာ ရေနစ်သေလုနီးပါးပင်
ဖြစ်သွားရတော့သည်။ မြင်ကွင်းတစ်ခုလုံးသည် တကယ်ဖရိုဖရဲ ဖြစ်နေတာကြောင့်
မွေးနေ့ရှင်ယန်းယိဟန်သည်ပင် ရှက်ရွံ့စွာဖြင့် နေရာမှအမြန်ထွက်ခွာသွားခဲ့ရ၏။
ထိုမှသာ
ဟိုတယ်မန်နေဂျာလည်း ကုရှောင်ရှမ်းသို့ အမြန်အသိပေးလိုက်ရတော့သည်။ ဘာလို့ဆို
ထိုရိုစ့်ဟိုတယ်သည်လည်း ကုလုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်းဖြစ်တာကြောင့်ပင်။
နိုင်ငံရပ်ခြားသို့ အစည်းအဝေးဖြင့် ရောက်နေသော ကုရှောင်ရှမ်းတစ်ယောက်
ထိုသတင်းအားကြားချိန်တွင် အလွန်စိုးရိမ်သွားကာ မန်နေဂျာအား အပြစ်တင်လိုက်လေတော့၏။
"အဲအရူးကို သေချာစောင့်ကြည့်ထားလို့
မင်းကို ငါ မပြောခဲ့ဘူးလား!"
မန်နေဂျာသည်
ချက်ချင်းပင် ထိုအဖြစ်အပျက်တွင်ရှိနေသည့် သူ့ဝန်ထမ်းများအား
လူစုခွဲလိုက်ကာ-"ကျွန်တော်တို့ သူ့ကို ထိန်းလို့မရဘူး ပြီးတော့ ဒီလို ဖြစ်လိမ့်မယ်လို့လည်း ဘယ်သူကမှ မထင်ထားခဲ့လို့ပါ ဒါပေမယ့် သိပ်တော့ မစိုးရိမ်ရတော့ပါဘူး
ရေနည်းနည်းလောက် မွန်းသွားရုံပါပဲ။ ဟိုတယ်ရဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကိုလည်း
သူ့ကို စစ်ဆေးခိုင်းခဲ့ပြီး အသောက်လွန် သွားတာလွဲရင် အားလုံး အဆင်ပြေတယ်တဲ့ အခု သူ့ကို
စီအီးအိုအခန်းထဲကို ပို့ထားပြီးပါပြီ"
ကုရှောင်ရှမ်း
စိတ်ပူနေဆဲပင်..။
"သူ့အတွက် အိမ်တော်ထိန်းရော
စီစဥ်ပေးလိုက်လား?"
မန်နေဂျာ
အမြန်ခေါင်းညိမ့်လိုက်ပြီး..."ပြီးပါပြီ လုပ်ပြီးပါပြီ"
ကုရှောင်ရှမ်း
ထပ်၍သတိပေးလိုက်တော့သည်။
"အိမ်တော်ထိန်းကို
သူနဲ့တစ်ညလုံးနေပြီး စောင့်ကြည့်ခိုင်းထားလိုက်! ဘာပြဿနာမှ ထပ်အဖြစ်မခံနဲ့တော့ သူက
ယွီမိသားစုရဲ့ ရတနာနော်။ သူ့ကိုသာ တစ်ခုခုဖြစ်ရင် ငါတို့ လျော်လို့တောင်
လောက်မှာမဟုတ်ဘူး"
နောက်တစ်နေ့မနက်တွင်
ကုရှောင်ရှမ်း မန်နေဂျာအား ဖုန်းဆက်ကာ ရန်ကျစ်အကြောင်း သတင်းလှမ်းမေးလိုက်လျှင်
မန်နေဂျာတစ်ယောက် လန့်ဖျန့်သွားတော့၏။ အခုအချိန်သည် ကုရှောင်ရှမ်း ရောက်နေသည့်နေရာမှာဆို
ညသန်းခေါင်ယံကြီး ဖြစ်လောက်ပေမည်။ ကြည့်ရတာ ထိုအရူး ယွီရန်ကျစ် သည် တကယ့်ကို
ရတနာတစ်ပါးပင် ဖြစ်လောက်သည်။ ထို့နောက် သူ အမှန်အတိုင်းပင်..."သခင်လေးယွီကတော့
နိုးနေပါပြီ။ ခေါင်းလည်းနည်းနည်း ကိုက်နေတယ်တဲ့ နောက်ပြီး သူ့ကို အရက်တုကြီးပေးပါတယ်ဆိုပြီး
ကျွန်တော်တို့ကို စွပ်စွဲနေတယ်"
ကုရှောင်ရှမ်း
သဘောတကျ ရယ်လိုက်မိကာ-"သူ အဆင်ပြေတယ်ဆိုရင် ရပါပြီ။ သူ့အတွက်ဘေလ်တွက်ထားလိုက်
ထည့်စရာရှိတာသာ ထပ်ထည့်ပေါင်းထားလိုက် စိတ်မပူနဲ့ သူပေးစရာရှိတာကို ပေးလိမ့်မယ်။
မင်းတို့ကြိုးစားလုပ်ထားတာလည်း အလဟဿ မဖြစ်သင့်ဘူး"
“ကောင်းပါပြီ”
မန်ေနဂျာတစ်ယောက် ကျေနပ်သွားကာ ရယ်လျက်သဘောတူလိုက်တော့သည်။
တကယ်တော့
ကုရှောင်ရှမ်း အမိန့်မပါလျှင်တောင် မန်နေဂျာသည် ဘေလ်ထဲ၌ စာရင်းတော်တော်များများ
ပေါင်းထည့်ပြီးသားပင်။ သုညတစ်လုံးနောက်သို့ နောက်တစ်လုံးဆင့်လိုက်ရင်း
နောက်ဆုံးစုစုပေါင်းရလဒ်သည် အတော်လေးကို အထင်ကြီးလောက်စရာဖြစ်၏။ ရန်ကျစ်ကတော့
ပိုက်ဆံနှင့်ပတ်သတ်လျှင် လက်ဖွာလွန်းပြီး ဘေလ်အား သေချာတောင်မကြည့်ဘဲ
လက်မှတ်တန်းထိုးပေးလိုက်လေသည်။
ဂရုမစိုက်သည့်
အကြောင်းအရင်းကတော့ သူ၏ပုံမှန်အသုံးစရိတ်သည်လည်း ထိုလောက်ပင်
ဖြစ်နေတာကြောင့်ဖြစ်ပြီး နောက်တစ်ချက်ကတော့ ၂၀၂၈ ခုနှစ်က အဖြစ်အပျက်ကြောင့် သူ အာရုံ
များထွေပြားနေဆဲပင်။
'သူ အရက်တွေ အသောက်လွန်ပြီး
အိပ်မက် မက်နေတာများလား?'
သို့သော်
အိပ်မက်တစ်ခုနှင့် မတူလောက်အောင်ကို စစ်မှန်လွန်းနေ၏။ ရန်ကျစ် အိမ်မက်သုတွေသနအချို့အား
လိုက်ရှာကြည့်လိုက်ရာ အိမ်မက်များသည် ဆက်တိုက်လည်း မဖြစ်ပျက်သလို ယုတ္တိလည်းရှိမနေတတ်ပါ။
...နောက်ပြီး စာလုံးများသည်လည်း ဝါးနေတတ်တာမို့ လူတစ်ယောက်သည် အိပ်မက်ထဲတွင်
စာဖတ်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။ အိပ်မက်ထဲတွင် မှန်များသည်မူမမှန်တာမို့
မှန်ထဲတွင် သူ့ပုံရိပ်အား မြင်နိုင်မည်မဟုတ်။ အိပ်မက်များသည် အလွယ်တကူ
မေ့ပျောက်တတ်ကာ နိုးလာပြီးပြီးချင်း၌ အသေးစိတ်များအား ၇၀မှ ၈၀% လောက်သာ
မှတ်မိနိုင်ပြီး သွားတိုက်ပြီးနောက် လုံးဝ မေ့ပျောက်သွားနိုင်သည်တဲ့လေ...။
သို့သော် ထို ၂၀၂၈ အိပ်မက်သည်
အိပ်မက်စည်းမျဥ်းစည်းကမ်းများ နှင့် လုံးဝကိုက်ညီခြင်း ရှိမနေချေ။
သူ အသေးစိတ်များအား
အတိအကျကို မှတ်မိနေသေး၏။ ၂၀၂၈တွင် သူ စာလည်းဖတ်နိုင်သလို မှန်လည်း ကြည့်နိုင်ခဲ့ပြီး
သူ၏ဘဝသည် အရမ်းကို ပုံမှန်ဖြစ်နေခဲ့သည်။ "ကုရှောင်ရှမ်းနဲ့ sexလုပ်ခြင်း"ကလွဲ၍ အရာအားလုံးသည် ယုတ္တိ ရှိရှိပင်။
သူ ထိုဗီလာကြီး၏
အလှဆင်မှုများကိုပင် အသေးစိတ် မှတ်မိနိုင်ပြီး သူ့ ခြေဖဝါးအောက်ရှိ ထို ယုန်သားမွေးဖိနပ်၏
အထိအတွေ့သည် ယခုထိတိုင် သူ့စိတ်ထဲတွင် စွဲထင်နေဆဲပင်ဖြစ်သည်။ ကုရှောင်ရှမ်းနှင့် sex လုပ်ခဲ့ရသည့် ခံစားချက်ကိုတော့
ထည့်ပြောနေစရာတောင်မလိုပေ။ ထိုအရာသည် အိပ်မက်ဟု မဆိုနိုင်လောက်ကို
အရမ်းကိုကောင်းလွန်းနေ၏။ သူ့အား ပျံ့သန်းနေသလို ခံစားချက်အား ပေးစွမ်းနိုင်ပြီး
ထို ပျော်ရွှင်မှုသည် သူတစ်ခါမှမကြုံတွေ့ခဲ့ဖူးသည့် အရာတစ်ခုဖြစ်သည်။ ထိုနေရာက
အစ်ကိုရှောင်ရှမ်းသည် အမှန်တကယ်ပင် အထင်ကြီးစရာကောင်းလွန်း- ဘွန်း! သေစမ်း သူဘာတွေ
လျှောက်တွေးနေတာလဲ။
သို့သော် တကယ့်ကို
ကောင်းလွန်းခဲ့သည်။
ရန်ကျစ်
အတွေးများထဲမှ နိုးထရန် သူ့ပါးသူ ရိုက်လိုက်တော့၏။ ကံကောင်းစွာပင်
တစ်ချိန်တည်းမှာပဲ သူ့အတွေးများအား ဖျောက်ပေးမည့် ဖုန်းတစ်ခုဝင်လာလေသည်။
ဖုန်းကိုင်ပြီးပြီးချင်းမှာပဲ သူ့အဖေ၏ ဟိန်းဟောက်သံထွက်ပေါ်လာ၏။ — ကြည့်ရတာ
သူ၏စကတ် တစ်ချို့နောက်လိုက်ပြီး "ဝိုင်စိမ်ခြင်း"ဟူသည့်
ရူးကြောင်ကြောင်လုပ်ရပ်သည် သတင်းပေါ်၌ တက်လာပုံပင်။ တစ်ဖက်ရှိ သခင်ကြီးသည်
အားပါပါဖြင့်..."ငါ့တုတ်ကောက်! ငါ့တုတ်ကောက်ဘယ်မှာလဲ!"
စိတ်ပူစရာမလိုပါ။
သခင်ကြီးသည် အရမ်းကိုကျန်းမာသန်စွမ်း စိတ်ရွှင်လန်းပါသေး၏။ တုတ်ကောက်သည်
သူ့ကိုယ်သူအမှီပြုဖို့ လိုတာမဟုတ်ဘဲ သူ့သားအား အသက်ထွက်အောက်ရိုက်ဖို့ လက်နက်တစ်ခု
လိုနေတာကြောင့်ဖြစ်ပေသည်။
ထိုဒေါသပုန်ထကာ
ဟိန်းဟောက်ခြင်းအပြီး ရန်ကျစ်၏အစ်ကိုကြီး ယွီယွင်ထောင်သည် သူ့အားအွန်လိုင်းတွင်
သူ့ကိုယ်သူပြန်ကြည့်ဖို့ အသိပေးလိုက်၏။ ရန်ကျစ် ကွန်ပြူတာအား အမြန်ဖွင့်ကာ
သူ၏လူမှုကွန်ရက်မှတစ်ဆင့် ရှာကြည့်လိုက်စဥ် အရမ်းကိုမျက်စိကျစရာခေါင်းစဉ်များဖြင့်
ဆောင်းပါးများ ရေးတင်နေကြသည့် မားကတ်တင်းအကောင့် တစ်ပုံတစ်ပင်ကြီးအား တွေ့လိုက်ရတော့သည်။
[ "အသုံးအဖြုန်းကြီးသည့်
သားမိုက် နတ်မိမယ်လေးအား လိုက်ဖမ်းခြင်း"၊ "ယွီမိသားစုရဲ့ ဒုတိယသခင်လေး
သူ့ကိုယ်သူဝိုင်စိမ်ကာ ယန်းယိဟန်အား သူ၏ကိုယ်လုပ်တော်ဟုပြောခြင်း"၊
"သခင်လေးယွီ အမူးလွန်ပြီး အရက်ကန်ထဲသို့ ခုန်ဆင်းလိုက်ရာ
ရေနစ်၍ရေပုဇွန်မဖြစ်ရုံတမယ် ဖြစ်သွားခြင်း"၊ "ယွီလုပ်ငန်းစုရဲ့
လက်ထောက်စီအီးအိုသည် ယန်းယိဟန်အား ချစ်ရေးဆိုခဲ့ပေမယ့် ရက်ရက်စက်စက်
အငြင်းခံလိုက်ရ၍ ရေကူးကန်ထဲခုန်ချကာ သတ်သေခြင်း" ]
ယွီယွင်ထောင် :
"ဒီသတင်းအများစုကို ဝယ်တဲ့သူက ယန်းယိဟန်ပဲ မင်းသူတို့ဖျက်ချင်လား?"
ရန်ကျစ်
ခေါင်းယမ်းပြလိုက်ပြီး..."မလိုပါဘူး ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်အတွက်
မထူးဆန်းတော့ဘူး"
ယွီယွင်ထောင်တစ်ယောက်
သူ့စိတ်တိုင်းကျ လွှတ်ပေးထားလိုက်တော့၏။
"မင်းပိုသတိထားသင့်ပြီ
အခုမင်းငါတို့အဖေကို အခုလိုဒေါသထွက်အောင် လုပ်လိုက်ပြီဆိုတော့ လောလောဆယ်
အိမ်ပြန်မလာတာ အကောင်းဆုံးပဲ သူ့ဒေါသကို တစ်နေရာရာမှာ ရှောင်နေလိုက်"
ရန်ကျစ် :
"အိမ်မပြန်တော့ ကျွန်တော်ကဘယ်သွားနေရမှာလဲ?"
"မင်းရဲ့အစ်ကိုရှောင်ရှမ်းဆီမှာပဲ
ရက်နည်းနည်းလောက် သွားနေလိုက်လို့မရဘူးလား?"
ရန်ကျစ် ရုတ်တရက်
နေရခက်သွားကာ-"အမ်..သူနိုင်ငံခြားရောက်နေတာဆို?"
"မင်းမှာသူ့တိုက်ခန်းသော့
မရှိဘူးလား? မင်းအရင်ကလည်း
အသိမပေးဘဲတောင် အခေါက်ခေါက်အခါခါ သွားနေတာကို"
ရန်ကျစ်
ထိုစကားအဆုံးတွင် ဘာမှပြန်ပြောစရာမကျန်တော့ပေ။
ယွီယွင်ထောင်တစ်ယောက်
မုန်တိုင်းထန်နေသည့်ညတစ်ညက ရန်ကျစ် သူ့အဖေ၏ရွှေနဂါးခေါင်း တုတ်ကောက်ဖြင့်
အဆော်ခံလိုက်ရသဖြင့် မိုးရေထဲ၌ ခေါင်းအုံးကြီးပိုက်ကာ ကုရှောင်ရှမ်းအိမ်သို့
ပြေးသွားပြီး 'အဖေငါ့ကိုရိုက်တယ်'ဟု တိုင်ခဲ့သည့် ရန်ကျစ်၏သမိုင်းကြောင်းအား
ပြန်ထုတ်မပြောလာခင် ဖုန်းအမြန်ချလိုက်ရတော့သည်။