Ch 5
Viewers 277

 5

 

ယွီမိသားစု နှင့် ကုမိသားစုတို့၏အိမ်များသည် တစ်အိမ်နှင့်တစ်အိမ် အလွန်နီးကပ်နေပြီး နှစ်အိမ်စလုံးသည် တောင်တက်လမ်းတစ်ဝက်၌ရှိသော တူညီသည့် ဗီလာခရိုင်ဧရိယာတွင် တည်ရှိကြ၏။ သို့သော် အရွယ် ရောက်လာကြပြီးနောက် ကုရှောင်ရှမ်းသည် မြို့ထဲရှိ သူ၏တိုက်ခန်းတွင်သာ အများဆုံးနေထိုင်လေ့ရှိပြီး ထိုတိုက်ခန်း၏သော့သည်လည်း ရန်ကျစ် လက်ထဲမှာပင်။ ထိုကိစ္စ၏အရင်းအမြစ်ကတော့ အတော်လေးကို ရယ်စရာကောင်းလွန်း၏။ တစ်ရက် ရန်ကျစ်နှင့် သူ့အဖေတို့ ရန်ဖြစ်ခဲ့ကြပြီး ရန်ကျစ်တစ်ယောက် အိမ်ပေါ်ကဆင်းကာ ကုမိသားစုပိုင် ဟိုတယ်သို့ သွားခဲ့လေသည်။

 

သို့သော် ဟိုတယ်သို့ ရောက်သွားခဲ့စဥ် သူ့ဘဏ်ကတ်များ အကုန်လုံးအား သခင်ကြီးယွီ ပိတ်ထားခဲ့ပြီ ဖြစ်ကြောင်း သိလိုက်ရတော့၏။ ရန်ကျစ် သူ့အဖေ ထိုလောက်ထိ အသည်းနှလုံးမရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူကုရှောင်ရှမ်းအား ထိုအကြောင်း လှမ်းတိုင်လိုက်ရာ ရှောင်ရှမ်းတစ်ယောက် ရန်ကျစ်အား သူ၏တိုက်ခန်းတွင်နေစေခဲ့သည်။ ထို့နောက် သူနှင့်သူ့အဖေ ပြန်တည့်သွားသည်တိုင်အောင် ရန်ကျစ် တိုက်ခန်းသော့အား ကိုင်ထားဆဲဖြစ်ကာ ရံဖန်ရံခါ ထိုတိုက်ခန်းသို့ သွားသွားနေလေ့ရှိတော့၏။

 

ထိုအကြောင်းအား ယွီယွင်ထောင် ပထမဆုံးကြားသိလိုက်ရချိန်တွင် ရှော့ရသွားတော့သည်။

 

"မင်းအမြဲသတိမပေးဘာမပေးနဲ့​ သွားသွားနေတာ တစ်ခုခုတွေ့သွားမှာ မကြောက်ဘူးလား?"

 

"ဘာတွေ့စရာရှိလို့လဲ? သရဲအိမ်လည်းမဟုတ်ဘဲနဲ့!"

 

ယွီယွင်ထောင် သူ့ညီငယ်လေးနှင့် စကားပြောရာတွင် စကားလုံးအနုအယွများ သုံး၍ မရကြောင်း သဘောပေါက်သွားတော့၏။

 

"ကုရှောင်ရှမ်းမှာ ဒီလောက်ကောင်လေးတွေ ပေါတာ သူတို့နဲ့ တည့်တိုးတွေ့ပြီး အရှက်ရမှာကို မကြောက်ဘူးလားမေးနေတာ!"

 

ရန်ကျစ် ခေါင်းအားစောင်းရင်း စဥ်းစားခန်းဝင်လိုက်လေသည်။

 

"ဒါပေမယ့် အစ်ကိုရှောင်ရှမ်းက ဘယ်သူ့ကိုမှ အိမ်မခေါ်ဖူးဘူးလေ"

 

ကုရှောင်ရှမ်းသည် ဘယ်သူ့ကိုမှ အိမ်ခေါ်လာခြင်းမရှိသလို သူသည်လည်း အခြားဘယ်သူ့နေရာကိုမှ မသွားတတ်ချေ။ သူ၏ပုံမှန်ရွေးချယ်မှုသည် ကုမိသားစုလက်အောက်ရှိ ဟိုတယ်များပင်ဖြစ်သည်။

 

ရန်ကျစ် ဟိုတယ်တွင် နောက်ထပ်ရက်အနည်းငယ် ဆက်နေချင်သော်လည်း သူ့ဖုန်းထဲရှိ ဘဏ်လက်ကျန်အား စစ်ကြည့်လိုက်ချိန်တွင် ပိုက်ဆံအလုံအလောက်မရှိတော့သည်ကို သိလိုက်ရတော့၏။ အာ ဟုတ်သားပဲ! သူဝိုင်စိမ်တဲ့ကိစ္စအတွက်လည်း ဘေလ်များအဆမတန်ပေးဆောင်လိုက်ရပြီး ထိုဖြစ်ရပ်ကြောင့် သူ၏ထောက်ပံ့ကြေးများလည်း အနုတ်ခံခဲ့ရသည်။ သူ့တွင်ကားနှင့် ချေးငွေတစ်ချို့မှလွဲ၍ ဒီလအတွက်ဘာမှမကျန်တော့ပါ။ — နောက်ပြီး အခန့်မသင့်လျှင် ကုရှောင်ရှမ်းဆီကတောင် ပိုက်ဆံအနည်းငယ် ချေးဖို့လိုအပ်လောက်သေး၏။

 

ထိုအချိန်တွင် ရန်ကျစ် ကုရှောင်ရှမ်းနှင့် မျက်နှာချင်းဆိုင်ရန် အရမ်းခက်ခဲနေသည်ဟု ခံစားလိုက်ရတော့သည်။ သဘာဝကျကျပြောရရင် သူတို့ကြားတွင် ဘာမှတကယ် မဖြစ်ပျက်ခဲ့သော်လည်း သူ့အတွေးများသည် "ကုရှောင်ရှမ်းရဲ့ ချစ်သူ"ဆိုသည့် နေရာမှ မလွတ်မြောက်နိုင်သေးသလို သူ့နှလုံးသားလေးသည်လည်း ရူပ်ထွေးနေသေး၏။

 

ကုရှောင်ရှမ်း၏တိုက်ခန်းသည် အလွန်သေသပ်ပြီး အထပ်မြင့်ပေါ်တွင် တည်ရှိကာ ရူခင်းနေရာ ကောင်းကောင်းအား မျက်နှာမူထား၏။ အိပ်ခန်းနံရံများသည်လည်း လာဗင်ဒါရောင်ဖြစ်ကာ ၂၀၂၈ ခုနှစ်က သူကုရှောင်ရှမ်းနှင့်အတူ နေထိုင်ခဲ့သည့် ဗီလာ၏နံရံများကဲ့သို့ပင်။ ရန်ကျစ် အိပ်ရာပေါ်တွင် ပက်လက်ကြီးလှဲရင်း ထိုကွက်ကွက်ကွင်းကွင်း မြင်ကွင်းများအား ပြန်လည်တွေးတောနေမိပြန်သည်။

 

ရန်ကျစ် စိတ်ပေါက်ပေါက်ဖြင့် သူ၏မျက်လုံးများအား လက်ဖြင့်အုပ်လိုက်ကာ ထိုလွဲမှားနေသည့်အတွေးများကို ဖယ်ရှားပစ်ရန် ဆုံးဖြတ်လိုက်သော်လည်း မရခဲ့ပေ။ သူတို့အား မတွေးချင်လေလေ၊ ထိုမှတ်ဥာဏ်များသည် သူ့အပေါ်ပို၍ ငြိတွယ်လာလေ ဖြစ်နေတော့၏။ ကုရှောင်ရှမ်း၏နူးညံ့မှုများသည် သူ အာရုံ မစိုက်နေချိန်တွင် ပေါ်ပေါ်လာတတ်သည့် သရဲတစ္ဆေသဖွယ် သူ့အားခြောက်လှန့်နေပြီး ရန်ကျစ် နှလုံးသားထဲ ထိတိုင် ထိတ်လန့်နေရလေသည်။ သို့သော်လည်း ထိုသရဲသည် သူ့အသက်အား လိုလားခြင်း မဟုတ်ပါဘဲ သူ့အနား တဝဲလည်လည်သာ လုပ်နေရင်း ကွယ်ပျောက်သွားဖို့ ငြင်းဆိုနေခဲ့၏။

 

ရန်ကျစ်၏လက်ရှိ စိတ်အခြေအနေသည် အလွန်နုနယ်နေပြီး တစ်စုံတစ်ရာ အနှောင့်အယှက်ဝင်လာပါက သူ လန့်သေသွားနိုင်သည်။ ထိုစဥ် ရုတ်တရက် ဖုန်းသံထမြည်လာတာကြောင့် သူထပ်၍ ရှော့ရသွားတော့၏။

 

ရန်ကျစ် လှမ်းကြည့်လိုက်ရာ အမည်မသိနံပါတ်တစ်ခုပင်။ သူပထမတော့ အလုပ်နှင့်ပတ်သတ်သည့်ဖုန်း ဖြစ်လိမ့်မည်ဟု ထင်လိုက်မိသော်လည်း သေချာပြန်စဥ်းစားလိုက်ချိန်တွင် သူသည် လက်ထောက်စီအီးအိုသာ ဖြစ်ပြီး နှစ်ရက်လောက် ပျောက်ရုံနှင့်တော့ လိုက်ခေါ်မည့်သူ မရှိချေ။ သူ စီအီးအို ဖြစ်ခဲ့စဥ်ကလည်း မကြာခဏ ဆိုသလို အလုပ်ပျက်လေ့ ရှိကာ ကုမ္ပဏီ၌ သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပုံမှန်အတိုင်းလည်ပတ်နေမှာပင်။ သူ အနားတွင် မရှိလျှင် ပို၍ပင် မြန်မြန် အလုပ်ပြီး နိုင်သေး၏။ 

 

'ပေါက်ကရ ဖုန်းတွေ များလား?'

 

ရန်ကျစ် တွေဝေစွာဖြင့် ဖုန်းအားကိုင်လိုက်ချိန်တွင် တစ်ဖက်၌ ရင်းနှီးသလိုရှိသည့် အသံတစ်ခုထွက်ပေါ်လာခဲ့သည်။

 

"ဟယ်လို ဒုသခင်လေးယွီလားမသိဘူး?"

 

ရန်ကျစ် မပြတ်မသားဖြင့် အတည်ပြုပေးလိုက်၏။

 

"တဆိတ်လောက် အခု ပြောနေတာ က ဘယ်သူ..?"

 

တစ်ဖက်လူသည် ထိုအမေးအား ရှက်ရွံ့သွားပုံမပေါ်ဘဲ..."ကျွန်တော်က ဟယ်ကျွင်းပါ"

 

ရန်ကျစ် အခုထိနာမည်နှင့် လူမတွဲမိသေးချေ။ ဟယ်ကျွင်းမှ ဆက်၍ ရှင်းပြ၏။

 

"ကျွန်တော်တို့ ဧပြီလလောက်က ကျီချန်အိမ်ရာမှာ တစ်ခေါက်ဆုံဖူးတယ်လေ။ ကျွန်တော်မင်းအတွက် လက်ဖက်ရည် လုပ်လာပေးတော့ မင်းတောင်ချီး ကျူးလိုက်သေးတယ်။ အဲတုန်းကချီးကျူးစကားကို အခုထိ ကျေနပ်နေမိတုန်းပဲ"

 

ထို့နောက် ရန်ကျစ် သတိရလာတော့သည်။ ကျီချန်အိမ်ရာဆိုတာ ကုမိသားစုလက်အောက်ရှိ စံအိမ်ကြီးပုံစံ ဟိုတယ်တစ်ခုဖြစ်ပြီး အဆင့်မြင့်ဇိမ်ခံပစ္စည်းများနှင့် ဆိတ်ငြိမ်သည့်ခံစားချက်အား ရှာဖွေနေသည့် ဧည့်သည်များအတွက် အထူးပြင်ဆင်ထားခြင်းပင်။ ရန်ကျစ်သည်လည်း ထိုနေရာသို့ တစ်နှစ်တွင် အကြိမ်အနည်းငယ် ရောက်ဖြစ်တာကြောင့် သူထိုလူအား တစ်နည်းနည်းဖြင့် သိခဲ့ပုံရ၏။

 

ဒါပေသည့် ရန်ကျစ်သည် ဦးနှောက်သိပ်မကောင်းသည့် အသည်းနှလုံးမရှိသူသာ ဖြစ်သည်။ ပါတီတစ်ခု၌ အလှလေးတစ်ယောက်၏ ဖုန်းနံပါတ်အား သွားတောင်းရန်အလုပ် သူ၏လက်ထောက်မှ"အဲတာ မင်း ရည်းစားဟောင်းကြီးဟ!"ဟု သတိပေးယူရသည့် ရန်ကျစ်လိုလူအဖို့ တစ်ကြိမ်တစ်ခါသာ ဆုံဖူးသည့် ဟယ်ကျွင်းအား မှတ်မိရန် အလွန်ခက်ခဲလွန်းလှ၏။

 

ဧပြီလက ကျီချန်မှာ လက်ဖက်ရည်သောက်သည်ဟူသည့် အချက်အလက်ကြောင့် ရန်ကျစ် ဝိုးတိုးဝါးတားဖြင့် တစ်ခုချင်းစီ အစဖော်လိုက်မိရာ သူဟယ်ကျွင်းမျက်နှာအား မမှတ်မိခဲ့သော်လည်း သူ့ပတ်ဝန်းကျင်ရှိ အငွေ့အသက်များကိုသာ အမှတ်ရလာခဲ့သည်။ မိုးဖွဲဖွဲလေး ရွာနေခိုက် လက်ဖက်ရည်သောက်ရသည့် ခံစားချက်နှင့် ထိုလူအနားရှိ နူးညံ့ညင်သာသည့် လေထုများကသာ ရန်ကျစ်အား ပိုမိုမှင်သက်စေခဲ့၏။

 

'ကြည့်ရတာ ကုရှောင်ရှမ်းရဲ့ရည်းစားအသစ်ဖြစ်မယ်'

 

ထိုအကြောင်းအား စဥ်းစားမိလိုက်ချိန်တွင် ရန်ကျစ် မှတ်ဥာဏ်ထဲ၌ အံ့ဝင်ခွင်ကျ ဖြစ်နေသော ထိုယောကျာ်း၏ပုံရိပ်သည် ချက်ချင်းဆိုသလို မုန်းတီးစရာဖြစ်လာလေသည်။

 

'ဘာနူးညံ့ညင်သာတာလဲ ထွီ! မိန်းမဆန်လိုက်တာ! အစ်ကိုရှောင်ရှမ်းက ဒီလောက် ယောကျာ်းဆန်တာ သူ့လို မိန်းမဆန်တဲ့လူနဲ့ ဘယ်လိုလုပ် လိုက်ဖက်မှာလဲ?!'

 

ရန်ကျစ်၏ အဖြေအား မကြားရတော့တာကြောင့် တစ်ဖက်ရှိ ဟယ်ကျွင်း အနည်းငယ် ပျာယာခတ်သွားတော့၏။ သို့သော် သူ့လေသံသည် အလျင်မလိုဘဲ တည်ငြိမ်နေဆဲပင်..။

 

"ကျွန်တော့်ကို မမှတ်မိသေးဘူးလား? ဖုန်းသရဲကောင်လို့ မထင်ရင်ဘဲ ရပါပြီ။" ထို့နောက် သူခပ်ပေါ့ပေါ့လေး ရယ်လိုက်၏။

 

ရန်ကျစ် သူအနည်းငယ် ရိုင်းပျသွားခဲ့သည်ဟု ခံစားလိုက်ရကာ နောင်တသွားတော့သည်။ သူအမြန် ခြောက်ကပ်ကပ်ဖြင့် ရယ်လိုက်ရင်း..."မှတ်မိတယ် မှတ်မိတာပေါ့။ အဲနေ့တုန်းက မိုးတောင်ဖွဲနေသေးတယ် မဟုတ်လား?"

 

မှတ်မိပေးဖို့ ကျေးဇူးတင်ပါတယ်ဗျ”

 

ရန်ကျစ်သည်လည်း ယဥ်ကျေးလာကာ-"မင်းက အစ်ကိုရှောင်ရှမ်းရဲ့ သူငယ်ချင်းလေ။ ငါဘယ်လိုလုပ် မမှတ်မိဘဲနေမှာလဲ? အိုး..ပြောလက်စနဲ့ မင်းငါ့ဖုန်းနံပါတ်ကို ဘယ်လိုရတာလဲ?"

 

ကျွန်တော့်ကို မင်းရဲ့လိပ်စာကဒ်ပေးခဲ့တယ်လေ”

 

ထိုစကားအားကြားကာ ရန်ကျစ် ရှက်ကိုးရှက်ကန်း ဖြစ်သင့်သော်လည်း ဟယ်ကျွင်း၏တယောသံကဲ့သို့ ညင်သာပြီး နွေးထွေးသည့်အသံသည် ထိုစကားလုံးများအား နားဝင်ချိုကာ သာယာငြိမ့်ညောင်းစေခဲ့၏။ ဟယ်ကျွင်း ဆက်၍..."အခုကအချိန်ကောင်း မဟုတ်ဘူးလား? ရုတ်တရက်ကြီး နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်"

 

မဟုတ်ဘူး မဟုတ်ဘူး!” ရန်ကျစ်သည် အလွန် အားနာတတ်သူ ဖြစ်ပြီး လူတစ်ယောက်အား အောက်ကြို့အောင် လုပ်ရခြင်းသည် သူအကြောက်ဆုံးအရာသာဖြစ်သည်။ "အခုမှ အမူး..အမူးပြေခါစ မို့လို့ပါ"

 

ဟယ်ကျွင်းလည်း ထိုကိစ္စ၏အကြောင်းပြချက်အား သိပြီးလောက်၏။ သူသည်လည်း ထိုနယ်ပယ်ထဲကပဲ ဖြစ်တာကြောင့် ထိုနေရာအနှံ့ ပလူပျံနေသည့် သတင်းခေါင်းစဥ်များအား တွေ့ပြီးလောက်ပြီပင်။ သို့သော် သူအစတော့ မဖော်ခဲ့ပါ။

 

"ဒါဆို မင်းကိုယ့်ကိုကိုယ် သေချာဂရုစိုက်သင့်တယ်။ ကျွန်တော့်ဆီမှာ အမူးပြေစေတဲ့ လက်ဖက်ရည်တစ်ချို့ရှိတယ်။ လိုအပ်ရင် မင်းဆီကို ပို့ပေးလို့ရပါတယ်။"

 

ရန်ကျစ် အလျင်အမြန်ပင် ငြင်းဆိုလိုက်ကာ-"မလိုပါဘူး အဲလောက်ထိမလိုဘူး။ အခုတောင် တော်တော်လေး သက်သာနေပြီ။ မင်း...ငါ့ကို ဘာအတွက် ခေါ်လိုက်တာလဲ?"

 

ထိုမှသာ ဟယ်ကျွင်း သူ၏အဓိက ရည်ရွယ်ချက်သို့ ပြန်လည်ရောက်ရှိလာတော့သည်။

 

"တကယ်တော့ ဘာမှတော့ သိပ်အရေးမကြီးပါဘူး။ ကျွန်တော်ပဲ စိုးရိမ်လွန်နေတာဖြစ်မယ်။ လူကြီးမင်းကု နိုင်ငံခြားရောက်နေတာ တစ်လပြည့်တော့မယ် မဟုတ်လား?"

 

ရန်ကျစ် ရက်များအား ရေတွက်လိုက်ပြီးနောက်-"ဟုတ်တယ် မှန်တယ်"

 

မင်း သူ့ကို ဘယ်တုန်းက နောက်ဆုံးဆက်သွယ်ခဲ့တာလဲ?”

 

ရန်ကျစ် တောင့်ခဲသွားတော့၏။

 

"အာ...သူ အဲကို ရောက်ရောက်ချင်းတော့ မက်ဆေ့ချ်ပို့တယ်။ အဲတာပဲထင်တယ်။ နောက်ပိုင်းတော့ ထပ်မဆက်သွယ်တော့ဘူး"

 

ထို့နောက် "ကုရှောင်ရှမ်းရဲ့ အချစ်ဆုံးသူငယ်ချင်း"ဟူသည့် နေရာအား တာဝန် မကျေပွန်သလို ခံစားလိုက်ရကာ အမြန်ပင် ရှေ့နေ့လိုက်ပေးလိုက်လေသည်။

 

"သူက အရမ်းအလုပ်များတာ"

 

ဟယ်ကျွင်း ရယ်လျက်-"သံသယဖြစ်စရာကို မလိုတာ သူက အရမ်းအလုပ်ရူပ်တာလေ။ ကျွန်တော်နှစ်ရက် သုံးရက်လောက် သူ့ဆီကအဆက်သွယ်မရတော့ စိုးရိမ်နေမိတာ သူများ တစ်ခုခု... ဟုတ်မှာပါလေ သူအလုပ်များနေလို့ ဘယ်သူ့ကိုမှ အနှောင့်အယှက် မပေးစေချင်တာနေမယ်။ ကျွန်တော်ကဒီတိုင်း မေးကြည့်တာပါ.."

 

ရန်ကျစ်၏နှလုံးသားလေး တုန်လှုပ်သွားကာ သူလည်းပဲ စတင်စိုးရိမ်လာမိတော့၏။

 

"သိပါတယ်။ ငါလည်း သူ့ကို ဆက်သွယ် ကြည့်လိုက်ပါ့မယ်"

 

"ဒါဆိုလည်း မင်းကိုပဲအပူကပ်ရတော့မှာပဲ။ ကျွန်တော့်မှာ နောက်ထပ်တောင်းဆိုချက် တစ်ခုရှိသေးတယ်။  မင်းသူ့ဆီက အဆက်သွယ်ရရ၊ မရရ ကျွန်တော့်ကို ပြန်အသိပေးနိုင်မလား? စကားတစ်ခွန်းတည်းနဲ့ ဆိုလည်း ဖြစ်ပါတယ်။ အရမ်းဒုက္ခ မပေးမိဖို့ မျှော်လင့်ပါတယ်"

 

"မဟုတ်တာ ဒုက္ခ မဖြစ်ပါဘူး" ရန်ကျစ် ပွင့်ပွင့်လင်းလင်းသာ ပြန်ဖြေလိုက်လေသည်။

 

"ဒါဆို မင်းရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေကို အပ်လုပ်လိုက်လို့ရလား?"

 

ရန်ကျစ် ဒါကိုလည်း သဘောတူလိုက်ပြန်၏။

 

ဖုန်းချလိုက်ပြီးနောက် ရန်ကျစ် ကုရှောင်ရှမ်း၏ ကိုယ်ရေးကိုယ်တာဖုန်းအား အမြန်ခေါ်လိုက်လေသည်။ တီ..တီဆိုသည့်ဖုန်းသံ ဆက်၍ မြည်လာလေလေ လူလည်းပဲ ပို၍စိုးထိပ်လာလေလေပင်။ သူ ကုရှောင်ရှမ်း အပေါ်ထားသည့် သဘောထားများသည် အထူးအဆန်းဆိုသလို ပြောင်းလဲနေပြီဟု ရန်ကျစ် ခံစားမိ လိုက်တော့သည်။ သူအရင်က ဘယ်တုန်းကမှ ကုရှောင်ရှမ်းအား စိတ်မပူခဲ့ဖူးသလို ကုရှောင်ရှမ်း၏ ချစ်သူများ အပေါ်လည်း နားမလည်နိုင်လောက်သည့် ရန်ငြိုးများ မထားခဲ့ဖူးချေ။

 

"ဟယ်လို?" ဖုန်းလိုင်းသံအား ဖြတ်တောက်ကာ တစ်ဖက်မှ ကုရှောင်ရှမ်း၏ ပြတ်သားသည့်အသံ ပေါ်ထွက်လာမှသာ ရန်ကျစ်၏ပူပန်မှုများ ပြေပျောက်သွားတော့သည်။

 

"အာ..." ရန်ကျစ် ပါးစပ်အား ခပ်ကျယ်ကျယ် ဟလိုက်မိသော်လည်း ဘာစကားမှ မထွက်လာခဲ့ပေ။

 

"ဒီတစ်ခေါက်ရော ဘယ်လောက်တောင် သောက်လိုက်ပြန်ပြီလဲ?"

 

ကုရှောင်ရှမ်း၏လေသံထဲတွင် "မင်းကိုတော့ လက်လန်တယ်"ဟူသည့် သဘောများပါနေသလိုပင်။

 

"နိုး နိုး ငါမသောက်ထားဘူး" ရန်ကျစ် တုံ့ဆုတ်စွာဖြင့် အဖြေပေးလိုက်၏။

 

ဒါဆို ဘာလဲ?”

 

ရန်ကျစ်၏စကားများ အထစ်ထစ်အငေါ့ငေါ့ဖြင့်..."အမ်...အမ် အဲတာက တကယ်တော့ကွာ.."

 

ရှည်လျားလှသည့် ခွေးအကြီး လှည်းနင်းသံအဆုံးတွင် ကုရှောင်ရှမ်း စိတ်မရှည်စွာ..."သခင်လေးယွီ အခု ဒီမှာ ည၂နာရီထိုးနေပြီ ကျွန်တော်မျိုး သုံးရက်ဆက်တိုက်လည်း ညလုံးပေါက် အလုပ်လုပ်ပြီးပြီ။ အဲတော့ အခု ပြောမယ့်စကားက အရမ်း အရေးကြီးဖို့ မျှော်လင့်ပါတယ်"