"မဟုတ်....မဟုတ်ပါဘူး..."
အမည်မသိ အကြောင်းပြချက်များကြောင့် ရန်ကျစ်က ဟယ်ကျွင်း အကြောင်းအား
ထည့်မပြောချင်ပေ။ သူ ကုရှောင်ရှမ်းတစ်ယောက် ထို ဟယ်ကျွင်း ဆိုသူအား သတိမရပါစေနဲ့ဟု
တောင် ဆုတောင်းမိလိုက်၏။ အတော်ကြာ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေပြီး နောက်ဆုံး၌ ရန်ကျစ်
သူ ပြောချင်သည့်စကားအား အစရှာမိသွားတော့သည်။
"ငါအိမ်ကနေ
ခဏရှောင်နေတာ အိတ်ထဲမှာလည်း သုံးစရာသိပ်မကျန်တော့လို့..."
ကုရှောင်ရှမ်း
နှစ်စက္ကန့်လောက် ကြာသည်အထိ နှုတ်ဆိတ်နေတာကြောင့် ရန်ကျစ် ရှက်လည်းရှက်လာသလို
မခံချိမခံသာလည်း ဖြစ်လာတော့၏။ အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကုရှောင်ရှမ်းတစ်ယောက်
စကား ပြန်စလာသည်။
"အခု မင်းဘယ်မှာလဲ?"
“မင်း....မင်းတိုက်ခန်းထဲမှာ”
ကုရှောင်ရှမ်း
အနည်းငယ် စိတ်သက်သာရာ ရသွားသလိုပင်။
"ဒါဆို အဲမှာပဲနေ
မာစတာအိပ်ခန်းထဲက အိပ်ရာဘေး ဗီရိုထဲမှာ ယွမ်သုံးလေးသောင်းလောက်တော့ ရှိမယ်ထင်တယ်။
အဲတာကို သေချာချိန်ပြီးသုံးလိုက်"
ရန်ကျစ်
ခေါင်းညိမ့်လိုက်ကာ-"နားလည်ပါပြီ"
ထို့နောက်
ကုရှောင်ရှမ်း ထပ်၍ သတိပေးလာ၏။
"ငါနှစ်ရက်လောက်နေရင်
ပြန်ရောက်မယ်။ အပြင်တွေအရမ်းလျှောက်သွားပြီး ပေါက်ကရတွေ လုပ်မနေနဲ့ မင်းစားချင်တာ
တစ်ခုခုရှိရင် ငါ့ဟိုတယ်ကိုသာ သွားလိုက် အဲကစားသောက်ဆိုင်မှာ
အကြွေးနဲ့စားလို့ရတယ်"
“အကြွေး? ငါက ပေးရအုန်းမှာပေါ့?”
ကုရှောင်ရှမ်း
ရယ်လျက်-"ဒါပေါ့ ငါပေးတဲ့ ပိုက်ဆံအပါအဝင် မင်းအကုန်ပြန်ပေးရမှာ ဘာလဲ မင်းက အလကားစားချင်နေတာလား?
ရန်ကျစ် မင်း အရှက်ကုန်ပြီလား?" ထို့နောက် ဖုန်းတန်းချသွားတော့၏။
ရန်ကျစ်
မအံ့သြတော့ပါ။ ကုရှောင်ရှမ်းသည် တကယ့်စီးပွားရေးသမားတစ်ဦးဖြစ်ပြီး ပိုက်ဆံနှင့် ပတ်သတ်လာလျှင်လည်း
အလွန်စည်းကမ်းကြီးသူ ဖြစ်သည်။ ဒါသည်လည်း ကုမိသားစု၏ လေ့ကျင့် သင်ကြားမှုနှင့်
ဆက်စပ်နေ၏။ မူလတန်းတုန်းကဆို ကုရှောင်ရှမ်းသည် ဘောပင် တစ်ချောင်းဝယ်ဖို့ကိုတောင်
ကြေညာချက်ဖောင်တစ်ခု ဖြည့်ခဲ့ရသည်။ သူ၏ထောက်ပံ့ကြေးများကိုလည်း အဆင့်အလိုက်
တွက်ချက်ပြီးရခဲ့တာပင်။ ကုမိသားစု၏ လုပ်ထုံးလုပ်နည်းများသည် လွန်စွာကို
ရိုးရှင်းပေသည်။
အကယ်၍သာ
ရန်ကျစ်တစ်ယောက် အရေးပေါ် လိုအပ်၍ "ပိုက်ဆံချေးပါ"ဟု ပြောခဲ့လျှင်
သူအကြွေးတင်နေသည့် ပိုက်ဆံတစ်ပြားတစ်ချပ်မှ မကျန်တော့သည်အထိ ရာနှုန်းအတိုင်း
ပြန်ဆပ်ရပေမည်။ မဆပ်ပါက ကုရှောင်ရှမ်း ထိုအကြွေးကိစ္စအား ယွီမိသားစု အိမ်အထိ
သယ်သွားနိုင်၏။ သို့သော် ကုရှောင်ရှမ်း ရန်ကျစ်အား စျေးပေါသည့် cokeတစ်ဘူးပဲဖြစ်ဖြစ် စျေးကြီးသည့်
ပြိုင်ကားတစ်စီးပဲဖြစ်ဖြစ် လက်ဆောင်အနေဖြင့် ပေးခဲ့ပါက သူ ဘာတစ်ခုမှ
ပြန်မတောင်းခဲ့ဖူးပါ။
ရန်ကျစ်
မာစတာအိပ်ခန်းသို့ လျှောက်လာခဲ့လိုက်၏။ သူ ဒီနေရာအား မကြာခဏ လာနေခဲ့တတ်သော်လည်း
အခြေခံကျင့်ဝတ်များအရ ကုရှောင်ရှမ်း၏အိပ်ခန်းထဲကိုတော့ တစ်ခါမှမဝင်ဖူးခဲ့ပါ။
အရင်လိုသာဆိုလျှင် သူခပ်တည်တည်ပင် လျှောက်ဝင်ကာ ပိုက်ဆံအား ယူလိုက်မည် ဖြစ်သော်လည်း
ယခုတွင်တော့ ရန်ကျစ်တစ်ယောက် အလွန်စိုးရိမ်ကြီးနေခဲ့သည်။
ထို ခံစားချက်အား
သူမရှင်းပြတတ်ပေ။
ထို စိုးရွံ့စိတ်များ
ဘယ်နေရာကနေ ရောက်လာခဲ့သည်ဆိုတာကိုလည်း သူတကယ်ကို မသိတော့ပါ။
သူ ဘာကြောင့်လဲဆိုတာ
အဖြေရှာမနေတော့ဘဲ တန်းဝင်ပစ်လိုက်ချင်သော်လည်း တစ်ချိန်တည်းမှာပင် ထို အမည်မသိအကြောင်းပြချက်များကြောင့်
ရှက်ရွံ့နေမိတော့သည်။
ရန်ကျစ်
ခြေဗလာဖြင့် တံခါးပေါက်ရှေ့တွင် အကြာကြီး ရပ်နေသေးကာ တံခါးလက်ကိုင်အား
မလှည့်ရဲဘဲဖြစ်နေ၏။
ထိုစဥ် တံခါးဘဲလ်သံ
မြည်လာခဲ့လေသည်။
ရန်ကျစ်
တုန်လှုပ်သွားကာ တိုက်ခန်း၏ ဒုတိယထပ်မှတစ်ဆင့် ခရုပတ်လှေကားဆီသို့
ပြေးဆင်းသွားလိုက်၏။ ထို့နောက် ပါကေးကြမ်းပြင်အား ဖြတ်လျှောက်လိုက်ပြီး
တံခါးဆီသို့အရောက် လုံခြုံရေးကင်မရာအား ကြည့်လိုက်ရာ ဖန်သားပြင်ပေါ်၌
ဟက်စကီးတစ်ကောင်၏ မျက်နှာကြီးပေါ်လာလေသည်။
"အား..ဟားကျု့!"
ရန်ကျစ် သူသုံးနှစ်ကြာမွေးမြူခဲ့သည့် သူ၏ခွေးလေးအား သေချာပေါက်ကို မှတ်မိ၏။
ထိုခွေးသည် ကုရှောင်ရှမ်းဆီမှ မွေးနေ့လက်ဆောင်အဖြစ် ရခဲ့သော လက်ဆောင်လေးပင်။
ပထမအစတွင် ရန်ကျစ်သည် ထိုခွေးလေးအား ပျော်ရွှင်ခြင်းလေးအဖြစ်
"ဟားဟားဟား"ဟူသည့် ရွှင်မြူးဖွယ် အမည်မှဲ့ခဲ့သော်လည်း လမ်းလျှောက် ထွက်သည့်အခါမှာတော့
သူတို့ပြဿနာတစ်ခု ကြုံတွေ့ခဲ့ရလေသည်။
[ "ဟားဟားဟား
မင်းဘယ်မှာလဲ?" "ဟားဟားဟား
မပြေးနဲ့" "ဟားဟားဟား အီးတွေ လျှောက်ပါမနေနဲ့" ]
ထိုကဲ့သို့
ရန်ကျစ်တစ်ယောက် ပန်းခြံထဲတွင် အော်ဟစ်အပြီး နောက်ဆုံးမှာတော့ ဟားဟားဟား နာမည်အား
ဟားကျု့(ဟား³)ဟူ၍
ပြောင်းလိုက်ရတော့၏။
ထိုခွေးအား ယွီယွင်ထောင်
လူကြုံဖြင့် ထည့်ပေးလိုက်တာပင်။
"အစ်ကို ဘာလို့ ဟားကျု့ကို
ကျွန်တော့်ကို အသိမပေးဘဲ ထည့်လိုက်တာလဲ?" ရန်ကျစ် ဟားကျု့၏ခေါင်းလေးအား ပွတ်သပ်ရင်း
ဖုန်းထဲမှတဆင့် ညည်းညူလိုက်လေသည်။
ယွီယွင်ထောင် :
"မင်းရဲ့ဟာကျု့က မင်းကိုလွမ်းလို့ အစာတောင် မစားတော့ဘူး"
ရန်ကျစ် ဟားကျု့အား
ပြတင်းပေါက်ဆီသို့ ချီလာရင်း..."ကျွန်တော်လည်း မစားရသေးဘူး။ ပိုက်ဆံလည်း
တစ်ပြားမှမရှိတော့ဘူး။ ကျွန်တော်ဟာကျု့နဲ့အတူ ငတ်နေလိမ့်မယ်။ အစ်ကို ဒါတွေရော
သိရဲ့လား?"
"သိတယ်" ယွီယွင်ထောင်
ဖုန်းတန်းချသွားလေ၏။
'ငါတို့တွေ တကယ့်
ညီအစ်ကိုအရင်းရော ဟုတ်ရဲ့လား?'
သူတို့သည် တကယ့်ကို
ညီအစ်ကိုအစစ်ပင်။ တကယ်တော့ ဟာကျု့ ရန်ကျစ်အား လွမ်းတာမဟုတ်။ ရန်ကျစ် မရှိလျှင်တောင်
ကောင်းကောင်း စားဝင်အိပ်ပျော်နိုင်သည်။ သို့သော် သူတို့အဖေ ဟားကျု့အား တွေ့လျှင်
သူ၏သားငယ်လေးအား ချက်ချင်း အမှတ်ရမိပေမည်။ သားငယ်လေးအား အမှတ်ရမိလျှင် သူချက်ချင်း
ဒေါကန်ကာ ပျံတက်သွားတော့မည် ဖြစ်တာကြောင့် ယွီယွင်ထောင် ဟားကျု့လေးကိုပါ တစ်ခါတည်း
ပို့ပေးလိုက်ရခြင်း ဖြစ်၏။
ရန်ကျစ်
ဟားကျု့ပုံအား ကုရှောင်ရှမ်း၏ ဆိုရှယ်မီဒီယာ အကောင့်သို့
လှမ်းပို့လိုက်ပြီး..."ဟားကျု့လည်း ဒီမှာနေမှာတဲ့" တကယ်တော့ အသိပေးဖို့ မလိုအပ်ပေမယ့်
တစ်ချို့သော အကြောင်းများကြောင့် ရန်ကျစ် သူ့အား စကားပြောချင်နေခဲ့တာဖြစ်သည်။
ကုရှောင်ရှမ်း
ချက်ချင်း စာပြန်လာ၏။
"သူ့ကို သေချာဂရုစိုက်
သူလုပ်လို့တစ်ခုခု ပျက်စီးသွားရင် မင်းလျော်ရမယ်"
ရန်ကျစ် ဟားကျု့အား
ချီ၍ လှောင်အိမ်ထဲ ထည့်ဖို့ပြင်လိုက်တော့သည်။ — ဟုတ်သည်။ ယုံလောက်ကြမည်
မဟုတ်သော်လည်း ကုရှောင်ရှမ်း၏ တိုက်ခန်းတွင် ဟားကျု့အတွက် လှောင်အိမ်တစ်ခုရှိ၏။
ဟားကျု့သည်
"ယခင် ပြစ်မှုကျူးလွန်သူ"ပင်။ တစ်ခါက ကုရှောင်ရှမ်း ဥရောပမြောက်ပိုင်းမှ
စိတ်ကြိုက်ပြုလုပ်ကာ တကူးတကမှာ ယူထားသည့် ပရိဘောဂ တစ်စုံစာသည် ဟားကျု့လက်ချက်ဖြင့်
ပြိုကျ ပျက်စီးသွားခဲ့ကာ တိုက်ခန်းတစ်ခုလုံး ရှုပ်ယှက်ခတ် သွားလေတော့၏။
ထို့ကြောင့် သူ၏စိတ်ရှည်သည်းခံမှုများ အဆုံးတွင် ကုရှောင်ရှမ်းတစ်ယောက်
ခွေးလှောင်အိမ်တစ်ခု ဆောင်ထားခဲ့ရသည်။
ဟားကျု့
သူလှောင်အိမ်ထဲ အထည့်ခံရတော့မည်ကို ရိပ်မိလိုက်သည်နှင့် ကမန်းကတန်း ရုန်းထွက်ကာ
တစ်ဟုန်ထိုး ထွက်ပြေးတော့၏။ ရန်ကျစ် "ဟားကျု့"ဟု ကုန်းအော်ရင်း
နောက်မှပြေးလိုက်သွားလျှင် ဟားကျု့သည် ကုရှောင်ရှမ်း၏ အိပ်ခန်းတံခါးရှေ့တွင်
အထဲသို့ ဝင်ချင်နေဟန် ရပ်တန့်သွားခဲ့သည်။ ရန်ကျစ်မျက်လုံးများ
တောက်ပသွားကာ-"မင်း ဝင်ကြည့်ချင်လို့လား?"
အထဲကို ဝင်ချင်နေတဲ့သူက
ခွေးပဲ သူမဟုတ်ဘူး။ အရာအားလုံး ခွေးကြောင့်ပဲဟူ၍ ရန်ကျစ် သူ့ကိုယ်သူတောင်
နားချနေခဲ့၏။
ရန်ကျစ်
တံခါးဖွင့်၍ ဝင်လိုက်ရာ နံရံများသည် ရင်းနှီးနေသည့် လာဗင်ဒါရောင်လေး
ဖြစ်နေဆဲဖြစ်ပြီး ပရိဘောဂများသည်လည်း အလွန်ဆင်တူနေကြောင်း သိလိုက်ရတော့သည်။
ထို့နောက် ဟားကျု့ နေရာ အမှတ်အသားလုပ်ရန် ပြင်နေသည်ကို မြင်လိုက်တာကြောင့် ရန်ကျစ်
အမြန်ပင် ချီ၍ရေချိုးခန်းထဲသို့ တွန်းထည့်ကာ ကုရှောင်ရှမ်း၏အိပ်ခန်းကို ကာကွယ်ရန်
တံခါးပိတ်လိုက်ရ၏။ ရန်ကျစ် ဂရုတစိုက်ဖြင့် အိပ်ရာပေါ်၌ ထိုင်ချလိုက်စဥ်
သူ၏အိပ်မက်ထဲရှိ ခံစားချက်နှင့် အလွန်ဆင်တူနေသည်ကို သတိထားမိသွားတော့သည်။ ကြည့်ရတာ
ကုရှောင်ရှမ်းသည် အိပ်ရာဆိုလျှင် နူးနူးညံ့ညံ့လေးမှ ကြိုက်တတ်ပုံပင်။
ကုတင်ဘေးရှိ
ဗီရိုအပေါ်တွင် ကြိမ်ဖြင့်ယက်လုပ်ထားသည့် တောင်းတစ်လုံးရှိပြီး ထိုထဲတွင် တစ်ရှူများ၊
လက်သည်းညှပ်များနှင့် ထိုကဲ့သို့သော ပစ္စည်းအသေးစားလေးများ ပါဝင်ပေသည်။ ထိုယက်လုပ်ခြင်းတောင်းသည် အလွန်ကြည့်ရဆိုးပြီး
အိပ်ခန်းအတွင်းရှိ ပရိဘောဂအပြင်အဆင်များနှင့်လည်း လုံးဝ ကိုက်ညီမှုမရှိချေ။ —
သို့သော် ရန်ကျစ်ကတော့ အကြည့်တစ်ချက်တည်းနှင့်ပင် မှတ်မိလိုက်၏။ ထိုခြင်းတောင်းသည်
မူလတန်းတုန်းက လက်မှုပညာ သင်ခန်းတစ်ခု၌ သူလုပ်ခဲ့ရသည့် ခြင်းလေးပင်ဖြစ်ပြီး
ထိုအရာသည် လက်မှုပညာ သင်ခန်းစာများထဲမှ သူအောင်မှတ်ရခဲ့သည့် တစ်ခုတည်းသော အရာဖြစ်သည်။
သမိုင်းဝင် ၆၁မှတ်အား ရခဲ့တာကြောင့် သူကုရှောင်ရှမ်းအား ဝမ်းပန်းတသာဖြင့်
အကြွားတိုက်ခဲ့ကာ ပေးပါပေးခဲ့သေး၏။ ထိုစဥ်က ကုရှောင်ရှမ်းသည် အလွန်ငယ်လွန်းပြီး
သူ၏စကားများသည်လည်း တည့်တိုးဆန်နေလေသည်။ သူပြောလိုက်သည်က... "ရုပ်ဆိုးလိုက်တာ
ဒါမျိုးဘယ်သူလိုချင်မှာလဲ?"
ဘယ်လိုပဲဖြစ်ဖြစ်
ရန်ကျစ်ကတော့ ငယ်စဥ်ကတည်းက သန်မာသည့် နှလုံးသားရှိခဲ့တာကြောင့်
ပြုံး၍..."မင်း စက္ကူအတိုအထွာလေးတွေ ထည့်လို့ရတယ်လေကွာ"
အခုတော့
ကြည့်စမ်းပါအုန်း။ တကယ် အတိုအထွာပစ္စည်းလေးတွေ ထည့်ထားတာပဲ။
ရန်ကျစ် ဗီရိုထဲအား
လှန်လှောကြည့်လိုက်ရာ ပစ္စည်းများကြားတွင် ကွယ်ဝှက်ထားသည့်အရာ ဘာတစ်ခုမျှရှိမနေပေ။
နောက်ပြီး လူကြီးသုံးပစ္စည်းများလည်းမရှိပါ။ ကြည့်ရတာ ကုရှောင်ရှမ်း
သူ့ရည်းစားများအား တကယ် အိမ်မခေါ်ဖူးပုံပင်။
ထိုစဥ်
ရန်ကျစ်၏ဖုန်း ရုတ်တရက် ထမြည်လာတာကြောင့် ထိပ်လန့်သွားတော့၏။ အိုး ဘုရားရေ..။ သူ အိပ်ခန်းထဲသို့ဝင်ရန်
ရှင်းရှင်းလင်းလင်းကြီးကို ခွင့်ပြုချက်ရခဲ့သော်လည်း သူ့အသိစိတ်ထဲတွင် လိပ်ပြာမလုံ
သလို ဖြစ်နေလေသည်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီဘဝတွင် ရန်ကျစ်တစ်ယောက်
ဘာမကောင်းမှုမျိုးကိုမှ ပြုလုပ်ရန် မသင့်တော်သည်ကို သိလိုက်ရ၏။