Ch 8
Viewers 286

8

 

သူတို့ ကျောင်းတက်စဥ်က ကုရှောင်ရှမ်းသည် ရန်ကျစ်အတွက် ပြဿနာများ ဖန်တီးပေးလေ့ရှိတာကြောင့် ရန်ကျစ်၏ဂုဏ်သိက္ခာသည်လည်း မိန်းကလေးများကြား အပိုင်းပိုင်း ပြိုကွဲခဲ့ရသည်။ သူ၏မထင်ပေါ်ခြင်းကြောင့် ရန်ကျစ် မကြာခဏ မိန်းကလေးများနှင့် ပြောဆို ဆက်ဆံရာ၌ တံတိုင်းကြီးတစ်ခုနှင့် ရင်ဆိုင်ရတတ်၏။ ထိုကဲ့သို့ အကြောင်းအရာများအား ထည့်မတွေးလျှင်တောင် ရန်ကျစ်သည်လည်း မိန်းကလေးများနှင့် စကားပြောရတာကို သိပ်မကြိုက်ပေ။ ငယ်ငယ်ရွယ်ရွယ်နဲ့ မိခင်အား ဆုံးရူံးလိုက်တာကြောင့် အထူးသဖြင့် သူမိန်းကလေးများနှင့် ဘယ်လိုဆက်ဆံရမလဲဆိုတာကို တကယ်မသိခဲ့ပါ။

 

ရန်ကျစ် စီအီးအို ဖြစ်လာချိန်မှာတော့ သူရုတ်တရက်ကြီး မိန်းကလေးများကြား၌ ပေါ်ပြူလာဖြစ်လာသည်ကို သိလိုက်ရ၏။ သူပထမဆုံး သိလိုက်ရချိန်တွင် ထိုအရာနှင့်ပတ်သတ်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်ခဲ့သော်လည်း နောက်ဆုံးမှာတော့ မိန်းမောသွားခဲ့သည်။ သူ၏ ရည်းစားဦးသည် သူ၏လက်ထောက်ပင် ဖြစ်၏။ ထိုအမျိုးသမီးလက်ထောက်သည် ရန်ကျစ်အား သိပ်စိတ်မဝင်စားခဲ့ပေမယ့် သေချာ ချိန်ဆပြီးချိန်မှာတော့ သူမ၏အခြေခံ လက်ဖက်ရည်ဖျော် စကေးလ်အား အသုံးချကာ ရန်ကျစ်၏ရည်းစား ဖြစ်လာခဲ့လေသည်။

 

 

သူမ၏တောင်းဆိုမှုကြောင့် ရန်ကျစ် သူမအား သူ့သူငယ်ချင်းများနှင့် မိတ်ဆက်ပေးပြီးနောက်မှာတော့ ဟေးဇီ သူ့အား သီးသန့်ခေါ်ပြောလာ၏။

 

"ဟေ့ကောင် မင်းနစ်နာနေပြီ!"

 

ရန်ကျစ် ထိပ်လန့်သွားကာ-"ငါက ယောကျာ်းလေ ဘယ်လိုလုပ် နစ်နာမှာလဲ?"

 

"သူကအရမ်းရိုးလွန်းတယ်။ မင်းအဆင့်နဲ့ဆို ဟဲ့ရူချဲ့လို လူကိုတောင် ရနိုင်တယ်" ဟဲ့ရူချဲ့သည် ထိုခေတ်အခါက ရေပန်းစားလွန်းသည့် မော်ဒယ်တစ်ယောက်ဖြစ်ပြီး ဟေးဇီ သူမအား ဥပမာအနေနှင့်သာ သုံးပြခဲ့ခြင်းပင်။ သို့သော် ဘယ်သူမှ မထင်ထားခဲ့သည်က သိပ်မကြာခင်တွင် ရန်ကျစ် သူ့လက်ထောက်အားဖြတ်ကာ ဟဲ့ရူချဲ့နောက်သို့ စတင်လိုက်ခဲ့လေသည်။

 

နောက်ပြီး သူတကယ်ကို လုပ်နိုင်ခဲ့တယ်!

 

ဒါသည်ရန်ကျစ် ပထမဦးဆုံး မိန်းကလေးတစ်ယောက်အား အောင်အောင်မြင်မြင် လိုက်နိုင်ခဲ့သည့် အရသာကို ခံစားမိခဲ့ခြင်း ဖြစ်၏။ အလှလေးများသည် အကုန် လှပကျော့ရှင်းလွန်းတာကြောင့် ရန်ကျစ် သူတို့အား ထည်လဲတွဲရသည့် ခံစားချက်ကို အတော်လေး ပျော်မွေ့နေတော့သည်။ ရန်ကျစ်၏စိတ်ခံစားမှုအချိုးသည် အလွန် နိမ့်ပါးလွန်းတာကြောင့် သူ ရိုမက်တစ်ဆန်ဆန် အပြုအမှုများနှင့် စကားလုံးလှလှလေးများအား ဘယ်လိုသုံးရမလဲ မသိခဲ့ချေ။ သူ၏ သာပေါင်းညာစား သူငယ်ချင်းတစ်သိုက်၏ အကြံပေးမှုများကိုသာ နားထောင်ရင်း သုံးဖြုန်းနေတော့သည်။ ရန်ကျစ် သူတို့အပေါ်အမ်းခြင်းသည် ကာစီနိုဝိုင်းမှ လောင်းကစားသမားတစ်ဦးနှင့်တောင် တူလွန်းလှ၏။ မိန်းကလေးတစ်ယာက် ငွေ၏လွှမ်းမိုးမှုအောက်သို့ ပြားပြားဝပ်သွားချိန်သည် ရန်ကျစ်အတွက်တော့ သကြားလုံးအိမ်လေးထဲသို့ တံခါးဖွင့်ဝင်ကာ ကမ္ဘာသစ်ကြီးတစ်ခုဆီ သို့ တိုးဝင်သွားရသလိုပင်။   

 

တကယ်ပဲ အရမ်းလွယ်ကူခဲ့တာလား?

 

အမျိုးသမီး လက်ထောက်နှင့် ပြတ်စဲပြီးချိန်အထိ သူမသည် ရန်ကျစ်အပေါ် အရင်အတိုင်း ညင်သာဆဲ၊ ဂရုစိုက်နေဆဲပင်။ သူမ ဟဲ့ရူချဲ့၏ဖြစ်တည်မှုကို သိလိုက်ရချိန်တွင် ရန်ကျစ်အား..."ရှင်နဲ့ အတူရှိနေရသရွေ့ ကျွန်မ ဘာကိုမှ ဂရုမစိုက်ဘူး။ ရှင်တစ်ပြိုင်တည်း တစ်ခြားတစ်ယောက်နဲ့ ထပ်တွဲခဲ့ရင်တောင် ကျွန်မ လက်ခံပေးနိုင်တယ်။ ဘာလို့ဆို ကျွန်မ ရှင့်ကို သိပ်ချစ်လို့.."

 

ရန်ကျစ် ထိုစကားများအား ကြားလိုက်ရချိန်တွင် မျက်ရည်စို့သွားတော့၏။ သူချက်ချင်းပင် သူ့ကိုယ်သူ အစေ့အဆန်များအတွက် ပန်းလေးတစ်ပွင့်ကို စွန့်ပစ်ခဲ့သည့် အမိုက်အမဲတစ်ယောက်လိုပင် ခံစားလိုက်ရသည်။ သူ ဟေးဇီအား ထိုအကြောင်းပြောပြလိုက်စဥ် ဟေးဇီတစ်ယောက် သူ့အားကြိမ်းမောင်းတော့၏။

 

"အရူး! မင်းသူပြောတာကို တကယ်ယုံနေတာလား? ကုရှောင်ရှမ်းကိုသာ သူနဲ့ တွဲမလားလို့ မေးခိုင်းကြည့်ပါလား။ အဲတစ်ယောက် အဝတ်မပါဘဲတောင် ဒိတ်လုပ်ရင် လုပ်အုန်းမှာ!"

 

ထို "ကုရှောင်ရှမ်းကိုသာ သူနဲ့တွဲမလားလို့ မေးခိုင်းကြည့်"ဟူသော စကားသည် "ဟဲ့ရူချဲ့လို လူကိုတောင် ရနိုင်တယ်" ဆိုတာလိုပဲ ဟေးဇီ၏ဥပမာပေးမှုများသာ ဖြစ်သည်။ သို့သော် ရန်ကျစ်၏နားလည်နိုင်စွမ်း၌ အနည်းငယ် ချို့ယွင်းချက်များ ရှိနေသဖြင့် သူ ဟဲ့ရူချဲ့ကို လိုက်ခဲ့သလိုပင် တကယ်ကြီး ကုရှောင်ရှမ်းအား သူ့လက်ထောက်နှင့် တွဲမလားမေးပေးရန် အကူအညီတောင်းလေတော့၏။

 

ကုရှောင်ရှမ်း၏မျက်နှာသည် ရူပ်ထွေးနေပြီး အတော်ကြာ တိတ်ဆိတ်နေပြီးနောက် မေးခွန်းထုတ်လာခဲ့သည်။

 

"ငါ့ကို မင်းရဲ့ရည်းစားဟောင်းနဲ့ တွဲပေးဖို့ ပြောနေတာလား?"

 

ရန်ကျစ် အဖြစ်အပျက်များ အားလုံးကို ချည့်နဲ့စွာ ရှင်းပြလိုက်လျှင် နောက်ဆုံးမှာတော့ ကုရှောင်ရှမ်း တစ်ယောက် သူဘယ်လောက် တုံးအလဲဆိုတာကို နားလည်သွားတော့၏။ သို့သော် ကုရှောင်ရှမ်း ဆက်၍..."သူ့ ကိုယ်လုံးတီးပုံ မြင်ချင်ရင် တွဲဖို့တောင် မလိုဘူး"

 

ကုနှင့်ယွီလုပ်ငန်းစုတို့သည် အချိန်ကာလရှည်ကြာသည့် ဆက်ဆံရေးရှိတာကြောင့် ကုရှောင်ရှမ်းနှင့် ထို အမျိုးသမီးလက်ထောက်တို့ အချင်းချင်း ဆက်သွယ်ရန် အချက်အလက်များ မှတ်ထားခဲ့ကြသည်။ သူ ရန်ကျစ်၏ရှေ့၌ပင် ထိုအမျိုးသမီးလက်ထောက်ထံ ပရောပရည်လုပ်သည့် မက်ဆေ့ချ်အချို့ ပေးပို့ခဲ့ပြီး တစ်နာရီအတွင်းမှာတင် ထိုလက်ထောက်၏ ကိုယ်လုံးတီးပုံများ ရရှိလာခဲ့၏။

 

"ရော့" ကုရှောင်ရှမ်း ဖုန်းအား ရန်ကျစ် လက်ထဲသို့ ကမ်းပေးလိုက်ပြီး..."မစ်ရှင်အောင်မြင်"

 

ကိုယ်လုံးတီးပုံများ ပေါ်လာချိန်မှာတော့ ရန်ကျစ်၏ကမ္ဘာကြီး ပြိုလဲသွားရတော့သည်။

 

ရန်ကျစ် ကြေကွဲနေသည်ကို မြင်လိုက်ရပြီးနောက် ကုရှောင်ရှမ်း သူ့အား နှစ်သိမ့်ဖို့ စိတ်မဝင်စားဘဲ သူမ၏ဖုန်းနံပါတ်ကို ချက်ချင်း ဖျက်ပစ်ကာ-"ဒီ မိန်းမကို မင်းရုံးခန်းထဲဆက်ထားနေရင် ပြဿနာရှိလာလိမ့်မယ် ပြန်သွားပြီးဖြေရှင်းလိုက်" 

 

ရန်ကျစ် ဇဝေဇဝါဖြင့်..."ဘယ်လို ဖြေရှင်းရမှာလဲ?"

 

 

ထိုအချိန်မှာတော့ ရန်ကျစ် သူ၏ ဒုတိယမြောက်၊ နောက်ဆုံးနှင့် အကောင်းဆုံး လက်ထောက်အား ရှာတွေ့ခဲ့၏။ သူသည် စီအီးအို၏လက်ထောက်ဖြစ်ရန် အလွန်သင့်တော်သည်ဟု လူအများက ထောက်ခံအားပေးခဲ့ကြသည့် ဝန်ထမ်းတစ်ဦးပင် ဖြစ်သည်။ ရန်ကျစ် ထိုလူ့အား ပထမဆုံးမြင်လိုက်ရချိန်တွင် သိပ်အထင်မကြီးသေးချေ။ ထိုလက်ထောက်သည် ပေကပ်ကပ်ပုံနှင့် "အလုပ်လုပ်စက်"ဟူ၍ နာမည်ပြောင်ရှိသည့် လူငယ်တစ်ဦးဖြစ်ပြီး သူ့နာမည် ကျီရှန်ဆိုတာကိုသာ မှတ်မိခဲ့၏။ ရန်ကျစ် သူ့နေရာ၌ ချောမောလှပသည့် အလှလေးတစ်ဦးဖြင့် အစားထိုးချင်ခဲ့သော်လည်း သိပ်မကြာမီမှာပင် ကျီရှန်အား လက်ထောက်အဖြစ် ထားရှိခြင်း၏ အကျိုးကျေးဇူးများကို ရှာဖွေတွေ့ရှိခဲ့လေသည်။

 

ဥပမာ၊ ယခင်လက်ထောက်အား ထုတ်ပယ်လိုက်ချိန်တွင် သူမ ပြဿနာရှာဖို့ ကြိုးစားခဲ့တာကြောင့် ရန်ကျစ် မကိုင်တွယ်နိုင်ခဲ့သော်လည်း ကျီရှန် ကတော့ ကျွမ်းကျင်စွာပင် ဖြေရှင်းနိုင်ခဲ့၏။ နောက်တစ်ခုကတော့ ရန်ကျစ် ဟဲ့ရူချဲ့၏ မွေးနေ့အား မေ့ကာ သောကချိန်နေချိန်တွင် ကျီရှန်သည် သူ့ကိုယ်စား ပန်းစည်းနှင့် လက်ဆောင်များ ပို့ပေးထားနှင့်ပြီပင်။

 

ရန်ကျစ် ကလပ်တစ်ခုကို သွားချင်သည့်အခါ ကျီရှန်သည် သူ၏စံနှုန်းများဖြစ်သည့် "စတိုင်" "မိန်းကလေးအရေအတွက်" "အကွာအဝေး" နှင့် "ပတ်ဝန်းကျင်" အစ ရှိသည့် သူ့စံနှုန်းများထဲမှ အကောင်းဆုံးရွေးချယ်မှု (၃)ခုကို ပေးနိုင်ခဲ့လေသည်။

 

ရန်ကျစ် ရုတ်တရက် ကျီရှန် သူ့အတွက် ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်သည်ကို သိသွားခဲ့ရ၏။ ထို့ကြောင့် သူအရှက်မရှိစွာပင်..."တကယ်တော့ ငါကလပ်ကို သွားရင် မိန်းကလေးတွေနဲ့ စကားသိပ်မပြောတတ်ဘူး။ မင်း ငါ့ကို ကူညီပေးနိုင်လား?"ဟူသည့် မေးခွန်းအား မေးခဲ့လျှင်..။

 

“ကူညီနိုင်တယ်” ထို့နောက် ကျီရှန် ရန်ကျစ်အတွက် အဖော်အဖြစ် မြှားနတ်မောင်လုပ်ပေးမည့် လူများအား ငှားရမ်းခဲ့၏။

 

ထိုအချိန်မှစ၍ ရန်ကျစ် သူ့လက်ထောက်အား ပြောင်းရန် ဘယ်တော့မှ မတွေးမိတော့ပါ။

 

သို့သော် သူ၏အမျိုးသမီးလက်ထောက်သည် အလွန်တည်ငြိမ်ပုံရပေမယ့် သူ့ကွယ်ရာ၌ အလွယ်တကူပင် သစ္စာဖောက်သွားခဲ့တာကြောင့် ရန်ကျစ် စိတ်ထဲတွင် အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့လေသည်။ ထို့ကြောင့် သူ ကုရှောင်ရှမ်းအား ထပ်၍အကူအညီတောင်းလိုက်ပြန်၏။

 

"ဟဲ့ရူချဲ့ ငါ့ကို တကယ်ကြိုက်တယ်လို့ ထင်လား?"

 

"မထင်ဘူး"

 

ရန်ကျစ် စဥ်းစားသွားကာ-"တကယ်လား?"

 

ကုရှောင်ရှမ်း သူ့အားနောက်ထပ် ကိုယ်လုံးတီးပုံများ ပြလိုက်ပြန်သည်။

 

ရန်ကျစ် ဆွံ့အသွားရ၏။

 

ရန်ကျစ် လုံလောက်စွာ မခံစားရသေးဘူးဟု ယူဆကာ ကုရှောင်ရှမ်းတစ်ယောက် နောက်ထပ်ဓါးတစ်ချောင်းအား သူ့ထံ ပစ်စိုက်လိုက်တော့သည်။

 

"နောက်ပြီး ငါယောကျာ်းလေးပဲ စိတ်ဝင်စားတာ သူတို့အားလုံးသိတယ်"

 

ရန်ကျစ် ပေါက်ကွဲသွားကာ-"ရပြီ! မင်းစောက်ရမ်းတော်တယ်!"

 

ကုရှောင်ရှမ်း ဓါးဦးအား ဟိုးအနက်ရိူင်းဆုံးအထိ ဆက်၍ထိုးသွင်းနေ၏။

 

"ငါ ဘာပိုက်ဆံမှလည်း မဖြုန်းခဲ့ရဘူး။ သူပဲ ငါ့ကို ဗိုဂါရီက လက်ကောက်တွေ ပေးခဲ့တာ ဒါပေမယ့် ငါလက်မခံခဲ့ပါဘူး"

 

နောက်တစ်နေ့တွင် ရန်ကျစ် ဟဲ့ရူချဲ့ဆီမှ ဗိုဂါရီ လက်ကောက်များ လက်ခံရရှိခဲ့လေသည်။ လက်ကောက်ပေါ်ရှိ ကျောက်များသည် ဖောက်ပြန်ခြင်းများကြောင့် ပို၍တောက်ပြောင်နေသလိုတောင် သူခံစားလိုက်ရ၏။

 

သို့သော် ရန်ကျစ် ဟဲ့ရူချဲ့အား အနည်းငယ် ကြောက်ရတာကြောင့် ထိုကိစ္စအား သူမနှင့် ဘယ်လိုပြောရမလဲ မသိခဲ့ပါ။ သူ့အမျိုးသမီးလက်ထောက်နှင့်တုန်းက သူမ၏အကြံအစည်များအောက် ကျရူံးသွားကာ သူမချစ်သူ ဖြစ်လာရန် ထောင်ချောက်ဆင်ခံခဲ့ရသည်ဟု သူခံစားခဲ့ရ၏။ ထို့ကြောင့် သူမနှင့်ပတ်သတ်ပြီး ဘာခံစားချက်မှ မရှိပေ။ ဟဲ့ရူချဲ့နှင့်ကတော့ မတူချေ။ ရန်ကျစ် သူမ၏အလှကို တကယ်သဘောကျတာကြောင့် ထိုအကြောင်းအား တွေးကာ အတော်လေး စိတ်ပျက်မိလေသည်။ သူထိုကိစ္စအား သူမနှင့် ထိပ်တိုက် မရှင်းရဲတာကြောင့် ဒီအတိုင်းသာ ဆွဲခေါ်သွားခဲ့လိုက်၏။

 

ထိုကိစ္စသည် နောက်ဆုံး၌ ကျီရှန်၏ကျေးဇူးကြောင့်သာ အဆုံးသတ်ခဲ့သည်။ ကျီရှန် ရန်ကျစ်အား စာရွက်စာတမ်းတစ်ချို့ ကြည့်ရန် ကူညီပေးပြီးတဲ့ နောက် လက်မှတ်ထိုးရန် ဖိုင်တွဲတစ်ထပ်ကြီးအား သယ်လာခဲ့၏။ ရန်ကျစ် အကုန်လုံးအား လက်မှတ်ထိုးပေးပြီးသော်လည်း ကျီရှန်တစ်ယောက် နေရာ၌ ရပ်မြဲအတိုင်း ရပ်နေသည်ကို တွေ့လိုက်ရသဖြင့်..."ဘာလဲ လစာတိုးလိုချင်လို့လား?"

 

ကျီရှန် တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

 

"အခုလေးတင် ကျွန်တော့်ကို လစာတိုးပေးဖို့ အတည်ပြု လက်မှတ်ထိုးလိုက်ပြီလေ"

 

ရန်ကျစ် စပရိုက်ဖြစ်သွားတော့၏။

"အိုး... ဒါဆိုတစ်ခြားရှိသေးလို့လား?"

 

ထိုအချိန်တွင် ကျီရှန် ရန်ကျစ်၏ လက်ထောက် လုပ်ရတာက သူ၏အသိစိတ် စမ်းသပ်ခြင်းတစ်ခုဟု ခံစားလိုက်ရ၏။

 

ကျီရှန် အေးတိအေးစက်လေသံဖြင့် ဆက်၍..."မိန်းကလေးဟဲ့ရူချဲ့နဲ့ ပြတ်ဖို့စီစဥ်နေတာလား?"

 

ရန်ကျစ် ထိပ်လန့်သွားကာ-"ဘာလို့... ဘာလို့အဲလိုပြောရတာလဲ!"

 

ကျီရှန် သူ၏တိုက်တွေနီယမ် မျက်မှန်ဘောင်အား ပင့်တင်လိုက်ပြီးနောက်-"ဘာလို့ဆို လွန်ခဲ့တဲ့ ၁၃ရက်လုံးလုံး ဆရာသူနဲ့တွေ့ဖို့ ငြင်းဆိုခဲ့ပြီး သူ့ဖုန်းတွေကိုလည်း ကျွန်တော့်ကိုပဲ ဖြေခိုင်းနေလို့လေ နောက်ပြီး သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကိုလည်း ၅ကြိမ်တိတိ ဖော်လိုးလိုက် ပြန်အန်ဖော်လိုးလိုက် လုပ်နေပြီး တစ်ချိန်တည်းမှာပဲ အရမ်းစိုးရိမ်နေပုံပေါ်လို့ ဆရာ့ရဲ့ရှာဖွေမှုမှတ်တမ်းမှာလည်း "ကိုယ့်အပေါ် ဖောက်ပြန်နေတဲ့ရည်းစားနဲ့ လမ်းခွဲနည်း"၊ "နောက်ကျောကို ဓါးနဲ့ထိုးခံရရင် ဘယ်လိုပြန်ကုစားရမလဲ"နဲ့ တစ်ခြားဆင်တူရိုးမှားမေးခွန်းတွေ ပြည့်နေတယ်"

 

ရန်ကျစ် ရုတ်တရက် ထခုန်လိုက်၏။

"မင်း ငါ့ရှာဖွေမှုမှတ်တမ်းကို ဘယ်လိုတွေ့တာလဲ?"

 

"ဘာလို့ဆို ဆရာကျွန်တော့်ကို အလုပ်အရမ်းလုပ်ခိုင်းထားလို့ နောက်ပြီး သူတို့ကလည်း အရမ်းမြင့်တဲ့ ခွင့်ပြုချက်အဆင့်တွေလိုတယ်။ အဲအလုပ်တွေကိုပြီးအောင်လုပ်ဖို့ ဆရာ့ကွန်ပျူတာကို သုံးဖို့ ကျွန်တော် ခွင့်ပြုချက်ရထားပြီးသားလေ။ ရှာဖွေမှုမှတ်တမ်းကို မတော်တဆ တွေ့မိသွားတဲ့အတွက်တော့ တောင်းပန်ပါတယ်။"

 

ရန်ကျစ် လက်ညိုးတထိုးထိုးဖြင့်..."ဒါဆို..ဒါဆို မင်း..."

 

"စိတ်မပူပါနဲ့ ဆရာ့ရဲ့ရှာဖွေမှုမှတ်တမ်းကို ကျွန်တော်ရှင်းပြီးသွားပြီ"

 

ထိုမှသာ ရန်ကျစ် စိတ်ငြိမ်သွား၏။ "အိုး ဒါဆို..."

 

“ဆရာ ကျွန်တော့်ကို လုပ်ခိုင်းစေချင်တာများ ရှိမလား?”

 

နောက်ဆုံးတော့ ရန်ကျစ် စိတ်သက်သာရာ ရသွားကာ မေးလိုက်တော့သည်။

 

"မင်း..မင်း ငါ့ကို သူနဲ့ ပြတ်သွားအောင် လုပ်ပေးနိုင်လား?"

 

“ဆရာ ကျွန်တော့်ကို လိုအပ်ရင်ပေါ့”

 

ရန်ကျစ် သူ့ပခုံးပေါ်ရှိ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖယ်ရှားခံလိုက်ရသလို ခံစားလိုက်ရကာ-"လိုတာပေါ့။ ငါတကယ် လိုနေတာ"

 

"ဆရာသူ့ကို ဘယ်လိုနည်းနဲ့ဖြတ်ချင်လဲ သိက္ခာရှိစွာ လား၊ အကြင်နာတရားမဲ့စွာ လား၊ ရယ်စရာ ကောင်းစွာလား၊ လှောင်ရယ်စွာလား ဒါမှမဟုတ် စိတ်ဆိုးမာန်ဆိုးလား?"

 

ရန်ကျစ် စဥ်းစားလိုက်ပြီးနောက်-"ရိုးရိုးရှင်းရှင်းနဲ့ တည့်တိုးလေးပဲ လုပ်လို့မရဘူးလား?"

 

ကျီရှန်ပြုံးကာ"လွယ်လွယ်လေးပဲ"ဟု ပြောရင်း ရန်ကျစ်ရှေ့၌ပင် ရန်ကျစ်၏ဆိုရှယ်မီဒီယာအကောင့်ဖြင့် ဟဲ့ရူချဲ့အား "လမ်းခွဲကြစို့"ဆိုသည့် မက်ဆေ့ချ်ပို့၍ အန်ဖရန့် လိုက်လေသည်။ ဒါသည် အရိုးရှင်းဆုံးနှင့် တည့်တိုးအဆန်ဆုံးနည်းပင်။ ထို့နောက် လူတိုင်းမြင်အောင် ပိုစ့်တစ်ခုတင်ခဲ့လိုက်၏။ "ငါ့ရဲ့စင်ဂယ်ဘဝကို ပြန်ရောက်ပြီ ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်ကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်!"

 

ရန်ကျစ် ရှော့ရသွားလေသည်။

"ငါတို့ အကုန်လုံးကို ကြေညာဖို့လိုလို့လား?"

 

ကျီရှန် ရန်ကျစ်၏ပခုံးအား ပုတ်လိုက်ပြီး..."ကျွန်တော့်ကိုယုံ ဒါဆရာ့အတွက် အကျိုးအမြတ်ပဲ"

 

ကျီရှန် ထိုပိုစ့်အား ပါ့ပလစ်မှာပဲ တင်တင်၊ သီးသန့်နေရာတစ်ခုခုမှာပဲ တင်တင် ဟဲ့ရူကျဲ့ကတော့ ရန်ကျစ့်အပေါ် မတွယ်ကပ်ခဲ့ပေ။ နောက်ပြီး ထိုပိုစ့်ကြောင့် လူတော်တော်များများသည် ရန်ကျစ်အား မော်ဒယ်လေးများနှင့် ထပ်ပြီး မိတ်ဆက်ပေးလာကြ၏။ အဲဒီနောက်မှာတော့ ရန်ကျစ်၏ချစ်သူ ဆယ်ယောက်မှာ ရှစ်ယောက်၊ ကိုးယောက်လောက်သည် မော်ဒယ်များဖြစ်ခဲ့ပြီး အဲဒါအတွက်တော့ ရန်ကျစ်တွင် ထွေထွေထူးထူး အကြောင်းပြချက်မရှိခဲ့ချေ။ သို့သော် လူတိုင်းကတော့ သူ မော်ဒယ်များကိုသာ ကြိုက်နှစ်သက်သည်ဟု ထင်လာတာကြောင့် သူ့အားမော်ဒယ်များနှင့်သာ မိတ်ဆက်ပေးလာကြ၏။

 

အချိန်ကြာလာသည်နှင့် ရန်ကျစ်သည်လည်း မော်ဒယ်များနှင့် အသားကျလာကာ သူတို့သည် သူ့အတွက် တော်တော်လေးကောင်းသည်ဟု တွေးမိတော့သည်။ သူတို့ဟာ လှပပြီး ခြေတံရှည်သွယ်သွယ်လေးများရှိကာ အားလုံးသည်လည်း သူ၏ပိုက်ဆံတွင်းထဲသို့ အလွယ်တကူ ပြုတ်ကျခဲ့ကြ၏။ သို့သော် ရန်ကျစ် ထိုအရာနှင့်ပတ်သက်၍ သတိ ပိုနည်းလာခဲ့သည်။ ချိန်းတွေ့ခြင်းနှင့် လမ်းခွဲခြင်းတို့သည် သူ၏ နေ့စဉ်အလုပ်များကဲ့သို့ပင် သူ့အချိန်ဇယား၏ အစိတ်အပိုင်းဖြစ်လာခဲ့၏။ သို့သော် သူခံစားနေရသည့် လစ်ဟာမှုများသည် ခဏတာမျှသာပင်။

 

ပထမတော့ သူ့အဖေသည် ထိုကိစ္စများ အပေါ် သိပ်သဘောမကျသော်လည်း ထိုကလေးသည် လုယက်မှု၊ မုဒိမ်းမှု၊ လောင်းကစားတို့ကို မကျူးလွန်ဘဲ မော်ဒယ်အနည်းငယ်ကိုသာ အပျော်သဘောအဖြစ် တွဲနေတာကြောင့် ထိုအရာနှင့် ပတ်သတ်ပြီး ဘာပြဿနာမှ မရှိဘူးလို့ တွေးလိုက်မိသည်။

 

ရန်ကျစ်သည်လည်း သူငယ်စဥ်က စာချည်းပဲအမြဲလုပ်ခဲ့ရတာကြောင့် ယခုကိစ္စများနှင့်ပတ်သတ်ပြီး ဘာပြဿနာမှ မရှိဘူးဟု ခံစားမိသည်။ အားလုံးယုံလောက်ကြမည်မဟုတ်။ ရန်ကျစ်အဆင့်များသည် များသောအားဖြင့် အောင်မှတ်ထက်သာ နည်းနည်းလေး ကျော်လွန်ခဲ့သော်လည်း သူစာလေ့လာမှုတွင် အားစိုက်ထုတ်ခဲ့သည်။ ဟုတ်သည်။ ဒါသည်"ကြိုးစားအားထုတ်မှုဖြင့် စာလေ့လာခြင်း"လို့ မယူဆနိုင်ပေမယ့် "တာဝန်ကျေပွန်စွာ စာလေ့လာခြင်း" လို့ ယူဆနိုင်၏။ စာကြောင်းတစ်ကြောင်းဖြင့် ဖော်ပြရမည်ဆိုလျှင် ရန်ကျစ် ပြောနေကျ..."ငါ စာမလုပ်ချင်တာမဟုတ်ဘူး။ စာတွေက ငါ့ကို မလုပ်ချင်တာလေ!" ပင်ဖြစ်သည်။