Ch 15
Viewers 281

15

 

ဝက်ခြေထောက် နှစ်ခုစားပြီးသွားတော့မှ ရန်ကျစ်သည် သူ၏ ပုံရိပ်ကို ထိန်းရဦးမည်ဟု တစ်ခါထပ်ပြီးတော့ သတိရလေသည်။

ရန်ကျစ်သည် ဟယ်ကျွင်းကို စိုက်ကြည့်လျက် ဖြည်းဖြည်းချင်း ဝါးလိုက်သည်။

ဟယ်ကျွင်းသည် သားသတ်လွတ်သမား တစ်ယောက်ဖြစ်ပြီး သူ့အစားအစာကို ဂရုတစိုက်ဖြင့် ဖြေးဖြေးချင်း မည်သို့ စားသည်ကို မြင်တော့ အရမ်းကျက်သရေ ရှိတဲ့ ပုံပေါ်နေသည်။

ရန်ကျစ်သည် တူကိုကိုက်ကာ လိုလိုလားလား မရှိသောအမူအရာနှင့် ဟယ်ကျွင်းကို ဆက်ကြည့်နေလိုက််သည်။

 

ကုရှောင်ရှမ်းသည် ရန်ကျစ်၏ ပခုံးကို ဖြန်းခနဲ့ ရိုက်လိုက်လေသည်။

"မင်း ဘာလို့ သူ့ကို စိုက်ကြည့်နေရတာလဲ? သူ့ရဲ့မျက်နှာက အစားအစာထက် ပိုပြီးတော့ အရသာရှိလို့လား?"

 

ရန်ကျစ်သည် မပျော်မရွှင်ဖြစ်သွားလေသည်။

"ငါ သူ့ကို စိုက်ကြည့်တာကို မင်းက ဘာလို့ ဂရုစိုက်နေရတာလဲ? မင်းက သူ့အတွက် ဘာလဲ?"

 

အဲဒီမေးခွန်းသည် ကုရှောင်ရှမ်းကို မွန်းကြပ်သွားစေသည်။

ဟယ်ကျွင်းလည်း အတော်လေး မွန်းကြပ်သွားပြီးတော့ ကုရှောင်ရှမ်းကို မျက်လုံးတောင့်နားလေးမှ မဝံ့မရဲတစ်ချက် ကြည့်လိုက်သည်။

သူသည် အဖြေအတွက် ကြိုတင် မျှော်မှန်းထားပြီးသည့် ပုံပေါ်ပေမဲ့ ကုရှောင်ရှမ်းအနေနှင့် မေးခွန်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ငြင်းပယ်လိုက်လေသည်။

 

"မင်း ဘာလို့ အဲကိစ္စကို ဂရုစိုက်နေရတာလဲ?"

 

ကုရှောင်ရှမ်းနှင့် ဟယ်ကျွင်းကြားမှ တက်ကြွနေသော လေထုကို ရန်ကျစ်သည် စိတ်ဆိုးပြီးတော့ ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်သည် "မင်းတို့ကောင်တွေက အဲလိုမျိုး ဟုတ်တယ်မလား?"

 

အရမ်းကို တိုက်ရိုက်ဆန်သော ဝေဖန်မှုကြောင့် ကုရှောင်ရှမ်းသည် "အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့" ဟုသာ ပြောနိုင်လေတော့သည်။

 

ဟယ်ကျွင်းကတော့ ပေါ့ပေါ့ပါးပါးဖြေသည့် လူပဲဖြစ်သည် "ငါက ဘယ်လိုလုပ် စီအီးအိုကုနဲ့ ထိုက်တန်မှာလဲ? အဲဒါက ဟာသတစ်ခုလိုပဲ မဟုတ်ဘူးလား?"

 

အဲဒါပြီးတော့မှပဲ ရန်ကျစ်သည် စိတ်သက်သာရသွားသလိုမျိုး ခံစားလိုက်ရ၏။

 

ရန်ကျစ်၏ စားချင်စိတ်က ပြန်ပေါ်လာပြီးတော့ စိတ်ပါလက်ပါဖြင့် ဆက်စားလိုက်သည်။

ဟယ်ကျွင်းမှာတော့ အတွေးထဲ၌ ရှုပ်ထွေးနေပြီး အစားအစာက အရသာမရှိတော့ပေ။

 

ဟယ်ကျွင်းသည် တည်ငြိမ်နေပုံပေါ်နေပေမယ့် တကယ်တော့ သူသည် ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတော့ပေ။

ဟယ်ကျွင်းကိုယ်တိုင်ကလည်း သူနှင့် ကုရှောင်ရှမ်းသည် ဘာဆက်ဆံရေးဆိုတာကို သေချာမသိတော့ပေ။

နှစ်အစမှာတုန်းက ဟယ်ကျွင်းသည် သူငယ်ချင်းတစ်ယောက်၏ မိတ်ဆက်ပေးမှုကြောင့် ကျီချန်အိမ်တော်မှာ လက်ဖက်ရည် ဆက်သသည့်သူ ဖြစ်လာခဲ့သည်။

သူ ကုရှောင်ရှမ်းကို တွေ့ခဲ့သည့် နေရာလည်းဖြစ်သည်။

ဟယ်ကျွင်းသည် တည်ငြိမ်နေတဲ့ ပုံပေါက်ပေမယ့် ကျောင်းမှ ဘွဲ့ရခါစပဲ ရှိသေးပြီး မိသားစုအသိုင်းအဝိုင်းကလည်း သာမန်ပဲ ဖြစ်သည်။

ဟယ်ကျွင်းသည် အစစ်အမှန်ကို ဖော်ပြခြင်းမရှိဘဲ ကုရှောင်ရှမ်းကို မြန်မြန်ဆန်ဆန် မြှူဆွယ်တော့သည်။

မန်နေဂျာသည် ကုရှောင်ရှမ်းကလည်း နည်းနည်းလောက် စိတ်ဝင်စားနေသည်ဟု ထင်မိသဖြင့် ညဘက်တွင် ကုရှောင်ရှမ်း၏ တံခါးကို သွားခေါက်ရန် ဟယ်ကျွင်းအား ဆွပေးလိုက်လေသည်။

ကုရှောင်ရှမ်းသည် သူ့ကို မြင်သောကြောင့် နည်းနည်းလေး အံ့ဩသွားပေမယ့် အထဲကို ဝင်ဖို့ ဖိတ်ခေါ်လိုက်သည် —  အဲဒါသည် ဟယ်ကျွင်းက သူတို့ တီဗွီပေါ်မှာ ဖော်ပြထားသော ကိုယ်ပိုင်ဟိုတယ်၏ အထက်တန်းဆန်သည့် ဧည့်ခန်းပါ ဟိုတယ်ခန်းကို ဝင်ဖူးသည့် ပထမဆုံးအကြိမ် ဖြစ်သည်။

ကုရှောင်ရှမ်းသည် သူ့ကို ဝင်ခွင့်ပေးကာ ပန်းထိုးထားသည့် ခမ်းနားထည်ဝါလှသည့် ဆိုဖာတွင် ထိုင်ခိုင်းလေသည်။

စကားတစ်ချို့ ပြောပြီးနောက် ကုရှောင်ရှမ်းသည် ဟယ်ကျွင်းကို ဘာလို့ ကုမိသားစု၏ လက်ဖက်ရည်ဆက်သသူ ဖြစ်ချင်တာလဲ၊ ငွေလိုလို့လားဟု ပေါ့ပေါ့ပါးပါးပဲ မေးလိုက်သည်။

 

"ငွေလို လို့လား"ဆိုသည့် စကားကို ကြားလိုက်ရသည်နှင့် ဟယ်ကျွင်းသည် ပိုပြီးတော့ သတိထားလိုက်သည်။

"ငွေကြောင့် လုပ်ချင်တာ လုံးဝမဟုတ်ပါဘူး၊ ကြိုက်နှစ်သက်တာကြောင့်ပါ။"

 

ကုရှောင်ရှမ်းသည် ဆေးလိပ်သောက်ရင်း ဟယ်ကျွင်း ပြန်ဖြေတာကို ကြားလိုက်ရသောအခါ ဆေးလိပ် မီးခိုးတန်း နည်းနည်းကို ရှူထုတ်ကာ ပြုံးလိုက်လေသည်။

"မင်း ဒီနှစ်ဆို အသက်ဘယ်လောက်ရှိပြီလဲ?"

 

"ငါ အခုမှ ဘွဲ့ယူပြီးတာပါ၊ ငါ မသိတဲ့ အရာတွေ အများကြီး ရှိပါတယ်။"

 

ကုရှောင်ရှမ်းသည် ရယ်မောလိုက်လေသည်။ "အဲလိုမျိုး မပြောပါနဲ့။"

 

"အဲလိုမပြောပါနဲ့" ဆိုသည့် စကားထဲမှာ လေးနက်တဲ့ အဓိပ္ပာယ်များ လွှမ်းခြုံနေလေသည်။

ဟယ်ကျွင်းသည် နားလည်သွားကာ အရမ်းရှက်သွားခဲ့သည်။

သို့ပေမဲ့ သူသည် အဲနေရာမှာ ထိုင်နေပြီးသား ဖြစ်သောကြောင့် စစ်ဆေးခြင်းကို မရှောင်တိမ်းနိုင်တော့ဘဲ ရှက်ရှက်နှင့် ဖြေလိုက်လေသည် "ငါ သိသင့်တဲ့ အရာတွေကို နည်းနည်းလောက်တော့ သိပါတယ်။"

 

ကုရှောင်ရှမ်းသည် ဆေးလိပ်ကို မီးငြှိမ်းကာ သဘောတူသလို ပြုံးလိုက်သည် "အဲလိုဆို မင်း ဘယ်လောက်ထိ တိတိကျကျသိလဲ ကြည့်ရအောင်။"

 

အဲ့ဒါပြီးနောက် ဟယ်ကျွင်းသိသည့် အရာတွေသည် "နည်းနည်းလောက်" ဟူသည် ထက်ပိုပြီး သူသည် အရမ်း သင့်တော်သည်ဟု ကုရှောင်ရှမ်းက ချင့်ချိန် ဆုံးဖြတ်လိုက်သည်။

 

သို့ပေမဲ့ သူ့မှာ ဟယ်ကျွင်း၏ အတိတ်မှ အချစ်ဇာတ်လမ်း နှင့်ပတ်သက်၍ အပိုအတွေး မရှိပေ။

ဟယ်ကျွင်းသည် ဆေးစစ်ချက်အား ပြီးအောင်လုပ်ထားသည်က သူ့စကားများထက် ပိုစိတ်အေးရသည်။

ကုရှောင်ရှမ်းသည် ဟယ်ကျွင်းကို လက်ရှိ ရည်းစားရှိလားဆိုသည် ကလွဲလျှင် အတိတ်အကြောင်းနှင့် ပတ်သက်၍လည်း ဘာတစ်ခုမှမမေးပေ။

သူတို့နှစ်ယောက်သည် ပြတ်ဆဲသွားတာ မကြာသေးဘူးဟု ဟယ်ကျွင်းက ပြန်ဖြေလိုက်သည်။

 ကုရှောင်ရှမ်းသည် ဘာကြောင့် ပြတ်သွားလဲဆိုသည့်အကြောင်းကို မမေးမြန်းဘဲ "မင်း အသစ် တစ်ယောက်တွေ့တဲ့အခါ ငါ့ကို အသိပေးလို့ရတယ်။"ဟုသာ ပြောလေသည်။

 

ဟယ်ကျွင်းသည် မူချင်တာကြောင့် ပြောလိုက်သည် "ငါ တစ်ယောက်ယောက်ကို ကြိုက်သွားရင် ငါ မင်းကို အသိပေးရမှာလား?"

 

"မင်း အဲ့လိုမျိုး တွေးလို့ရပါတယ်။"

 

"ဒါဆို ငါမင်းကို အသိပေးရင် ဘာတွေဖြစ်သွားမှာလဲ?"

 

ကုရှောင်ရှမ်းသည် ပြုံးကာ "ဟုတ်တာပေါ့ ငါ မင်းကို ကောင်းကောင်း ဆုတောင်းပေးမယ်လေ။"

 

ဟယ်ကျွင်း၏ စိတ်အားထက်သန်မှုသည် ပျောက်ဆုံးသွားပေမဲ့ လက်ခံလိုက်ပြီး ဟာသပြောသလိုမျိုး သရုပ်ဆောင်ကာ "ဒါဆို ငါ မင်းကို ကြိုက်တယ်ဆိုရင်ကော ဘာတွေ ဖြစ်သွားမလဲ?"

 

ကုရှောင်ရှမ်းသည် ဆက်ပြုံးကာ "အဲလို လုံးဝ မလုပ်မိစေနဲ့။"

 

အဲအချိန်မှာ ဟယ်ကျွင်းသည် အေးစက်သွားသလို ခံစားလိုက်ရသည်။

ဟယ်ကျွင်းသည် ကျီချန်အိမ်တော်သို့ အလုပ်သွားမလုပ်မီ အချိန်တုန်းက ကုရှောင်ရှမ်းနှင့် တွေ့ရမှာကို ကြောက်လေသည်။

သိမ်ငယ်ရမှာကို သိသောကြောင့် ဖြစ်သည်။

သို့ပေမဲ့ အချိန်တွေ ကုန်သွားသည့်အခါ သူ့မှာ အရမ်းကြီး ဂုဏ်ယူနေဖို့ အခွင့်အရေး မရှိဘူးဟု ဟယ်ကျွင်းက နားလည်သွားတော့သည်။

ပထမတစ်ချက်ကတော့ သူသည် ကုရှောင်ရှမ်းကို ကြိုက်ပြီး သူ့အကြောင်းကို မေ့လို့မရပေ၊ ယခုတော့ ပိုတောင် ဆိုးနေသေးပြီး ကုရှောင်ရှမ်း ဘေးနားက ယောက်ျားလေးများသည် အမှိုက်လိုပဲဟု ဟယ်ကျွင်းက ခံစားရလေသည်။

ဒုတိယအချက်ကတော့ ယခု သူ ငွေလိုနေလေသည်။

ဘွဲ့ရပြီးနောက် သူသည် မော်ဒယ်တစ်ယောက်အဖြစ် အလုပ်လုပ်ပေမဲ့ မည်သည့် အောင်မြင်မှုမှ မရရှိပေ။

သူ၏ ဝင်ငွေသည် နည်းသောကြောင့် ကျီချန်မှ လစာကောင်းကောင်းရသော အချိန်ပိုင်းအလုပ်သည် သူ့အတွက် အရမ်း အရေးကြီးလေသည်။

 

သူ့ ဘေးပတ်ဝန်းကျင်မှ ပရိယာယ်များတဲ့ လူတစ်ချို့ကို ကြည့်ကာ ဟယ်ကျွင်းသည် သူတို့ဆီမှ သင်ယူချင်ပြီးတော့ ပြင်ပအကူအညီဖြင့် အောင်မြင်မှုတစ်ချို့အား ရချင်လေသည်။

ဝဖိုင့်ဖိုင့် သူဌေးများနှင့် နှိုင်းယှဉ်လျှင် ကုရှောင်ရှမ်းသည် နတ်သမီးပုံပြင်လိုပဲ ဖြစ်သည်။

 

ဝဝလင်လင်မစားရဘဲ အိမ်လခ ၂လစာ အကြွေးတင် ပြီးနောက်တော့ ဟယ်ကျွင်းသည် ကျီချန်အိမ်တော်သို့ ပြန်လာခဲ့လေသည်။

ဟယ်ကျွင်းသည် အဲနေရာမှာ ထပ်ပြီးတော့ ရက်သတ္တပတ် အနည်းငယ်လောက် အလုပ်လုပ်နေသော အချိန်မှာပဲ ကုရှောင်ရှမ်းက ထပ်ပေါ်လာလေသည်။

အဲနေရာမှာ ကုရှောင်ရှမ်းသည် သူ၏လုပ်ဖော်ကိုင်ဖက်နှင့် ရှိနေတာဖြစ်ပြီး သူ၏ လုပ်ငန်းအပေးအယူကိုသာ အာရုံစိုက်ထားသောကြောင့် ဟယ်ကျွင်း ရှိနေသည်ကို သတိမထားမိခဲ့ပေ။

ဟယ်ကျွင်းသည် တည်တည်ငြိမ်ငြိမ်နေကာ ကုရှောင်ရှမ်း ရေအိမ်သို့ သွားခြင်းကို စောင့်နေပြီးတော့ သူလည်း ရေအိပ်သုံးရန် လိုအပ်သလို ဟန်ဆောင်ကာ ကုရှောင်ရှမ်းကို ဝင်တိုက်လိုက်သောကြောင့် "တိုက်ဆိုင်လိုက်တာ"။

ကုရှောင်ရှမ်းသည် ဟယ်ကျွင်းကို မှတ်မိသဖြင့် စိုးရိမ်သကဲ့သို့ မေးလိုက်သည် "ငါ မင်းကို ခဏလောက် မမြင်မိသလိုပဲ?" အနည်းဆုံးတော့ ဟယ်ကျွင်းသည် သူ့ကိုယ်သူ အရမ်းရှက်ဖို့ကောင်းသည်ဟု မခံစားလိုက်ပေ။

 

ဟယ်ကျွင်းသည် ယဉ်ကျေးစွာပြုံးလိုက်ပြီး "မှတ်မိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါ့ တုပ်ကွေးက ပြင်းထန်တာကြောင့် နားလိုက်တာပါ။"

 

"မင်း ပိုပိန်သွားတယ်။"

 

ကုရှောင်ရှမ်း ထွက်သွားရန် ပြင်နေတာကို မြင်လိုက်ရသောကြောင့် ဟယ်ကျွင်းက မနေနိုင်တော့ဘဲ မေးလိုက်သည် "ငါ မင်းကို ပြောချင်တဲ့ အကြောင်းရှိပေမဲ့ ငါ မင်းနဲ့ ဘယ်လို ဆက်သွယ်ရမလဲ မသိဘူး..."

 

ဟယ်ကျွင်း၏ အသံသည် မကျယ်သော်လည်း သူ့မျက်နှာငယ်လေးကြောင့် အရမ်း သနားစရာကောင်းနေလေသည်။

ကုရှောင်ရှမ်းသည် ပြုံး‌ပြီးတော့ နာမည်ကတ်ပေးလိုက်ကာ သူ့ကို အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း ပြောလိုက်လေသည်။

 

အဲဒါပြီးနောက် ဟယ်ကျွင်းသည် နံပါတ်ကို ခေါ်ဆိုရန် ကြိုးစားလိုက်သည့်အခါ အမျိုးသမီးတစ်ယောက် ပြန်ဖြေတာကို ကြားလိုက်ရသည်။

သူသည် ပထမတော့ အရမ်းရှက်သွားပေမဲ့ နှစ်ခွန်းလောက် ပြောပြီးနောက်မှာတော့ အဲ့ဒါက မိန်းကလေး   ရွှီယွင်ယွင် ဖြစ်သည်ကို သိရှိသွားတော့သည်။

ယခုအချိန်ထိတော့ ဟယ်ကျွင်းသည် ကုရှောင်ရှမ်းကို ဆက်သွယ်ချင်လျှင်   ရွှီယွင်ယွင်ကို ဖြတ်ကျော်ရဦးမှာ ဖြစ်သည်။

ယခုမှာတော့ ပိုကောင်းလာပြီး ယွီယွင်ရန်ကို ကောင်းကောင်း ကျော်ဖြတ်လို့ရနိုင်ပြီ ဖြစ်လေသည်။

 

အစကပိုင်းတော့ ဟယ်ကျွင်းသည် လုံးဝကို မဖြစ်နိုင်တဲ့ မျှော်လင့်ချက်ကို ဆုပ်ကိုင်မထားတော့ပေမဲ့ ကုရှောင်ရှမ်းသည် နောက်တစ်ခါထပ်ပြီး သူ့ကို နည်းနည်း အိမ်မက်မက်အောင် လုပ်‌ခဲ့လေသည်။

"ငါ့မှာ အခုတလော ဘယ်သူမှမရှိဘူး၊ မင်းမှာလည်း ဘယ်သူမှ မရှိဖို့ မျှော်လင့်တယ်။ မင်း လုပ်ချင်ရင် မစဉ်းစားဘဲ လုပ်လိုက်။"ဟု ကုရှောင်ရှမ်းသည် သေသေချာချာ ပြောခဲ့ခြင်း ဖြစ်သည်။

အဲ့ဒါပြီးနောက် ကုရှောင်ရှမ်းသည် ဟယ်ကျွင်းအား သူ့သူငယ်ချင်းနှင့်တွေ့ ပေးဖို့ ခေါ်သွားပြီး သဘောထားကတော့ အရမ်းကို သာမန်ဖြစ်နေသည့် ပုံပေါ်လေသည်။

 

ဟယ်ကျွင်း ပထမဆုံး ယွီယွင်ရန်ကို တွေ့ခဲ့တဲ့အချိန်သည် ဧပြီလဖြစ်သည်။

အဲအချိန်မှာ ဟယ်ကျွင်းဟည် ကုရှောင်ရှမ်း၏ သူငယ်ချင်း တော်တော်များများနှင့် တွေ့ပြီးပြီ ဖြစ်သည်။

ယွီယွင်ရန်ကတော့ မတူပေ။

ကုရှောင်ရှမ်းသည် ယွီယွင်ရန် မှလွဲ၍ သူ၏သူငယ်ချင်း အားလုံးနဲ့ လုပ်ငန်းဆွေးနွေးရန် မကြာခဏ ကျီချန်မှာ တွေ့ကြသည်။

ဟယ်ကျွင်းသည် တစ်ခါတစ်လေ ကုရှောင်ရှမ်း၏ သူငယ်ချင်းများနှင့် စကားပြောပြီး ကုရှောင်ရှမ်းအကြောင်းကို ပိုပြီးတော့ သိရှိရန် ကြိုးစားလေသည်။

ကုရှောင်ရှမ်း၏ သူငယ်ချင်းအားလုံးသည် ပါးနပ်သောကြောင့် ဟယ်ကျွင်း ဘာလုပ်ရန် ကြိုးစားနေသည်ကို သူတို့အားလုံး သိကြလေသည်။

မျိုးရိုးနာမည်ကုနှင့် စီအီးအိုဟောင်းတစ်ယောက်‌ကတောင်မှ ဟယ်ကျွင်းကို လှောင်လိုက်သည် "လေးလေး နက်နက်ပြောရရင်တော့ ကုရှောင်ရှမ်းရဲ့ အချစ်ဆုံးအမျိုးသားက  ယွီယွင်ရန်ပဲ ဖြစ်သင့်တယ်!"

 

အဲ့ဒါကို ကြားလိုက်ရတော့ တစ်ခြား သူငယ်ချင်းအားလုံးသည် ကျယ်လောင်စွာဖြင့် ရယ်မောလိုက်ကြသည်။

သူတို့သည် လက်မထောင်ကာ "အမှန်ပဲ! မင်းမှန်တယ်? စီအီးအိုဟောင်းကုက ထိုးထွင်းအမြင်ရှိသေးတာပဲ!"

 

ဟယ်ကျွင်းသည် သည်းမခံနိုင်တော့ဘဲ ယွီယွင်ရန်က ဘယ်သူလဲဟု သိချင်သွားလေသည်။

 

ဟုတ်တာပေါ့၊ လိုင်းပေါ်က ရိုးရှင်းတဲ့ရှာဖွေမှုလေးက သူ့ကို ဖြေပေးလိုက်သည်။

ယွီယွင်ရန်သည် ယွီအဖွဲ့အစည်း၏ စီအီးအိုဟောင်းဖြစ်ပြီး ယခုတော့ ယာယီ စီအီးအိုဖြစ်သည်။

ဟယ်ကျွင်းကိုယ်တိုင်သည် တစ်ခြားမော်ဒယ်တွေနှင့် ရင်းနှီးသဖြင့် နည်းနည်းလောက် စုံစမ်းကြည့်တော့ ယွီယွင်ရန်က အဖြောင့်တစ်ယောက်ဖြစ်ပြီး အမြဲတမ်း မိန်းကလေးမော်ဒယ်များ၏ နောက်ကိုလိုက်နေသည်ကို သိသွားခဲ့လေသည် — အဲ့ဒါသည် ဟယ်ကျွင်းကို စိတ်အေးစေသည်။

အမှန်မှာ သူသည် "ကုရှောင်ရှမ်း၏ အချစ်ဆုံးအမျိုးသား" ဟူသော စကားကြောင့် ထိတ်လန့်နေခဲ့ခြင်းဖြစ်သည်။