Ch 17
Viewers 282

17

 

ရန်ကျစ်၏ အေးဆေးနေသည့် လေသံကို ကြားလိုက်ရတော့ ယွီယွင်ထောင်သည် စိတ်ဆိုးရမလား၊ ပျော်ရမလား မသိတော့ပေ။ "ဟုတ်ပြီ လူတွေကို ပြဿနာမဖြစ်စေနဲ့။"

 

ရန်ကျစ်သည် အဲ့ဒါကိုကြားကာ စိတ်ဆိုးသွားပြီး "ငါက တစ်ခြားလူတွေကို ဘာပြဿနာ ဖြစ်စေလို့လဲ?"

 

"ငါက ယဉ်ယဉ်ကျေးကျေး ပြောနေတာလေ။ မင်း ငါ့ကို ဘာဒုက္ခမှ မပေးသရွှေ့ ကုရှောင်ရှမ်းကို မင်းကြိုက်သလို ဒုက္ခပေးနိုင်တယ်။" ပြီးနောက် ယွီယွင်ထောင်က ဖုန်းချလိုက်လေသည်။

 

"ငါ့ အစ်ကို အရင်းကော ဟုတ်ရဲ့လား။"

ရန်ကျစ်သည် သူ့ဖုန်းစခရင်ပေါ်ရှိ "ခေါ်ဆိုမှု ပြီးဆုံး" ဟူသော စာကို ကြည့်ရင်း မပျော်မရွှင် ဖြစ်သွားတော့သည်။

ကုရှောင်ရှမ်း ပြုံးလိုက်မိကာ

"မင်းတို့နှစ်ယောက် အမျိုးတော်တယ်လို့ နည်းနည်းလေးတောင် မထင်ရဘူး။  မင်းသာ သူ့တစ်ဝက်လောက် ဥာဏ်ကောင်းရင်...."

 

ကုရှောင်ရှမ်း စကားကို ဆက်မပြောဘဲ တစ်ဝက်တပြတ်တွင် ရပ်ထားလိုက်သည်။

မပြောဘဲ ကျန်ရှိနေသော စကားတစ်ဝက် က ရန်ကျစ့်နှလုံးသားထဲ စူးဝင်သွားတော့၏။

ရန်ကျစ် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး  "အဲတော့......"  ဟု မေးကာ ကုရှောင်ရှမ်းကို မလွတ်တမ်း စိုက်ကာ ကြည့်နေသည်။

ကုရှောင်ရှမ်း  ရယ်လိုက်မိကာ "ကိုယ်က မင်းနဲ့ ဒီလောက်ကြီး ရင်းနှီးသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး"

 

ရန်ကျစ် "ရင်းနှီး" ဆိုသော ကြောင့် အတွေးတစ်ချို့ ဝင်လာပြန်သည်။

"အစက မင်း ငါ့အစ်ကို ကို ကြိုက်တယ်လို့ ထင်တာ။ ဒါပေမဲ့ မင်းတို့ နှစ်ယောက်က ထင်သလောက်လဲ မရင်းနှီးကြပါဘူး"

ကုရှောင်ရှမ်းနှင့်  ယွီယွင်ထောင် အမှန်တကယ်လည်း မရင်းနှီးကြပေ။ သို့သော် သူ ဒါကို လွယ်လွယ်နှင့် ဝန်ခံလိမ့်မည် မဟုတ်။ မိသားစုနှစ်ခုက အလွန်ရင်းနှီးသော ဆက်သွယ်ချက်များရှိနေပြီး ရေရှည်လက်တွဲလာသော စီးပွားဖက်များလည်း ဖြစ်ကြသည်။ 

 

ကုရှောင်ရှမ်းသည် ကားကို အာရုံစိုက်မောင်းနေသလို ဟန်ဆောင်ကာ ရန်ကျစ်၏စကားကို မသိကျိုးကျွံပြုလိုက်၏။

ရန်ကျစ်က ကုရှောင်ရှမ်းဘက်သို့ လှည့်ကြည့်ပြီး အာရုံစိုက်မောင်းနေသည့် ပုံစံက၊ ဟန်ဆောင်နေသလား တကယ်လား မသိသော်လည်း ၊ တော်တော်လေး ဆွဲဆောင်မှုရှိသည့် ပုံစံဖြစ်နေသည်။ ကားထဲတွင် မီးမှိန်မှိန်လေးသာရှိပြီး ဝါကျင့်ကျင့် မီးအလင်းရောင်က ကုရှောင်ရှမ်း၏ မျက်နှာကျကို ပိုပြီး ပီပြင်အောင် ဖန်းတီးပေးနေသည်။ အထူးသဖြင့်  ထိုချွန်နေသော နှာခေါင်းထိပ် ဖြစ်၏။ ချွန်လိုက်ပုံများ ထိုးမိလိုက်လျှင် စူးသွားနိုင်လောက်သည်။

ရန်ကျစ် သူ့ညီဖြစ်သူကို တွေးမိသွားကာ ညီအစ်ကို နှစ်ယောက် ဖြစ်သော်လည်း ဟယ်ကျွင်းက ပိုမိုပျော့ပြောင်းသော အလှဟု ဆိုနိုင်သည်။ ဒီ မတူညီသော စရိုက်နှစ်မျိုးလုံးက ကုရှောင်ရှမ်းကို မဆွဲဆောင်နိုင်ဘူးလား။ ရန်ကျစ် သိချင်စိတ်ကို မချုပ်တည်းနိုင်ဘဲ မေးလိုက်သည်။

"ဒါဆို မင်းက ဘယ်လိုပုံစံမျိုးကို ကြိုက်တာလဲ"

 

ကုရှောင်ရှမ်း အံ့သြသွားပြီး "ငါလဲ ဒီအကြောင်းကို အခုထိ မစဥ်းစားဖူးသေးဘူး"

ရန်ကျစ်၏ သိချင်စိတ်ကလည်း ကျလိကျလိ နှင့်မို့ မေးလိုက်၏။  "မစဥ်းစားဖူးသေးဘူး ဟုတ်လား"

ထိုမေးခွန်းကို ပြန်ဖြေရန် ကုရှောင်ရှမ်း အချိန်အတော်ယူလိုက်ပြီးမှ ပြန်ဖြေလာသည်။

 

"ကိုယ်က အရမ်းအလုပ်များတယ်လေ"

"လူလိမ်ကောင်၊ မင်းက sex မလုပ်နိုင်လောက်အောင် အလုပ်များနေတယ်ပေါ့။"

ကုရှောင်ရှမ်း ဤအမေးကြောင့် ထိတ်လန့်သွားကာ ကားစတီယာရင်ကို လွှတ်မိလုနီးနီး ဖြစ်သွားသည်။ ကုရှောင်ရှမ်း ဘာပြန်ပြောရမှန်း မသိဘဲ ရယ်သာရယ်နေ၏။

"အချစ်ရေ ဒါတွေ ခုမမေးနဲ့အုံးလေ၊ ကိုယ် ကားမောင်းနေတယ်။"

 

တော်သေးသည်က နောက်ကျန်သည့် လမ်းတစ်လျှောက်လုံး ရန်ကျစ်က လိမ်လိမ်မာမာဖြင့် တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သည်။ သို့သော်လည်း သူ့အတွေးများကတော့ လုံးဝ မရပ်တန့်သေးချေ။ ချစ်ရိပ်ချစ်ငွေ့ ပြည့်လျှမ်းနေသာ ကလေးကစားကွင်းရှိ လည်နေသော လက်ဖက်ရည်ပန်ကန်လုံးလို အတွေးများဖြင့် ချာချာလည်နေသည်။ 

 

နောက်ဆုံးတွင် ရန်ကျစ်နှင့် ကုရှောင်ရှမ်းတို့ တိုက်ခန်းသို့ ပြန်လည်ရောက်ရှိလာကြသည်။ တံခါးဝတွင် ရန်ကျစ် မတ်တပ်ရပ်ရင်း ကုရှောင်ရှမ်းက နံရံကို လက်တစ်ဖက်ဖြင့် ထောက်ကာ ဖိနပ်ချွတ်နေသည်ကို ကြည့်နေသည်။ သူ ကုရှောင်ရှမ်းနှင့် နှစ်များစွာ ခင်မင်လာသော်လည်း သူ့ခြေထောက်များ ဒီလောက်ရှည်မှန်း ပထမဆုံး သတိထားမိခြင်း ဖြစ်သည်။ အကောင်းဆုံး လက်ရာတစ်ခု ဖြစ်ခါနီးနီးပဲ။

 

ရန်ကျစ် သူ့အကြည့်ကို မလွှဲနိုင်ဘဲ ဆက်ကာကြည့်နေ၏။

'ရန်ကျစ် မင်း ဘာတွေလုပ်နေတာလဲ။ ကောက်ကြောင်းလှလှလေးကို ဒီအတိုင်း ကြည့်နေတုန်းလား'

 

ကုရှောင်ရှမ်း လှည့်ကြည့်လိုက်ချိန်တွင် ရန်ကျစ် ကောက်ကြောင်းအလှများကြား တစ်ဝဲလည်လည် ဖြစ်နေဆဲ ဖြစ်သည်။ ရန်ကျစ် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ကုရှောင်ရှမ်း ရင်ဘတ်ကို ဆုပ်ကိုင်လိုက်သဖြင့် ကုရှောင်ရှမ်း အံ့သြသွားကာ "ဟမ်"

 

"အရမ်းအံ့သြဖို့ကောင်းတာပဲ" ရန်ကျစ် တအံ့တသြ ရေရွတ်နေ၏။

 

ကုရှောင်ရှမ်းက ရန်ကျစ်လက်ကို ပုတ်ထုတ်လိုက်ပြီး "ရိုင်းလိုက်တာ"

 

ကုရှောင်ရှမ်းထံမှ အဆူခံရပြီးနောက် ရန်ကျစ် နာခံသယောင် ဟန်ဆောင်လိုက်ပြီး သူ့လက်ကို ပြန်ရုတ်လိုက်သည်။ "အစ်ကိုရှောင်ရှမ်းရဲ့ ရင်အုပ်တွေ လေ့ကျင့်ထားတာ အံမခန်းအဆင့်ပဲနော်! မနာလိုလိုက်တာ"

 

"မင်းလဲ လေ့ကျင့်လို့ရတာပဲ"

ပြောပြီးနောက် သူ့ခေါင်းကို ခါလိုက်ကာ ကိုယ်ပြောတာကို ကိုယ်ပြန်ရုတ်သိမ်းလိုက်သည်။

"မေ့လိုက်ပါ။ မင်းလုပ်နိုင်မှာ မဟုတ်ဘူး"

 

ဒါကို ကြားတော့ ရန်ကျစ် မပျော်တော့ပေ။

"ဘာလို့ ငါက မလုပ်နိုင်ရမှာလဲ"

 

"မင်းက အပျင်းကြီးလို့လေ"

 

"အို........." ရန်ကျစ် မှန်နေသဖြင့် ငြိမ်နေလိုက်ရသည်။  သူ၏ ပိန်ပါးသော ခန္ဓာကိုယ်ကြောင့်သာ အဆီမရှိသော ဝမ်းဗိုက်ကြွက်သားရှိနေခြင်း ဖြစ်သည်။ ဒီလို ပြားချပ်ချပ် ဗိုက်ကြွက်သားတွေက လေ့ကျင့်ထားလို့မဟုတ်ဘဲ သူက ပိန်နေခြင်းကြောင့် ဖြစ်သည်။ ဒီလို ဗိုက်ကြွက်သားမျိုးကို ဟယ်ကျွင်း မှာလည်း ရှိသည်။

 

ရန်ကျစ် သိတတ်သူ အလိမ္မာလေးပုံစံကို ဆက်လက်ဟန်ဆောင်ကာ ရေနွေးကြမ်း နှစ်ခွက်ကို ပြင်ဆင်လိုက်သည်။ ထို့နောက် ပြုံးပြီး

"အစ်ကိုရှောင်ရှမ်း ရေနွေးကြမ်း လာသောက်ပါအုန်း"

 

ကုရှောင်ရှမ်း တစ်ခုခုတော့ တစ်ခုခုပဲ ဆိုသည့် ခံစားချက်ကို ရနေသော်လည်း ထမင်းစား စားပွဲသို့ သွားကာ ထိုင်လိုက်သည်။ ရန်ကျစ်သည် တစ်ခုခုကို သိလိုပါက မြိုသိပ်ထားတတ်သူ မဟုတ်သလို ထိုးထွင်းသိမြင်တတ်သူလည်း မဟုတ်သောကြောင့် ကားထဲတွင် မေးခဲ့သော မေးခွန်းကိုပင် ထပ်မေးပြန်၏။

"ဒါဆို မင်းအကြိုက်က ဘယ်လိုပုံစံလဲ။"

 

ကုရှောင်ရှမ်း ရယ်ကြဲကြဲလုပ်နေပြီး ထရန်းမော့ လက်လုပ် အကြမ်းရည်ခွက်ကို ကိုင်ကာ တစ်ကြိုက်တည်း မော့ချလိုက်သည်။

 

"ဒီအကြောင်းကို မတွေးကြည့်ဖူးဘူးလို့ ပြောပြီးသားလေ"

 

'လူလိမ်ကောင်! ဒါဆို မင်းချစ်သူတွေကို ဘယ်တွင်းက နှိုက်လာတာတုန်း'

 

"ဒါဆို မင်းချစ်သူတွေကို ဘယ်က ရောက်လာတာလဲ။ မင်းက လိုချင်တဲ့ အချက်အလက်ပြောပြီး မော်ဒယ်အရောင်းဆိုင်ကနေ ဝယ်လိုက်တာလား။"

 

ရန်ကျစ် နောက်ကျောမှီ ထိုင်လိုက်ပြီး ကုရှောင်ရှမ်းက ယုတ္တိရှိရှိ ပြန်ဖြေလာမည့် စကားများကို စောင့်နေသည်။ ရန်ကျစ် သူ့အဖြေကို မကျေနပ်တာကို သိသဖြင့် နောက်ထပ် ရယ်လိုက်မိပြန်သည်။

"ကိုယ့် အဖေလဲ ဒီအကြောင်းကို အရင်က မေးဖူးလို့ ၊ ဒါကို နည်းနည်းတော့ စဥ်းစားဖူးတယ်"

 

ရန်ကျစ် အပြုံးများ ပျောက်ဆုံးသွားတော့၏။ အစ်ကိုရှောင်ရှမ်း၏ အဖေကကော သူ့အဖေလိုပဲလား။ သူ့အကြီးဆုံးသားအတွက် ဂေးဒိတ် တွေကို စီစဥ်ပေးချင်လို့ များလား။

 

သခင်ကြီးယွီသည် ယွီယွင်ထောင်၏လက်ထပ်ပွဲ အတွက် အမြဲစိတ်ပူနေခဲ့သည်။ ယွီယွင်ထောင်သည် မတတ်သာသည့် အဆုံးတွင် သူ့၏ဖုံးကွယ်ထားမှုကို ဖခင်ဖြစ်သူကို သူက ဂေးတစ်ယောက်ဖြစ်ကြောင်း ဖွင့်ပြောလိုက်ရသည်။ သခင်ကြီးယွီ ရက်အတော်ကြာ စိတ်ရှုပ်ထွေးသွားသော်လည်း လက်ခံ နိုင်ခဲ့သည်။ ထို့နောက်တွင်တော့ ယွီယွင်ထောင် အတွက် သင့်တော်သော ဂေးပါတနာ ရှာခြင်းဖြင့် အလုပ်ရှုပ်သွားတော့သည်။ ကုရှောင်ရှမ်းနှင့်ပင် ချိန်းဆိုပေးရန် စီစဥ်လိုက်သေးသည်။ ကုရှောင်ရှမ်းနှင့် ယွီယွင်ထောင် နှစ်ယောက်လုံးက လုံးဝ မဖြစ်နိုင်ကြောင်း အမူအယာများ ထုတ်ပြကာ ဒီမင်္ဂလာပွဲကို ခါးခါးသီးသီး ငြင်းကြ၏။

 

သခင်ကြီးကုကတော့ ပုံမှန်အတိုင်း စိတ်မပူသယောင် လုပ်နေပေမယ့် တကယ်တမ်းတော့ ဒီကိစ္စကို အတော်လေး စိတ်ထဲ ပူပန်နေခဲ့သည်။  နောက်ဆုံးတွင် သခင်ကြီးကုက သည်းမခံနိုင်တော့ပဲ ကုရှောင်ရှမ်း၏ အကြိုက်ကို မေးလာခဲ့သည်။

 

မျှော်လင့်တကြီး မျက်နှာဖြင့် ရန်ကျစ်က ကုရှောင်ရှမ်း၏အဖြေကို မေးပြန်၏။

"အန်ကယ်ကု ကို ဘယ်လိုပြန်ဖြေလိုက်လဲ"

 

ကုယောက်ရှမ်းက ခပ်နွေးနွေးရေနွေးကြမ်းကို သောက်ကာ အချိန်ဆွဲပြီးမှ

"ဘာမှတော့ သတ်မှတ်ထားတာ မရှိပါဘူး။ ကျွန်တော်ကိုယ်တိုင်တောင် ဘာလိုချင်မှန်း မသိသေးလို့ပါ။ သေချာပြောနိုင်တာတော့ ယွီယွင်ထောင်လို ထက်မြတ်ပါးနပ်တဲ့သူ မဖြစ်ရဘူး"

 

ထိုစကားကို ကြားအပြီး ရန်ကျစ်သည် သူ့တွင် အမြီးလေးသာရှိလျှင် တရမ်းရမ်း ဖြစ်နေနိုင်လောက်သည်။

"ထက်မြတ်ပါးနပ်လို့ မရဘူး ဆိုတော့၊ ငါ့လိုမျိုး ဆိုရင်ကော???"

 

ကုရှောင်ရှမ်း တခိခိ ရယ်ကာ

"တိုက်ဆိုင်လိုက်တာ၊ ကိုယ့် အဖေလဲ ဒီလိုမျိုးမေးတယ်! "

 

'ဒါဆို အန်ကယ်ကုကလဲ ငါ့ကို သဘောကျတာပေါ့!'

ရန်ကျစ်တစ်ယောက် ဝမ်းသာလုံးဆို့နေ၏။

 

'ဒါပေမယ့် အန်ကယ်ကုက ဘာလို့ နမော်နမဲ့နိုင်ရတာလဲ၊ ငါက အဖြောင့် ဆိုတာ အန်ကယ်ကု သိသားနဲ့'

 

"မင်းက ဥာဏ်ရည်မြင့်ထဲက မကြိုက်ဘူးဆိုရင် ရန်ကျစ်လိုမျိုးဆို ဘယ်လိုလဲ"

 

"ပညာအရည်အချင်းက အဲလောက် မလိုဘူး"

 

ရန်ကျစ် စားပွဲကိုပင် မှောက်ပစ်ချင်လာသည်။

"ပညာအရည်အချင်း?? မလိုဘူးဆိုတာ ဘာကို အတိအကျ ပြောချင်တာလဲ။"

 

ကုရှောင်ရှမ်းက သူ့ရေနွေးကြမ်းကို စိတ်အေးလက်အေးသောက်ရင်း "မင်းရဲ့ ပညာအရည်အချင်းလောက်ပေါ့"

 

ရန်ကျစ် လက်မခံနိုင်ဘဲ "ငါ... ငါ အနည်းဆုံးတော့ တက္ကသိုလ် တက်နိုင်ခဲ့တယ်!"

 

ကုရှောင်ရှမ်း သက်ပြင်းချကာ ခေါင်းခါလိုက်ပြီး "နောက်တော့ ဘာတွေ ထပ်လုပ်သေးလဲ"

 

ရန်ကျစ် ဒေါသထွက်လာကာ "နောက်တော့.... နောက်တော့..."

 

"မင်းဘာလို့ ဆက်မပြောတာလဲ"

 

ရန်ကျစ် ဒေါသထွက်လာတာ တွေ့တော့ ကုရှောင်ရှမ်း စကားကောင်းလေးတွေ ပြောပေးရန် ဆုံးဖြတ်လိုက်တော့သည်။

"ဒါတွေက အရေးမကြီးပါဘူး။ မင်းမှာလဲ ကောင်းကွက်တွေ ရှိပါတယ်။ ဘာလို့ တစ်ခြားသူတွေနဲ့ ယှဥ်နေတာလဲ"

 

သူ မျှော်လင့်ထားသလိုပဲ ရန်ကျစ် ဒေါသများ ပြန်ငြိမ်သက်သွားပြီး မျက်လုံးများကို ဝင့်ကာ မေးခွန်းဆိုလာပြန်သည်။

"ငါ့ကောင်းကွက်တွေက ဘာလဲ"

 

ကုရှောင်ရှမ်း နောက်ထပ်သက်ပြင်းတစ်ချက် ချလိုက်မိပြန်၏။

"ဒါက ဖော်ပြဖို့ ဘယ်လွယ်မလဲ။ မင်းကိုယ်မင်းတော့ အသိဆုံး ဖြစ်မှာပါ။"

 

ဒီတုံ့ပြန်ချက်က အရမ်း အပေါ်ယံဆန်တာကြောင့် ရန်ကျစ် လုံးလုံး မကျေနပ်ချေ။ သို့သော်လည်း သူ သိချင်နေသည်က ဒီအကြောင်းမဟုတ်ဘဲ ကုရှောင်ရှမ်း၏ သတ်မှတ်ချက်များ ဖြစ်သည်။

 

"မင်း ဆိုလိုတာက ၊ ငါ့အစ်ကိုလို ဦးနှောက်ရှိတဲ့သူကို မကြိုက်ဘဲ ငါ့လို ဦးနှောက်ပါတဲ့ သူမျိုးလဲ မလိုချင်ပြန်ဘူး။ ဒါဆို ဘယ်သူ့ဦးနှောက်နဲ့ ဆို အဆင်ပြေမလဲ။"

 

ကုရှောင်ရှမ်းလဲ ဘယ်သူနှင့် နှိုင်းယှဥ်ရမလဲ စဥ်းစားရကြပ်နေပြီး သာမန်ကာလျှံကာ ခေါင်းထဲပေါ်လာသော သူကို ပြောလိုက်သည်။

"ကျီရှန် လိုမျိုးလို့ ထင်တယ် "

 

ရန်ကျစ် ရှော့ရသွားခဲ့သည်။

"ကျီရှန်ကိုလဲ ဥာဏ်မကောင်းတဲ့ အထဲ ထည့်တွက်တာလား"

 

'အား မကောင်းတော့ဘူး'။ ရန်ကျစ် ရုတ်တရက် မျှော်လင့်ချက်များ ပျောက်ဆုံးသွားတော့သည်။

ရန်ကျစ် အတွက်ဆိုလျှင် ကျီရှန်သည် AI လောက် ဥာဏ်ကောင်းပြီး သူ ဘယ်တော့မှ လိုက်မမီ နိုင်သည့် အဆင့်တွင်ရှိသည်။

 

ရန်ကျစ် စိတ်ထိခိုက် နာကျင်နေသည်ကို ကုရှောင်ရှမ်း က ပျော်မြူးစွာကြည့်နေ၏။

 

"ဒါက အဲလို အတိအကျပြောလို့ ဘယ်ရမလဲ။ ကျီရှန် ဥာဏ်ကောင်းတာက အထောက်အပံ့ ဖြစ်ပြီးတော့ မင်းအစ်ကိုကတော့ သူများ မျက်နှာမရအောင် နှိပ်ကွပ်ဖို့ ဥာဏ်ကောင်းတာ။ မင်းတို့ကုမ္ပဏီမှာ ဖြစ်တဲ့  မိသားစု အရုပ်အထွေးတွေကို ကြည့်လေ။ မင်းအစ်ကို ဖြေရှင်းတာ ဘယ်လောက်တောင် ကြမ်းတမ်းလိုက်လဲ။ ဒီလို လူမျိုးနဲ့ ရင်းနှီးဖို့ ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး "

 

ရန်ကျစ် အလွန်တရာ ခေါင်းကိုက်နေလေပြီ။ ထပ်ကာ ထပ်ကာ စဥ်းစားပြီးနောက် မေးလိုက်ပြန်သည်။

 

"ဟယ်ကျွင်းဆိုရင်ကော ဘယ်လိုလဲ။ သူက ကျီရှန် လောက်တော့ ဥာဏ်မကောင်းဘူးမဟုတ်လား"

 

"မင်း သူတို့ကို အစဥ်လိုက် စီထားမလို့လား"

 

ရန်ကျစ် လက်သီးဖြင့် စားပွဲကို ထုလိုက်ပြီး

"ဟုတ်တယ် စီထားမလို့! ဟယ်ကျွင်းလား ကျီရှန်လား၊ ပြောလေ"

 

"ကိုယ် ဒါကို ဆက်မပြောရဲဘူး။ ကျီရှန် ဆိုတာ ဥပမာအနေနဲ့ ပြောတာပါ။ မင်းဒီလိုပြောလိုက်တာ မဟုတ်သေးဘူး။ မင်းယောက်ဖရဲ့ နာမည်ကို ညစ်ညမ်းအောင် လုပ်နေသလို ဖြစ်လိမ့်မယ်"

 

ထိုအခါမှ ကျီရှန်သည် သူ့အစ်ကို၏ရည်းစား ဖြစ်သည်ကို ရန်ကျစ် သတိရသွားတော့သည်။

ဘာလို့များ သူ့အစ်ကို၏ရည်းစားကို သဝန်တိုမိပါလိမ့်။

 

ထိုခဏအတွင်း ကျီရှန်ကို  ရန်ကျစ် မလေးစားစဖူး လေးစားသွားတော့၏။ သူ့အစ်ကိုလို  မာကြောကာ အနံဆိုးထွက်နေသည့် သက်တမ်းလွန် အမဲရိုးအိုကြီးကို သူ့ဘက်ပါအောင် ဘယ်လိုများ လုပ်လိုက်ပါလိမ့်။ ငါဆိုတဲ့ ယွီယွင်ရန် ကလည်း ကျီရှန်လို ဘာလို့ မလုပ်နိုင်ရမှာလဲ။

 

သူ ကျီရှန်ဆီ သွားပြီး နည်းနာနိတ်သရ သွားယူရမယ်!

 

စိတ်ပိုင်းဖြတ်လိုက်ကာ  ရန်ကျစ်သည် နောက်တနေ့ တွင် အလုပ်ကို သွားခဲ့သည်။ ဒုစီအီးအိုက အလုပ်ကို လာတယ်ဆိုတာ တကယ့်ကို ရှားပါးဖြစ်စဥ်ပင်။ ရန်ကျစ်က ဝန်ထမ်းမိန်းကလေး အသစ်တစ်ယောက်ယောက်ကိုများ လိုက်နေလို့လား ဆိုသည့် တီးတိုးစကားသံများပင် ထွက်လာသည်။

 

ရန်ကျစ် သူ့ရုံးခန်းထဲက ရုံးတွင်းဖုန်းကို အသုံးပြုပြီး ယွီယွင်ထောင်ကို ဖုန်းဆက်လိုက်သည်။

"မင်းရဲ့ အားရှန်ကို ငါ့ကို နှစ်ရက်လောက် ငှားပါလား"

 

"မရဘူး" ယွီယွင်ထောင် ဖုန်းချပစ်လိုက်သည်။