Ch 18
Viewers 290

18

 

စိတ်ပိုင်းဖြတ်လိုက်ကာ  ရန်ကျစ်သည် နောက်တနေ့ တွင် အလုပ်ကို သွားခဲ့သည်။ ဒုစီအီးအိုက အလုပ်ကို လာတယ်ဆိုတာ တကယ့်ကို ရှားပါးဖြစ်စဥ်ပင်။ ရန်ကျစ်က ဝန်ထမ်းမိန်းကလေး အသစ်တစ်ယောက်ယောက်ကိုများ လိုက်နေလို့လား ဆိုသည့် တီးတိုးစကားသံများပင် ထွက်လာသည်။

 

ရန်ကျစ် သူ့ရုံးခန်းထဲက ရုံးတွင်းဖုန်းကို အသုံးပြုပြီး ယွီယွင်ထောင်ကို ဖုန်းဆက်လိုက်သည်။

"မင်းရဲ့ အားရှန်ကို ငါ့ကို နှစ်ရက်လောက် ငှားပါလား"

 

"မရဘူး" ယွီယွင်ထောင် ဖုန်းချပစ်လိုက်သည်။

 

ရန်ကျစ်ကလည်း အလျော့မပေးချေ။ ကျီရှန် ကို တိုက်ရိုက် ဖုန်းခေါ်လိုက်သည်။

"အားရှန် ငါ့ ရုံးခန်းကို လာခဲ့ပါ"

 

"စီအီးအိုယွီ က မလာနိုင်ဘူးလို့ ပြောခိုင်းပါတယ်။"

 

ရန်ကျစ် စိတ်တိုလာကာ "ဟေ့ ငါက ဒုစီအီးအို နော်"

 

ကျီရှန် ခေတ္တတုံ့ဆိုင်းသွား၏။ "အဲလို ဆိုရင်တောင်၊ အလုပ်သဘောအရတော့ ကျွန်တော်က  စီအီးအို ရဲ့လက်ထောက်ပါ။ စီအီးအို ကို သတင်းပို့ဖို့ လိုပါသေးတယ်။ မေးစရာရှိရင် ကိုယ့်လက်ထောက်ကိုပဲ ခေါ်မေးလိုက်ပါ။ ကျွန်တော့် ကို မေးမှပဲ ဖြစ်မယ်ဆို၊ ခုတော့ မရသေးပါဘူး။"

 

"ငါက ခဏလေးပဲ စကားပြောချင်တာပါ။ ခဏလေးပဲကွာ။ ဘာတွေ အသည်းအသန် ဖြစ်နေတာလဲ"

 

ရန်ကျစ်၏ မရမက တောင်းဆိုမှုကြောင့် ကျီရှန် သဘောတူလိုက်ရသည်။

 

ကျီရှန်  ဒုစီအီးအိုရုံးခန်းသို့ ရောက်သောအခါ ရန်ကျစ်က အဝတ်အစားကို မသေမသပ်ဝတ်ဆင်ကာ ခြေဗျောင် ဖြင့် ဆိုဖာပေါ် လှဲနေသည်ကို တွေ့လိုက်ရသည်။ ရန်ကျစ်၏ လက်ထောက်အဖြစ် အချိန်အတော်ကြာ လုပ်ခဲ့ဖူးသော ကျီရှန်အတွက်တော့ ဒီလိုမြင်ကွင်းမျိုးက ကျင့်သားရနေခဲ့ပြီး အထူးအဆန်း မဟုတ်တော့ပေ။

 

ကျီရှန် ဝင်လာသည်ကို မြင်ပြီး ရန်ကျစ် ချက်ချင်းပင် ပျော်မြူးသွားတော့သည်။ ထို့ကြောင့် သူ့ဘေးက ဆိုဖာနေရာလွတ်ကို ပုတ်ကာ "အားရှန်.. လာ... ဒီမှာထိုင်"

 

ကျီရှန်က ရန်ကျစ်ဘေးတွင် ဝင်ထိုင်ရင်း "ဘာခိုင်းစရာရှိလို့လဲ"

 

ရန်ကျစ် က မရေမရာ  ပြန်ဖြေလိုက်သည်။ "မေးချင်တာလေး ရှိလို့ပါ"

 

ဒီလေသံ ဒီအချိုးကိုကြည့်ပြီး တစ်ခုခုဖြစ်နေပြီမှန်း ကျီရှန် အတတ်သိနေပြီ။ သို့ကြောင့် "မမေးနဲ့တော့" ဟု ပြောရန် ပြင်လိုက်ချိန်တွင်

 

"မင်း ငါ့အစ်ကို ကို လိုက်ခဲ့တာလား" ဟု ရန်ကျစ် ကမေးလာခဲ့သည်။

 

"ဒါကို အရင်ကလဲ မေးဖူးတယ်"

 

ရန်ကျစ် လက်ကာ ပြလိုက်ကာ "အရင်တစ်ခေါက်က ဒီအတိုင်းမေးတာ၊  ဒီတစ်ခေါက် က တစ်ကယ် သိချင်လို့ မေးတာ "

 

ဒီမေးခွန်းကို ကျီရှန် မဖြေချင်တာကြောင့် ရှောင်ရှားနိုင်ရန် စကားလမ်းကြောင်း လွှဲလိုက်သည်။

 

"ဒါဆို ဘာလို့ ခုမှ သိချင်သွားတာလဲ"

 

ရန်ကျစ် အနည်းငယ်ရှက်နေခဲ့ကာ "အဲဒါ မင်းကြောင့်လဲ ပါတယ်"

 

ကျီရှန်သည် ရန်ကျစ် ဆိုလိုသည်ကို နားမလည်သေးပေမယ့် ဘာများဖြစ်နိုင်မလဲ တွေးရင် ကြောက်လန့်နေသည်။ "စကားကို ဒီလို အရင်းမရှိ အဖျားမရှိ မပြောလို့ ရမလား"

 

"မင်းကို ငါရဲ့ ဟိုအိပ်မက် အကြောင်း ပြောဖူးတယ် မဟုတ်လား။ အဲတုန်းက ငါကလည်း အဲဒါကို ကြိုက်တယ်လို့ မင်းပြောခဲ့တယ်လေ။

 

ကျီရှန် ထိုအကြောင်းကို ပြန်စဥ်စားသော်လည်း သူ ရန်ကျစ်ကို ပြောခဲ့သည့် စကားများကို ဝိုးတိုးဝါးတာသာ မှတ်မိတော့၏။ "အာ... မင်းရဲ့ အဲ wet dream နဲ့ ပတ်သတ်တာလား"

 

[T/N : wet dream လိင်ပိုင်းဆိုင်ရာ ကာမအပြုအမူများ ပါဝင်သည့် အိပ်မက်]

 

ရန်ကျစ် သူ့ဒူးခေါင်းကို လက်ဖြင့် ပုတ်လိုက်ပြီး ဆက် ရှင်းပြပြန်သည်။  "ဟုတ်တယ်! အဲ အိပ်မက်။ ငါ စဥ်းစားလေ အဲဒါက တကယ်ဖြစ်ခဲ့တာနဲ့ တူလေပဲ။ ငါ သူ့ကို ကြိုက်နေတာ! တကယ်ကို ကြိုက်နေမိတာ!"

 

ကျီရှန်သည် ရန်ကျစ်ပြောသည့် "တကယ်" ဆိုသော စကားလုံးကို အယုံအကြည်မရှိပေ။ ထို့ကြောင့် သာမန်ကာလျှံကာမျှသာ ပြန်ဖြေလိုက်သည်။ "အော်.. အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။"

 

သူ့နှာခေါင်းလေး ပွတ်ကာပွတ်ကာ ဖြင့် "ငါ ဆုံးဖြတ်ပြီးပြီး။ ငါသူ့ကို ကြိုက်တယ်ဆိုမှတော့ သူကလည်း ငါ့ကို ကြိုက်နေလို့ပဲ ဖြစ်ရမယ်။ ဟုတ်တယ် မဟုတ်လား။" ရန်ကျစ် ကောက်ချက် ချနေပြန်သည်။

 

ကျီရှန် ခေါင်းညိတ် လိုက်ပြီး ဝတ်ကျေတမ်းကျေ ပြောလိုက်၏။   "အိုး... ကံကောင်းပါစေ"

 

"ဒါကြောင့် မင်းအကူအညီ လိုနေတာ"

 

"ငါက သိပ်အကူအညီ ဖြစ်မယ်မထင်ဘူးနော်"

 

ရန်ကျစ်က ကျီရှန် ပခုံးကို ပုတ်လိုက်ရင်း "အိုင်းယား.. ငါတို့ ဒီလောက်တောင် ရင်းနှီးနေပြီးသားကို ဟန်ဆောင်ပန်ဆောင်တွေ ပြောမနေပါနဲ့။ ငါ့အစ်ကိုကို ဘယ်လို သိမ်းသွင်းလိုက်လဲသာ ပြောပြပေး။ ငါတို့က သူငယ်ချင်းကောင်းတွေ မဟုတ်လား။ ငါတို့ကြားထဲ ပြောလို့ မဖြစ်တဲ့ စကားဆိုတာ မရှိဘူးလေ။ "

 

ကျီရှန်ကတော့ ကြက်သီးများ ထလာတော့ မတတ်ကို ရှက်နေကာ သူ့ပခုံးထက်မှ ရန်ကျစ်လက်ကို မသိမသာ ဖယ်လိုက်သည်။ "ဒါ..... ဒါကို ဘယ်လို ပြောရမလဲ မသိဘူး"

 

ရန်ကျစ် သက်ပြင်းချလိုက်ပြီး ကျီရှန်ကို လက်ညှိုးထိုးကာ "မင်းက အခုဆို ငါ့ ယောက်ဖ ဖြစ်နေပြီလေ။ ပြောလို့ မရစရာ ဘာရှိလဲ"

 

"ယောက်ဖ" ဟူသော စကားကြောင့် ကျီရှန်  သေမတတ် ရှက်လာမိပြန်သည်။ ဒီ ငရဲတွင်းထဲက မြန်မြန် ထွက်ခွင့်သာ ရချင်နေတော့၏။

 

'စီအီးအိုယွီ ပြောတာမှန်တယ်။ ဒီအရူးက အဖက်လုပ်ဖို့ကို မကောင်းဘူး'

 

"ငါ့အကြောင်းက မင်းနဲ့ မတူဘူးလေ။ ပြီးတော့..... စီအီးအိုယွီ က မိန်းကလေး မဟုတ်ဘူး။"

 

ရန်ကျစ် သူ့ပေါက်ကို တစ်ချက် ရိုက်လိုက်ပြီး " ငါ သိတယ်လေ! ငါ လိုက်ချင်တဲ့လူကလဲ  မိန်းကလေးမဟုတ်ဘူး"

 

ကျီရှန် ရှော့ရပြီး ဆိုဖာပေါ်က ပြုတ်ကျလု နီးပါ ဖြစ်သွားသည်။

 

သူ နောင်တ တော်တော်ရနေပြီ။ ' ယွီယွင်ထောင် စကားနားထောင်ပြီး ရန်ကျစ်ကိစ္စတွေထဲ ဝင်မပါဘဲ နေလိုက်ရမှာ'

 

ရန်ကျစ် နှလုံးသားထဲ ဒါကို ဖုံးဖိထားတာ အတော်ကြာခဲ့ပြီး ဒါနဲ့ ပတ်သတ်ပြီးလဲ မုန်းတီးမှု ရှိခဲ့ဖူးသည်။ ယခုတော့ သူ ဆက်ဖုံးကွယ်ရန် မကြိုးစားတော့ပဲ ဖွင့်ထုတ်လိုက်ဖို့ သတ္တိတွေ ရှိလာခဲ့သည်။ 

"နောက်နေတာ မဟုတ်ဘူး! အစပိုင်းက ငါကိုယ်တိုင်တောင် အံ့သြနေတာ။ ငါ ဘယ်လိုလုပ် ဂေး ဖြစ်သွားတာလဲ ။ အဲဒါက ကူးစပ်တတ်တာလား။ "

 

ကျီရှန် တစ်ယောက် ခေါင်းကို တွင်တွင်ခါပြီး "ဒါ ငါနဲ့ မဆိုင်ဘူး။ ငါ့ဆီက ကူးတာ မဟုတ်ဘူး" ဟု ငြင်းရမလား။ နားနှစ်ဖက်ကို စုံလုံးပိတ်ကာ "မကြားချင်ဘူး။ ငါ့ကို ထွက်သွားခွင့်ပေးပါတော့" ပဲ ပြောရမလား မသိနိုင် ဖြစ်နေသည်။ 

 

ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်နေကျ ဖြစ်သည့် ကျီရှန် သည် ရင်ထဲတွင် မည်မျှဗလောင်စူနေပါသော်လည်း မျက်နှာကတော့ တည်ငြိမ် အေးဆေး နေဆဲပင်။ ကျီရှန်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး "အောင်မြင်ပါစေကွာ ။ ငါ အလုပ်ပြန်လုပ်တော့မယ်"

 

ရန်ကျစ်ကလဲ ဘယ်လွှတ် ပေးလိမ့်မလဲ။ ကျီရှန်ကို ပြန်ဆွဲထားပြီး "မသွားနဲ့! ငါ တစ်ခြားသူတွေကို ဒီအကြောင်းမပြောရဲဘူး။ မင်းကိုပဲ ပြောပြတာ။"

 

ကျီရှန်က "ငါတို့ အဲလောက် မရင်းနှီးဘူး" လို့ ချက်ချင်း ပြန်ပြောလိုက်ချင်သော်လည်း "မင်း ငါ့ကို အထင်ကြီးနေတာပဲ။ ဒီကိစ္စမျိုးမှာ ငါက အကူအညီ မဖြစ်မှာ မဟုတ်ဘူး။ မင်း အစ်ကိုနဲ့ ဒီအကြောင်း ဆွေးနွေးကြည့်ပါလား။ သူကမှ မိသားစုလေ။" ဟုသာ ပြောလိုက်လေသည်။

 

ရန်ကျစ် ကတော့ ကျီရှန် လက်ကို တင်းတင်း ဆုပ်ထားဆဲ ဖြစ်ပြီး "ငါ့ သူ့ကို ဘယ်ပြောရဲပါ့မလဲ"

 

ကျီရှန် တိတ်ဆိတ် သွားကာ ရန်ကျစ်ကို ကြည့်လိုက်မိသည်။ "မင်း မိသားစုကိုတောင် ဖွင့်မပြောရဲမှတော့ အဲလူကို 'တကယ်ကြိုက်တယ်ဆိုတာ ဘယ်ဟုတ်ပါတော့မလဲ"

 

ကျီရှန် စကားကြောင့် ရန်ကျစ် တွေဝေသွားပြီး ကျီရှန်၏လက်ကို လွှတ်လိုက်မိသည်။ ထိုတော့မှ အခွင့်အရေးကို အသုံးချကာ ကျီရှန်တစ်ယောက် သူ့လက်ကို ပြန်ဆွဲ ပြီး ကြေမွသွားသော အင်္ကျီလက်များကို ပြန်ဖြန့်လိုက်ရသည်။

 

"မင်း မိန်းကလေးတစ်ယောက်ကို ကြိုက်တာ ကိစ္စမရှိဘူး။ ယောက်ျားတစ်ယောက်ကို ကြိုက်မိပြီ ဆိုရင်တော့ အစစအရာရာ စဥ်းစားရတော့မယ်။ မင်း တကယ်ကြိုက်တာ ဟုတ်လား မဟုတ်လား ပြန်စမ်းစစ်အုံး။ ဒါက နောက်စရာမဟုတ်ဘူး။ စိတ်ရူးပေါက်တိုင်း ထလုပ်လို့မရဘူး။ ဂေးတစ်ယောက် ဖြစ်ရင် ဘာတွေဖြစ်လာနိုင်လဲ။ ဂေးဆိုတာ ဘာလဲ မင်းသိရဲလား။"

 

ရန်ကျစ် စိတ်ရှုပ်ထွေးသွားပြီး သူ့ ယုံကြည်ချက်အားလုံး ပျောက်ဆုံးသွားတော့သည်။

 

ကျီရှန်၏ စကားများက အရေးပါသော စကားများ ဖြစ်ပြီး သူ ဂရုမပြုခဲ့မိသော အကြောင်းအရာများလဲ ဖြစ်သည်။

 

ဒါက အိပ်မက် မဟုတ်ဘူး။ ဒါက ၂၀၁၈ ဆိုတဲ့ လက်တွေ့ဘဝ  မှာပဲ။ 

 

ကျီရှန် သူ့ရုံးခန်းသို့ ပြန်ရောက် သောအခါ သူ တစ်ခုခု အမှားပြောခဲ့မိမှာကို စိုးရိမ်သွားတော့၏။

 

"ငါ ဒုစီအီးအို ကို ပုန်းနေရာကနေ ပွင့်လာအောင် တွန်းအားပေးမိလိုက်တာလား"

 

ဒါကို တွေးမိတော့ ကျီရှန် ကြောက်စိတ်ကြောင့် တစ်ကိုယ်လုံး အေးစက်သွားပြီး အချို့သော အကြောင်းများကြောင့် ယွီယွင်ထောင် အပေါ်တွင်လည်း အပြစ်ရှိသိလို ခံစားလိုက်ရသည်။ 

 

ယွီယွင်ရန် ကတော့ ချက်ချင်း လက်ငင်းကြီး မဖွင့်ထုတ်ချင်သေးပေ။ ပြီးတော့လည်း ဒါက ပေါ့သေးသေးကိစ္စ မဟုတ်။

 

ကုရှောင်ရှမ်းကို ကြိုက်တယ်ဆိုတာက လွယ်လွယ်နဲ့ လက်ခံလိုက်မယ့် ကိစ္စမျိုး မဟုတ်ဘူးလေ။ ပြီးတော့ လိင်တူချစ်သူ တစ်ယောက် ဖြစ်လာဦးမှာ ။  မိသားစုကိုလဲ ဖွင့်ပြောရဦးမယ်။

ရန်ကျစ်၏ ဦးနောက်သေးသေးလေးက ထိုမျှများပြားသော အကြောင်းအရာများကို စဥ်စားရသောအခါ နာကျင်လာရတော့၏။

 

ထို့ကြောင့် ရန်ကျစ် ရုံးတွင် နာရီအနည်းငယ် နေပြီးနောက် ကျန်အလုပ်ချိန်များကိုတော့ ထုံးစံအတိုင်း လစ်ပြေးလိုက်သည်။ ဒီလိုသာ ဖြစ်မည်မှန်း ယွီယွင်ထောင် သိသောကြောင့် ကျီရှန်ကိုသာ ရယ်ရယ်မောမောဖြင့် မေးလိုက်၏။

"မင်းကို ရှာဖို့ ဒီကို လာတာပဲ ဖြစ်ရမယ်။ သူ ဘာပြောတာလဲ"

 

ကျီရှန် တုံ့ဆိုင်း နေကာ "ဘာဖြစ်နိုင်ဦးမှာလဲ။ သူ့အချစ်ရေး ပြဿနာတွေပဲပေါ့။ သူ တစ်ယောက်ယောက်ကို လိုက်နေတာ မရသေးဘူး ထင်တယ်။"

 

ကျီရှန်က အမှန်အတိုင်းပြောလိုက်သည်မို့ ယွီယွင်ထောင် ဘာမှ ထပ်မမေးတော့ဘဲ ရန်ကျစ်က ယန်းယိဟန်ကို လက်မလျော့နိုင် သေးဘူး ဟုသာ ထင်လိုက်မိသည်။

 

ရန်ကျစ် တိဆေးခန်းက ဘောင်ချာအား လက်ခံရရှိမှသာ ဟားကျူ့က ပူဒယ်လေးကို ကိုက်ခဲ့တာကို ပြန်အမှတ်ရသွား၏။ သူအပြင်ရောက်လက်စနှင့် ဟယ်ကျွင်းထံ ဖုန်းခေါ်ကြည့်လိုက်ရာ ဟယ်ကျွင်းသည်လည်း အားနေတာကြောင့် အနားရှိကဖေးဆိုင်၌ တွေ့ရန်ချိန်းဆိုခဲ့ကြသည်။

ဟယ်ကျွင်းရောက်လာချိန်တွင် သူ့ပုံစံသည်မောဟိုက်နေကာ ယခင်ကကဲ့သို့ ပိတ်အဝတ်အစားများလည်း ဝတ်မထားဘဲ အဲအစား တီရှပ်ရိုးရိုးလေးသာ ဝတ်ထားလေသည်။ ဆံပင်ရှည်များအား ထုံးဖွဲ့မထားဘဲ ပင့်စီးကာ အပေါ်မှဦးထုတ်ထပ်ဆောင်းထား၏။

 

ဟယ်ကျွင်း ယဥ်ကျေးမှုရှိစွာ ဦးထုတ်အားချွတ်လိုက်လျှင် မျက်နှာပေါ်၌ မိတ်ကပ်များချယ်သထားသည်ကိုပါ ရန်ကျစ်သတိထားမိလိုက်တော့သည်။