အပိုင်း ၅၀
Viewers 13k

Chapter 50


“‌တောင်းပန်ပါတယ် ကိုယ်ဒီထက်ပိုကောင်းတဲ့ ရထားလုံးယူခဲ့ရမှာ”


 


ဆာစီးနီယာသည် နေရာပြောင်းရွေ့ရသောကြောင့် ဖျားနာနေသည်။ သို့သော်ထိုရထားလုံးသည် လွန်ခဲ့သည့်သုံးနှစ်က ဘန်နှင့်သူစီးခဲ့သည့် လေးဘီးလှည်းထက်တော့ သာသေးသည်။


 


“စိတ်မပူပါနဲ့ ဒါကကျွန်မတို့အရင်ကစီးခဲ့တဲ့ လေးဘီးလှည်းထက်တော့သာပါသေးတယ်”


ဘန်သည် လွန်ခဲ့သည့်သုံးနှစ်ကစီးခဲ့သည့် လေးဘီးလှည်းအကြောင်းကို ပြောနေကြောင်းသိသည်။ ယခုမှာ ယခင်ကလှည်းထက်သာသော ရထားလုံးကိုရနိုင်ရန် ရာထူးအာဏာရနေပြီသောကြောင့် မတူတော့ပေ။


 


“ဒီလိုဖြစ်မယ်မှန်းသာသိရင် ရထားလုံးကိုသေချာပြင်ဆင်လာပါတယ် အခုတော့ရှက်ဖို့ကောင်းနေပြီ”


 


ဆာစီးနီယာကို သက်သောင့်သက်သာဖြင့် မြို့တော်ကိုခေါ်သွားချင်သည်။ သို့သော် ရထားလုံးသည်အလွန်လှုပ်ရမ်းနေသည်။ လမ်းတွင်တိုက်မိသွားသော ခဲလုံးမှန်သမျှကိုပင် ခံစားမိနိုင်နေသည်။ သူသည်ရွာမှ အကောင်းဆုံးရထားလုံးကိုယူလာခဲ့သော်လည်း အိုဟောင်းနေကာ သေချာပင်မပြင်ရသေး‌သည့်ရထားလုံးဖြစ်နေသည်။ 


ဘန်သည် ဆာစီးနီယာချက်ချင်းသဘောတူလိုက်မည်မထင်ခဲ့ပေ။ ရက်နည်းနည်းလောက်စဉ်းစားနေဦးမည်ဟုထင်ခဲ့သည်။ သူသာသိခဲ့ရင် ရထားလုံးကိုသေချာပြင်ဆင်ပြီးမှ ယူခဲ့မည်ဖြစ်သည်။


“ဒါကအရမ်းကောင်းလွန်းနေပါသေးတယ်” ဆာစီးနီယာသည် ညင်သာစွာဖြင့်ဘန်ကိုပြုံးပြလိုက်သည်။


 


ဆာစီးနီယာသည် သူ့ဘဝတစ်လျှောက်လုံးတွင် ထိုကဲ့သို့ရထားလုံးမျိုးကိုပင် မစီးခဲ့ဖူးသောကြောင့် ထိုရထားလုံးသည် သူ့အတွက်အကောင်း‌ဆုံးဖြစ်နေလေသည်။


 


ခရီးအရှည်ကြီးသွားနေစဉ် ဘန်သည်ဆာစီးနီယာ၏အခေုအနေကို အမြဲစောင့်ကြည့်နေခဲ့သည်။ ပစ်မှုအများကြီးကျူးလွန်ခဲ့သည် အရာရှိဒတ်စ်တာသည် ရာထူးမှအချခံလိုက်ရသည်။ သူ၏လစ်လပ်နေသောရာထူးနေရာကို အာဏာပိုင်များသည် ဘန်အားယာယီပေးအပ်ထားသည်။ ဆာစီးနီယာသည် ဘန်ထိုအကြောင်းများပြောပြသည့်အခါ ခေါင်းညိမ့်၍သာနေသည်။ အကြောင်းအရာများများစားစားကိုလည်း မေးမနေခဲ့ပေ။ သူသည် ထိုနေရာမှထွက်ခွင့်ရအောင် ‌လုပ်ပေးခဲ့သည့်အတွက်သာ ကျေးဇူးတင်နေသောကြောင့်ဖြစ်သည်။


 


“မိုက်လိုက်တာ…” မေသည် အံ့ဩတစ်ကြီးဖြင့်ပြောလိုက်သည်။ သူ၏မျက်လုံးများကြည် ကြယ်များသဖွယ်တောက်ပနေသည်။


 


သူတို့သသည် မနက်မိုးသောက်အာရုံတက်ချိန်မှစထွက်ခဲ့၍ မြို့တော်သို့နေ့လယ်တွင်ရောက်ခဲ့သည်။ သူတို့သည် ထူထပ်နေသောသစ်ပင်များနှင့် ပန်းပင်များရှိသည့် ရှုခင်းကိုဖြတ်သန်းခဲ့သည်။ မေသည် မြို့တော်ကိုမြင်လျှင်မြင်ချင်း စိတ်လှုပ်ရှားမှုကြောင့် ငိုကြွေးခဲ့လေသည်။


 


“ဆာစီးနီယာ ဟိုမှာကြည့်ပါဦး”


 


မေသည်စု‌ဝေးနေသောလူတစ်စုကို ညွှန်ပြကာမေးလိုက်သည်။‌ လူအုပ်ကြီးကြားတွင် ကြောင်တောင်တောင်အဝတ်အစားများဝတ်ဆင်ထားသော လူကြီးတစ်ယောက်သည် ထူးဆန်းသောလှည့်ကွက်များဖြင့်ဖျော်ဖြေနေသည်။ ထိုသူကိုင်ထားသောဖဲကတ်သည် ရုတ်ချည်းပျောက်သွားကာ လှုပ်ရှားမှုအနည်းငယ်လုပ်အပြီးတွင် ပြန်ပေါ်လာသည်။


 


‘အို ဒါကမျက်လှည့်ပြပွဲပဲ’


ရိုးရိုးရှင်းရှင်းပြကွက်ပေမဲ့ သူ့အတွက်တော့အလွန်အံ့ဩဖွယ်ဖြစ်နေသည်။ ဆာစီးနီယာသည် ယခင်ကထိုထက်ရင်သပ်ရှုမောဖွယ်ကောင်းပြီး အံ့ဩစရာကောင်းသောမျက်လှည့်ပြကွက်များကို မြင်ဖူးသော်လည်း ထိုပြကွက်သည်သာသူ့အတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်နေသည်။


‘ဒီလိုဟာမျိုး‌တွေမတွေ့တာ ကြာနေလို့များလား’


ဆာစီးနီယာသည် မျက်လှည့်ပြပွဲကို စိတ်ဝင်တစားဖြင့်ကို ကြည့်နေသည်။


“မိုက်တယ်မလား” သူ၏ဘေးမှ နူးညံ့သောအသံတစ်ခုထွက်ပေါ်လာသည်။


ဆာစီးနီယာလှည့်ကြည့်လိုက်သည့်အခါ ဘန်ဖြစ်နေသည်။ သူ၏နှုတ်ခမ်းတွင် လှပသောအပြုံးတစ်ခုပွင့်လန်းသွားသည်။ 


 


“ဟုတ်တယ် ကြည့်လို့ကောင်းတယ်”


 


သက်ဝင်လှုပ်ရှားနေသော လမ်းများသည် သူတို့ယခင်ကနေခဲ့သည့် ဝေးလံခေါင်းပါးချောင်ကျသောနေရာတင် အတော်ကိုပင်ကွာခြားနေသည်။ ဆာစီးနီယာသည် ယခုတွင်သူ့ကိုယ်သူ ကျေးလက်တောရွာမှ တောသူအဖြစ်ခံစားလိုက်ရသည်။


 


“ကိုယ်တို့ မကြာခင်ရောက်တော့မယ်”


 


ထိုစကားလုံးနှင့်အတူ သစ်သားဖြင့်တည်ဆောင်ထားသည့် ခပ်နှိမ့်နှိမ့်အဆောင်အအုံများ ပျောက်ကွယ်သွားကာ ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် ရင်သပ်ရှုမောဖွယ်ရာကောင်းသော အမြင့်ဖြင့်တည်ဆောင်ထားသော အဆောင်အအုံများ ပေါ်လာခဲ့သည်။


 


* * *


 


“‌ရောက်ပါပြီ”


 


အစပိုင်းတွင် ဆာစီးနီယာသည် သူနှင့်မေကို ဘန်၏စံအိမ်တော်တွင်နေခိုင်းသည်ကို ‌တွန့်ဆုတ်နေသော်လည်း မေ၏သနားဖွယ်မျက်နှာ‌အကြည့်ကြောင့် လက်ခံလိုက်ရသည်။ မေသည် သူတို့‌နှစ်ယောက်မြို့တော်တွင် အကာအကွယ်မဲ့ကာနေနေရမည်ကို ကြောက်သည်ဟုပြောသောကြောင့်လည်းဖြစ်သည်။  


 


“ကျွန်မတို့ တကယ်ရောက်ပြီလား” ‌ဆာစီးနီယာသည် ဘန်ကိုသံသယဖြင့်မေးလိုက်သည်။


ဂိတ်အပေါက်ဝကိုရောက်သောအခါ ဘန်သည် ရောက်ပြီဟုပြောသော်လည်း ရထားလုံးသည်ဆက်သွားနေသည်။ သူတို့စထွက်လာခဲ့သည်လမ်းနှင့်ဘာမှမဆိုင်ပေ။ ဘန်၏စံအိမ်တော်သို့ သွား‌ရာ‌လမ်းမှာ အလွန်ပင်ချောမွေ့လွန်းလှသည်။


 


စံအိမ်သို့မရောက်ခင် လမ်းတစ်လျှောက်တွင် ဥယျာဉ်တစ်ခုကို ဖြတ်သန်းလာခဲ့ရသည်။ ထိုဥယျာဉ်မှပန်းများသည် လှပလွန်းသောကြောင့် ဆာစီးနီယာ၏မျက်လုံးတွင်ပင် အံ့ဩမှုများဖြင့် ဖြစ်နေသည်။ နွေဦးရာသီတွင်သာပွင့်တတ်သည့် ပန်းများသည်ပင် အများအပြားရှိနေကြကာ ထိုပန်ုးဥယျာဉ်၏ဘေးဘက်တွင် လှပသောဖန်လုံအိမ်တစ်ခုလည်း ရှိနေသည်။


မေသည် တစ်အံ့တစ်ဩဖြင့် လမ်းတစ်လျှောက်လိုက်ပါလာသည်။ ဆာစီးနီယာသည်လည်း တိတ်တဆိတ်ပင် အံ့ဩနေပေသည်။ ပြတိုက်သည်လား စံအိမ်သည်လား ပြောပြရခက်နေအောင်ပင် ခမ်းနားတင့်တယ်လွန်းလှသည်။


 


“‌ဖြည်းဖြည်းဆင်းနော်”


ရထားလုံးရပ်သွားသည့်အခါ ဘန်သည်အရင်ဆင်းသွားကာ အမျိုးသမီးများဆင်းရန်အတွက် လက်ကမ်းပေးခဲ့သည်။ ဆာစီးနီယာသည် အစပိုင်းတွင်တွန့်ဆုတ်နေသော်လည်း ဘန်၏လက်ကိုဖြည်းဖြည်းချင်းကိုင်လိုက်သည်။ နောက်ဆုံးမှာတော့ ဆာစီးနီယာသည် ရထားလုံးပေါ်မှ သူ၏ဂါဝန်ကိုလက်ဖြင့်မကာ ဆင်းလာခဲ့ပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်သည် အိုဟောင်းနေသောရထားလုံးကို အချိန်ကြာမြင့်စွာစီးလာရသောကြောင့် နာကျင်နေသော်လည်း ထိုအရာကိုပင်သတိမရနိုင်တော့ပေ။


 


“…ဒါက တကယ်ပဲစံအိမ်တော်လား”


 


ခမ်းနားထည်ဝါနေမှုမှာ စံအိမ်တော်ဟုအမည်ထက်ပိုသာလွန်နေသောကြောင့် ဆာစီးနီယာသည် မေးလိုက်ခြင်းဖြစ်သည်။ သူဘဝတစ်ဘဝလုံးတွင် ထိုကဲ့သို့ကြီးမားသော စံအိမ်တော်မျိုးကို မြင်တွေ့ရမည်ဟု စိတ်‌ကူးတောင်မယဉ်ခဲ့ဘူးပေ။


“မိုက်လိုက်တာ စံအိမ်တော်က နန်းတော်ကြီးကျနေတာပဲ” မေသည်လည်း အံ့ဩသည်မှာအမှန်ပင်။


စံအိမ်တော်ကြီးသည် အပြင်ပန်းသာ ခမ်းနားထည်ဝါနေသည်မဟုတ်ပေ။ အတွင်းဘက်တွင်လည်း ရင်သပ်ရှုမောဖွယ်ကောင်းသော ဗိသုကာလက်ရာများပင် ရှိနေသည်။ ဆာစီးနီယာသည် ဇိမ်ခံပစ္စည်းများကိုတွေ့သောအခါတွင် ပါးစပ်ပင် အဟောင်းသားဖြစ်သွားသည်။


“ဂါရပြုပါတယ် သံအမတ်ကြီး”


 


ဝတ်စုံပြည့်ဖြင့် အသက်ကြီးကြီးလူတစ်ယောက်သည် သူတို့အနားချဉ်းကပ်လာကာ ဘန်အား တလေးတစားဖြင့်ဦးညွှတ်ဂါရဝပြုလိုက်သည်။ သူ၏ဆံပင်မှာအနည်းငယ်ဖြူနေကာ မျက်နှာပေါ်တွင်လည်းအရေးကြောင်းများရှိနေသည်။


 


“ဆာစီးနီယာ ဒါက မာချန်းတဲ့ ဘဏ္ဍာထိန်း‌လေ”


 


“ကျွန်မနာမည်က ဆာစီးနီယာပါ”


 


‘ဘဏ္ဍာထိန်းတဲ့ ဘာကိုပြောတာလဲမသိဘူး’


ဆာစီးနီယာသည် စူးစမ်းချင်နေသောမျက်လုံးများဖြင့်ကြည့်ကာ မာချန်းအား နှုတ်ဆက်ရန်ဦးညွှတ်လိုက်သည်။ မာချန်းသည်လည်း ထိုနည်းလည်းကောင်း ဦးညွှတ်လိုက်သည်။ သို့သော် ဆာစီးနီယာထက်ပင် ပို၍ခါးကိုညွှတ်ကာဦးညွှတ်သည်။


 


“ကျွန်တော့်ကိုမာချန်းလို့ပဲခေါ်နိုင်ပါတယ် မိန်းကလေးဆာစီးနီယာ”


 


မာချန်းတွင် ကြင်နာသောအပြုံးဖြင့်ပြုံးပြကာ ပြောလိုက်သည်။


 


“သူတို့ ဒီမှာခဏလောက်နေလိမ့်မယ် 


သူတို့နေရအဆင်ပြေအောင် ပြင်ဆင်စရာရှိတာပြင်ဆင်ထားပေးပါ”


 


“ဟုတ်ကဲ့ပါ”


 


“ဆာစီးနီယာ ပင်ပန်းနေမှာပဲ ကိုယ်မင်းနေရမဲ့အခန်းကို လိုက်ပြမယ်”


 


ဘန်သည် ကြင်နာသောအပြုံးဖြင့်ပြုံးပြကာ ဆာစီးနီယာကို တံခါးအထူကြီးရှိသည့်အခန်းဘက်သို့ ခေါ်သွားသည်။ သူတို့သွားသည့်နေရာတိုင်းက အစေခံတိုင်းသည် သူတို့ကိုဦးညွှတ်နေသည်။ ... အတိတကျ‌ပြောရလျှင် စံအိမ်တော်၏ပိုင်ရှင်ဖြစ်သော ဘန်ကို ဦးညွှတ်နေခြင်းပင်ဖြစ်သည်။


ဘန်သည်ထိုသူများကိုဂရုမပြုဘဲ ဆာစီးနီယာကိုသာ ကြည့်နေသည်။ ထိုမြင်ကွင်းကိုမြင်တွေ့နေရခြင်းသည် ဆာစီးနီယာကို ဘန်သည်မြို့စားမင်းဖြစ်သည်ဟု၍ သတိပေးနေသလိုပင်ဖြစ်နေသည်။


‘စိတ်လှုပ်ရှားဖို့‌ကောင်းလိုက်တာ’


 


အရာအားလုံးသည် သူ့အတွက်အသစ်ဖြစ်နေသောကြောင့် အလွန်ပင်အံ့ဩနေသည်။ သူ၏ကြက်သွေးရောင်မျက်လုံးများမှာ တစ်လက်လက်တောက်ပနေသည်။ အမှန်သည် ဘန်သူ၏ဘေးနားတွင်လိုက်ပါနေခြင်းသည် ပို၍စိတ်လှုပ်ရှားနေစေသည်။


 


“ဒီကိုအ‌လောတကြီးထွက်လာလိုက်ရတော့ အခန်းကတော့ မသပ်မရပ်ဖြစ်နေမှာပဲ”


 


ဘန်ကပြောလိုက်သည်။ ဆာစီးနီယာသည် ဘန်၏နောက်မှလိုက်ကာ အခန်းကြီးတစ်ခုထဲသို့ဝင်သွားသည်။


“ဒါကမသပ်မရပ်ဖြစ်တာလား” ဆာစီးနီယာသည် ဘန်ကိုမယုံနိုင်ဖွယ်မျက်လုံးဖြင့် မေးလိုက်သည်။


 


ရှင်ဘုရင်၏အိပ်ရာသဖွယ် မြင့်မားသောအိပ်ရာတစ်ခုရှိသည်။ မျက်နှာကြတ်တွင်လည်း ကြီးမားသောငွေရောင်မီးဆိုင်ကြီးသည် တလက်လက်တောက်ပနေသည်။ ပြတင်းပေါက်ဘေးတွေလည်း လူတစ်ယောက်စာ ကတ္တီပါဆိုဖာထိုင်ခုံနှင့် သစ်သားတစ်ပွဲတစ်ခုရှိသည်။ အခန်းသည် မသပ်မရပ်ဖြစ်ခြင်းနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်နေသည်။ 


“အခန်းကဟိုဘက်မှာ မေရဲ့အခန်းက ညာဘက်ခြမ်းမှာရှိတယ် 


ပြီးတော့ကိုယ့်အခန်းက ဟိုဘက်မှာ”


ဘန်သည် ဆာစီးနီယာတို့ကို အခန်း‌နေရာများကိုလိုက်ပြ‌ခဲ့သည်။


“‌နေရတာသက်သောင့်သက်သာဖြစ်မယ်လို့တော့ထင်ပါတယ်


တစ်ခုခုလိုတာရှိရင် ကိုယ့်ကိုပြောနော်”


 


ဆာစီးနီသည် ခေါင်းညိမ့်ခဲ့သည်။ ယခုလိုခမ်းနားထည်ဝါသော နေရာတွင်နေ့ခွင့်ပေးသည့်အတွက် ကျေးဇူးတင်နေသည်။ ဆာစီးနီယာသည် မြို့တော်မှာ အကြာကြီးနေဖို့ မရည်ရွယ်ထားပေ။ သူဒီနေရာမှာနေနေရခြင်းသည် ဘန်၏ဒဏ်ရာကိုစိုးရိမ်သောကြောင့်ဖြစ်သည်။


ယခုမှာ‌တော့ ‌ဆာစီးနီယာသည် မေနေချင်သလောက်နေရန်နှင့် ပြောင်းရန်နေရာမစဉ်းစားရသေးခင်အချိန်ထိ နေရန်‌ဆုံးဖြတ်လိုက်သည်။ နေ့စဉ်လိုအပ်ချက်‌‌များအတွက် သူ၏အိတ်ထဲတွင် ဝယ်လာခဲ့ပြီဖြစ်သည်။ ဆာစီးနီယာသည် လောဘမကြီးချင်ပေ။ ဘန်၏အနားသို့အလွန်ကပ်တွယ်မိလျှင် ထိုနေရာကို ခွာနိုင်ရန်ခဲယဉ်းသွားမည်ဖြစ်သောကြောင့်ဖြစ်သည်။


“‌လောဘကြီးမိမှာ မစိုးရိမ်ပါနဲ့ တစ်ခုခုလိုအပ်သာရှိရင် ပြောသာပြောလိုက်ပါ”


 


ဆာစီးနီယာသည် ဘန်ကိုမျက်လုံးပြူး၍ကြည့်မိသွားသည်။ အတွေး‌ဖြင့်သာတွေးနေခဲ့သည်ကို ဘန်သည်ဆာစီးနီယာ၏စိတ်ကိုဖတ်နိုင်သဖွယ် သိနေခဲ့သည်။ သူ၏ပုံကို ဘန်သည်ပြုံး၍ကြည့်နေခဲ့သည်။


 


“ကျွန်မရှင့်ကို အခုကစပြီးမြို့စားမင်းလို့ခေါ်သင့်ပြီထင်တယ်”


 


ယခုစံအိမ်တော်ကိုပိုင်‌ဆိုင်သောသူမှာ မြို့စားမင်း အလက်စ်ဒီမီကန်ရှောဗာစ့်ဖြစ်သည်။ ဘန်မဟုတ်ပေ။ ဆာစီးနီယာသည် ဘန်ဟုဆက်ခေါ်နေခြင်းသည် စော်ကားစလိုဖြစ်နေသည်ဟု တွေးခဲ့သည်။


 


“အရင်လိုပဲ ဘန်လို့ခေါ်ပါဗျာ”


 


“‌တကယ် ခေါ်လို့ရလို့လား”


 


‘တခြားသူတွေရော သူ့ကိုဘန်လို့ခေါ်ကြလို့လား’


 


နာမည်အကြောင်းစဉ်းစားကြည့်မိမှပင် သူ၏ကိုယ်ရေးအကျဉ်းထဲတွင် ဘန်ဟူသောအမည်ကိုမသုံးထားပေ။ သူ့ကို ဘန်ဟုခေါ်ခိုင်းသည်မှာ ဆာစီးနီယာပဲရှိမည်ဖြစ်သည်။ ယခုကြည့်လိုက်တော့မှပင် အရင်ကထက် အများကြီးပြောင်းလဲလာခဲ့ပြီဖြစ်သည်။


 


“ရပါတယ် အဲနာမည်ပဲကြိုက်တယ်”


 


ဆာစီးနီယာသည် ခေါင်းညိမ့်ခဲ့သည်။ ဘန်သည် ထိုကဲ့သို့ခေါ်ခိုင်းနေသ၍ ဆာစီးနိယာသည်လည်း ဘာမှပြောနိုင်မည်မဟုတ်ပေ။ ထိုသို့ခေါ်ရုံမှတစ်ပါး တခြားရွေးစရာမရှိပေ။


“အဲဒါဆို အေးအေးဆေးဆေးအနားယူလိုက်ပါဦး‌နော်”


ဘန်သည် ပြုံလျက်အခန်းထဲမှထွက်သွားသည့်အတွက် ‌ဆာစီးနီယာသည် တိတ်ဆိတ်သောအခန်းကျယ်ကြီးထဲတွင်တစ်ယောက်တည်းကျန်နေခဲ့သည်။ သူသည် ခရီးရှည်ကြီးထွက်လာရ၍ပင်ပန်းနေပြီဖြစ်သောကြောင့် နူးညံ့သောမွေ့ယာပေါ်တွင်လှဲလျောင်းလိုက်ကာ ခန္ဓာကိုယ်ကိုဖြေလျော့ထားလိုက်သည်။


 


‘ဒီအိပ်ရာကဘယ်‌လောက်လောက်ကျမလဲ’


 


အိပ်ရာသည် အမွေးပွများဖြင့် နူးညံ့သောကြောင့် အိပ်ရသည်မှသက်သောင့်သက်သာရှိလှသည့်အတွက် ဆာစီးနီယာသည် တစ်ချိုးတည်းပင် အိပ်ပျော်သွားသည်။


 


ဒေါက်ဒေါက်


ဆာစီးနီယာသည် တံခါး‌ခေါက်သံကြားသောကြောင့် မျက်လုံးဖွင့်လိုက်သည်။ ဘန်ပြန်လာသည်ဟုထင်လိုက်မိသည်။


 


“ဝင်လာပါ”


စက္ကန့်အနည်းငယ်လောက်ကြာသောအခါ ထူပိန်း‌၍ကြီးသော တံခါးကြီးသည် ဖြည်းဖြည်းချင်းပွင့်လာကာ အိမ်ဖော်အမျိုးသမီးတစ်ယောက် ဝင်လာခဲ့သည်။ သူကိုတွေ့လျှင်တွေ့ချင်း ဆာစီးနီယာသည် မမျှော်လင့်ထားသောကြောင့် ကမန်းကတန်းဖြင့် အိပ်ရာမှထလိုက်သည်။ ထိုအမျိုးသမီးသည် သူနှင့်အသက်အတူတူပင်ရှိလောက်မည်။


 


“ကျွန်မနာမည်က ဗားန်ပါ ဒီနေ့ကစပြီး သခင်မဆာစီးနီယာကို စောင့်ရှောက်ပေးမှာပါ”


 


“ဗားန် ဟုတ်လား”


 


“ဟုတ်ကဲ့ ဗားန်ပါ”


 


ထိုအမျိုးသမီးသည် သူ့ကိုယ်သူအေးဆေးတည်ငြိမ်သောအသံဖြင့် မိတ်ဆက်လိုက်သည်။ ဆာစီးနီယာသည် ထိုအမျိုးသမီးကို တစ်ခါမျှမမြင်ဖူးချေ။ သို့သော် သူ၏စိတ်ထဲတွင် ရင်းနှီးသလိုခံစားနေရသည်။


‘ငါဒီနာမည်ကို ဘယ်မှာကြားဖူးတာပါလိမ့်’


ဆာစီးနီယာသည် သူ၏အရှေ့တွင်ရပ်နေသော အမျိုးသမီးကို စိုက်ကြည့်ကာတွေးနေခဲ့သည်။ ဗားန်သည် အညိုရင့်ရောင်ဆံပင်နှင့် ဖြူစင်သောအကြည့်ဖြင့်ကြည့်နေသော နီညိုရောင်မျက်လုံးတစ်စုံပိုင်ဆိုင်ထားသည်။ ဆာစီးနီယာသည် နှင်းဆီပန်းနှင့်ဆင်ပြီး ဗားန်သည် လီလီပန်းနှင့်ဆင်သည်။ ဗားန်သည် အိမ်ဖော်အဝတ်အစားများ ဝတ်ထားသော်လည်း ဆာစီးနီယာသည် ဗားန်ကိုဂါဝန်လှလှလေးဝတ်ထားသည်ဟု အထင်မှားမိသည်။ ဆာစီးနီယာသည် မျက်လုံးအမြင်စူးရှသောကြောင့် ဗားန်၏ သပ်ရပ်စွာဖီးလိမ်း‌ထားသောဆံပင်ပေါ်တွက် သရဖူတစ်ခုတွေ့လိုက်သည်။


 


‘‌နပေါဦး သရဖူလား’


 


သူ၏စိတ်ထဲတွင် တစ်ခုခုကို အမှတ်ရသွားသည်။


‘ဘာလို့... ဘာလို့သူကဒီရောက်နေရတာလဲ’


 


ဆာစီးနီယာသည် သရဲတွေ့လိုက်သလိုပင် အလွန်ကြောင့်လန့်သွားသည်။