အပိုင်း ၅၁
Viewers 12k

Chapter 51


လိုင်မာဖီးယပ်စ် သည် အစည်းအဝေးတွင် ဖခင်ဖြစ်သူ အင်ပါယာဘေးတွင် ထိုင်နေ၏။ သူသည် ဖြတ်သွားသောအရာများအားလုံးကို ပျင်းရိသော အမူအရာဖြင့် ကြည့်နေသည်။ အရေးမပါတဲ့ကိစ္စလေးတစ်ခုကို နာရီပေါင်းများစွာကြာအောင် ပြောနေသော လူအိုကြီးတစ်ယောက်ကို တဖြည်းဖြည်းနဲ့ စိတ်တိုလာပြီဖြစ်သည်။


“အရှင့်သား.. အရာရှိဒတ်စ်တာနဲ့ကိစ္စကို ဆုံးဖြတ်ဖို့က စောလွန်းသေးတယ်မဟုတ်ဘူးလား”


“အမှန်ပဲ.. ပြီးတော့ မြို့စားမင်း ရှောဗာစ့်ကို အမိန့်အာဏာလွှဲပေးဖို့က သူတောင် မြို့စားမင်းဖြစ်တာ မကြာသေးဘူးဆိုတော့.. အရှင့်သားက မြို့စားမင်းကို ဘယ်လိုယုံကြည်ပြီး အာဏာလွှဲပေးမှာပါလဲ”


လိုင်မာဖီးယပ်စ်ရဲ့ မျက်ခုံးမွှေးသည် နားထောင်ရင်းနဲ့ ဆတ်ခနဲ လှုပ်သွားသည်။ မြို့စားကြီး ကိုင်လို့စ်ကတော့ အဆိပ်အတောက်သတင်းတွေကို သယ်ဆောင်လာတဲ့ကြားမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ထိုင်နေလေ၏။ မြို့စားမင်းက သူ့ရဲ့လက်အောက်ခံဖြစ်တဲ့ အရာရှိဒတ်စ်တာကို လုပ်ပိုင်ခွင့်တွေ ပိတ်ပင်ထားကြောင်း ကိုင်လို့စ်က သိထားသည်။ ထို့အပြင် ဗျူရိုကရက် အရာရှိကို ဒီအကြောင်းပြောဖို့ သိမ်းသွင်းခဲ့သူက သူကိုယ်တိုင်ပင်ဖြစ်ချေသည်။


‘ကောက်ကျစ်တဲ့ မြေခွေးအိုကြီးကတော့’


ဘယ်သူက အိတ်ထဲထည့်လိုက်လဲဆိုတာ သိသာထင်ရှားပြီး အရာရှိ ဒတ်စ်တာရဲ့ ငွေမည်းကို ငွေဖြူလုပ်ခြင်းဟာ ပျောက်ဆုံးသွားခဲ့လေပြီဖြစ်သည်။ သို့သော်လည်း လိုင်မာဖီးယပ်စ်သည် ဒီသတင်းကို ထုတ်ပြန်ဖို့ အချိန်ကောင်းကို စောင့်နေခဲ့ခြင်းဖြစ်ပြီး မဟုတ်လျင် အင်ပါယာမိသားစုက အန္တရာယ်ရှိနိုင်သည်။ 


“ဒါက ယာယီလုပ်ပိုင်ခွင့်တွေပါ.. အခြေအနေတွေ တည်ငြိမ်သွားပြီဆိုရင် ဒီပိုင်နက်အကြောင်းကို ထပ်ပြီး ဆွေးနွေးလို့ရတယ်”


လိုင်မာဖီးယပ်စ်၏ ပြတ်သားသောအဖြေသည် မျိုးကြီးမျိုးနွယ်များကို ဒီအဖြေနဲ့ ပက်သက်ပြီး မကျေနပ်ကြောင်းပြသဖို့ ထိန်းချုပ်သွားရစေသည်။ အဓိကပြဿနာက အရာရှိ ဒတ်စ်တာက သူ့ရဲ့ရာထူးပြုတ်သွားတာမဟုတ်ပဲ မြို့စားရဲ့ပိုင်နက်က အလက်စ်ဒီမီကန်ရဲ့ ယာယီပိုင်ခွင့်ဖြစ်နေခြင်းသာဖြစ်သည်။


အင်ပါယာက ဒါကို ယာယီဖြစ်ကြောင်း ပြတ်သားစွာ ပြောထားခဲ့ပြီး မြို့စားမင်းကလည်း သူနိုင်ငံရေးထဲမှာ ပါဝင်မှာမဟုတ်ကြောင်း အကြိမ်ပေါင်းများစွာ ပြောထားခဲ့သည်။ ဒါပေမယ့် ဒီမြေခွေးအိုကြီးက သူ့ကို ဘယ်တော့မှမယုံပဲ တစ်ခုခုကိုရရှိတော့မလိုပုံစံနဲ့ လှောင်ပြောင်ကြသေးသည်။ အကြောင်းကတော့ လူတွေက သူတို့ထက်ပိုပြီး လွှမ်းမိုးသွားကြမှာကို မခံမရပ်နိုင်ဖြစ်ကြသောကြောင့်ဖြစ်သည်။ ဒါက ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အရေးကိစ္စတွေကို သူများတွေကြားဝင်မစွက်ဖက်ပဲ သူတို့ကိုယ်တိုင် ဂရုစိုက်ကိုင်တွယ်ချင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် အလက်စ်ဒီမီကန်သာ အာဏာနည်းနည်းရသွားမယ်ဆိုရင် သူတို့က ပထမဆုံးကန့်ကွက်မယ့်သူတွေသာဖြစ်သည်။ အိမ်ရှေ့မင်းသားဖြစ်တဲ့ လိုင်မာဖီးယပ်စ်ကတောင် ဒီကိစ္စနဲ့ပက်သက်ပြီး အဆင်ပြေပေမယ့် သူတို့ကတော့ သူတို့ အာဏာတျေကျသွားမှာစိုးလို့ အိမ်ရှေ့မင်းသားထက်တောင် ပိုပြီးစိတ်မချမ်းမသာဖြစ်နေကြသည်။ 


“အိမ်ရှေ့မင်းသားပြောတာမှန်တယ်.. ဒါပေမယ့် မြို့စားရဲ့ ပြစ်ဒဏ်အကြောင်း ကန့်ကွက်ချက်ကို စောင်းမြောင်းပြောနေတာများလား”


အင်ပါယာသည် မှုန်ကုတ်ကုတ်ဖြင့်ကြည့်လိုက်ပေမယ့် သူကျေနပ်ကြောင်းပြသသည့်အနေဖြင့် သားဖြစ်သူအား ပြုံးပြလိုက်သည်။ 


“အ-အရှင့်သား.. အဲဒီလိုမဟုတ်ပါဘူး.. ကျွန်-ကျွန်တော်တို့လို အောက်တန်းကျွန်တွေက ဘယ်လိုလုပ်ဝံ့ပါ့မလဲ”


“ဘာပြောစရာကျန်သေးလဲ”


အင်ပါယာ၏ ကြမ်းကြုတ်တဲ့မျက်လုံးနဲ့ တည်ကြည်တဲ့အသံဟာ ဗျူရိုကရက် အရာရှိတွေကို ပါးစပ်ပိတ်သွားစေသည်။


“မ-မရှိတော့ပါဘူး”


ဗျူရိုကရက် အရာရှိတွေက အချင်းချင်းကြည့်လိုက်ကြပြီး နောက်ဆုံးတော့ ပါးစပ်ပိတ်သွားကြလေသည်။


“အရာရှိ ဒတ်စ်တာက သူအဖမ်းမခံရခင် မြို့စားကြီး ကိုင်လို့စ်နဲ့ အစည်းဝေးလုပ်ခဲ့တယ်လို့ ကြားတယ်”


လိုင်မာဖီးယပ်စ်က အမှုမထားသလိုနှင့် ပြောလိုက်သည်။ မြို့စားကြီး ကိုင်လို့စ်ကို စစ်ဆေးပြီး ဘယ်သူက အာဏာအရှိဆုံးလဲဆိုတာ သတိပေးချင်သောကြောင့်ဖြစ်သည်။


“ဒါကျွန်တော် သတိမထားမိသေးတဲ့အရာပဲ” ကိုင်လို့စ်က မျက်မှောင်ကြုတ်ကာပြောသည်။ 


သူနဲ့ အရာရှိ ဒတ်စ်တာတို့က မြေနဲ့ပက်သက်တဲ့ဆက်ဆံရေးအကြောင်းကြောင့် တွေ့ကြတယ်ဆိုပေမယ့် ကိုင်လို့စ်က အခုချိန်မှာ အရာရှိ ဒတ်စ်တာနဲ့ပက်သက်ပြီး ဘာကိုမှမပါဝင်မပက်သက်ဖို့အတွက် ပါးနပ်လွန်းခဲ့သည်။


“ဟုတ်လား.. ကျွန်တော် မှားသွားပြီထင်တယ်”


လိုင်မာဖီးယပ်စ်က ကိုင်လို့စ်ရဲ့ အဖြေမှာ ပေါ့ပါးစွာ ပြုံးလိုက်သည်။


“ဒီနေ့အတွက်တော့ ဒီလောက်ပဲ”


နောက်ဆုံးတော့ ပျင်းစရာကောင်းသောအစည်းအဝေးကြီး ပြီးဆုံးသွားခဲ့လေပြီဖြစ်သည်။ လိုင်မာဖီးယပ်စ်က အင်ပါယာရဲ့နောက်ကိုလိုက်ဖို့ မတ်တပ်ရပ်လိုက်သည်။ ဖခင်ဖြစ်သူနှင့် စကားစမြည်ပြောပြီးနောက် စင်္ကြံအတိုင်း ဆင်းလျှောက်သွားပြီး သပ်ရပ်စွာဖြီးထားတဲ့ ဆံပင်အား သူ့လက်နဲ့ ဖြေလိုက်သည်။ 


သူ့ရဲ့ ဆံပင်အစုတွေကို အပေါ်တင်ထားရတာမကြိုက်သည့်အတွက် အရေးကြီးပွဲကို တက်ရောက်စရာမရှိဘူးဆိုရင် အမြဲအောက်ချထားတတ်သည်။ သူ့ဆံပင်စုများကို အောက်ချထားရတာကြိုက်သည့် အကြောင်းအရင်းတစ်ခုသာရှိသည်…ထိုပုံစံနှင့် သူက ပိုပြီးကြည့်ကောင်းသောကြောင့်ပင်ဖြစ်၏။ သူ့ရဲ့ နေရခက်တဲ့ဝတ်စုံကိုချွတ်လိုက်ကာ လည်ပင်းမှာ ပိတ်ကျပ်နေတဲ့ အင်္ကျီအား ကြယ်သီးဖြုတ်လိုက်သည်။


“ဟူး”


ဒီဝတ်စုံများသည် သူ့ကို တစ်ချိန်လုံး စိတ်အနှောင့်အယှက်ပေးနေခဲ့ခြင်းဖြစ်သည်။ အခုမှပဲ အသက်ဝဝရှုနိုင်သလို ခံစားရတော့၏။


“အရှင့်သား ပြီးပြီလား”


စင်္ကြံမှာစောင့်နေခဲ့တဲ့ သူ့ရဲ့လက်ထောက်ဖြစ်သော အဲရစ်သည် လိုင်မာဖီးယပ်စ်ကိုတွေ့ပြီး အနောက်ကနေ လိုက်လာခြင်းဖြစ်သည်။


“ဟုတ်တယ် အဲ့လူအိုကြီးတွေက ဒီရက်ပိုင်း ပိုတောင်စကားများလာကြသေးတယ်”


သူတို့အတွက် ဘာအကျိုးအမြတ်မှရရှိမှာမဟုတ်ဘူးဆိုရင် ဒီအရေးမပါတဲ့အစီအစဥ်တစ်ခုအတွက် ဘာလို့အကြာကြီး အစည်းအဝေးလုပ်နေရတာလဲ။


“ပျင်းတယ်ဆိုရင် အနည်းဆုံးတော့ မျက်နှာကို ပိပိရိရိထားပြီး ဖုံးကွယ်ထားလိုက်ပေါ့”


လိုင်မာဖီးယပ်စ်က ညည်းညူပြီး သူ့ရဲ့ရုံးခန်းကို လျှောက်လှမ်းသွားလေသည်။ ဒီနေ့အတွက် လုပ်စရာစာရင်းတွေ အပုံလိုက်ကြီးရှိနေသေးပေမယ့် ပင်ပန်းနေပြီဖြစ်သည်။


“အရှင့်သား.. မြို့စားမင်းက မြို့တော်ကိုပြန်လာပြီလို့ ပြောနေကြတယ်”


“ဘာ.. ဘယ်တော့လဲ”


မမျှော်လင့်ပဲ ကြားလိုက်ရတဲ့သတင်းကြောင့် လိုင်မာဖီးယပ်စ်က အဲရစ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။


“သူပြန်လာတာ မကြာသေးပါဘူး”


“ဟုတ်လား.. ဒါဆို ငါသူ့ကို ခဏနေရင် သွားတွေ့ရမယ်”


ဒီနေ့ အလက်စ်ရဲ့နာမည်ကို ခဏခဏကြားရပြီးနောက် လိုင်မာဖီးယပ်စ်က သူ့ကိုတွေ့ခဲ့တဲ့ ပထမဆုံးနေ့ကို သတိရသွားသည်။ ဆာလောင်နေတဲ့ သတ္တဝါတစ်ကောင်လို ထက်မြက်တဲ့ မှောင်မိုက်သောခရမ်းရောင်မျက်ဝန်းများကို သူဘယ်တော့မှ မေ့ရမည်မဟုတ်။ သူ့မျက်လုံးတွေက အလွန်အဓိပ္ပာယ်မဲ့နေခဲ့လို့ လိုင်မာဖီးယပ်စ်သည် သူ့ကို သက်ရှိဟုတ်ရဲ့လားဆိုတာတောင် မနည်းယုံခဲ့ရသည်။ ထိုမျက်ဝန်းတွေရဲ့ နောက်ကွယ်က ခံစားချက်ကို အချိန်အကြာကြီးနေမှသိခဲ့ရသည်… အမုန်းတရားပင်ဖြစ်၏။


“ပြီးတော့ မြို့စားမင်းပိုင်နက်ကို မိန်းကလေးတစ်ယောက်နဲ့အတူ ပြန်သွားတယ်လို့ ပြောကြတယ်”


“မိန်းကလေးဟုတ်လား.. မိန်းကလေးဆိုတာ မင်းသေချာလား”


လိုင်မာဖီးယပ်စ်က သွားနေရာက ရပ်လိုက်သည်။ အလွန်အံ့သြသွားမိလို့ သူ့မျက်လုံးများကပင် ပြူးကျယ်ကုန်၏။


“ဟုတ်ပါတယ်”


‘အဲ့မိန်းကလေးဆိုတာ သေချာတယ်’


အလက်စ်ရှာနေတဲ့ မိန်းကလေးဖြစ်သည်။ အလက်စ်ကို စိတ်ဝင်စားမှုရော တုံ့ပြန်မှုအပြင် ဘာကိုမှမလိုချင်သည်အထိ ပြုစားခဲ့တဲ့ မိန်းကလေးပင်ဖြစ်သည်။


‘သူမရဲ့နာမည်က ဆာစီးနီယာမဟုတ်လား’


“နောက်ဆုံးတော့ သူမကို ဒီကိုခေါ်လာခဲ့တာပဲဖြစ်ရမယ်”


ဒါဟာ အလွန်စိတ်ဝင်စားစရာကောင်းသည့်သတင်းဖြစ်တဲ့အတွက် လိုင်မာဖီးယပ်စ်သည် ပျင်းရိစရာကောင်းတဲ့ အစည်းအဝေးကိုတောင် မေ့သွားခဲ့သည်။ ထို့နောက် သူသည် လမ်းကိုဆက်လျှောက်ပေမယ့် သူ့ခြေလှမ်းများသည် စင်္ကြံလမ်းကနေ ထွက်ရမှာကို စိတ်လှုပ်ရှားနေသည့်အတိုင်း မြူးကြွနေခဲ့သည်။ 


“အရှင့်သား ရုံးခန်းက အဲဒီဘက်မဟုတ်ပါဘူး”


“ငါသိတယ်.. မြို့စားမင်းပိုင်နက်ဆီကို သွားမလို့”


“သွားလို့မရပါဘူး”


“ဘာ”


“အရှင့်သားမှာ အခုလုပ်စရာတွေအများကြီးရှိနေတဲ့အတွက် ဘယ်ကိုမှသွားလို့မဖြစ်ပါဘူး”


အဲရစ်က အရှင့်သားကို တားမြစ်ဖို့အတွက် လက်ကိုဆန့်ထုတ်လိုက်သည်။


“ခဏပါပဲ.. ငါချက်ချင်းပြန်လာခဲ့မယ်”


“မဖြစ်ပါဘူး.. အလုပ်ပြီးမှပဲသွားပါ”


အဲရစ်ရဲ့ မျက်နှာက ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်သည့်အလား ပြတ်သားနေခဲ့သည်။ လိုင်မာဖီးယပ်စ်က သူ့ရုံးခန်းဘက်ကို လှည့်သွားပြီး စိတ်တိုသလိုအမူအရာနှင့် သူ့ဆံပင်များကို ဖွလိုက်သည်။


“ဟူး.. တကယ်ပဲ”


အလက်စ်ရဲ့မိန်းကလေးကို အခုချက်ချင်းပြေးသွားကြည့်လိုက်ချင်ပေမယ့် သူ့အဖေရဲ့ လက်ပါးစေဖြစ်တဲ့ အဲရစ်ကိုလည်း မလွန်ဆန်နိုင်။ မဟုတ်ရင် အဲရစ်က သူ့အဖေကို ချက်ချင်းအကြောင်းကြားလိုက်မည်သာဖြစ်သည်။ ပြုပြင်ပြောင်းလဲလို့လည်းမရတော့တဲ့အတွက် အရည်အချင်းရှိသည့် လက်အောက်ခံကိုရထားခြင်းဟာ ပြဿနာတစ်ရပ်ပင်ဖြစ်ပေသည်။ 


လိုင်မာဖီးယပ်စ်က သူ့ရုံးခန်းထဲကို ကတိုက်ကရိုက်ဝင်သွားသည်။ သူသည် အလက်စ်အား ထိုမိန်းကလေးကို အင်ပါယာနန်းတော်ဆီသို့ ခေါ်လာစေချင်ပေမယ့် အလက်စ်က သူ့ကို ထိုမိန်းကလေးနှင့် ဘယ်တော့မှပေးတွေ့မည်မဟုတ်။ အလက်စ်က သူ့ဆီကို အာရုံတက်ချိန်တုန်းက လာခဲ့တာတောင်မှ ထိုမိန်းကလေးအား နည်းနည်းသတိမူမိလိုက်တာနဲ့ အလက်စ်က သူ့ကို မာန်ဖီလေတော့သည်။ အလုပ်ကို မြန်မြန်ပြီးအောင်လုပ်ပြီး မြို့စားမင်းပိုင်နက်ဆီကိုသွားတာက အကောင်းဆုံးဖြစ်ပေလိမ့်မည်။ 


***


“ပူးပေါင်းဆောင်ရွက်ဖို့အတွက် မျှော်လင့်နေပါ့မယ်”


ဗားန်က ကြောက်ရွံ့နေတဲ့ ဆာစီးနီယာကိုကြည့်ကာ အေးဆေးတည်ငြိမ်စွာနှင့် ပြောလိုက်၏။ အစေခံက သူမ ဒီနေ့တွေ့ခဲ့တဲ့လူက သူမကိုတွေ့ရတာ ဘာလို့ ဒီလောက်လန့်ဖျပ်သွားလဲဆိုတာကိုမသိခဲ့။ ဒါပေမယ့် သူမရဲ့အလုပ်က တာဝန်တွေအပေါ်မှာ သစ္စာရှိရှိနေရမည်ဟု တောင်းဆိုထားသည့်အတွက် သူမရဲ့ တွေဝေမှုကို မပြသခဲ့။ 


“အာ…”


ထိတ်လန့်စရာကောင်းတဲ့ အခြေအနေတစ်ခုမှာ နစ်မြုပ်သွားမိပြီး ဆာစီးနီယာက ခေါင်းညိတ်လိုက်လေသည်။ အခြေအနေတစ်ခုလုံးက သူမအတွက် အဓိပ္ပာယ်မရှိပေ။ 


‘ဗားန်ဆိုတဲ့ နာမည်က မူရင်းဝတ္ထရဲ့ အမျိုးသမီး ဇာတ်ဆောင်မဟုတ်ဘူးလား’


အိမ်ရှေ့မင်းသား နှင်းအပ်တဲ့ ရတနာသရဖူကို ဆင်မြန်းကာ တည်ကြည်စွာပြုံးနေတဲ့ ဗားန်အကြောင်းကို သူမ ရှင်းလင်းစွာဖတ်ခဲ့ကြောင်းမှတ်မိသည်။ ဒါပေမယ့် အခုသူမရှေ့မှာရပ်နေတဲ့အမျိုးသမီးသည် ဇာတ်လိုက်ရဲ့နာမည်နဲ့ ပုံစံတူရှိသည့် အစေခံဖြစ်နေသည်။ 


“မိန်းကလေး ဆာစီးနီယာ.. အဆင်ပြေရဲ့လား”


မိနစ်တိုင်းပြောင်းလဲနေသည့် ဆာစီးနီယာရဲ့မျက်နှာအရောင်ကိုကြည့်ပြီး ဗားန်က သူမနားကို ချဥ်းကပ်လာသည်။ ဆာစီးနီယာက သူမကို နားလည်ပုံမရတဲ့ မျက်နှာထားနဲ့ ငေးကြည့်နေမိသည်။ 


‘ငါအခု အိပ်မက်မက်နေတာများလား’


အထူးသဖြင့် ဘန်ရဲ့အိမ်ရာမှာ အမျိုးသမီးဇာတ်ဆောင်ဖြစ်သူကို ရုတ်တရက်တွေ့တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်သည့်အရာပင်ဖြစ်သည်။


‘ဟုတ်တယ် ဒါအဓိပ္ပာယ်မရှိဘူး..’


ဒါတွေအားလုံးက အဓိပ္ပာယ်မရှိသလို လုံးဝလက်တွေ့မကျလွန်းလို့ ဆာစီးနီယာသည် သူမ အခု အိပ်မက်မက်နေတာလားဟုတောင် သိချင်မိသည်။ ဗားန်က သူမအဖေရဲ့အကြွေးနဲ့ အမေရဲ့ဆေးဖိုးအတွက် အလုပ်လာလုပ်တဲ့နေရာက မြို့စားမင်းပိုင်နက်ဖြစ်နေတယ်ဆိုတာ လုံးဝမဖြစ်နိုင်။


‘ငါမြို့တော်ကိုရောက်တာနဲ့ အမျိုးသမီးဇာတ်ဆောင်နဲ့တွေ့ရဖို့ ဖြစ်နိုင်ချေက ဘာလဲ’


“ဘယ်နေရာ နာလို့လဲ”


ဗားန်က သူမကို ဘာမှမပြောပဲကြည့်နေတဲ့ ဆာစီးနီယာကို စတင်၍ စိတ်ပူလာလေသည်။ 


“မိန်းကလေး ဆာစီးနီယာ”


သူမဆီက ဘာတုံ့ပြန်သံမှမကြားရသည့်အခါ ဗားန်က သူမရဲ့လက်အား ဆာစီးနီယာရဲ့ လက်ဖမိုးပေါ်သို့ ဂရုတစိုက်နဲ့ တင်လိုက်လေသည်။ ထို့နောက် ထူးဆန်းတဲ့ခံစားချက်ကြောင့် ဆာစီးနီယာက ကျောရိုးများ တုန်ခိုက်သွားရသည်။


“အဆင်ပြေရဲ့လား.. ဘယ်နေရာ နာလို့လဲဟင်”


သူမရဲ့ လက်ဖမိုးပေါ်ကနေ နွေးထွေးတဲ့ခံစားချက်ကို ရလိုက်သည်။ ဆာစီးနီယာက နားမလည်သလိုမျက်နှာထားနဲ့ မျက်လွှာချလိုက်သည်။ နောက်လက်တစ်ဖက်က သူမရဲ့လက်နဲ့ တစ်ထပ်တည်းဖြစ်သွားသည်။ ဗားန်ရဲ့ လက်ပင်ဖြစ်သည်။ ဗားန်ရဲ့လက်က နွေးထွေးသည်။ သူမလို သက်ရှိလူသားတစ်ယောက်ရဲ့ လက်ပင်ဖြစ်သည်။


“ကျွန်မ သခင်ကိုခေါ်လိုက်ရမလား.. ဒါမှမဟုတ် ဆရာဝန်ခေါ်ပေးရမလား”


ဆာစီးနီယာက သူမရဲ့ လက်ကို မြှောက်တင်လိုက်သည်။ မရင်းနှီးတဲ့အသံက သူမရဲ့ နားထဲကို လျှိုဝင်လာပြီး သူမရှေ့မှာရပ်နေတဲ့ အမျိုးသမီးရဲ့ပုံရိပ်က ထင်ရှားနေခဲ့သည်။ ထိုအချိန်မှာ ဆာစီးနီယာ နားလည်သွားခဲ့သည်။


‘ဗားန်က ဝတ္ထုထဲမှာ မြို့စားမင်းပိုင်နက်မှာ အလုပ်လုပ်တယ်ဆိုတဲ့အကြောင်းကို တစ်ခါမှမရေးထားပါဘူး’


သူမရဲ့အကြွေးတွေအတွက် အလုပ်ကြိုးစားတယ်လို့ပဲ ထည့်ရေးထားခြင်းဖြစ်သည်။ ဒါပေမယ့် လုပ်စရာနေရာတွေ အများကြီးရှိတဲ့ထဲမှာမှ သူမက ဘာလို့ ဒီမှာလုပ်ရတာလဲ။


နောက်ဆုံးတော့ ဆာစီးနီယာသည် အခြေနေပေါ်ကိုမူတည်ပြီး ဦးနှောက်ကို အလုပ်ပေးလိုက်သည်။ ဆာစီးနီယာသည် အရာအားလုံးက နဂိုမူလနဲ့တခြားစီဖြစ်နေတယ်ဆိုတဲ့ အထင်နဲ့အမြင်တလွဲစီဖြစ်နေကြောင်းကို သိရှိသွားရသည်။ ရယ်သံတစ်ခုက ဆာစီးနီယာဆီမှ ပေါ်ပေါက်လာလေ၏။


“ဟဟ…”


‘ငါဒီနေရာကနေ ထွက်သွားသင့်လား’


သူမသာ မူလဇာတ်ကောင်နဲ့ ဆက်ပြီးပက်သက်ဆက်နွှယ်နေရမယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာကိုပင် မခန့်မှန်းနိုင်တော့။


‘ဟုတ်တယ် ဒီကနေ အရင်ထွက်သွားရအောင်’


သူမရဲ့ ဖြေရှင်းချက်က အတတ်နိုင်ဆုံး မူလဇာတ်ကောင်နဲ့ မတွေ့ဖို့ဖြစ်သည်။ မေကိုရှာပြီး သူမ ဒီနေရာကနေ ထွက်သွားမှဖြစ်မည်။ ဆာစီးနီယာက အခန်းထဲမှာ ထားထားတဲ့ အထုပ်အပိုးကိုယူကာ တံခါးဆီသို့ ဦးတည်သွားလိုက်သည်။


“ဆာစီးနီယာ ဘယ်သွား-“


ထိုအချိန်မှာပဲ တံခါးဖွင့်ပြီးဝင်လာတဲ့ဘန်က ထွက်သွားတော့မည့် ဆာစီးနီယာနှင့် ဝင်တိုက်မိသည်။ ဘန်ရဲ့မျက်နှာက တင်းမာသွားရ၏။ ဗားန်ဆီက ကြားရပြီးနောက်မှာ သူသည် စိတ်ပူပြီး သူမဆီကို ချက်ချင်းလာခဲ့ခြင်းဖြစ်သည်။ ထို့နောက် အိတ်ကိုကိုင်ပြီးထွက်သွားတော့မည့် ဆာစီးနီယာကို တွေ့လိုက်ရသည်။ 


“ဘန်…”


ရုတ်တရက်ပေါ်လာတဲ့ဘန်ကြောင့် ဆာစီးနီယာက အေးခဲသွားရသည်။ ဘန်ရဲ့အကြောင်းကို သူမတွေးတောင်မတွေးထားလေခဲ့။


“ဘာလို့ အိတ်ကြီးသယ်ထားတာလဲ”


အိတ်ကိုတင်းကျပ်စွာကိုင်ထားတဲ့ ဆာစီးနီယာရဲ့လက်ဆီမှာ အေးစက်တဲ့အကြည့်က ရှိနေသည်။


“မဟုတ်ဘူး ဟို-“


ဆာစီးနီယာက ရှက်ကိုးရှက်ကန်းနဲ့ တွန့်ဆုတ်ဆုတ်ဖြစ်နေခဲ့သည်။ ထွက်ပြေးမလို့လုပ်နေရာက မတော်တဆလူမိသွားခဲ့သလို ခံစားလိုက်ရ၏။


“ဘယ်သွားမလို့လဲ”


ဒဏ်ရာရထားတဲ့သူက နဖူးမှာ တွန့်ရှုံ့နေခဲ့သည်။


“အဲ့လိုမဟုတ်-“


“သွားလို့မရဘူး.. ဘယ်တော့မှ”


Xxxxxxxxxx