Chapter 52
ဘန်သည် ခြေလှမ်းကျဲများဖြင့် လျှောက်သွားကာ ဆာစီးနီယာရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ စွဲလမ်းမှုက နက်ရှိုင်းစွာ တည်ရှိနေခဲ့ပြီး မှောင်မိုက်သောခရမ်းရောင်မျက်ဝန်းများဟာ တိမ်မြုပ်နေခဲ့သည်။ သူက သူမရဲ့အိတ်ကို တခြားလက်တစ်ဖက်နဲ့ လှမ်းဆွဲလိုက်သည်။
“ဘာစကားမှမပြောပဲ ပျောက်ကွယ်သွားဖို့ကြိုးစားနေတာလား” သူ့ရဲ့ ခက်ထန်နေသောအသံသည် အခန်းတစ်လျှောက် ပဲ့တင်ထပ်သွားခဲ့သည်။
ဘန်က ဆာစီးနီယာရဲ့ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ဆုပ်ကိုင်မှုအားမှာ ဆာစီးနီယာကို ပိတ်လှောင်ထားချင်တဲ့ ဆန္ဒတွေပါဝင်နေသည့်အတွက် သူ့အနားကနေ သူမ ဘယ်တော့မှ ထွက်သွားလို့မရနိုင်အောင်ထိ မြဲမြံစွာ ဖမ်းဆုပ်ထားမိသည်။
“မဟုတ်ပါဘူး အထင်လွဲနေတာပါ” ဆာစီးနီယာက အထင်လွဲမှားနေတဲ့သူ့ကို တုံ့ပြန်ပြောဆိုလိုက်သည်။
သို့သော်လည်း သူမ အားလုံးကိုသိနေတာတောင်မှ အဓိပ္ပာယ်မရှိ။ သူမသည် အဝေးကို ထွက်ပြေးတော့မလိုမျိုးပုံစံနဲ့ သူမရဲ့အိတ်ကိုပြင်ဆင်နေတာကို မိသွားခဲ့သည်။ ဟုတ်သည်။ သူမ ထွက်ပြေးဖို့ ကြိုးစားခဲ့သည်။
“အထင်လွဲတယ် ဟုတ်လား”
ဝမ်းနည်းတဲ့အပြုံးတွေကို ခြယ်သထားတဲ့ သူ့မျက်နှာသည် အေးစက်စွာဖြင့် တင်းမာသွားခဲ့သည်။ ဆာစီးနီယာက မြို့တော်ကိုလာပြီး သူနဲ့အတူနေမယ်လို့ပြောခဲ့စဥ်က ရရှိခဲ့တဲ့ စိတ်လှုပ်ရှားမှုများသည် ဖုန်မှုန့်လို ပျောက်ကွယ်သွားရသည်။
‘ဒီလိုထွက်ပြေးဖို့အတွက် လာခဲ့တာလား’
‘ဒါမှမဟုတ် လွန်ခဲ့တဲ့သုံးနှစ်တုန်းကဖြစ်ခဲ့တာတွေကို ကလဲ့စားပြန်ချေနေတာလား’
ဘန်က သူ့ရဲ့အောက်နှုတ်ခမ်းကို ဖြည်းညင်းစွာကိုက်လိုက်သည်။ သုံးနှစ်လုံးလုံး သူမကို တစ်ယောက်တည်းထားခဲ့ရခြင်းဟာ အပြစ်မြောက်ကြောင်း သူသိသည်။ ဒါပေမယ့် ထွက်ပြေးဖို့ကြိုးစားနေတဲ့ ဆာစီးနီယာရဲ့ ပုံရိပ်ကြောင့် သူမအား ချည်တုပ်ပြီး ခေါ်သိမ်းထားချင်တဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့ သူ့ရဲ့ဆန္ဒများက မီးပွားများလို တိုးလောင်နေစေသည်။
“တကယ် အထင်လွဲသွားတာပါ”
ဆာစီးနီယာက သူ့မျက်လုံးကို တည့်တည့်ကြည့်ရင်း အခိုင်အမာပြောဆိုလိုက်သည်။ သူ့မျက်နှာထားကိုကြည့်ရင်းနှင့် နဂိုကတည်းက အထင်လွဲနေပုံရသည်ဟုထင်ရ၏။
ဘန်ရဲ့ တုံ့ပြန်မှုကိုစောင့်ရင်း သူမက ခေတ္တမျှ နှုတ်ဆိတ်ကာ နေလိုက်သည်။ အရာရာဟာ လမ်းမှားရောက်ကုန်ပြီဖြစ်သည်။ သူမ ဒီလိုလုပ်ဖို့ မရည်ရွယ်ခဲ့။ အမျိုးသမီးဇာတ်ဆောင်ကိုမြင်လိုက်ရတာနဲ့တင် အလွန်ကြောက်လန့်သွားမိလို့ ဘန်ရဲ့ တုံ့ပြန်မှုနဲ့ ခံစားချက်ကိုပင် ထည့်မတွေးဖြစ်ခဲ့။ မြို့စားမင်းပိုင်နက်ကနေ သူမထွက်ခွာမယ်ဆိုပေမယ့် သူမ ကတိပြုထားခဲ့သလို အခြေချဖို့ နေရာရှာပြီးမှသာဖြစ်သည်။
‘ဒါပေမယ့် ဗားန်ကိုတွေ့နေရဖို့ကတော့ ငါ့အတွက် ခက်ခဲလိမ့်မယ်’
အရိုးသားဆုံးပြောရလျင် သူမ မြို့စားမင်းပိုင်နက်ဆီမှာ အချိန်တစ်ခုကြာအောင် နေချင်ခဲ့သည်။ ချိုမြတဲ့သကြားလုံးလေးလိုမျိုးရောက်ရှိလာမယ့် ကိုယ်စိတ်ချမ်းသာမှုကို ဆက်လက်၍ ခံစားချင်ခဲ့သည်။ သေးငယ်တဲ့အချက်လေးကတော့ ဘန်က သူမကို အဆင်ပြေချောမောမှုတွေ အများကြီးပေးနေခြင်းဟာ သူမရဲ့စိတ်ကို ရှုပ်ထွေးစေခဲ့သည်။ ထို့အပြင် ဘန်ရဲ့ဒဏ်ရာအကြောင်းကို သူမ အခုထိ မသိရှိရသေး။
ဆာစီးနီယာသည် ဒုက္ခရောက်နေခဲ့ခြင်းဖြစ်၏။ ဗားန်ကသာ သူမကို ဂရုတစိုက်မလုပ်ဘူးဆိုလျင် သူတို့တွေ့ဖြစ်ကြမှာလည်းမဟုတ်ဘူးမလား။ ဒီအိမ်ကြီးက နန်းတော်လောက် ကျယ်ပြောသည့်အတွက် တစ်ယောက်နဲ့တစ်ယောက်တွေ့နိုင်ဖို့က ခက်ခဲလိမ့်မည်ဖြစ်ပြီး မတွေ့တာကသာ ပိုကောင်းပေလိမ့်မည်။
“အိတ်ကိုရွေ့ဖို့လုပ်နေတာပါ”
တွေးပြီးနောက်မှာ ဆာစီးနီယာသည် ဒီမှာ နည်းနည်းလောက်ထပ်နေဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်ကို ပြောဆိုလိုက်ခြင်းဖြစ်သည်။
“...”
ဘန်က ဘာကိုမှထပ်မပြောပဲ အခြေနေကို အကဲခတ်နေ၏။
“ဘန်.. လက်…”
ဆာစီးနီယာသည် သူမရဲ့ လက်ကောက်ဝတ်မှ ဖိအားကို ခံစားမိသွားပြီး မျက်မှောင်ကြုတ်လိုက်၏။ ဘန်က လန့်ဖျပ်သွားပြီး သူဆုပ်ကိုင်ထားမှန်းတောင်မသိတဲ့လူလို လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်၏။
“အာ.. တောင်းပန်ပါတယ်…”
သူက တောင်းပန်ပြီး ဆာစီးနီယာရဲ့ လက်ကောက်ဝတ်ကို ကြည့်လိုက်သည်။ သူမရဲ့ သေးသွယ်တဲ့ လက်ကောက်ဝတ်ပေါ်မှာ နီရဲတဲ့ လက်ရာကြီးရှိနေတာကိုကြည့်ပြီး သူ့နှလုံးသားက တိမ်ဝင်သွားရသည်။ တစ်ချိန်တည်းမှာပဲ သူသည် မူးနောက်လာ၏။ သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဆာစီးနီယာရဲ့ လက်ကောက်ဝတ်ပေါ်မှာ အရာထင်စေခဲ့သည်။
“ဆာစီးနီယာ ကိုယ်တကယ်တောင်းပန်ပါတယ်”
သူ့ရဲ့တောင်းပန်တိုးလျှိုးနေသောမျက်ဝန်းများသည် တုန်ယင်နေ၏။ ဘန်သည် ကြီးမားတဲ့အပြစ်ကြီးကို ကျူးလွန်ခဲ့တဲ့သူလို ဂနာမငြိမ်ဖြစ်နေခဲ့သည်။
“ရပါတယ်.. မနာပါဘူး”
သူ့ရဲ့ပုံစံက အရေးမပါတဲ့ကိစ္စလေးတွေမှာတောင် ကတုန်ကယင်ဖြစ်တတ်တဲ့အတွက်ကြောင့် ဆာစီးနီယာက ဘန်ကို စိတ်ပူမိသည်။ ထို့အပြင် အခုလည်း သူသည် စိုးရိမ်ကြောက်လန့်နေ၏။
“တကယ် တောင်းပန်ပါတယ်…”
ဘန်က သူ့ရဲ့ စိတ်တိုနေတဲ့မျက်နှာထားကို ဖယ်ရှားလိုက်သည်။ သူအထင်လွဲသွားတယ်လို့ပြောခဲ့တဲ့ သူမစကားကို ယုံချင်ပေမယ့် သူ့မျက်နှာသည် အရင်လို မပြုံးနိုင်။
သူစိတ်ပူခဲ့တယ်ဆိုသော်လည်း ဘန်က အခုထိ ဒေါသဖြစ်နေဆဲဖြစ်သည်။ သို့သော် ဖုံးကွယ်ထားခဲ့သည်။ သူမပြောသလို ဒါတွေအားလုံးဟာ နားလည်မှုလွဲတာပါဆိုတဲ့စကားကို ယုံချင်ခဲ့သည်။ သို့သော်လည်း အခုထိ သူမပျောက်ကွယ်သွားမှာကို စိုးရိမ်နေသည့်အတွက် အရင်လိုမျိုး မပြုံးရွှင်နိုင်သေး။
ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကြောင့် သူ့ရဲ့ပိုင်ဆိုင်လိုစိတ်ကို နှိမ်နင်းဖို့ ခက်ခဲနေသေးသည်။ သူသည် ဆာစီးနီယာကို သူကလွဲပြီး ဘယ်သူမှမမြင်နိုင်တဲ့နေရာမှာ ဖွက်ပြီး သိမ်းဆည်းထားချင်မိသည်။ ဒါတွေအားလုံးက မနှစ်မြို့ဖွယ်ကောင်းပြီး မူမမှန်ပေမယ့်လည်း ဒီလိုအရာကသာ သူ့ရဲ့ စိုးရိမ်ကြောင့်ကြနေတဲ့ နှလုံးသားနဲ့စိတ်ကို တည်ငြိမ်စေလိမ့်မည်သာဖြစ်သည်။
ဒါပေမယ့် ဒီဆန္ဒသည် သူ့ရဲ့တည်ငြိမ်အေးဆေးမှုကို လျော့ကျစေသည်။ သူမရဲ့ သွယ်လျတဲ့ လက်ကောက်ဝတ်လေးသည် သူ့ကြောင့် ကျိုးကြေသွားနိုင်၏။ သူ့ရဲ့ မူမမှန်တဲ့ ဆန္ဒတွေကို ကြောက်ရွံ့မိသွားခြင်းဟာ ထိုအချိန်မှာသာဖြစ်သည်။ ဆာစီးနီယာ မလိုချင်တဲ့အရာကို မလုပ်ဖို့ သူ့ကိုယ်သူ ကတိပေးခဲ့ပေမယ့် သူမကို ဖိအားပေးပြီး ပိတ်လှောင်ထားဖို့အတွေးကို ဘယ်လိုများတွေးမိခဲ့တာလဲ။
‘ငါ့နှလုံးသားက ဆာစီးနီယာကို အစစ်အမှန် ဂရုစိုက်တာလား ဒါမှမဟုတ် အားလုံးက ငါ့လိုဆန္ဒရှိကြတာလား’
သူ့ရဲ့ စိုးရိမ်ကြောင့်ကြမှုနဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေဟာ တစ်နေ့နေ့မှာတော့ ကျော်လွန်သွားနိုင်ပုံရပြီး သူမကိုလည်း နာကျင်စေနိုင်သည်။
“ဘန်”
ဆာစီးနီယာက အသက်အောင့်ထားတဲ့ သူ့ကို သတိရှိစွာခေါ်လိုက်ပေမယ့် သူ့ဆီက ဘာမှမတုံ့ပြန်လာ။
ဆာစီးနီယာက သူမရဲ့ ရင်းနှီးတဲ့အသံနဲ့ သူ့ကို ခေါ်လိုက်တာတောင်မှ ဘန်က သူ့ရဲ့ ပုံပျက်နေတဲ့မျက်နှာကို မပြင်နိုင်သေး။ သူမက သူ့အပေါ်အမြဲကြင်နာမှုပေးပြီး သူ့ကို မသွေဖည်ပဲ လက်ခံပေးသည်။ ဒါပေမယ့် သူ့ရဲ့ ခံစားချက်အစစ်အမှန်ကို သိသွားတဲ့အချိန်မှာတော့ သူ့ဆီကနေထွက်ပြေးပြီး တစ်ဘဝလုံး ပုန်းကွယ်နေနိုင်သည်။ သူ့ကို ဘယ်တော့မှ ကြင်ကြင်နာနာနဲ့ခေါ်မှာမဟုတ်တော့သလို ထိုအရာက ဘန်ကို ရိုးတွင်းခြင်ဆီအထိ ကြောက်လန့်စေသည်။
“နှုတ်ခမ်းကို မကိုက်နဲ့တော့လေ.. သွေးထွက်လာဦးမယ်”
ကူကယ်ရာမဲ့စွာနဲ့ ပုခုံးလျှောကျနေတဲ့သူ့ဆီကို ဆာစီးနီယာက လက်လှမ်းလာသည်။ သူမရဲ့ နွေးထွေးတဲ့လက်က သူ့ရဲ့ အေးစက်တဲ့နှုတ်ခမ်းကို ထိကိုင်လိုက်သည်။
“ငါဘယ်မှသွားမှာမဟုတ်ပါဘူး.. ဘယ်တော့မှ”
သူမရဲ့အထိအတွေ့မှာ ဘန်က ဖြည်းညင်းစွာ ခေါင်းမော့ကြည့်လာသည်။ သူပြောချင်နေတာတွေ ရေတွက်လို့မရအောင်ရှိနေပေမယ့် ပါးစပ်ကို ပိတ်ထားမိသည်။ သူ့မျက်ဝန်းများသည် ပိုင်ဆိုင်လိုစိတ်များနှင့် မှုန်ဝါးဝါးဖြစ်နေခဲ့သည်။
“တကယ်လား” သူ့ရဲ့ခြောက်သွေ့နေတဲ့နှုတ်ခမ်းကို အလုပ်ပေးကာ ပြောလိုက်သည်။
ဆာစီးနီယာက သူ့ရဲ့ မှောင်မိုက်တဲ့ခရမ်းရောင်မျက်ဝန်းများဆီမှ ခပ်မှိန်မှိန်အလင်းကို မတွေ့ရှိခဲ့။
“အင်း ကတိ”
ဘန်က သူမရဲ့အဖြေကနေ မျှော်လင့်ချက်အနည်းငယ်ကို တွေ့ရှိသွားခဲ့သည်။ အသူတစ်ရာချောက်နက်ထဲကို ကျလုနီးနီးဖြစ်နေတဲ့ သူ့ကို ကယ်တင်ပေးခဲ့တဲ့ မျှော်လင့်ချက်ဖြစ်သည်။
“ဆာစီးနီယာ တကယ်ဆိုလိုတယ်လို့ပဲ မျှော်လင့်ပါတယ်”
ဆာစီးနီယာကို စူးစူးစိုက်စိုက်ကြည့်ရင်းနှင့် သူ့မျက်လုံးများသည် တမ်းတမှုများနှင့် ဖုံးအုပ်နေခဲ့သည်။ သူမလိုချင်တာတွေအားလုံးကို လက်ဝါးကြီးအုပ်ပြီး ပိုင်ဆိုင်ချင်မိသည်။ ထိုမှသာ သူမမသိအောင်ကြိုးစားနေရင်း သူမက သူ့ကို ထားမသွားမှာဖြစ်သည်။
“...ဟုတ်တယ်”
ဆာစီးနီယာက သူမကို အဓိပ္ပာယ်မဲ့စေသော ဘန်ရဲ့အကြည့်ကို ရှောင်ချင်ခဲ့သည်။ သို့သော် အခုအခြေနေကြောင့်မဟုတ်ပဲ သူမ မရှောင်နိုင်ခဲ့။ ဘန်ရဲ့မျက်လုံးများသည် အရင်က သူမတွေ့ဖူးတာထက်ပိုပြီး ရက်စက်ကြမ်းကြုတ်နေခဲ့သည်။ သူ့ပုံစံက တစ်ခုခုကို နက်နက်နဲနဲ တမ်းတနေပုံရသည်။ ထို့နောက် တစ်နည်းနည်းနဲ့ သူမရဲ့ ခန္ဓာကိုယ်က အပူချိန်တက်လာရသည်။
“အဟွတ် အဟွတ်…”
နောက်ဆုံးတော့ ဆာစီးနီယာသည် ရှက်ရွံ့မှုကို မကျော်လွှားနိုင်ပဲ အလဟဿ ချောင်းဆိုးမိသွားသည်။
“ဟာ ဟူး.. မိန်းကလေး ဆာစီးနီယာ အဆင်ပြေရဲ့လားဟင်”
ထိုအချိန်မှာ ဗားန်က သူမရဲ့အခန်းထဲကို ဝင်လာပြီး ဟောဟဲလိုက်နေသည်။ ဗားန်ကြောင့် ကသိကအောက်ဖြစ်မယ့်လေထုကြီးက ပြောင်းလဲသွားခဲ့သည်။
ဗားန်က သူမ သခင်ရဲ့ ခြေလှမ်းကို မီသွားသည်။ သူမ သူ့ကို အကျိုးအကြောင်းပြောပြီးသွားတာနဲ့ အပြေးအလွှားရောက်ချလာသည်မှာ အမီလိုက်ဖို့ပင် ခဲယဥ်းသွားခဲ့၏။
“အာ.. အင်း.. အဆင်ပြေပါတယ်”
ဆာစီးနီယာသည် ဗားန်လာတာကို ကံကောင်းတယ်လို့တောင် ထင်မိသည်။ သို့မဟုတ်လျှင် ထိုမျက်လုံးများကို စွဲမက်သွားပြီး လှုပ်ရှားနိုင်မည်တောင်မဟုတ်ပေ။
“တော်သေးတာပေါ့”
ဗားန်က သူမရဲ့လက်ကို ရင်ဘတ်ပေါ်တင်ပြီး ယခင်ကထက် ကြည့်ကောင်းလာတဲ့ ဆာစီးနီယာရဲ့ သွင်ပြင်လက္ခဏာကြောင့် စိတ်သက်သာရာရသွားသည်။ ဆာစီးနီယာ တစ်ခုခုဖြစ်မှာကိုကြောက်နေမိပေမယ့် သူမရဲ့သခင်က ဖြေရှင်းပြီးသွားပုံရသည်။
“ကျေးဇူးတင်ပါတယ်”
ထိုအခါမှသာ ဆာစီးနီယာသည် ဗားန်ကို တည့်တည့်မတ်မတ်ကြည့်လိုက်သည်။ ဗားန်က သူမရဲ့မျက်နှာကို ဖြတ်သွားတဲ့ ညင်သာတဲ့အပြုံးကြောင့် ဝင်းပသွားခဲ့သည်။ ဆာစီးနီယာသည် ဗားန်ကို အခုမြင်နေရသလို လူသားတစ်ယောက်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကို သတိပေးလိုက်ရသည်။ သူမသည် စကားပြောပြီး ပြုမူတတ်ပြီး ခံစားချက်လည်းရှိသည်။ ပြီးတော့ သူမသည် စာရွက်ဗလာပေါ်မှာ ချရေးထားတဲ့ စာသားများမဟုတ်ပေ။
အခုဆိုလျင် ဆာစီးနီယာသည် ဗားန်ကိုတွေ့ပြီး ပြုမူမိတဲ့အပေါ်မှာ ရှက်ရွံ့သွားရသည်။ အခုထိ သူမသည် ဝတ္ထုထဲမှာပဲတွေ့ပြီး စိတ်ကူးယဥ်ခဲ့ဖူးတဲ့ လူတစ်ယောက်နဲ့ ကြုံတွေ့ရခြင်းကို ထူးဆန်းတယ်ဟု ခံစားမိသေးသည်။ သူမသည် သာယာကြည်နူးခြင်းနှင့် အနည်းငယ်ကြောက်ရွံ့ခြင်းကို နှစ်ခုလုံး တစ်ပြိုင်နက်ခံစားနေရပြီး ထိုအရာက သူမကို စိတ်ရှုပ်ထွေးစေသည်။
“ဒါဆို စကားဆက်ပြောလိုက်ပါဦးနော်.. တစ်ခုခုလိုရင် ကျွန်မ အနီးနားမှာ ရှိနေပါတယ်”
ဗားန်က ဦးညွတ်ပြီး အခန်းထဲမှ မြန်မြန်ထွက်သွားသည်။ သူမ အပြင်ကိုရောက်တဲ့အခါမှာ လိမ္မာပါးနပ်မှုကြောင့် ကိုယ့်ကိုယ်ကို ချီးမွမ်းမိသည်။ သူမ အထဲဝင်သွားသည်နှင့် နှစ်ယောက်ကြားက သိမ်မွေ့နူးညံ့တဲ့ လေထုသည် ဗားန်ရဲ့နှလုံးသားကို တဖျပ်ဖျပ်လှုပ်ခါစေသည်။
“မဖြစ်ဘူး…”
ဆာစီးနီယာသည် ဗားန်ကို မသွားဖို့ အော်ပြောမိတော့မလိုပင်ဖြစ်သွားခဲ့သည်။ သူမက စကားကိုကုန်အောင်မပြောနိုင်ပဲ ပါးစပ်ပိတ်ထားမိပြီးနောက် သူတို့နှစ်ယောက်ပဲ ကျန်ခဲ့လေသည်။ သူတို့သည် ဒီလိုအခြေအနေနှင့် အဆင်မပြေသလိုခံစားရသည်။
“ဆာစီးနီယာ”
“ဟေး.. နင် ဗားန်ကို တခြားအလုပ်ပေးသင့်တယ်”
ဘန်ရဲ့အသံဩဩက သူမရဲ့နားထဲကို ဝင်ရောက်လာသည်နှင့် အလွန်လန့်ဖျပ်သွားမှုကြောင့် စိတ်ထဲမှာပေါ်လာတဲ့ ပထမဆုံးစကားကို ထုတ်ပြောမိသွားသည်။ သူဘာပြောမလဲဆိုတာကို သူမ မသိပေမယ့် သိလည်းမသိချင်ခဲ့။ ကသိကအောက်ဖြစ်မှုနဲ့ ရှက်ရွံ့မှုတွေကို ကြံကြံခံနေရတာနဲ့တင် ပင်ပန်းနေလှပြီဖြစ်သည်။
“သူမက ဆာစီးနီယာကို နေရခက်အောင်လုပ်လို့လား”
“မဟုတ်ပါဘူး.. လုံးဝ အဲ့လိုမဟုတ်ဘူး.. ဒီတိုင်း ငါ့ကိုပြုစုပေးတာကို နေရခက်လို့ပါ.. ငါက တစ်ယောက်တည်း နေသားကျနေပြီမို့”
ဆာစီးနီယာသည် ခေါင်းခါပြီး ပြတ်သားစွာ ငြင်းဆိုသည်။
“ဒါဆိုရင် ဆာစီးနီယာနဲ့အဆင်ပြေမယ့်သူကို ခန့်လိုက်မယ်လေ”
“ဟင့်အင်း ငါ့အတွက် အစေခံတွေမလိုဘူး…”
“ဟုတ်လား”
“အင်း.. တစ်ယောက်တည်းနေရတာပဲကြိုက်တယ်.. အဲ့လိုလုပ်ပေးနိုင်မလား”
“ဟုတ်ပါပြီ.. ကိုယ်နားလည်ပြီ”
အဖြေပေးရင်းနဲ့ ဘန်ရဲ့မျက်နှာက မှောင်မည်းသွားသည်။ သူမကို အနားယူဖို့ပြောပြီးတာနဲ့ သူမရဲ့အခန်းထဲမှထွက်လာခဲ့သည်။ မဟုတ်ရင် သူ့ရဲ့ဆန္ဒတွေကို အကောင်းဆုံးဖြစ်အောင်လုပ်မိမှာစိုးသောကြောင့်ပင်။ သူ့ဆန္ဒတွေကို ကြီးထွားဖို့အတွက်က ရပ်တန့်နိုင်မည်မဟုတ်။ သူမကို စောင့်ပေးမယ်ဆိုပြီး ကတိပေးခဲ့ပေမယ့် ထွက်သွားဖို့ကြိုးစားခဲ့ခြင်းကိုတွေ့လိုက်ရတာဟာ သူ့ကိုပိုပြီးစိုးရိမ်စေသည်။ သူမရဲ့ ကြိုးပမ်းမှုက သူ့ရဲ့ သိုသိပ်ထားတဲ့ဆန္ဒတွေကို ပြောင်းလဲစေရန် အထောက်အကူဖြစ်ခဲ့သည်။
အချိန်တစ်ခုအနေနဲ့ ဆာစီးနီယာကို မတွေ့ဖို့အတွက် ဘန်က ဆုံးဖြတ်လိုက်သည်။ ဆာစီးနီယာ သူ့ဆီကနေ ထွက်ပြေးဖို့ကြိုးစားမယ်ဆိုရင် သူမကို သူ့အနားမှာထားဖို့အတွက် တွန်းအားပေးမိမည်ဖြစ်သည်။ ပြီးတော့ သူမရဲ့ လက်ကောက်ဝတ်ကို နာကျင်စေရုံတင်မဟုတ်ပဲ ခြေချင်းဝတ်လည်းဖြစ်နိုင်သည်။ သူမဆီက ရှောင်ဖယ်နေရတဲ့ သူ့ရဲ့ အကြီးမားဆုံးအကြောက်တရားကိုလည်း ဖြစ်လာစေလိမ့်မည်။ ဘန်ရဲ့ခြေလှမ်းများသည် စင်္ကြံတစ်လျှောက်မှာ ပဲ့တင်ထပ်နေခဲ့၏။
“ဟား…”
ဘန်ထွက်သွားတာနဲ့ တစ်ယောက်တည်းကျန်ခဲ့သည့် ဆာစီးနီယာသည် ပိတ်သွားတဲ့တံခါးကိုမှီ၍ စိတ်ပင်ပန်းနေခဲ့သည်။
“ငါတကယ် မသိတော့ဘူး”
အပူချိန်က ပျောက်ကွယ်မသွားသေး။ ဆာစီးနီယာက သူ့မျက်လုံးများကို ပြန်တွေးမိရင်း ဒီညတော့ အိပ်ပျော်နိုင်တော့မည်မထင်။