Chapter 53
နှစ်ရက်တာကုန်ဆုံးသွားခဲ့သည်။
ထိုအချိန်တွင်းမှာ ဆာစီးနီယာက ဘန်ကို လုံးဝမတွေ့ခဲ့ရ။ သူ့အလုပ်တွေနှင့်ရှုပ်နေလို့ မြို့စားမင်းပိုင်နက်ကို ပြန်မလာနိုင်ခြင်းဖြစ်ဖို့များသည်။ ဆရာဝန်က ဆာစီးနီယာကို ကြည့်ရှုဖို့ မနက်တိုင်းရောက်လာသည်။ သူမ အဆင်ပြေနေပြီဖြစ်လို့ လာမကြည့်ဖို့ပြောထားကတည်းက သူက ဒါဟာ မြို့စားရဲ့အမိန့်ဖြစ်လို့ ရွေးချယ်ခွင့်မရှိပဲ လာကြည့်ရမည်သာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။
‘စိတ်ပူတယ်ဆိုရင် လူချင်းလာတွေ့သင့်တယ်လေ’ သူမသည် စိတ်ထဲကနေ ညည်းညူပြောဆိုလိုက်သည်။
ထပ်ပြီး ဘန်သည် ဒီနေ့လည်း ရောက်ရှိမလာခဲ့ပြန်။ ဆာစီးနီယာက မြို့စားမင်းပိုင်နက်နဲ့ ရင်းနှီးကျွမ်းဝင်အောင် ကိုယ့်နည်းလမ်းနဲ့ကိုယ်ကြိုးစားကာ အချိန်ကုန်နေခဲ့ရသည်။ ထိုနေရာမှာ သူမလုပ်နိုင်သည်က ဘာမှမရှိ။
“ငါဒီမှာဆက်ပြီးနေနိုင်ဖို့ မျှော်လင့်မိတယ်”
ဆိုဖာပေါ်မှာ သက်သောင့်သက်သာဖြစ်တဲ့ အနေအထားနဲ့ထိုင်နေတဲ့ မေသည် ကွတ်ကီးများကို လင်ပန်းထဲမှ လှမ်းယူရင်းပြောလိုက်သည်။ သူမကိုကြည့်ရတာ ဒီမှာနေရတဲ့ဘဝကို စိတ်ကျေနပ်နေပုံရသည်။
“ဒါငါတို့အိမ်မဟုတ်ဘူး.. မကြာခင်မှာ ထွက်သွားရတော့မှာ”
ဆာစီးနီယာသည် မေကို စိတ်တည်ငြိမ်ဖို့ ဆူပူကြိမ်းမောင်းလိုက်သည်။ ဒါက သူတို့အိမ်မဟုတ်သည့်အတွက် ဒီမှာဆက်ပြီးနေဖို့ဆိုတာ အဓိပ္ပာယ်မရှိပေ။
“အမ်း… ဆာစီးနီယာက မြို့စားမင်းကို လက်ထပ်မယ်ဆိုရင် ညီမလည်း ဒီမှာနေလို့ရတယ်မဟုတ်ဘူးလား”
“ဖူး အဟွတ် အဟွတ်”
အနံ့မွှေးကြိုင်သောအနက်ရောင်လက်ဖက်ရည်ကိုသောက်နေတဲ့ ဆာစီးနီယာသည် အံ့သြထိတ်လန့်ပြီး သီးသွားရသည်။ သူမသည် ဆက်လက်၍ ချောင်းဆိုးနေပြီး ကြက်သွေးရောင်မျက်ဝန်းများနဲ့ မေကို စိုက်ကြည့်နေသည်။
“ဘာ”
“ဆာစီးနီယာက မြို့စားမင်းကို လက်ထပ်လိုက်မယ်ဆိုရင် ညီမလည်း ဒီမှာဆက်နေလို့ရတယ်မလား” မေက လှောင်ပြုံးပြုံးပြီး ပုခုံးတွန့်လိုက်သည်။
“ထူးဆန်းတာတွေမပြောနဲ့ မေ”
အဓိပ္ပာယ်မရှိတာတွေပြောနေတဲ့မေကြောင့် ဆာစီးနီယာသည် သူမသောက်နေတဲ့ လက်ဖက်ရည်ကိုတောင် ထွေးထုတ်မိတော့မလိုဖြစ်သွားသည်။ သူမသည် ကျွမ်းကျင်စွာနဲ့ လက်ကိုင်ပဝါကိုထုတ်ပြီး ပါးစပ်ကိုသုတ်ရင်းနှင့် သူမရဲ့နှလုံးသားက တဒုတ်ဒုတ်ခုန်မြည်နေခဲ့သည်။
“ဟင်း…”
မေက လေးနက်တဲ့အကြည့်နဲ့ပြုံးနေပေမယ့် ဆာစီးနီယာက မျက်မှောင်ကြုတ်လိုက်သည်။ မေရဲ့အကြည့်က ဆာစီးနီယာအား သူမရဲ့နှလုံးသားထဲမှာ ဖုံးကွယ်ထားတဲ့ တစ်စုံတစ်ခုကို လူမိသွားသလိုခံစားရစေသည်။ ဆာစီးနီယာက သူမရဲ့ရင်ထဲမှာ ဘာကိုဖုံးကွယ်ထားလဲဆိုတာကို သိသော်လည်း မေရဲ့အကြည့်က သူမကို ထိုသို့ခံစားရစေသည်။
“နင်ဘာလို့ ငါ့ကို ဒီလိုကြည့်နေတာလဲ”
ဆာစီးနီယာက ညည်းတွားပြောဆိုလိုက်သည်။ မေရဲ့ မရိုးသောအကြည့်ကြောင့် သူမသည် စိတ်တိုသွားရ၏။
“အမ်.. ဘာမှမဟုတ်ပါဘူး.. ဒါပေမယ့် အရာအားလုံးကို သေချာအပိုင်တွက်ထားတာကို မကောင်းဘူးပေါ့.. အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ မသိနိုင်ဘူးလေ” ထိုစကားများနှင့် မေသည် သူမရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုကို လိမ်းကျံထားသည်။
ဆာစီးနီယာက တစ်စုံတစ်ခုကိုပြောမလို့လုပ်လိုက်ပေမယ့် နှုတ်ဆိတ်ဖို့သာ ဆုံးဖြတ်လိုက်သည်။ မေရဲ့ခေါင်းထဲမှာ ထင်ယောင်ထင်မှားများနဲ့ပြည့်နေပြီဖြစ်ပုံရပြီး ဆာစီးနီယာအတွက် နားလည်မှုလွဲစရာများကို ရှင်းလင်းဖို့ နောက်ကျသွားသလိုပင်ဖြစ်သည်။ ဘန်နဲ့သူမကြားမှာ ဘာမှမရှိသည့်အတွက် မေပြောတာတွေအကုန်လုံးက လုံးဝအဓိပ္ပာယ်မရှိပေ။ ဘန်က ဘယ်လိုခံစားရလဲဆိုတာကို မသိပေမယ့် သူမအတွက်တော့ မောင်နှမတွေလိုသာဖြစ်၏။
‘မောင်နှမ’
လက်ဖက်ရည်ခွက်ကို ယူလိုက်တဲ့ ဆာစီးနီယာသည် သူမရဲ့ အပြုအမူများကို ရပ်တန့်လိုက်သည်။ လွန်ခဲ့တဲ့နှစ်ရက်က ဘန်က သူမကို ဘယ်တော့မှလက်မလွှတ်ဘူးဟု ပြောခဲ့သောဖြစ်ရပ်ကို သတိရသွားသည်။ ထိုအတွေးက သူမရဲ့ ခန္ဓာကိုယ်ကို အပူချိန်များတက်လာစေသည်။ အထူးသဖြင့် ဘန်ရဲ့မျက်ဝန်းများပင်ဖြစ်၏။ ရှက်သွေးဖြာမှုများက သူမရဲ့ ပါးပြင်ပေါ်မှာ ဖြည်းညင်းစွာ ပျံ့နှံ့သွားခဲ့သည်။ အေးစိမ့်တဲ့ ဆောင်းဦးရဲ့လေညင်းသည် ဖွင့်ထားသောပြတင်းပေါက်မှ တိုးဝင်လာခဲ့ပေမယ့် သူမမှာတော့ ပူဟိုက်မှုကိုသာ ခံစားနေရသေး၏။ ဆာစီးနီယာက သူမကိုယ်သူမ အေးမြစေရန် လက်ဖြင့် ယပ်တောင်ခတ်လိုက်သည်။
“ပူလို့လား.. ညီမက အေးလို့ ပြတင်းပေါက်တောင် ပိတ်တော့မလို့လုပ်နေတာ” မေက ဦးခေါင်းကို တိမ်းစောင်းကာပြောသည်။
ဆာစီးနီယာက ထုံးစံအတိုင်း ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။ “နည်းနည်းလောက်ပိုဖွင့်ထားလိုက်”
မေကသာ သူမမှာ ဒီလိုအတွေးမျိုးရှိနေတာကို သိသွားခဲ့မယ်ဆိုရင် ခုနကလို သူမကို သိတယ်ဆိုတဲ့အကြည့်နဲ့ တမင်တကာ ထပ်ကြည့်ဦးမည်သာဖြစ်သည်။ သူမ ဒီလိုမျိုးတွေတွေးနေကြောင်းကို သိသွားလို့မဖြစ်သည့်အတွက် စိတ်ထဲမှာ နေရာယူထားတဲ့ မှတ်ညဏ်တွေကို ဖျက်ပစ်ဖို့ ကြိုးစားရပေမည်။ ရုတ်တရက် သူမမှာ အတွေးတစ်ခုဝင်လာခဲ့သည်။
‘ဒီကမ္ဘာပေါ်မှာ ဘယ်လိုမောင်နှမမျိုးက ဒီလိုနေလို့လဲ’
သူမနဲ့ ဘန်ရဲ့ ဆက်ဆံရေးက တကယ်ပဲ အစ်မနဲ့မောင်လိုမျိုးဆိုတာကို သူမ အတပ်ပြောနိုင်သလား။
‘အဲလိုမဟုတ်ဘူးဆိုတာ သေချာပါတယ်’
မောင်နှမဆက်ဆံရေးဆိုတာ ဘာမဟုတ်တာလေးကို တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံနေကြတာမဟုတ်ဘူးလား။ ဒီလိုမျိုးဆိုရင်တော့ သူတို့ရဲ့ဆက်ဆံရေးက မောင်နှမတွေလိုပါလို့ ပြောလို့မရ။ သို့သော်လည်း သူတို့ရဲ့ဆက်ဆံရေးမှာ ဘာစည်းမျဥ်းမှ ရေးဆွဲထားတာမျိုးမရှိ။
“ဒါဆို မြို့စားမင်းက ဆာစီးနီယာနဲ့ သုံးနှစ်လုံးအတူရှိနေခဲ့တဲ့ သူပဲပေါ့.. ဒါမှမဟုတ် သူငယ်ချင်းလား” မေက အတွေးထဲမှာ ပျောက်ဆုံးနေတဲ့ ဆာစီးနီယာကို မေးလိုက်သည်။
“သူငယ်ချင်း…” ဆာစီးနီယာသည် ဖြည်းဖြည်းချင်း ရေရွတ်လိုက်သည်။
သူမ ထိုအကြောင်းကို တွေးမိသည့်အခါ ဘန်နဲ့ ပထမဆုံးစတွေ့ကတည်းက အခုချိန်ထိ သူတို့ကြားက ဘယ်လိုဆက်ဆံရေးလဲဆိုတာကို လေးလေးနက်နက် အဓိပ္ပာယ်မဖော်ထုတ်ဖူးခဲ့။ အဲဒီအချိန်တုန်းက အတူတူရှိနေရတာကို ခံစားလို့ကောင်းရုံသာရှိခဲ့ပြီး အထီးကျန်ပြီး ဗလာကျင်းနေတဲ့ အိမ်လေးအစား သူမကိုစောင့်မျှော်နေတတ်တဲ့ တစ်စုံတစ်ယောက်ရှိနေခဲ့ခြင်းကို ကောင်းတယ်ဟုသာ ထင်ခဲ့သည်။ ဘန်က သူမနဲ့အတူ နွေးထွေးမှုတွေ ဝေမျှနိုင်တဲ့ တစ်ယောက်သောသူဖြစ်ခဲ့တာက ကောင်းခြင်းတစ်ခုဖြစ်ခဲ့သည်။ သူမက ထိုအကြောင်းပြချက်ကို သဘောကျခဲ့တယ်ဟုသာ ထင်ခဲ့မိသည်။
‘ဒါဆို အခုကရော’
လွန်ခဲ့တဲ့သုံးနှစ်ကသာ ဒီလိုမျိုးဖြစ်ခဲ့တယ်ဆိုရင် အခုသူတို့ဆက်ဆံရေးက ဘယ်လိုများဖြစ်နေမလဲ။
‘မသိတော့ဘူး.. လမ်းပျောက်နေပြီ’
ဒါလေးတွေးမိတာကတောင် သူမကို ခေါင်းကိုက်စေသည်။ ဆာစီးနီယာက မျက်မှောင်ကြုတ်ကာ ထရပ်လိုက်၏။
“ဘယ်သွားမလို့လဲ”
“ခဏလေညင်းခံမလို့”
စိတ်အဆင်မပြေဖြစ်ရုံတင်မဟုတ်ပဲ သူမရဲ့ ရင်ဘတ်ပေါ်မှာ လေးလံတဲ့ တစ်စုံတစ်ခု တင်ရှိနေသလိုခံစားရသည်။ လမ်းအနည်းလျှောက်ပြီးရင် နေလို့ကောင်းသွားမယ်ဟု မျှော်လင့်ကာ ထိုင်ခုံပေါ်မှ သူမရဲ့ ဝတ်ရုံကို လှမ်းယူလိုက်သည်။
“အတူတူလိုက်ခဲ့ပေးမယ်”
“ရတယ် ငါတစ်ယောက်တည်းပဲသွားမယ်”
အနောက်မှလိုက်လာမလို့လုပ်နေတဲ့ မေကိုတားပြီး ဆာစီးနီယာက အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ အဖြေမရှိတဲ့ စိုးရိမ်ပူပန်မှုတွေဆီကနေ လွတ်မြောက်သွားသလို ခံစားရပေမယ့် ထိုအကြောင်းကိုတွေးတာရပ်လိုက်ဖို့ ကြိုးစားခဲ့သည်။ တွေးနေရင်တောင်မှ ထင်ရှားတဲ့အဖြေကိုရရှိမှာမဟုတ်တဲ့အပြင် သူမရဲ့နှလုံးသားကိုပဲ မသက်မသာဖြစ်စေမှာဖြစ်သည်။
ဆာစီးနီယာက သူမနှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမ ဖုံးကွယ်ထားတဲ့ ဘန်အပေါ်ထားသည့် ခံစားချက်တွေက အလင်းရောင်အောက်မှာ ဘယ်တော့မှရောက်ရှိလာမှာမဟုတ်ဘူးဆိုတာကို သူမသိနေခဲ့သည်။ ဒါပေမယ့် အဲဒါနဲ့ပက်သက်ပြီး သူမဘာလုပ်နိုင်မှာတဲ့လဲ။ သူမရဲ့အနာဂတ်ကိုတောင်မသိရပဲနဲ့ ဘယ်လိုများ လောဘကြီးနိုင်မှာတဲ့လဲ။ ထိုအချိန်တုန်းကလိုသာဖြစ်သည်။ သူမ ကိုယ့်ကိုယ်ကို သတိမမူမိသလိုဖြစ်ခဲ့သည်။
ပန်းခြံကိုသွားတဲ့ ရှည်လျားပြီး ကျယ်ဝန်းတဲ့ လျှောက်လမ်းအတိုင်း သူမလျှောက်သွားသည်။ နူးညံ့ညင်သာစွာ လျှောက်နေတဲ့ သူမရဲ့ ခြေလှမ်းများသည် စင်္ကြံတစ်လျှောက်မှာ မြည်ဟီးနေခဲ့သည်။ သူမလျှောက်လာရင်းနှင့် သူမကို အားတုံ့အားနာနဲ့ နှုတ်ဆက်သွားကြတဲ့ အစေခံများကို ဖြတ်လာခဲ့သည်။ အိမ်ကြီးအတွင်းကို တစ်ခါမှ လှည့်ပတ်မကြည့်ရှုခဲ့ဖူးသည့်အတွက် အချိန်ကုန်လာတာနဲ့အမျှ လှေကားကိုရှာဖို့ ဘယ်လောက်ခဲယဥ်းလဲဆိုတာ သိနားလည်လာခဲ့သည်။
သူမကို အစားအသောက်တွေ အခန်းထဲအရောက်ပို့ဆောင်ပေးကြတဲ့ အစေခံများကိုပင် ကျေးဇူးတင်မိ၏။ ထမင်းစားခန်းကို သူမ တစ်ခါမှဆင်းမကြည့်ခဲ့ဖူး။ ဒီမှာရှိခဲ့တဲ့ နှစ်ရက်လုံးလုံးမှာ သူမရောက်ခဲ့တဲ့နေရာဆိုလို့ သူမရဲ့အခန်းနဲ့ မေရဲ့အခန်းသာဖြစ်ပြီး သူမတို့နှစ်ယောက်ရဲ့အခန်းကို သွားလာနိုင်တဲ့ လျှောက်လမ်းသာဖြစ်သည်။ ဒီလိုဖြစ်မယ်မှန်းသိရင် ခုနကဖြတ်သွားတဲ့ အစေခံကို မေးခဲ့သင့်သည်။ အခုတော့ ပုရွက်ဆိတ်တစ်ကောင်ကိုတောင် သူမမတွေ့ရတော့။
“ငါလိုတဲ့အချိန်ကျတော့ သူတို့က ဘာလို့ ပေါ်မလာတာလဲ…” သူမကိုယ်သူမ လမ်းရှာနိုင်မယ်ထင်ပြီး ယုံကြည်ချက်ရှိခဲ့တာကို အပြစ်တင်ကာ သက်ပြင်းချမိသည်။
သူမ ဒီအထိတောင်ရောက်လာခဲ့ပြီးပြီဆိုတော့ ပြန်လှည့်ဖို့မလိုတော့ပေ။ နောက်ဆုံးတော့ လမ်းရှာတွေ့မယ်ဆိုတဲ့ ခံစားချက်နဲ့ ဆာစီးနီယာသည် ဆက်လျှောက်လာခဲ့သည်။ အကူညီတောင်းဖို့ တစ်စုံတစ်ယောက်ကိုတွေ့နိုင်ဖို့တော့ သူမမျှော်လင့်မိသည်။
ပြတင်းပေါက်မှတစ်ဆင့် နွေးထွေးတဲ့နေရောင်ခြည်ဟာ ထွန်းလင်းနေသည်။ အိမ်ကြီးရဲ့အတွင်းပိုင်းတစ်ခုလုံးဟာ ကြီးကျယ်ခမ်းနားပြီး အေးစက်သလိုထင်ရပေမယ့် နွေးထွေးတဲ့နေရောင်ခြည်နဲ့တွေ့ရှိလိုက်တာနဲ့ ကြော့ရှင်းပြီး အေးအေးချမ်းချမ်းရှိတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ ရှေးဟောင်းပစ္စည်းများသာဖြစ်သည်။ ချောကလက်အရောင် သစ်သားနှင့်လုပ်ထားသော နံရံသည် နေရောင်ထဲမှာ မှိန်ဖျဖျဝင်းလက်နေသည်။ ဆာစီးနီယာက သူမရဲ့ လက်ချောင်းထိပ်နဲ့ ချောမွတ်တဲ့နံရံကို တရွတ်တိုက်ပွတ်ဆွဲသွားရင်း လျှောက်လာခဲ့သည်။ သူမရဲ့ လက်ချောင်းထိပ်မှာ သစ်သားရဲ့ နူးညံ့ပြီး နွေးထွေးတဲ့အထိက အတည်တကျရှိနေသည်။
“ငါက ဒီလိုအိမ်ကြီးထဲမှာရောက်နေတယ်ဆိုတာကိုတောင် မယုံနိုင်ဘူး”
ဆာစီးနီယာနေခဲ့တဲ့အိမ်က ဧည့်ခန်းနဲ့ မီးဖိုခန်းကိုတောင် နည်းနည်းလောက်ခြေလှမ်းသွားလိုက်ရင် ရောက်နေတဲ့ နေရာကျဥ်းကျဥ်းလေးသာဖြစ်ခဲ့သည်။ ဒါပေမယ့် ဘန်ကတော့ ဒီအိမ်ကြီးရဲ့ ပိုင်ရှင်ဖြစ်သည်။ ဘန်သည် တကယ် မြို့စားမင်းဖြစ်ကြောင်းကို ထိုအချိန်မှာ သူမနားလည်သွားခဲ့သည်။ ဆာစီးနီယာသည် လမ်းဆုံနဲ့ စင်္ကြံတစ်လျှောက်ကို ရောက်တတ်ရာရာ ဆက်လျှောက်လာခဲ့သည်။ သူမသည် အဝေးကနေ စကားတီးတိုးပြောသံကိုကြားလိုက်ရသည်။
‘နောက်ဆုံးတော့ လူတစ်ယောက်ရောက်လာပြီ’
တလက်လက်တောက်ပနေသောမျက်ဝန်းများဖြင့် ဆာစီးနီယာသည် ကျေနပ်သွားကာ ရှေ့တိုးသွားမိသည်။ မိနစ်အနည်းငယ်လောက်ကြာပြီးမှ လူအသံကိုကြားရခြင်းဖြစ်သည်။
“အရမ်းပြန်ကန်ထွက်နေတာမဟုတ်ဘူးလား”
သံသယဖြစ်စရာကောင်းတဲ့စကားသံကိုကြားတာနဲ့ ဆာစီးနီယာက လမ်းမှာတင် ရပ်လိုက်သည်။
“ဗားန် ငါလုပ်လို့မရဘူးလား”
“ဂျိမ်းစ်ပဲ လုပ်လို့ရတာလား”
ဆာစီးနီယာရဲ့ နဖူးဟာ အလိုလျောက်မှုန်ကုပ်သွားရသည်။
‘နေပါဦး.. သူတို့ ဗားန်နဲ့ စကားပြောနေကြတာလား’
ဆာစီးနီယာက လျင်မြန်စွာနဲ့ နံရံကို မီလိုက်သည်။ သူမကို သူတို့တွေ့သွားမှာကို မလိုချင်။ ဗားန်က သူမ မတွေ့ချင်တဲ့ ပထမဆုံးသူဖြစ်သောကြောင့်ဖြစ်သည်။
“မရဘူးလို့ပြောနေတယ်လေ” ဗားန်ရဲ့ ချုပ်ထိန်းထားတဲ့အသံက တုန်ယင်နေသည်။
“ဗာန်း နင်သိလား.. ဂျိမ်းစ်က အဲဒီအကြောင်းကို ဘယ်လောက်တောင်ကြွားလုံးတွေထုတ်ခဲ့လဲဆိုတာကို.. သူကပြောသေးတယ်.. အဲဒီညကို ဘယ်တော့မှမေ့နိုင်မှာမဟုတ်ဘူး”
“နင်လိုချင်ရင် ငါပိုက်ဆံပေးမယ်လေ.. ဘယ်လောက်လိုချင်လဲ.. ရှီလင် ၁၀၀ ဆို လုံလောက်လား”
“ဟုတ်တယ် ရှီလင် ၁၀၀ ဆိုတာ သင့်တင့်တဲ့ ပမာဏပဲ”
နေရာကနေထွက်သွားဖို့လုပ်နေတဲ့ ဆာစီးနီယာသည် ထိုလူတွေရဲ့ ရွံစရာကောင်းတဲ့စကားတွေကြောင့် ပြန်လှည့်လာလိုက်သည်။
‘အဲဒါတွေက ဘာအဓိပ္ပာယ်လဲ’
သူမသည် မတတ်သာပဲ ထိုလူတွေရဲ့စကားများကြောင့် စိတ်တိုသွားမိသည်။ တစ်စုံတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ရုံတင်မကလို့ အရှက်ခွဲနေခြင်းလည်းဖြစ်သည်။ သူမသည် ဗားန်ကို ရှောင်ချင်ပေမယ့် ဒီလိုအခြေနေမျိုးမှာတော့ ရှောင်ထွက်မသွားနိုင်ခဲ့။
သူမကို လှောင်ပြောင်သရော်နေကြပြီး ဘယ်သူမှ သူမအနားကို မရောက်လာသည့် အခြေအနေဖြစ်သည်။ ဆာစီးနီယာသည် ဒီအကြောင်းကို မသိချင်ယောင်မဆောင်နိုင်။ အနားမှာ ဘယ်သူမှမရှိတာက ဘယ်လောက်တောင် ခဲယဥ်းလဲဆိုတာကို သူမသိသည်။ သူမလိုမျိုး နောက်ထပ် ခံရသူတစ်ယောက်ကို မလိုချင်။ နောက်ထပ်အရေးကြီးဆုံးကတော့ ဘန်ရဲ့ ဂုဏ်သတင်းသည် သူတို့ရဲ့ စက်ဆုပ်ဖွယ်အပြုအမူတွေကြောင့် ပျက်စီးသွားနိုင်သည်။
“ဗားန် အဲဒီမှာရှိလား”
ဆာစီးနီယာက သူမရှိကြောင်းကို ထုတ်ဖော်ပြသည့်အနေနဲ့ မေးလိုက်သည်။
*ဒုတ်*
ထိုအချိန်မှာ နာကျင်မှုကြောင့် ရုန်းထွက်လာတဲ့အသံမှာ ဆာစီးနီယာ မျက်လုံးများ ပြူးကျယ်သွားရသည်။
“အား”
ဗားန်ရှေ့မှာရပ်နေတဲ့လူက နာကျင်မှုကြောင့် ညည်းတွားကာ သူ့ရဲ့နှာခေါင်းကိုကိုင်ပြီး ဝပ်ကျသွားသည်။ ဗားန်ဘေးမှာရှိတဲ့ ယောက်ျားနှစ်ယောက်သည်လည်း မလှုပ်ရှားနိုင်ဖြစ်ကုန်ကြသည်။ ဗားန်ရဲ့ မထင်မှတ်ထားတဲ့ တိုက်ခိုက်မှုကြောင့် သူတို့အားလုံး စိတ်ရှုပ်ထွေးသွားကြသည်။
“နင်အလုပ်ပြုတ်ချင်ရင် ထပ်လုပ်လိုက်လေ”
ဗားန်က သူမရဲ့ လက်သီးဆုပ်ကိုမြှင့်ပြီး ခြေထောက်ကိုကားလိုက်ကာ သူတို့ကို တိုက်ခိုက်ဖို့အတွက် အသင့်ဖြစ်နေသည်။ သူမရဲ့ မျက်လုံးများက သူတို့ကို အချိန်မရွေး ကန်ထုတ်ဖို့အဆင်သင့်ဖြစ်နေသည့်အလား ပြတ်သားနေခဲ့သည်။