Chapter 55
“သံအမတ်ကြီး”
အားချန်က စာရွက်စာတမ်းတွေကိုကြည့်နေတဲ့ သူ့သခင်ကို လှမ်းခေါ်လိုက်သည်။ ဒါပေမယ့် သူအဖြေတော့ပြန်မရခဲ့ပါ။ သူ့သခင်မြို့စားမင်းပိုင်နက်ထဲ ပြန်မလာတာ နှစ်ရက်ခန့်ရှိပြီဖြစ်သည်။ ယင်းအစား သူသည်ပိုင်နက်နှင့် အနည်းငယ်ဝေးသော အိမ်တစ်လုံးတွင်နေထိုင်ခဲ့သည်။
သူက ဒီအိမ်ကြီးကို အဓိကနေရာအတွက် မလုံမလောက်ခဲ့ရင် ယာယီဂိုဒေါင်အဖြစ်ရည်ရွယ်ကာ ဝယ်ခဲ့ခြင်းဖြစ်သည်။ ဒါကြောင့် ဒီအိမ်ကြီးမှာ အစေခံနှင့် ပရိဘောဂများမရှိခြင်းဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူ့သခင်က မြို့စားမင်းပိုင်နက်မှ ထွက်ခွာခဲ့ပြီး ဒီနေရာမှာ နေထိုင်ခဲ့သည်။ အားချန်သည် သူ့သခင်၏ အစားအသောက်၊ အဝတ်အစားနှင့် ပရိဘောဂများကိုပြင်ဆင်နေသူဖြစ်သည်။ သူဘာတွေဖြစ်ပျက်ခဲ့မှန်းမသိသလို သူ့သခင် ဘာကြောင့် မြို့စားမင်းပိုင်နက်ထဲက ထွက်ခွာမှန်းလည်းမသိခဲ့။
“သံအမတ်ကြီး”
အားချန်သည် သူ့သခင်ရဲ့မျက်နှာကို စိုးရိမ်တကြီးဖြင့် ကြည့်မိသည်။ သူ့သခင်မျက်နှာသည် ခါတိုင်းထက်ပိုမိုကြမ်းတမ်းနေပြီး နှစ်ရက်ခန့် အိပ်ရေးပျက်ထားသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဟုတ်ပါသည်။ ဒီနေရာမှာ ဘယ်သူမှ ကုတင်မပါပဲကောင်းကောင်း အိပ်ပျော်နိုင်မည် မဟုတ်ပေ။
“သံအမတ်ကြီး ဘာလို့ မြို့စားမင်းပိုင်နက်ထဲ မပြန်တာလဲ.. ဒါမှမဟုတ် ကျွန်တော်ပြန်ပြီး သံအမတ်ကြီးအတွက် ကုတင်ယူခဲ့ပေးရမလား”
အားချန်လည်း သူ့သခင်ရဲ့တောင်းဆိုချက်အရ မြို့စားမင်းပိုင်နက်မှ စာရွက်စာတမ်းများကို ဤအိမ်သို့ နှစ်ရက်ကြာ ယူဆောင်လာခဲ့သည်။
"ငါအဆင်ပြေပါတယ်.. ဆာစီးနီယာရဲ့ အမာရွတ်ကရော ဘယ်လိုနေလဲ"
"ဆရာဝန်ကတော့ ဆေးပုံမှန်လိမ်းပေးရင် သက်သာသွားမယ်လို့ပြောပါတယ် မိန်းကလေး ဆာစီးနီယာရဲ့ အမာရွတ်က တစ်ဖြည်းဖြည်း သက်သာလာပါပြီ”
ဘန်က အားချန်ရဲ့ အစီရင်ခံစာကို ခေါင်းငြိမ့်ပြလိုက်သည်။ သူမရဲ့အမာရွတ် သက်သာလာတာကိုသူကိုယ်တိုင် တွေ့မြင်ချင်ခဲ့သည်။ ဒါပေမယ့် သူဒါကို သည်းခံခဲ့သည်။ သူ့အကြောင်းပြချက်ကို ဆုံးရှုံးပြီး အရင်ကလိုဆက်ဆံရမှာကို သူကြောက်နေခဲ့သည်။
"ကောင်းပြီ သွားလို့ရပြီ”
သူဘာကိုမှတွေးတောနိုင်စွမ်းမရှိတော့ပဲ အလုပ်ကိုသာထွက်ပေါက်တစ်ခုအနေဖြင့်ဖိလုပ်နေခဲ့သည်။ ဘန်က စာရွက်စာတန်းတွေကိုထပ်လုပ်နေပြီး သူ့ပုံစံက အလုပ်အလွန်အကျွန်လုပ်တာကြောင့်သေရတော့မယ့်သူတစ်ယောက်ပုံစံပေါက်နေသည်။
"သံအမတ်ကြီး.. သံအမတ်ကြီး တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်မိပါတယ်"
အားချန် ဒီလိုမျိုးပြောပြောနေတာအကြိမ်ကြိမ်ရှိခဲ့ပါပြီ။ ဒါပေမယ့် သူထင်ထားသလိုပဲ သူ့သခင်က သူပြောတာကို နားမထောင်ပါ။ အားချန်လည်း သူ့သခင်ရဲ့ အပြုအမူကို လုံးဝ နားမလည်နိုင်ခဲ့။ မိန်းကလေး ဆာစီးနီးယာကို လွမ်းနာကျနေသော သခင်က ရုတ်တရက်
မြို့စားမင်းပိုင်နက်ထဲမှာနေသော မိန်းကလေး
ဆာစီးနီးယာကို မတွေ့ချင်တော့ပြန်ပေ။
သူတို့ ရန်များဖြစ်ထားကြတာလား
"သံအမတ်ကြီး မိန်းကလေးဆာစီးနီယာနဲ့ ဘာများဖြစ်ထားလို့လဲ"
ဘန်က အားချန်ကို စာရွက်တွေပေးနေရာမှ စကားကိုရပ်လိုက်သည်။ အားချန်လည်း သူမမေးသင့်တဲ့အရာတစ်ခုကို ထုတ်မေးလိုက်မိမှန်း သဘောပေါက်သွားသည်။
“အားချန်”
"ဟုတ်ကဲ့ပါ သံအမတ်ကြီး”
အားချန်သည် သူ့သခင်၏ နက်နဲနိမ့်ပါးပြီး ခြိမ်းခြောက်လုနီးပါး ဖြစ်နေသော အသံကြောင့် ခြောက်သွေ့နေသောလည်ချောင်းကို တံတွေးမျိုချလိုက်သည်။ သူ့သခင်၏ အေးစက်စက်အငွေ့အသက်ကြောင့် ပခုံးများပင် တဆတ်ဆတ် တုန်နေသည်။
"မနက်ဖြန်ကစပြီး နယ်မြေ စစ်ဆေးရေးလုပ်မှာမို့
ပြင်ဆင်ထားလိုက်ပါ"
“ဟုတ်ကဲ့ဆရာ”
အားချန် မြန်မြန်ဦးညွတ်ကာ နှုတ်ဆက်ပြီး အခန်းထဲမှ ထွက်လာလိုက်သည်။ စစ်ဆေးရေးသွားနေချိန်မှာလဲ သူက ဒီအချိန်မှာ မြို့စားမင်း ပိုင်နက်ထဲသွားမှာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းဆိုသည်။ အားချန်အနေနဲ့ မိန်းကလေး ဆာစီးနီယာနဲ့ တစ်ခုခုဖြစ်ထားသည်ကိုသိသည်။ ဒါပေမယ့် သူဒီအကြောင်းကို အစထုတ်ပြောမိပြီး သူ့သခင်ရဲ့ဒေါသ သူ့ပေါ်ပုံကျလာမယ့်အမှားမျိုးတော့ သူမကျူးလွန်ချင်ပါ။
“...”
အားချန်ထွက်သွားပြီးနောက် ဘန်တစ်ယောက်တိတ်ဆိတ်နေသော အခန်းလေးကို လှည့်ပတ်ကြည့်ရှုကာ ကုလားထိုင်ပေါ်ထိုင်ပြီး ခေါင်းညိတ် လိုက်သည်။ ဒါနဲ့ဆို သူ မြို့စားမင်းပိုင်နက်က ထွက်ပြေးလာခဲ့တာ နှစ်ရက်ရှိလေပြီ။ တစ်နည်းအားဖြင့် သူ ဆာစီးနီယာကိုမတွေ့ရတာ နှစ်ရက်ပြည့်ခဲ့ပြီ။
သူ့ရဲ့ပင်ပန်းနေတဲ့မျက်လုံးအစုံကိုမှိတ်ထားလိုက်သည်။ အားချန်ကြောင့် ဆာစီးနီယာ တစ်ယောက် ခရီးဆောင်အိတ်ကြီးသယ်လာတာကိုသတိရသွားသည်။ သူအလုပ်မှာအရမ်းအာရုံစိုက်နေတာကြောင့် ဒီကိစ္စကိုမေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီး အခုမှပြန်သတိရလာသည်။ ဘန်ပြန်ပီးစိတ်ပူလာပြန်သည်။ ကြည့်ရတာ သူမက အချိန်မရွေးပျောက်ကွယ်သွားနိုင်သည်။ ဒါကပဲ ဘန် သူမကို အချိန်မရွေး အကြမ်းဖက်ပြီးနာကျင်အောင်လုပ်မိနိုင်တယ်လို့ ခံစားမိလာစေသည်။
“ဒါရွံဖို့ကောင်းတယ်”
ဘန်သည်ကြောက်စရာကောင်းသော အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ အဲ့အချိန်ကတည်းက သူ၏ ယုတ်ညံ့သောဆန္ဒကို မကြီးထွားစေရန် ဆာစီးနီယာကို ဖြစ်နိုင်သမျှရှောင်ကာ မြို့စားမင်းပိုင်နက်မှထွက်လာခဲ့ခြင်းဖြစ်သည်။
‘ငါနည်းနည်း စိတ်လျှော့လိုက်ရင် ဒီအတွေးတွေပျောက်သွားမှာပါ’
တိတ်ဆိတ်နေသောအခန်းလေးထဲ အံဆွဲဖွင့်သံလေးက ပျံနှံ့သွားသည်။ ဘန်သည် အံဆွဲထဲမှ ဟောင်းနွမ်းနေသော လက်ကောက်ကို ယူကာ သူ့လက်ထဲတွင် ကိုင်ထားသည်။ လွန်ခဲ့သောသုံးနှစ်က ဆာစီးနီးယာကိုထားခဲ့စဥ်က သူနှင့်အတူယူဆောင်ခဲ့သော ပစည်းလေးဖြစ်သည်။
လက်ကောက်လေးမှာ အနည်းငယ်ဟောင်းနွမ်းနေသော်လည်း အလွန်လှပနေသေးသည်။ လွန်ခဲ့တဲ့သုံးနှစ်ကတည်းက သူ့ပိုင်ရှင်ထံမရောက်ရှိသေးတဲ့ လက်ကောက်လေးအား ငေးကြည့်ကာ တန်ဖိုးအရှိဆုံးပစ္စည်းလေးတစ်ခုအဖြစ် မြတ်နိုးစွာ ပွတ်သပ်ကိုင်တွယ်လိုက်သည်။
ဘန်သည် တောင့်တပြီး ချစ်ခင်မှု အပြည့်ရှိသောမျက်ဝန်းများဖြင့် လက်ကောက်ကို တိတ်တဆိတ် နမ်းလိုက်သည်။ ဒီလက်ကောက်ကို ဆာစီးနီယာအဖြစ် သတ်မှတ်၍ နမ်းလိုက်ခြင်းဖြစ်သည်။ သူ့ရဲ့ နက်မှောင်တဲ့ ခရမ်းရောင် မျက်လုံးများမှာ မျက်ရည်ဝဲနေသည်။ လွန်ခဲ့သောသုံးနှစ်တုန်းက သူမဆီကို ပြန်သွားဖို့ကြိုးစားခဲ့စဥ်ကလိုဖြစ်သည်။
***
"သူမဟာ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာကို ခံစားခဲ့ရတာမို့ တစ်သက်လုံး ဆေးလိမ်းရမှာပဲ"
ဒုတ်
ဆာစီးနီယာသည် သူမ နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ သူမပါးစပ်က ခြောက်သွေ့နေပြီး သူမ တစ်ကိုယ်လုံး အေးစက်နေသည်။ ခဏကြာတော့ သူမခြေထောက်တွေ ယိမ်းထိုးလာတာကြောင့် နံရံကို အမြန်မှီလိုက်သည်။
“မိန်းကလေး ဆာစီးနီးယာ အဆင်ပြေရဲ့လား”
အံ့အားသင့်စွာဖြင့် ဗားန်သည် ဆာစီးနီယာ၏လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ ဆာစီးနီယာသည် ဗားန်ကို စိတ်ရှုပ်ထွေးသော မျက်လုံးများဖြင့်ကြည့်ကာ ပါးစပ်ကို ဟလိုက်သည်။
“ဘာ-ဘာ သူမ လို့ နာကျင်ရတာလဲ ..ဘာလို့လဲ”
“ကျွန်မလည်း မသိဘူး တစ်နေ့အိမ်ပြန်ရောက်လာတော့ အမေက မီးလောင်ခံရပြီး မေ့လဲနေတာ.. သူတို့ ပြောတာတော့ အဲ့တုန်းက အိမ်ကမီးမလောင်ဘူးတဲ့.. အရမ်းထူးဆန်းတယ်.. အမေကိုယ်တိုင်လဲ အဲ့တုန်းက ဘာဖြစ်ခဲ့လဲဆိုတာကိုမမှတ်မိဘူး”
ဆာစီးနီယာ မူးဝေလာသည်။ ဒါဟာ သူမထင်သလို နာတာရှည်ရောဂါမဟုတ်ဘဲ ပြင်းထန်တဲ့ ပူလောင်မှုတစ်ခုဖြစ်သည်။ မူရင်းဇာတ်လမ်းထဲကလို ဗားန်၏မိခင်သည် မကောင်းမှုကျူးလွန်ခြင်းမပြုသောကြောင့် နေကောင်းနေသင့်သည်။
'ဗားန်ရဲ့အမေကဘာလို့မီးလောင်သွားတာလဲ ဘာကြောင့် အရာအားလုံးက မူရင်းဇာတ်လမ်းအတိုင်း သွားနေရတာလဲ ဘာကြောင့် မပြောင်းလဲတာလဲ’
ဆာစီးနီယာ ကိုယ်တိုင်လဲ ဘာဖြစ်နေမှန်း အဖြေရှာမရဖြစ်နေသည်။
'ဒီမှာ ဗားန်နဲ့တွေ့တာက တိုက်ဆိုင်မှုသက်သက်ပဲလား။' သူမသည် အရာအားလုံးကို စတင်၍ သံသယဝင်လာသည်။
"မမလေး နေမကောင်းဘူးလား?" ဗားန်က စိုးရိမ်မှုအပြည့်နဲ့ မေးလာသည်။
ဆာစီးနီယာသည် ကူကယ်ရာမဲ့စွာနှင့် ဗားန်၏ ဂရုစိုက်မှုကို ခံနေရသည်။ သူမ မေးခွန်းတစ်ခု အမြန်မေးလိုက်သည်။
“နင်ဒီမှာ ဘယ်အချိန်ကစပြီး အလုပ်လုပ်တာလဲ”
ဗားန်က ဆာစီးနီယာရဲ့ အပြုအမူကိုနားမလည်နိုင်ဖြစ်နေသည်။ သူမ ဒီလိုမေးနေပုံကအစ၊ သူမမျက်နှာနဲ့ အမူအရာက အံ့သြနေသူတစ်ယောက်လို ဖြစ်လာသည်။ သို့သော် ဗားန်သည် အကြောင်းပြချက်ရှိနိုင်သည်ဟု ထင်ကာ သူမ၏မေးခွန်းကို ဖြေခဲ့သည်။
"နှစ်ပတ်မပြည့်သေးပါဘူး"
ဆာစီးနီယာသည် အချိန်ကို အတွင်းကျကျ စဉ်းစားခဲ့သည်။ မူရင်းဇာတ်လမ်းမှာတော့ အမေ့ဆေးဖိုးရအောင် ဆောင်းဦးရာသီ၌ အလုပ်စလုပ်ခဲ့သည်။ ဒါက အခုအခြေအနေနဲ့တူနေပြီး မကြာခင်ဆောင်းဦးရောက်တော့မည်။
"ဘယ်လို..." ဆာစီးနီယာက နှိမ့်ချသောအသံဖြင့် ရေရွတ်လိုက်သည်။
ဇာတ်လမ်းက စတော့မယ်လို့ သူမ မှန်းဆထားပြီးသားဖြစ်ပေမယ့် မူရင်းဇာတ်လမ်းကနေ ဘာလို့ ဘာတစ်ခုပြောင်းလဲမသွားတာလဲဆိုတာ သူမ နားမလည်ပေ။ ဒါမမဟုတ် သူမကပဲစိုးရိမ်လွန်ပြီး တစ်ခုချင်းလိုက်တွေးနေမိတာလား။ သူမစိုးရိမ်နေမိသော်လည်း ဒီလောက်ဖြင့် နိဂုံးချုပ်ရန်မှာမူ စောနေသေးသည်။
"မိန်းကလေးဆာစီးနီယာ အနားယူသင့်တယ်လို့ထင်တယ်.. ကျွန်မ အခန်းထဲလိုက်ပို့ပေးပါရစေ"
ဗားန်သည် အဓိပ္ပာယ်မဲ့သောမျက်နှာဖြင့် ဆာစီးနီယာကိုကူညီကာ တဖြည်းဖြည်းချင်းရှေ့တိုးလာခဲ့သည်။ ဆာစီးနီယာသည် သူမအား ကူညီပေးသော ဗားန်နှင့်အတူ အရူးတစ်ယောက်ကဲ့သို့ လမ်းလျှောက်လာခဲ့သည်။ သူမ၏ခေါင်းသည် ချည်မျှင်ကဲ့သို့ ရှုပ်ပွနေသည်။
သူမမျှော်လင့်ထားသလို ဘာမှဖြစ်မလာခဲ့ပေ။ ဒါက ဘန် မြို့စားမင်းရှောဗာစ့်အဖြစ် သူမထံ ရောက်ရှိလာချိန်မှ စတင်ခဲ့သည်။ သူမ၏ လက်ရှိ ထိတ်လန့်မှုသည် ဘန်က အလက်စ်ဒီမီကန်ရှောဗာစ့်ဖြစ်ကြောင်း ဝန်ခံသောအချိန်ကနှင့် တူညီသည်။ ယခု သူမသည် အနာဂတ်တွင် ဘာလုပ်သင့်သည်ကို ရေးဆွဲစိတ်ကူးနေမိပြီး ပန်းခြံသို့သွားမည့် အစီအစဥ်ကိုပင် မေ့လျော့သွားခဲ့သည်။
"ဂရုစိုက်ထိုင်ပါ"
ဗားန်က ဆာစီးနီယာကို ဂရုတစိုက်နဲ့ အိပ်ယာထဲ ပို့ပေးခဲ့သည်။
"ကျွန်မ ဆရာဝန်ခေါ်ပေးရမလား ဒါမမဟုတ် သခင့်ကို… အာ.. သခင်က အဝေးရောက်နေတာပဲ”
ဆာစီးနီယာက ဗားန်ရဲ့ စိုးရိမ်ပူပန်နေ့တဲ့မျက်နှာကို ကြည့်နေလိုက်သည်။
အခန်းထဲပြန်တဲ့လမ်းမှာ သူမ အတွေးတွေကို အေးအေးဆေးဆေး စုစည်းနေမိသည်။
"ငါအဆင်ပြေပါတယ်"
ဖရိုဖရဲနှင့် ဒယိမ်းဒယိုင် သွားလာနေသော ဗားန်ကို သူမ ဟန့်တားလိုက်သည်။
"မိန်းကလေး ဆင်ပြေတာသေချာရဲ့လား"
ဗားန်သည် ဆာစီးနီယာ၏အရောင်အသွေးကို စစ်ဆေးခဲ့သည်။ သူမရောက်တဲ့ပထမဆုံးနေ့ကကဲ့သို့ပင် သူမမသက်သာပေ။ ဒါ့ကြောင့်လဲ ဗားန်က ဆာစီးနီယာသည် အားနွဲ့သော မိန်းမတစ်ယောက်ဟုထင်မိသည်။ သူမရဲ့ သွယ်လှသောကိုယ်လုံးကိုယ်ပေါက်က ဗားန်ကို ပို၍ နားလည်မှုလွဲစေသည်။
ဆာစီးနီယာသည် လွန်ခဲ့သော မိနစ်အနည်းငယ်ကပင် သူမရှေ့တွင် လူသုံးယောက်ကို အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့သည်။ သို့သော် ဗားန်သည် ဒီအချက်ကိုမေ့သွားပုံရသည်။
“ငါဒီတိုင်း ခဏလေးမူးနေတာပါ.. ကျေးဇူးတင်ပါတယ်”
“မဟုတ်တာ.. မိန်းကလေး ဆာစီးနီယာ ကျွန်မကို လွပ်လွပ်လပ်လပ်ပြောလို့ရပါတယ်”
“အင်း ငါပြောပါ့မယ်”
“မိန်းကလေး တကယ်အဆင်ပြေတယ်ဆိုရင် အိပ်ယာပြင်ပေးပါရစေ.. ဒါမှ နားနားနေနေလှဲလို့ရအောင်ပါ”
ဗားန်သည် ဆာစီးနီယာ၏ မျက်နှာကို နောက်တစ်ကြိမ်ကြည့်ပြီး အိပ်ယာကို ပြင်လိုက်သည်။ သူမ အလုပ်ကိုပြန်ဖို့ အရမ်းနောက်ကျနေပြီဖြစ်သည်။ သေချာတာကတော့ ဗားန်တစ်ယောက်အလုပ်မလုပ်ပဲ တစ်ခြားဟာသွားလုပ်နေသဖြင့် အဆူခံရပေတော့မည်။ ပြီးတော့ သူမဟာ သူတို့ကို နောက်တစ်ကြိမ် ရင်ဆိုင်ပြီး ငရဲဆန်တဲ့နေ့ရက်တွေကို ဖြတ်သန်းရလိမ့်မယ်။ ဗားန်သည် ဆာစီးနီယာကို ကုတင်ပေါ်တွင် သက်တောင့်သက်သာ အိပ်နိုင်စေရန် စောင်ကို ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။
အလုပ်ကိုပြန်မသွားချင်လို့ တမင်လုပ်နေသောသူတစ်ယောက်ကဲ့သို့ပင်။
“ဒါဆို သွားလိုက်ပါဦးမယ် ကောင်းကောင်းအနားယူပါ”
သို့သော် ဒီလောက်လုပ်ပေးယုံမျှဖြင့် အချိန်မကုန်သောကြောင့် ဗားန်သည် သူမအား နှုတ်ဆက်ပြီးနောက် ထွက်ခွာသွားခဲ့သည်။
"ခဏလေး”
ဆာစီးနီယာက ဗားန် ခြေလှမ်းဖို့ပြင်နေချိန်တွင်လှမ်းဆွဲထားလိုက်သည်။ ဆာစီးနီယာ တစ်ခဏမျှ တိတ်ဆိတ်နေခဲ့ပြီး ပြန်လှည့်လာသောဗားန်ကို စကားပြောဖို့ပြင်လိုက်သည်။ ဆုံးဖြတ်ချက်အကြီးကြီး ချမှတ်ရ မှာမို့ သူမတံတွေးကို မျိုချလိုက်သည်။
“အဆင်ပြေမယ်ဆိုရင် ငါနဲ့အတူခဏလောက် ထပ်နေပါလား”
"ရှင်.. မိန်းကလေး အခုပြောနေတာက ကိုယ်ပိုင်အစေခံအကြောင်းလား.. မိန်းကလေးမပြောခင်မှာတင် နည်းနည်း အဆင်မပြေဖြစ်နေသလိုပဲ…"
“တောင်းပန်ပါတယ်.. တကယ်တော့ ငါ့အတွက်တစ်ယောက်ထဲနေဖို့ဆိုတာခက်ခဲတယ်.. နင်က ငါ့ရဲ့ ကိုယ်ပိုင်အစေခံဖြစ်ပေးနိုင်မလား"
ဆာစီးနီယာက ဗားန်ကို တင်းမာသောအကြည့်ဖြင့်ကြည့်ကာ လက်ကိုဆန့်ထုတ်လိုက်သည်။
ဒီလိုအခြေအနေမျိုးမှာတော့ ဗားန်ကို သူမဘေးမှာထားတာပိုကောင်းမည်ဟု သူမဆုံးဖြတ်လိုက်သည်။
မူရင်းဝတ္ထုတွင် အမျိုးသမီးဇာတ်ဆောင်မှာ ဗားန်ဖြစ်သည်။ ဒါကြောင့် အရာအားလုံးသည် ဗားန်အနားတွင် လှည့်ပတ်နေမည်မှာထင်ရှားသည်။ မူရင်းဝတ္ထုတွင် ဆာစီးနီယာကျူးလွန်ခဲ့သော မကောင်းမှုဒုစရိုက်များကို သူမ မကျူးလွန်ခဲ့သော်ငြား အရာအားလုံးသည် မူရင်းအတိုင်း ဟုတ်မဟုတ် စစ်ဆေးရန် လိုအပ်သည်။
'မူရင်းအတိုင်း တကယ်သွားနေတာလား’
'ဒါမှမဟုတ် တိုက်ဆိုင်မှုတစ်ခုလား’
ပြသာနာကိုရှောင်ရှားပြီး ထွက်ပြေးတာက အဖြေကောင်းတစ်ခုမဟုတ်။ ဒါက ပြသာနာ တကယ်ဖြစ်လာခဲ့ရင် ပြင်ဆင်ဖို့နောက်ကျပြီး ပို၍ခက်ခဲစေလိမ့်မည်။ ဒါကြောင့် ပထမဆုံးအနေနဲ့ ဗားန်နဲ့ ဘာတွေဖြစ်နေလဲဆိုတာသိဖို့လိုသည်။ ဤနည်းအားဖြင့် ဆာစီးနီယာသည် မည်သည့်အခြေအနေမျိုးကိုမဆို ထိထိရောက်ရောက်နှင့် သင့်လျော်စွာ တုံ့ပြန်နိုင်မည်ဖြစ်သည်။
"အဲဒါက..."
ဗားန်ဟာ လွယ်လွယ်နဲ့ မဆုံးဖြတ်နိုင်ပဲ တုံ့ဆိုင်းနေသည်။ သူမ လုပ်ချင်တာတောင့် ခွင့်ပြုချက်တောင်းရန်လိုအပ်နေသည်။ ဆာစီးနီယာက ဗားန်ရဲ့ ပူပန်မှုကို သတိထားမိပြီး ပြောလိုက်ခြင်းဖြစ်သောကြောင့် ဗားန်အနေနဲ့ ခပ်မြန်မြန်ဆုံးဖြတ်ချက်ချရလိမ့်မည်။
“နင်အလုပ်ပြောင်းလိုက်ပြီလို့ သူတို့ကို ငါပြောပေးမယ်.. အဲ့ဒီတော့ စိတ်ပူစရာမလိုဘူး”
အဲ့နောက်မှာတော့ ဗားန်သည် သူမမျှော်လင့်ထားသည့်အရာဖြစ်သကဲ့သို့ တောက်ပသောမျက်နှာဖြင့် ပြန်ပြောခဲ့သည်။
"ဟုတ် ဟုတ်ကဲ့ လုပ်ပါ့မယ်”
"ဒါဆို ကျေးဇူးပြုပြီး ငါ့ကို ဂရုစိုက်ပါ"
"ဟုတ်ကဲ့ ကျွန်မကိုလည်း ဂရုစိုက်ပေးပါ မိန်းကလေး ဆာစီးနီယာ"
ဆာစီးနီယာလည်း နည်းလမ်းတွေအကုန်လုံးထဲမှာမှ ဒါကအကောင်းဆုံးဖြစ်မည်ဟုမျှော်လင့်ခဲ့သည်။