Chapter 56
"အိုး ဆာစီးနီယာ ကြည့်ပါအုံး"
မေက ကလေးလို ခုန်ပေါက်နေရင်း အော်ပြောလိုက်သည်။ သူမမျက်လုံးများမှာ အပျော်များဖုံးလွှမ်းကာ အရောင်တောက်ပနေသည်။ ဗားန်မှာလည်း ထိုသို့ပင်ထပ်တူဖြစ်ကြောင်း မထုတ်ဖော်ပြသော်လည်း ဆာစီးနီယာက မြင်နေရသည်။
"ဗားန် ညီမကြည့်ချင်ရှိရင်လည်း ကြည့်လို့ရတယ်နော်"
"ကျွန်မ တကယ်ကြည့်လို့ရလားဟင်"
"ညီမရဲ့ အားလပ်ချိန်ပဲလေ ရတာပေါ့"
ခွင့်ပြုချက်ရသည်နှင့် ဗားန်သည် မျက်လုံးပြူးကာ မေကဲ့သို့ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ဆာစီးနီယာနှင့်တကွ မေနှင့်ဗားန်သည် မြို့တော်အလယ်ရှိ ဖာဘီယမ်းလမ်းပေါ်တွင်ဆက်လျှောက်လှမ်းနေကြသည်။ ဖာဘီယမ်းလမ်းမှာ မြို့တော်၏ ဗဟိုဈေးကြီးပင်ဖြစ်သည်။ နိုင်ငံတကာမှ ပစ္စည်းမျိုးစုံကို တွေ့နိုင်မြင်နိုင်သည်ဟု ပြောလျှင်လွန်မည်မထင်။ ဆာစီးနီယာနှင့် ဘန်တို့နေထိုင်ခဲ့သည့် မူလိန်းရွာမှထွက်သော သစ်သားလက်မှုပစ္စည်းများကိုလည်း ဤလမ်းပေါ်ရှိဈေးတွင် တွေ့နိုင်သည်။ ထို့ကြောင့် လမ်းတစ်လျှောက်တွင် လူအများ၏ စိတ်အာရုံကိုအလွယ်တကူ ဖမ်းစားထားနိုင်သည့် မျက်စိကျစရာ စိတ်ဝင်စားစရာများနှင့်ပြည့်နှက်နေသည်။ ဗားန်နှင့်မေကို ကလေးများသဖွယ် မျက်လုံးဒေါက်ထောက်ကြည့်ရင်း ဆာစီးနီယာမှာ ခပ်ဖြည်းဖြည်းလျှောက်လာခဲ့သည်။
"တိုက်မိပြီးလဲနေအုံးမယ်နော် မေ"
"ဘာမှမဖြစ်ပါဘူး။ ဆာစီးနီယာ ဒီရတနာကို ကြည့်ပါအုံး"
ဆာစီးနီယာက မေတစ်ယောက် စိတ်လှုပ်ရှားပြီး ယုန်တစ်ကောင်လို ခုန်ဆွခုန်ဆွဖြစ်နေသည်ကို ပြုံးကြည့်နေလိုက်သည်။ စံအိမ်ကြီးထဲတွင် စိတ်အိုက်သလို အသက်ရှူမဝသလိုခံစားရသောကြောင့် လမ်းလျှောက်ထွက်လာခဲ့သော်လည်း မေ ဒီလောက်ပျော်မြူးနှစ်ခြိုက်နေလိမ့်မည်ဟုမထင်ခဲ့။ သူမသာသိခဲ့လျှင် အစောကတည်းက ခေါ်လာခဲ့မည်ပင်။
"ဝိုး.. လှလိုက်တာနော်"
နှင်းဆီပွင့်ပုံ ရင်ထိုးလေးကိုကြည့်ရင်း ဗားန်မှာ ညို့ငင်ဖမ်းစားခံထားရသလို တီးတိုးရေရွတ်နေသည်။
ဆာစီးနီယာက ဗားန်ကို ဝေခွဲမရဟန်ကြည့်နေမိသည်။ မြို့တော်နှင့်ဝေးရာမှာနေသော မေက အံ့ဩမင်သက် ပျော်ရွှင်နေသည်ကို နားလည်နိုင်သော်လည်း မြို့တော်တွင်နေသော ဗားန်၏ အမူအယာမှာမူ ထူးဆန်းနေသည်။ သူမလည်ပတ်ချင်လျှင် ဤလမ်းသို့ လာရောက်လည်ပတ်နိုင်ပါလျက်နှင့် သူမကိုကြည့်ရသည်မှာ အခုမှ ပထမဆုံး ရောက်ဖူးသကဲ့သို့ပင်။
"ဗားန်, ညီမ အခုမှ ဖာဘီယမ်းလမ်းကို ရောက်ဖူးတာလား?"
သိလိုစိတ်ကို မထိန်းချုပ်နိုင်ဘဲ ဆာစီးနီယာက မေးလိုက်မိသောအခါမှ ငေးမောအံ့ဩနေသော ဗားန်က သတိပြန်ဝင်လာသည်။
"ဟုတ်ပါတယ်.. ကျွန်မ အခုမှ ပထမဆုံးရောက်ဖူးတာ"
"ညီမက ဒီမြို့တော်မှာပဲနေတာမဟုတ်ဘူးလား?"
"ကျွန်မငယ်ငယ်ကတည်းက အိမ်မှုကိစ္စတွေလုပ်ရင်း ပိုက်ဆံပဲရှာနေရလို့ အပြင်သိပ်မထွက်ဖြစ်ပါဘူး"
ဗားန်က အရီလေးစွက်ရင်း ဘာမှမဖြစ်သလို ပြန်ဖြေလိုက်သော်လည်း ဆာစီးနီယာက အဓိပ္ပာယ်မရှိတာကို မေးလိုက်မိသလို မသက်မသာခံစားလိုက်ရသည်။
"အစ်မ တောင်းပန်ပါတယ်.."
"ဟင် ဘာမှ မဖြစ်ပါဘူး။ ဒီလိုကျတော့ ကြည့်ကောင်းသားပဲနော်!"
ဗားန်က ခေါင်းကိုရမ်းရင်း ပြန်ပြောလိုက်သည်။ ဆာစီးနီယာကတော့ ခေါင်းညိတ်ပြရင်း ဗားန်စိတ်တိုင်းကျ ဆက်ကြည့်စေလိုက်သည်။ ဗားန်မှာ အဓိက မိန်းကလေးဇာတ်ကောင်ဖြစ်သောကြောင့်လားမသိ သူမ၏ ဘဝ အချိုးအကွေ့ အလှည့်အပြောင်းများမှာ ပြဇာတ်ဆန်လှသည်။ ဆာစီးနီယာ တစ်ခုခု မေးလိုက်တိုင်း ကြမ်းတမ်းခဲ့သော အတိတ်ဇာတ်လမ်းတစ်ခု ယခုလိုပင် ပေါ်ထွက်လာသည်။
'ဘာမှ ထပ်မမေးမိစေနဲ့တော့...' ဆာစီးနီယာက သူမဘာသာပဲ ကတိထားလိုက်သည်။
ဗားန်အကြောင်းသူမ ပိုသိလာလေ သူမ လူသားဆန်လာလေပင်ဖြစ်သည်။ သူမ ဗားန်ရဲ့အတိတ်အတွက် စိတ်မကောင်းသော်လည်း မည်သို့ပင်ကြုံခဲ့စေကာမူ ဗားန်မှာ လူကောင်းသူကောင်းအဖြစ်ပင် ကြီးပြင်းလာခဲ့သည်။
ဆာစီးနီယာမှာ ဗားန်နှင့် ပိုမိုရင်းနှီးလာပြီး ပေါ့ပေါ့ပါးပါးစကားပြောနေနိုင်သည်။ အသက် '၂၂' နှစ်အရွယ်ဗားန်ကတော့ ဆာစီးနီယာကို အမတစ်ယောက်ပမာ သဘောထားလေသည်။ သို့ရာတွင် ရင်းနှီးကျွမ်းဝင်လာခြင်းသည် ဘယ်အတွက်မှမကောင်း။ သူမနှင့် နေခြင်းမှာ ဝတ္ထု၏ ယခုအခြေအနေကို သူမ နားလည်နိုင်ရန်ပဲဖြစ်သည်။
မူလဇာတ်လမ်းထဲတွင် ဗားန်မှာ အိမ်ရှေ့မင်းသား၏ဘေးတွင် ရှိခဲ့သူတစ်ဦးဖြစ်သည်။ ဆာစီးနီယာကို အသေစေချင်ဆုံးသူဖြစ်ပြီး ဆာစီးနီယာ၏ သေဆုံးခြင်းကြောင့် အကျိုးရှိခဲ့သူတစ်ဦးလည်းဖြစ်သည်။ ဆာစီးနီယာကြောင့်ပင် အိမ်ရှေ့မင်းသားနှင့်သူမကြား ဆက်ဆံရေးမှာပိုမိုခိုင်မာလာခဲ့သည်။ ထိုအရာများဖြစ်ပျက်မလာသေးသော်လည်း ဗားန်ရဲ့အနီးနားတွင် နေရသည်မှာ သက်တောင့်သက်သာ မရှိ။ ထို့ကြောင့်ပင် ဗားန်နှင့်ဆက်ဆံလျှင် သူမ၏မသိစိတ်မှ တံတိုင်းတစ်ခုခြားထားလိုက်မိသည်။
ဗားန်မှာလည်း ထိုသို့ ခံစားရပုံပင် ဖြစ်သောကြောင့် သူမတို့ပိုမိုရင်းနှီးဖို့မှာ မလွယ်ကူပေ။ ဆာစီးနီယာကတော့ လက်ရှိတွင် ယခုအတိုင်းပင် နေသင့်သည်ဟုထင်သည်။ သူမတို့နှစ်ယောက်ပိုမိုရင်းနှီးလာခဲ့လျှင်လည်း အကျိုးတစ်စုံတစ်ခု ရှိမည်ဟု သူမ မထင်။
ဆာစီးနီယာက ရတနာများကို ဖြည်းညှင်းစွာ ငေးကြည့်နေမိသည်။ သူမ၏အနောက်မှ တရှပ်ရှပ် မြည်သံကြားနေရသော်လည်း စိတ်မဝင်စား။ အဘယ့်ကြောင့်ဆိုသော် ထိုအသံကို မြို့စားမင်း၏ ပိုင်နက်မြေမှ ထွက်လာကတည်းက ကြားနေရသောကြောင့်ဖြစ်သည်။ လူထူထပ်သည့်ကြားထဲမှပင် တောက်လျှောက်ကြားနေရသည့်အသံမှာ ချပ်ဝတ်တန်ဆာ အချင်းချင်း ထိတိုက်မိသံပင်ဖြစ်သည်။ သူတို့မှာမြို့စားမင်း၏ ရဲမက်စစ်သည်များပင်။ ဆာစီးနီယာက အပြင်ထွက်ချင်သည် ပြောသည့်အခါ သူတို့၏ အရှင်သခင်က သူမကို စောင့်ရှောက်ဖို့ မှာကြားလိုက်ခြင်းဖြစ်သည်။
'ဒီရဲမက်တွေက ဘာများအသုံးဝင်လို့လဲ?'
ရဲမက် နှစ်ယောက်ဖြစ်စေ ဆယ်ယောက်ပင်ဖြစ်စေစောင့်ရှောက်ပါစေ ဆာစီးနီယာက သူတို့ထက် များစွာ သန်မာသော်လည်း ဘန်ရဲ့ အမိန့်ဖြစ်၍သာ သူမ လက်ခံခြင်းဖြစ်သည်။ ဗားန်နှင့်အတူရှိသည်မှာ ယနေ့ သုံးရက်မြောက်ပြီဖြစ်ပြီး ဘန်နှင့်မတွေ့ရသည်မှာမူ ငါးရက်ကြာပြီဖြစ်သည်။ ဘန်၏ ဆံချည်မျှင်တစ်ပင်တောင်မှ မမြင်ရ။ ဘန် ဘာတွေများလုပ်နေသနည်း? သူမကို တမင်ရှောင်နေသလို ဆာစီးနီယာက ခံစားနေရသည်။
'မဖြစ်နိုင်ဘူး။ ငါ့ကိုတမင်များ ရှောင်နေတာလား?'
ထိုသို့တွေးမိပြီး ဆာစီးနီယာ၏ မျက်နှာမှာ သုန်မှုန်သွားသည်။
'မဟုတ်ဘူး။ ငါက ဘာလို့ဒီလိုဖြစ်နေတာလဲ?'
ထိုနေ့ပြီးကတည်းက သူမ ဘန်နှင့် မျက်နှာချင်းဆိုင်ရသည်မှာ မသက်မသာဖြစ်နေသော်လည်း သူမကို တမင်ရှောင်နေသည်ကိုတော့ စိတ်တိုရသည်။
"ဒါဟာ နောက်ထပ်မတွေ့နိုင်တော့တဲ့ ရှားပါးကျောက်မျက်ရတနာပဲ"
ဆာစီးနီယာမှာ အသံများစွာကြားထဲမှ 'ရှားပါးကျောက်မျက်' ဟူသောစကားအပေါ် အကြည့်ရောက်သွားသည်။ အသံပိုင်ရှင်မှာ အနီးနားမှ ရတနာဈေးသည်ပိုင်ရှင် တစ်ယောက်ဖြစ်သည်။
"အဲ့ဒါ တကယ်လား?"
"ဒါပေါ့! ဒီတောက်ပနေတဲ့ အနီရောင်ရတနာကို ကြည့်စမ်းပါအုံး။ အထဲကို မမြင်ရလောက်အောင်ကို သိပ်သည်းနေတာ တကယ့်ကျောက် အသန့်ပဲ"
ပိုင်ရှင်က စိတ်လှုပ်ရှားစွာဖြင့် သူ့ရှေ့တွင်ရပ်နေသူကို အပိုတွေပါ ထပ်ဆောင်းရှင်းပြနေသည်။ ဆာစီးနီယာက ထိုသူကိုင်ထားသောကျောက်ကို တစ်ချက်ကြည့်မိသောအခါ နေရောင်အောက်တွင် လင်းလက်နေသော်လည်း သူမကိုလှည့်စား၍ မရ။
'အတုပါပဲ'
"တကယ့်လက်ဝတ်ရတနာဆိုင်မှာဆို ရှီလင်ငါးသန်းနဲ့ရောင်းလိမ့်မယ်။ ငါ့ဆိုင်ခန်းကိုရောက်လာတာ မင်းတို့ကံကောင်းတယ်။ ရှီလင်နှစ်သန်းနဲ့ပေးလိုက်မယ်။ ဒီဟာက တကယ် ရှားပါးပြီး သန့်တဲ့ကျောက်နော်။ ဒါမျိုးဆိုင်တွေမှာ တော်ရုံမတွေ့ရဘူး။"
အသက်ကြီးကြီး အမျိုးသမီးတစ်ဦးမှာ ဆိုင်ရှင်၏စကားကိုယုံစားကာ ဝယ်ယူရန် သူမ၏ လက်ကိုင်အိတ်ကိုဖွင့်နေသည်။ ကျောက်ကုန်သည်၏ အပြောတွင် တစ်ယောက်တော့မိသွားပြီဖြစ်ကြောင်း လူတိုင်းသိနိုင်သည်။ ဖြစ်ပျက်သမျှကို စောင့်ကြည့်နေသော ဆာစီးနီယာမှာ သက်ပြင်းတစ်ချက်ချလိုက်ရင်း အနားကပ်လိုက်သည်။
"ဒီအတုကို ရှီလင်နှစ်သန်းဆိုတာကတော့ တကယ် ရူးတာပဲ"
"ဒီဟာက နှင်းဆီသွေးရောင် စပိုင်နယ်ကျောက်ပဲ"
လိမ်လည်သူနှင့် ဘယ်လောက်တောင်းတောင်း ပေးတော့မည့် အမျိုးသမီးကြား ဆာစီးနီယာက ဝင်ပြောလိုက်သည်။
"ဘာ!"
အမျိုးသမီးထံမှ ပိုက်ဆံရခါနီးဖြစ်သော ကျောက်ကုန်သည်က စိတ်ပျက်ကာ အော်ဟစ်လိုက်သည်။
"နှင်းဆီသွေးရောင် စပိုင်နယ်က ပိုကြည်လင်လေလေ တန်ဖိုးရှိလေပဲ။ အခုဟာက မကြည်ရုံမကဘူး မှုန်မှိုင်းနေတာ။ အတုတကာ့ အတုဆုံးကျောက်ပဲ"
ဆာစီးနီယာက လိမ်လည်သည့် ကျောက်ကုန်သည်အော်သံကို ဂရုမစိုက်ဘဲ ဆက်ပြောနေလိုက်သည်။
"မင်းက ဘာသိလို့လဲ၊ ငါက ရတနာကုန်သည်ဟ"
ကျောက်ကုန်သည်က ရှက်ရှက်နှင့် ထပ်အော်ပြန်သည်။
"ဒီအမျိုးသမီးရဲ့ စကားက အမှန်လား?" လက်ကိုင်အိတ်ကို ကိုင်ထားလျက် ဝယ်ယူခါနီး အမျိုးသမီးက တည်တည်ငြိမ်ငြိမ်ဖြင့်ပြန်မေးလိုက်သည်။
အမျိုးသမီးမှာ မျိုးရိုးမြင့်ဟန်မတူသော်လည်း အမူအယာနှင့် လေသံတို့မှာ ပြေပြစ်သည်။
"မဟုတ်ပါဘူး မဒမ်ရဲ့။ ဒီတစ်ယောက်က ပေါက်ကရတွေလျှောက်ပြောနေတာ။ ဟေး မင်းကိုမင်း ဘာထင်နေလဲ?"
ကျောက်ကုန်သည်က စားရခါနီးအမဲ လက်လွှတ်ရမည်စိုးကာ စိတ်တိုတိုဖြင့်အော်ဟစ်လိုက်သောအခါ ဆာစီးနီယာ၏ နောက်တွင်ရပ်နေသောရဲမက်နှစ်ယောက်က သူမဆီပြေးလာသည်။
"ရပါတယ် ကိစ္စမရှိဘူး"
ပြဿနာပိုကြီးလာပြီး လူတွေအာရုံစိုက်ခြင်းမခံရစေရန် ဆာစီးနီယာက ရဲမက်များကို တားလိုက်သည်။ ဆာစီးနီယာ၏ အမိန့်ကြောင့် ရဲမက်နှစ်ယောက်က ဦးညွတ်ပြီးနောက်ပြန်ဆုတ်လိုက်သည်။
"အစ်မကတော့ ဈေးဝယ်သူသပ်သပ်ပဲ၊ ဒီက ညီမက ဘယ်လိုမြင်လဲကွယ်?"
ဆာစီးနီယာကို ထူးဆန်းစွာဖြင့် စိုက်ကြည့်နေသော အမျိုးသမီးက မေးလိုက်သည်။
"မဒမ် ညီမကို မယုံရင် ဒီနားက တခြား ကျောက်ကုန်သည်တချို့ကို အစ်မကိုယ်တိုင် မေးကြည့်ကြည့်ပါလား၊ ဒီကျောက်က အတုပါ"
ထိုသို့ပြောလိုက်သည်နှင့် ကျောက်ကုန်သည်၏ မျက်နှာမှာ ပြာနှမ်းသွားသည်။
"ဒီကျောက်က အတုထဲမှာမှ တော်တော်ညံ့တဲ့ကျောက်ပဲ။ ရှီလင်တစ်သောင်းမကုန်ဘဲနဲ့တောင် ဒါမျိုး ဝယ်လို့ရတယ်"
"ဒါဟာက တကယ့်အတုပဲ၊ ရှီလင်တစ်သောင်းတောင် တန်တာ မဟုတ်ဘူး"
ကျောက်ကုန်သည်မှာ ရှီလင်တစ်သောင်းမတန်သောကျောက်ကို ရှီလင်နှစ်သန်းဖြင့်ရောင်းရန် ကြံနေခဲ့သည်။
"အစ်မသိသွားပြီ၊ နောက် မယုံရတာတွေ ဝယ်ဖို့မစဉ်းစားတော့ဘူး"
"တောင်း.. တောင်းပန်ပါတယ် မဒမ်"
"ငါတို့ လုံခြုံရေးအစောင့်တွေကို ခေါ်လိုက်ပြီး အကုန်စစ်ကြည့်လိုက်ကြမလား?"
အမျိုးသမီးရဲ့အသံမှာ တိုးညှင်းသော်လည်း အသံဩဇာပြည့်ဝလှသဖြင့် လူကို လွှမ်းမိုးသွားနိုင်သည်။ ဆာစီးနီယာသည် အမျိုးသမီးထံမှ လျှို့ဝှက်ဆန်းကျယ်သော အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူမဝတ်စားဆင်ယင်ပုံမှာ ရိုးရှင်းသော်လည်း သူမ၏အရှိန်အဝါမှာ တမူကွဲပြားနေသည်။ သူမရဲ့ ငွေဝါရောင်ဆံပင်ကို သပ်ယပ်စွာထုံးထားပြီး အရေပြားမှာ အသက်အရွယ်ကြောင့်အရေးအကြောင်းအချို့ရှိသော်လည်း အပြစ်မှဲ့ပေါက် တစ်စုံတရာမရှိ။ သူမ၏ ကြည်လင်သော မျက်လုံးပြာများမှာ နက်ရှိုင်းလှပြီး ကိုယ်နေဟန်ထားမှာလည်း ကျက်သရေရှိလှသည်။
"မ..မလုပ်ပါနဲ့ဗျာ တောင်းပန်ပါတယ်"
ကျောက်ကုန်သည်မှာ မည်သို့မျှမတတ်နိုင်ဘဲ ထက်မြက်သော အမျိုးသမီး၏ သဘောထားအပေါ် အကြိမ်ကြိမ်ဦးညွတ်ကာ တောင်းပန်နေရသည်။ ဘေးအနီးအနားက ရတနာဆိုင်တွင် သူမသွားရောက်မေးမြန်းလိုက်မည်ဆိုပါက ဤ နှင်းဆီသွေးရောင် စပိုင်နယ်ကျောက်မှာ အတုမှန်း မကြာမီသိရှိသွားလိမ့်မည်။
"ညီမကို ခွင့်ပြုပါအုံး"
ပြောစရာမကျန်တော့သည့်အတွက် ဆာစီးနီယာသည် ထိုအမျိုးသမီးကိုနှုတ်ဆက်ပြီး လှည့်ထွက်လိုက်သည်။ အပြစ်မဲ့သော ပြည်သူတစ်ယောက်ကို လိမ်ညာခံရခြင်းမှ ကယ်တင်လိုက်ရသဖြင့် ဆာစီးနီယာမှာ ဂုဏ်ယူစွာ ရင်ကော့ပြီး ထွက်လာခဲ့သည်။
"ညီမရေ"
ဆာစီးနီယာကို အနောက်မှ တစ်စုံတစ်ယောက်က ခေါ်လိုက်သောကြောင့် ပြန်လှည့်ကြည့်မိသည်။
"အစ်မလွန်တာရှိသွားနိုင်တယ်၊ ဒါပေမယ့် ညီမကူညီပေးတာ ကျေးဇူးတင်ပါတယ်။ အဆင်ပြေမယ်ဆိုရင် ညီမနာမည်လေး သိချင်ပါတယ်"
ဆာစီးနီယာ ဒွိဟဖြစ်သွားပုံကို မြင်ရသော အမျိုးသမီးက နူးညံ့စွာပြုံးရင်း ပြောလိုက်သည်။
"ရပါတယ် ကိစ္စမရှိပါဘူး"
ဆာစီးနီယာက ပြတ်ပြတ်သားသားပဲငြင်းလိုက်သည်။ သူမနာမည်ပြောပြရမှာ ပြဿနာမရှိသော်လည်း ဘေးဝန်းကျင်ဆီပျံ့နှံ့သွားမှာမျိုးတော့ အဆင်မပြေပေ။ အဘယ့်ကြောင့်ဆိုသော် ဆာစီးနီယာ၏ နာမည်မှာ ကောလဟာလသဖွယ် ပျံ့နှံ့နေဖူးသောကြောင့်ပင်ဖြစ်သည်။ မည်သူ့ကိုမှ သူမနာမည်ကို မသိစေလို။ ထိုအမျိုးသမီးနှင့်လည်း စကားမပြောခဲ့သလို ထပ်မံတွေ့ဆုံစရာအကြောင်းမရှိ။ ထို့ကြောင့် သူမနာမည်ကို ပြောစရာမလိုဟု ဆာစီးနီယာက ယူဆလိုက်သည်။
"ဒါဆို သွားပါအုံးမယ်"
ဆာစီးနီယာက ထိုအမျိုးသမီးမှီလာမည်စိုး၍ အမြန်ဆုံးထွက်ခွာလာသည်။ ကံကောင်းထောက်မစွာ အမျိုးသမီး၏အသံကို ထပ်မံမကြားရတော့။ ဆာစီးနီယာမှာ လှည့်ပတ်ကြည့်ရှူငေးမောနေသော မေထံသို့လျှောက်လာခဲ့သည်။
"ဒါ့ကြောင့်ပဲ အစ်မ မင်းအကြောင်းကို စိတ်ဝင်စားနေရတာပဲ"
အမျိုးသမီးမှာ ထွက်ခွာသွားသော ဆာစီးနီယာကို အနောက်မှ ကြည့်နေရင်း သူမဘာသာရေရွတ်လိုက်သည်။ ဆာစီးနီယာ၏ မေ့ပျောက်ဖို့မလွယ်သော ပုံပန်းသွင်ပြင်မှာ ထိုအမျိုးသမီး၏စိတ်ထဲတွင်ပုံနှိပ်ထားသလို စွဲထင်နေသည်။ သူမ၏ မျက်လုံးအပြာများမှာမူ သူမလိုချင်နေသောအရာကို တွေ့လိုက်ရသည့်နှယ် တလက်လက်တောက်ပနေသည်။ ထို့နောက်အမျိုးသမီးသည် ဖြည်းဖြည်းချင်း အဝေးသို့လျှောက်လှမ်းသွားစဉ် လူအုပ်ထဲတွင် ပုန်းကွယ်နေသော အရိပ်တစ်ခုမှာ ထိုအမျိုးသမီးနောက်မှ လိုက်ပါသွားခဲ့သည်။