Chapter 57
ဖာဘီယမ်းလမ်းတစ်လျှောက် ပတ်ကြည့်ကြပြီး သူမတို့သုံးဦးသည် အနီးနားမှ ကော်ဖီဆိုင်တစ်ဆိုင်သို့ ဝင်လိုက်ကြသည်။ ဤကော်ဖီဆိုင်မှာ အခုရေပန်းစားသောအချိုပွဲများဖြင့် နာမည်ကြီးသောဆိုင်ဖြစ်သည်။
"မြို့တော်က တကယ်သာယာတာပဲနော်"
မေမှာ အပျော်တွေဖုံးလွှမ်းနေသောမျက်နှာဖြင့် တီးတိုးရေရွတ်နေလိုက်သည်။ သူမ ကော်ဖီဆိုင်လေးကို သဘောကျသည့်ပုံပင်။
"အထဲမှာလည်း သေချာ အလှဆင်ထားတာပဲ"
ဆာစီးနီယာလည်း အထဲသို့ကြည့်မိလိုက်သည်။ သူမ၏ အရင်ဘဝတွင် ကော်ဖီဆိုင်ပေါင်းများစွာ ရောက်ရှိခဲ့ဖူးသော်လည်း ယခုကမ္ဘာတွင်တော့ ပထမဆုံးရောက်ဖူးခြင်းပင်ဖြစ်သည်။ ထို့အပြင် မတူညီသော ကမ္ဘာတစ်ခုဖြစ်သောကြောင့် ဆိုင်အတွင်းဘက်တွင် သူမ မမြင်ဖူးသော ရှေးဟောင်းဒီဇိုင်းများဖြင့် အလှဆင်ထားသည်။ ရုတ်တရက်ကြည့်လိုက်လျှင် တန်ဖိုးကြီးမည် ထင်ရသော ရှေးဟောင်းပစ္စည်းများဖြင့် တန်ဆာဆင်ထားသည်မှာ ဆိုင်ရှိ ငွေဖယောင်းတိုင်ခုံသည်ပင် သာမန်နှင့်မတူပေ။
'မြို့စားမင်းခြံဝင်းထဲက ပစ္စည်းတွေကတော့ ဒီထက်ပိုဈေးကြီးမှာပဲ'
ဆာစီးနီယာက တွေးမိနေရင်း ဤနှစ်ခုကို နှိုင်းယှဉ်မရဟူ၍သာ အဆုံးသတ်လိုက်သည်။
'မြို့စားမင်းခြံဝင်းထဲက အလှဆင်ပစ္စည်းတစ်ခုတန်ဖိုးနဲ့တင် ဘဝက ပြောင်းလဲသွားနိုင်တယ်'
စံအိမ်တော်နှင့် ဥယျာဉ်ထဲတွင် အလှဆင်ထားသော ရုပ်ထုများနှင့် တန်ဆာပစ္စည်းများထဲမှ တစ်ခုကိုရောင်းချလိုက်လျှင်ပင် ဆင်းရဲသားတစ်ဦးမှာ ချမ်းသာသွားနိုင်သည်။ ဆာစီးနီယာမှာ မွှေးပျံ့သော ခပ်ခါးခါးရေနွေးကြမ်းတစ်ခွက်ကိုသောက်ရင်း တွေးနေမိသည်။
"ဒါပေမယ့် ညီမအခုတလော စံအိမ်တော်ထဲမှာ မြို့စားမင်းကို မမြင်မိသလိုပဲ"
မေက လှပသောမုန့်လေးကို မစားနိုင်ဘဲ ကိုင်ထားရင်း တတွတ်တွတ်ပြောလိုက်သည်။ သူမသည်လည်း ဘန်ကို မမြင်ရတာကြာပြီဖြစ်သဖြင့် ပြောလိုက်ခြင်းဖြစ်မည်။
"ကျွန်မကြားတာကတော့ အရှင်က သူဝယ်ထားတဲ့ တခြားစံအိမ်မှာ နေနေတာတဲ့"
"ဘာလို့လဲ"
မေက ဗားန်ရဲ့စကားကို ပြန်မေးကြည့်လိုက်သည်။
"ကျွန်မလည်း မသိပါဘူး၊ ပြောကြတာကတော့ ဆရာအားချန်က မနက်တိုင်းအဲ့ကို စာရွက်စာတမ်းတွေနဲ့သွားတယ်တဲ့"
တိတ်ဆိတ်စွာနားထောင်နေသော ဆာစီးနီယာမှာ ဘန်၏အပြုအမူများကို နားမလည်နိုင်ဘဲ ဖြစ်နေသည်။
'သူ့ရဲ့စံအိမ်တော်ကြီးကို ပစ်ပြီးဘာလို့ တခြားတစ်ခုမှာ သွားနေနေတာပါလိမ့်...?'
ဖြစ်နိုင်သည်မှာ ဘန်မှာ တမင်မျက်နှာ မပြချင်၍ ထိုနေ့ပြီးကတည်းက ပုန်းရှောင်နေခြင်း ဖြစ်မည်။
"အစ်မ ဆာစီးနီယာ, မြို့စားမင်း ဘာတွေဖြစ်နေတာလဲဟင်?"
မေက ကိုင်ထားသောမုန့်ကို ပြန်ချပြီး တစ်ခုခုထူးဆန်းနေသလို မျက်စိစွေကြည့်ရင်း မေးကြည့်လိုက်သည်။
"ဟင်? ဘာမေးလိုက်တာလဲ?!"
"ဘာလို့ မြို့စားမင်းက စံအိမ်တော်ကနေထွက်ပြီး တခြားတစ်အိမ်မှာ သွားနေ နေရတာလဲ?"
မေက လက်နှစ်ဖက်ဖြင့်မေးထောက်ရင်း ဆာစီးနီယာကို ငေးကြည့်ကာ မေးလိုက်သည်။ ဗားန်ကလည်း ဆာစီးနီယာကို တိတ်တိတ်လေး မော့ကြည့်နေသည်။ သူမထံမှ အဖြေတစ်ခုကို လိုချင်နေကြသော မျက်လုံးများကို ဆာစီးနီယာခံစားလိုက်ရသည်။
"ငါလည်း မသိပါဘူး"
ဆာစီးနီယာက လက်ဖက်ရည်ခွက်လက်ကိုင်ကို ပွတ်သပ်နေရင်း ဖြေလိုက်သည်။ အဘယ့်ကြောင့်ထိုသို့ သွားနေရသလဲဆိုတာကို အသိချင်ဆုံးမှာ သူမပင်ဖြစ်သည်။ ထိုနေ့ပြီးကတည်းက ဘန်မှာ သူမ ကိုတမင်ရှောင်နေသလို ကွယ်ပျောက်နေသည်။
"အာ.. မမလေး ဆာစီးနီယာလည်း မသိဘူးပဲ၊ ကျွန်မက မမလေးကတော့ သူ့ရဲ့ချစ်သူဆိုတော့ သိမယ်ထင်နေတာ"
"ဟင်?"
ဗားန်၏စကားကြောင့် ဆာစီးနီယာမှာ လက်ထဲမှ ရေနွေးခွက် ပြုတ်ကျမတတ် အံ့အားသင့်သွားသည်။
"ရှင်?!"
ဆာစီးနီယာ၏ ရှက်ရွံ့သောအမူအယာကြောင့် ဗားန်မှာ လန့်ဖြန့်သွားပြီး သူမ ဘာတွေများစကားမှားသွားသလဲ တွေးတောနေမိသည်။
"မမလေး ကျွန်မစကားပြောမှားသွားလို့လားဟင်?"
"ချစ်သူတွေ? အစ်မနဲ့ မြို့စားမင်းနဲ့ ဘယ်တုန်းက အဲ့လို အခြေအနေတွေ တိုးတက်သွားတာလဲ?"
နားထောင်နေသော မေက ဝမ်းသာပြီး အသံကျယ်ကျယ်နှင့် မေးလိုက်မိသည်။
ဆာစီးနီယာက မေကို မျက်မှောင်ကြုတ်ကြည့်လိုက်ရင်း သေချာ ပြန်ပြောလိုက်သည်။
"ဘာတွေပြောနေကြတာလဲ? ချစ်သူတွေ? အဲ့လိုမဟုတ်ပါဘူး"
"ရှင်? တကယ်လား? ကျွန်မက မြို့စားမင်းနဲ့ မမလေးတို့က တွဲနေကြတယ်ထင်လို့။ ကျွန်မ တောင်းပန်ပါတယ်။ အဲ့လို ထင်ရာ မပြောလိုက်သင့်ဘူး..."
ဗားန်က သူမအပြစ်လုပ်ထားသကဲ့သို့ ခေါင်းကိုငုံ့ထားရင်း ပြောနေမိသည်။
"ရပါတယ်။ ကိစ္စမရှိပါဘူး။ ခေါင်းမော့လိုက်တော့ ဗားန်။ ညီမကို အဲ့လိုတွေ ဘယ်သူပြောတာလဲ?"
"လူတိုင်းပဲလေ .. မမလေးရဲ့။ လူတိုင်းအဲ့လိုပဲပြောနေကြလို့ ကျွန်မက တကယ်ထင်နေတာ"
ဗားန်က ခေါင်းကိုမော့ကာ ဆာစီးနီယာကိုကြည့်ရင်း ဝိုးတိုးဝါးတားပြောလိုက်သည်။
"လူတိုင်းပြောနေတာ?"
"ဟုတ်တယ်မမလေး ၊ စံအိမ်ထဲက လူတိုင်းနီးပါးပဲ"
ဆာစီးနီယာမှာ အထင်လွဲမှုကြောင့် မိမိနဖူးကို မိမိရိုက်လိုက်မိသည်။ သူမပြန်တွေးကြည့်လိုက်လျှင် မြို့စားမင်းခြံဝင်းထဲက လူများထင်မည်ဆိုလည်း ထင်ချင်စရာပင်။ သူတို့၏ အရှင်သခင်က ရုတ်တရက် အမျိုးသမီးတစ်ဦးကို စံအိမ်တော်သို့ ခေါ်ချလာရာ သူ့ရဲ့ ချစ်သူဟု ထင်ကြမည်မှာ မမှား။
'ငါလုံးဝ မတွေးမိပါလား'
အရွယ်ရောက်ပြီး အမျိုးသားနှင့် အမျိုးသမီး အတူနေကြလျှင် လူတွေက အထင်လွဲကြမည်မှာလည်း သဘာဝပင်။
"ဒါကြောင့်ကိုး.."
အချို့အစေခံများက သူမကို များစွာ ဖားယားနေကြကာ အချို့မှာ သူမကို အထင်အမြင်သေးနေကြသည်မှာ ဘန်၏ ချစ်သူဟူသော အထင်လွဲမှုကြောင့်ပင် ဖြစ်လိမ့်မည်။ ဆာစီးနီယာမှာ မည်သို့မည်ပုံ စရှင်းပြမလဲဟု တွေးတောနေမိသည်။ စံအိမ်တော်ထဲတွင် ပတ်လျှောက်ပြီး တွေ့သမျှလူတိုင်းကို သူမမှာ ဘန်၏ချစ်သူမဟုတ်ကြောင်းလည်း လိုက်ရှင်းမပြနိုင်ပေ။
"ဟား.."
ဆာစီးနီယာက သူမညာဘက်ရှိနံရံကို ခေါင်းကိုစောင်းမှီရင်း တွေးတောနေသည်။ အလွယ်ကူဆုံးနည်းလမ်းမှာ စံအိမ်တော်မှ ထွက်ခွာသွားရန်ပင်ဖြစ်သည်။ သို့သော် သူမ မလုပ်နိုင်သေး။ အခုမှ ဗားန်နှင့် စသိရုံရှိသေးသည့်အပြင် သူမ မသိသေးသော အရာများစွာလည်းကျန်နေသေးသည်။
"ကျွန်မ တောင်းပန်ပါတယ်.."
ဗားန်က စားပွဲအောက်တွင် လက်ချောင်းများကို ညှစ်ထားရင်း တောင်းပန်နေသည်။ သူမရဲ့ အရှင်သခင်နှင့် ဆာစီးနီယာတို့မှာ ချစ်သူများဖြစ်သည်ကို သူမ သံသယမရှိ။ သို့သော် ထိုသည်ကို အကြောင်းမရှိ အကြောင်းရှာ ပြောမိသည့်အတွက် နေရထိုင်ရ ခက်နေသည်။
"ရပါတယ်၊ တောင်းပန်စရာမလိုပါဘူးကွယ်"
ဆာစီးနီယာက ခေါင်းခါရင်း ပြုံးကာ ဗားန်ကို ပြန်ပြောလိုက်သည်။
"အစ်မ လေသာဆောင်ဘက် ခဏသွားလိုက်အုံးမယ်။ နှစ်ယောက်ဒီမှာနေခဲ့ကြနော်။ စားချင်တာရှိရင် ထပ်မှာစားကြ"
ဆာစီးနီယာက ထိုင်ရာမှထလိုက်ပြီး သူမတို့ အထဲမဝင်ခင် တွေ့ခဲ့သည့် ဒုတိယထပ်မှ လေသာဆောင်ကိုထွက်လာလိုက်သည်။ အပြင်ဘက်မှ သေချာမမြင်ရသော်လည်း သပ်ရပ်စွာအလှဆင်ထားသော လေသာဆောင်ကို စိတ်ဝင်စားနေသည့်အပြင် သူမ လေကောင်းလေသန့်လည်း ရှူရှိက်ချင်နေသည်။ ဗားန်က တောက်လျှောက်တောင်းပန်နေသည့်အတွက် သူမ ခဏ အပြင်ထွက်နေသည်မှာ ပိုကောင်းလိမ့်မည်။
"အာ.. ကျွန်မကောပဲ"
"တာ့တာ"
ဗားန်က ဆာစီးနီယာနောက်လိုက်ရန် ထသော်လည်း မေက လက်ကိုဆွဲထားလိုက်သည်။ ဆာစီးနီယာက သူမတို့နှစ်ယောက်ကို ကျော်ခဲ့ပြီး ဒုတိယထပ်လှေကားသို့ တက်လာခဲ့လိုက်သည်။
'ငါအဲ့လို ထုတ်မပြောလိုက်မိသင့်ဘူး၊ အပြင်ထွက်လည်တာကို မပျက်စီးစေသင့်ဘူး'
ဗားန်မှာ ရှက်ရွံ့ပြီး မျက်နှာကို လက်ဖြင့်အုပ်ထားလိုက်သည်။ ထိုကောလဟာလတို့အကြောင်း မပြောမိခင်အထိ သူမတို့သုံးယောက် စိတ်လှုပ်ရှားစွာ လျှောက်လည်နေကြသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ရင်းနှီးခင်မင်နေသည်မှာလည်း အေးတိအေးစက်ဖြစ်သွားသည်။ သူမကို အမြဲကူညီနေသော ဆာစီးနီယာအပေါ် အမြဲစော်ကားမိသလိုဖြစ်ရခြင်းအတွက် ဗားန်မှာ စိတ်မကောင်းဖြစ်နေရသည်။
"ဆာစီးနီယာက အဲ့လောက်နဲ့ စိတ်ဆိုးတတ်တဲ့သူမဟုတ်ပါဘူး"
မေက ဗားန်ရဲ့ကျောကို ပွတ်သပ်ရင်း နှစ်သိမ့်ပေးနေသည်။
"ကျွန်မတကယ်မသိခဲ့ဘူး။ သူတို့နှစ်ယောက်ကို ချစ်သူတွေလို့ပဲ ထင်နေခဲ့တာ..."
ဗားန်က ဆာစီးနီယာတို့နှစ်ယောက်မှာ ချစ်သူတွေဖြစ်သည်ဟု ယုံကြည်နေသည့်အတွက် မဆိုင်းမတွ ပြောခဲ့မိခြင်းဖြစ်သည်။
ဗားန်၏ နားလည်မှုလွဲခြင်းများမှာ မြို့စားမင်းခြံဝင်းသို့ ဆာစီးနီယာစရောက်လာကတည်းက စခဲ့ခြင်းဖြစ်သည်။ ဆာစီးနီယာ နေသိပ်မကောင်းပုံမရဟု သူမ၏ အရှင်သခင်ကို ပြောလိုက်သည်နှင့် လုပ်နေတာ မှန်သမျှကို ပစ်ချကာ ဆာစီးနီယာ၏ အခန်းသို့အပြေးသွားခဲ့သည့် မြို့စားမင်း၏ မျက်နှာနှင့် အမူအယာတို့ကို ဗားန် မမေ့နိုင်ပေ။
ဗားန်မှာ မြို့စားမင်းခြံဝင်းထဲသို့ရောက်ရှိတာ သိပ်မကြာသေးသဖြင့် သူမ၏ အရှင်သခင်ကို အကြိမ်အနည်းငယ်သာမြင်ဖူးသော်လည်း မြို့စားမင်းထိုကဲ့သို့ ပြုမူသည်ကိုကား ထိုအချိန်တွင်သာ ပထမဆုံး တွေ့ဖူးခြင်းဖြစ်သည်။ အမြဲပြတ်သားပြီး စိတ်ခံစားမှုကို မဖော်ပြတတ်သော သွေးအေးသည့်လူတစ်ယောက်က ရုတ်တရက်ပြူးပြာသွားပုံမှာ သူ၏ မျက်နှာတွင်ပင် စိုးရိမ်ကြောင့်ကြမှုများကို အတိုင်းသားမြင်နေရသည်။ ထိုသည်မှာ မိမိ၏ ချစ်သူအကြောင်းကို တွေးသောသူတစ်ယောက်၏ အမူအယာပင်ဖြစ်သည်။ သူမတွေးသည်မှာ မှန်ကြောင်းသက်သေပြသကဲ့သို့ သူမ၏သခင်က ဆာစီးနီယာထံ အလျင်အမြန်ပြေးသွားသည်မှာ သူမပင် လိုက်၍မမှီနိုင်။ ထို့ကြောင့် ဗားန်က သူတို့နှစ်ယောက်မှာ ချစ်သူတွေဖြစ်သည်ဟု တထစ်ချယုံမှတ် လိုက်မိသည်။
"အကုန်အဆင်ပြေသွားမှာပါ။ ဗားန် ဒါလေးနည်းနည်းစားလိုက်နော်"
မေက အချိုပွဲပန်းကန်ကို ဗားန်ဆီ တိုးပေးလိုက်သည်။ သူမကဲ့သို့ပင် ဆာစီးနီယာကို သဘောကျပြီး နောက်က တကောက်ကောက်လိုက်တတ်သော ဗားန်၏ခံစားချက်ကို မေ နားလည်သည်။
"ကျေးဇူးပါ မေ.."
ဗားန်မှာ လက်ကို စိတ်မပါလက်မပါမြှောက်ရင်း မေ့လက်ထဲမှ ခရင်းကိုယူလိုက်သည်။ မေက သူမကို မုန့်စားလိုက်လျှင် စိတ်သက်သာသွားမလို စားခိုင်းနေသည်။ ဗားန်ကတော့ စိတ်ပျက်လက်ပျက်နှင့်ပင် သူမကို ဆာစီးနီယာမမုန်းသွားစေရန် ဆုတောင်းရင်း မုန့်ကိုတစ်ကိုက် ကိုက်လိုက်သည်။
"ဟူး.."
ဆာစီးနီယာက ဒုတိယထပ်ရှိ လေသာဆောင်သို့ တံခါးဖွင့်ဝင်လိုက်ပြီး လေရှူရှိုက်ကာ ဘေးပတ်ဝန်းကို ကြည့်လိုက်မိသည်။ လူအမြောက်အများမှာ နေရာယူထားကြပြီး အကုန်လုံးက ရယ်မောနေကြသည်။ သူမကတော့ တစ်ယောက်ထဲသာ တိတ်တဆိတ်နေချင်သည့်အတွက် ထောင့်တွင် နေရာတစ်နေရာ တွေ့သည့်အခါ အမြန်လျှောက်သွားပြီး ထိုင်ချလိုက်သည်။
တိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် ဆာစီးနီယာက ထိုင်ခုံပေါ်သို့မှီထိုင်လိုက်သည်။ စိုထိုင်းသော မြက်ခင်းနံ့နှင့် ခပ်ပြင်းပြင်း ပန်းနံ့တို့မှာ လေနှင့်အတူလွင့်ပါလာသည်။ ကြီးမားသော လေသာဆောင်ကို ကာရံထားသည့် လက်တစ်မြင့်ခန့် စည်းရိုးတွင် နွယ်ပင်စိမ်းတို့က ရစ်ပတ်နေသည်။ ပန်းပွင့်အနီရောင်တို့မှာလည်း နွယ်ပင်များကြားထဲမှ ဖူးပွင့်နေသည်။ သူမမှာ ထိုပန်းပွင့်တို့ကို ရင်းနှီးသလိုရှိသော်လည်း နာမည်ကိုမူ မသိ။ ဆာစီးနီယာ၏ ဆံပင်တို့မှာချမ်းအေးသော လေပြေနှင့်အတူ တဖျတ်ဖျတ်လွင့်နေပြီး သူမ၏မြင်ကွင်းတွင် ပန်းပွင့်များနှင့် ဆံနွယ်များသာ ဖုံးလွှမ်းနေသည်။
"တူသားပဲ"
ပန်းပွင့်အနီရောင်တို့မှာ ဆာစီးနီယာ၏ သင်္ကေတဖြစ်သော ဆံနွယ်အနီရောင်တို့နှင့် အသွင်တူနေသည်။
"ဒီတိုင်းပဲထားလိုက်ရမလား?"
ဆာစီးနီယာက ပန်းပွင့်များကို ငေးမောရင်းတွေးတောနေမိသည်။ သူမအတွက် ကောလဟာလများကိုဖြေရှင်းရမှာ ခက်ခဲနေသည်။ သို့သော် အခုအတိုင်းထားလိုက်လျှင်လည်း နောက်တွင် ဘန်၏ ချစ်သူဖြစ်လာမည့်သူအတွက် စိတ်အနှောက်အယှက် ဖြစ်နေလိမ့်မည်။
'ဟုတ်တယ်။ သူ့ ချစ်သူလောင်းအတွက် ငြိုငြင်စရာပဲ.."
"စိတ်ရှုပ်လာပြီ"
ဘန်၏ ချစ်သူလောင်းအကြောင်း တွေးလိုက်မိသည်နှင့် သူမစိတ်ရှုပ်ထွေးလာသည်။ စိတ်ရှုပ်ရှုပ်နှင့်ပင် မြေပြင်ကိုသာ ဖနောင့်နှင့်ပေါက်မိသည်။
"ဒါက ပစ္စည်းအသစ်ပါ"
"ထင်ထားတဲ့အတိုင်းပဲ ပန်းရောင်က မမလေးနဲ့ လိုက်တာပဲ"
တိတ်ဆိတ်ခြင်းကိုထွင်းဖောက်ကာ အမျိုးသမီးနှစ်ဦး၏အသံ ထွက်ပေါ်လာသည်။ ဆာစီးနီယာက တိတ်တဆိတ်နေချင်သည့်အတွက် ထောင့်ကိုလာထိုင်ခြင်းဖြစ်သော်လည်း ပြောနေကြသည့်အသံများ နီးကပ်လာသည်ကို ကြားနေရသည်။ ဘေးဘီကို ကြည့်မိသောအခါ လေသာဆောင်ရှိ ထိုင်ခုံအားလုံးနီးပါးမှာ လူပြည့်နေပြီဖြစ်ပြီး ဝတ်ကောင်းစားလှဝတ်ထားသော အမျိုးသမီးနှစ်ဦးက ထိုင်ခုံရှာရင်း သူမဘက်သို့လျှောက်လာနေသည်။ ဆာစီးနီယာက သူမတစ်ယောက်ထဲ အေးဆေးနေပြီးသည် ဖြစ်၍ မေတို့ထံပြန်ရန် ထလိုက်သော်လည်း ကြားလိုက်ရသော စကားကြောင့် တောင့်တင်းသွားသည်။
"သဘောကျလိုက်တာ။ အာ ဒါနဲ့ မြို့စားမင်းတောင် အကုန်ပျောက်ကင်းသက်သာသွားပြီထင်တယ်"
"ဟုတ်လား? ဒါပေမယ့် သူနေမကောင်းတာကြာနေပြီဆိုတော့ ကျွန်မတို့လည်း သေချာမသိနိုင်သေးဘူး"
သူတို့ပြောနေသည့် မြို့စားမင်းဆိုသည်မှာ ဘန် ပင်ဖြစ်မည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတွင်းရှိ တစ်ဦးတည်းသော မြို့စားမင်းမှာ ရှောဗာစ့်မိသားစုပင်ဖြစ်သည်။ သို့သော် မြို့စားမင်း နေမကောင်းတာ ကြာမြင့်လှပြီဟု ဆိုသည်မှာ ဘာအဓိပ္ပာယ်ဖြစ်သနည်း?
'ဘန်နေမကောင်းဘူးလို့ တစ်ခါမှ မကြားဖူးဘူး'
ထိုအချိန်မှာပင် ဘန်၏ကျောမှ ဒဏ်ရာကို သူမ သတိရသွားသည်။ ထိုကိစ္စနှင့်ဆိုင်သည်ဟု ထင်သဖြင့် အမျိုးသမီးနှစ်ဦးတို့ စကားစမည်ပြောရာ နောက်တွင် ထိုင်ရင်း ဆာစီးနီယာက နားစွင့်နေလိုက်သည်။
"မြို့စားမင်းက ကလေးဘဝထဲက အိပ်ယာထဲလဲနေတာဆိုတော့ သူနောက်တစ်ကြိမ် လဲသွားရင်လည်း ထူးတော့ မထူးဆန်းဘူး"