Chapter 58
ဆာစီးနီယာက ဆံပင်များလေထဲဝဲနေခြင်းကို သပ်နေရာမှ ရပ်တန့်လိုက်သည်။
"ဟုတ်တယ်။ ကျွန်မကတော့ သူမထနိုင်တော့ဘူးတောင်ထင်ထားတာ.. သိတယ်မလား သူအချိန်သိပ်မကျန်တော့ဘူးဆိုကတည်းက ပြောနေကြတာတွေလေ"
အမျိုးသမီးနှစ်ဦးမှာ သူတို့နောက်တွင် လူတစ်ဦးရှိနေသည်ကို သတိမထားမိဘဲ စကားဆက်ပြောနေကြသည်။ သူတို့ပြောသမျှကိုနားထောင်ရင်း ဆာစီးနီယာမှာ ပိုမို စိတ်နောက်ကျိလာရသည်။
'အဲ့ဒါတွေက ဘာကိုဆိုလိုတာလဲ?'
'ငါထင်တဲ့တစ်ယောက်အကြောင်းကိုပဲ သူတို့ပြောနေကြတာလား?'
"ဒါပေမယ့် အိမ်ရှေ့မင်းသားရဲ့ မွေးနေ့ညစာစားပွဲမှာ သက်သာသွားပြီဆိုပြီး သူပေါ်လာတော့ ကျွန်မတောင်အံ့ဩသွားတယ်။ အဲ့နေ့မှာမှ သူ့ကို စတွေ့ဖူးတာ။ အရင်မြို့စားမင်း ရှောဗာစ့်နဲ့တောင် တော်တော်တူတာပဲ"
နာမည်ကိုကြားလိုက်သည့်နောက်တွင်တော့ သူမတို့ပြောနေကြသည်မှာ ဘန့်အကြောင်းဆိုတာ သေချာသွားသည်။ စကြားလိုက်ရသည့်အချိန်တွင် ဆာစီးနီယာမှာ ရုတ်တရက်ကြောင်သွားသည်။ ထိုကိစ္စအားလုံးက သူမအတွက် တစ်ခါမှ မကြားဖူးသေးသော အသစ်အဆန်းပင်ဖြစ်သည်။
ဘန်ပြောဖူးသည်မှာ သူငယ်စဉ်က အမေနှင့်နေခဲ့ပြီး သူ့အမေဆုံးပါးသွားသည့်နောက်တွင် စောင့်ရှောက်မည့်သူမရှိဖြစ်ခဲ့သည်။ နှစ်ပေါင်းများစွာ ကျွန်အဖြစ်ကြာပြီးသည့်နောက်တွင်မှ ဆာစီးနီယာနှင့်တွေ့ခဲ့ရပြီး သူမတို့နှစ်ယောက် အမြဲအတူနေခဲ့ကြသည်။ တစ်နေ့တွင်တော့ ၁၉နှစ်အရွယ် ဘန်သည် ရုတ်တရက်ပျောက်ကွယ်သွားပြီး သုံးနှစ်ကြာမှသာ မြို့စားမင်းအဖြစ်နှင့် ပြန်လည် ပေါ်လာခဲ့သည်။
'သူတို့တွေ ဇာတ်လမ်းဆင်ထားတာလား?'
ဤသည်မှာ ဆာစီးနီယာ၏အမြင်ဖြစ်သည်။
'လွန်ခဲ့သောသုံးနှစ်က မြို့စားမင်းမိသားစုဆီ ဘန်ပြန်ရောက်ချိန်မှာ ဇာတ်လမ်းတစ်ခုဖန်တီးထားခြင်း ဖြစ်မည်'
ကျွန်ပြုခံရသည်မှာ မြို့စားမင်း ဂုဏ်ပုဒ်နှင့် မအပ်စပ်သောကြောင့် သူပျောက်နေသည့် နှစ်များကို အိပ်ယာထဲ ဖျားပြီးလဲနေသည်ဟု ဇာတ်လမ်းဆင်ထားခြင်းဖြစ်မည်။ ဆာစီးနီယာက သူမတွေးမိသော ဖြစ်နိုင်ချေရှိသည့် အမြင်အပေါ် ခေါင်းငြိမ့်နေမိသည်။ မသေချာသော်လည်း ဤသည်မှာ အဖြစ်နိုင်ဆုံးသော အရာဖြစ်သည်။ မဟုတ်လျှင်ကား မည်သို့မှ အဓိပ္ပာယ်မရှိ။
"ဒါပေမယ့် ဘာလို့ ချမ်းသာတဲ့ မျိုးရိုးမြင့်မိသားစုကို စွန့်ခွာပြီး သူ့အမေနဲ့ လျှောက်သွားနေရတာလဲ?"
ဆာစီးနီယာက ဘာတွေဖြစ်ပျက်ခဲ့မှန်း မသိတော့။ သူမဘာသာ ဗားန်ကို ပြန်ဖြေရန်အတွက် ခေါင်းရှင်းဖို့ ထွက်လာခဲ့ခြင်းဖြစ်သည်။ အခုတော့ မူးနောက်လောက်အောင်ပင် သူမကြားလိုက်ရသည်များမှာ ရှုပ်ထွေးလှသည်။
"အဲ့ကောလဟာလတွေက အမှန်လား?"
"ဘယ် ကောလဟာလလဲ?"
"မြို့စားမင်းက စံအိမ်တော်ကို မိန်းမတစ်ယောက်ခေါ်လာတယ် ဆိုတာလေ"
ဆာစီးနီယာ တွေးတောနေသောအချိန်တွင်ပင် စကားလမ်းကြောင်းမှာ သူမနှင့်ဆိုင်သော ကောလဟာလများဆီသို့ရောက်သွားသည်။
"မြို့စားမင်းရဲ့ မိန်းမ?"
"သူကိုယ်တိုင်လိုက်စောင့်ရှောက်ပြီးတော့ သူ့အမှုထမ်း တွေကိုလည်း သေသေချာချာခစားခိုင်း၊ သူ့ရဲ့ ဇနီးလောင်းလိုဆက်ဆံခိုင်းထားတာ"
ဆာစီးနီယာမှာ အံ့အားသင့်ဖွယ် ကောလဟာများကြောင့် မင်သက်သွားရသည်။ ကောလဟာလများမှာ တကယ့် အချက်အလက်များအပေါ်အခြေခံထားသောကြောင့် အဓိပ္ပာယ်ရှိနေသည်။ ဘန်က သူမကို စံအိမ်သို့ခေါ်လာပြီး အမှုထမ်းများကိုလည်း စေခိုင်းထားသည်မှာလည်း ဟုတ်မှန်သည်။
"ဘယ်မိသားစုက ပါလိမ့်?"
"အဲ့ဒါတော့ ကျွန်မလည်း မသိဘူး။ ပြောကြတာကတော့ အဲ့မိန်းမက သာမန်လူပဲတဲ့"
ဆာစီးနီယာက ပူလောင်လာသည်။ ဤသို့ပြောဆိုနေကြသည်မှာ သူမကြောင့်ဟု အပြစ်ရှိသလိုခံစားနေရသည်။ နိဂုံးချုပ်ကြည့်လျှင် မြို့စားမင်းထံတွင် အမှုထမ်းပေါင်းများစွာရှိသည့်အတွက် ပါးစပ်ပေါက်တိုင်းကိုလိုက်မပိတ်နိုင်။ ပြောကြဆိုကြမည်ပင်ဖြစ်သည်။
"ဘယ်သူဖြစ်နိုင်လဲ?"
"ဟုတ်တယ်။ ကျွန်မလည်းပဲ အဲ့မိန်းမကိုမြင်ချင်နေတာ"
ဆာစီးနီယာက ထိုင်ခုံမှ ထထွက်လာခဲ့သည်။ ယခုအတိုင်းဆို သူမ၏ပုံပန်းသဏ္ဏာန်ကိုလည်း လူတွေသိနေနိုင်သည်။ သူမရဲ့ ဆံပင်နှင့် မျက်လုံးအရောင်ဖြင့်ပင် လူတွေအာရုံစိုက်မိသွားကာ ပေါ်ပေါက်သွားရသည်။ ထို့ကြောင့်အမြန်ပင် ထိုင်ခုံမှ ထွက်ခဲ့လိုက်သည်။
"ဒါနဲ့စကားမစပ် အာရွန်နီးယာကကော?"
"သူက မြို့စားမင်းကိုတအားသဘောကျနေတာလေ။ ခုတော့သွားပြီပေါ့။ ဟုတ်တယ်မလား?"
လေသာဆောင်မှ အမြန်ထွက်ခွာသွားသော ဆာစီးနီယာက ထိုစကားတို့ကို မကြားတော့ချေ။
"မမလေး ဆာစီးနီယာ!"
ဗားန်က ညို့မှိုင်းသောမျက်နှာဖြင့် စိတ်မသက်မသာ ပြန်ရောက်လာသော ဆာစီးနီယာကို ကြည့်နေမိသည်။ မေ၏ ဖျောင်းဖြမှုကြောင့် ဆာစီးနီယာ မရှိသည့်အချိန်တွင် ဗားန်မှာ ပုံမှန် ပြန်ဖြစ်လာသည်။
"စားလိုက်အုံး မေ"
ဆာစီးနီယာက ပြောရင်း ထိုင်ချလိုက်သည်။ မေ၏ ပန်းကန်ပေါ်မှ အချိုပွဲမှာ ထိပင်မထိထား။
"ကျွန်မက ခုနက ပတ်ကြည့်ရင်း အများကြီးစားထားလို့ ဗိုက်တင်းနေပြီ။ လေသာဆောင်ကကော ဘယ်လိုနေလဲ အစ်မ?"
မေက ကျန်နေသေးသော သူမ၏ ရေနွေးခွက်ကို မော့သောက်ပြီး ပြန်ချထားလိုက်သည်။
"ကြည့်ချင်ကြသေးလား? လေသာဆောင်က ကျယ်ကျယ်ဝန်းဝန်း နဲ့ လှနေအောင် တန်ဆာဆင်ထားတာ။ လှည့်ပတ်ကြည့်လို့ကောင်းတယ်"
ဆာစီးနီယာ၏ စကားအဆုံးတွင် မေက ခွင့်ပြုချက်စောင့်နေသလို ခုန်ထလိုက်ပြီး
"ညီမ ပြန်လာခဲ့မယ်!"
နောက်ကိုပင် ပြန်လှည့်မကြည့်ဘဲ လှေကားပေါ်သို့ အလျင်အမြန်တက်သွားကာ ဆာစီးနီယာနှင့် ဗားန်ကို နှစ်ယောက်ထဲ ချန်ထားခဲ့သည်။ ဗားန်က သူမကိုယ်သူမ အလွန်အပြစ်တင်နေခဲ့သဖြင့် ဆာစီးနီယာနှင့် နားလည်မှုလွဲခြင်းကို သေချာ ပြောဆိုနိုင်စေရန် ချန်ထားခဲ့ခြင်းဖြစ်မည်။
"ဗားန်"
ဆာစီးနီယာကတော့ မေတက်သွားသည်မှာ မဆိုးဟုတွေးမိသည်။ သူမသည်လည်း အခုကြားလာခဲ့သော ကောလဟာလများကို စံအိမ်တော်တွင် အမှုထမ်းနေသော ဗားန်အား သေချာမေးကြည့်ချင်သည်။
"ဟုတ်ကဲ့ ပြောပါ မမလေး ဆာစီးနီယာ"
ဗားန်က အမြန်ပြန်ဖြေရင်း ခုနက သူမပြောမိသည်များအတွက် အဆူခံရရင်လည်း နာခံကာ သူမ သေချာတောင်းပန်ချင်သည်။
" ဘန် အဲ မဟုတ်ဘူး အစ်မပြောတာ မြို့စားမင်း"
"ဟုတ်ကဲ့"
"ဟုတ်တယ်။ သူငယ်ငယ်တုန်းက တော်တော်ဖျားခဲ့သေးလား?"
မထင်ထားသော မေးခွန်းကြောင့် ဗားန်မှာ ခေါင်းကိုစောင်းရင်း တွေဝေသွားသည်။ သို့သော် သူမအမူအယာကို ချက်ချင်းပြုပြင်လိုက်ပြီး
"ကျွန်မ ကြားမိသလောက်တော့ အရှင်သခင်က မွေးလာကတည်းက ခန္ဓာကိုယ်က ပျော့တယ်။ အဲ့ဒါကြောင့်ပဲ ဘယ်တော့မှ လူမှုရေးပွဲတွေ မတက်ခဲ့ဘူး"
ဆာစီးနီယာကတော့ ဘန်၏ အတိတ်ကို သိသည့်အတွက် နားမလည်နိုင်။ သို့သော် ကောလဟာလအရ ဘယ်တော့မှ ပွဲမတက်ခဲ့သည်မှာ ဆာစီးနီယာ၏ အတွေးမှန်ပုံရသည်။
'သူမရှိတုန်း ဇာတ်လမ်းဆင်ထားခဲ့တာ'
"ဒါဆို မြို့စားမင်း ငယ်ငယ်ကတည်းက စံအိမ်တော်မှာ အမှုထမ်းခဲ့တဲ့သူရှိလား?"
"သေတော့ မသေချာဘူး။ ဒါပေမယ့်.."
ဗားန်က ပြောရန်ပြင်လိုက်သော်လည်း ရပ်တန့်သွားသည်။ ခုနကပင် မသေချာသော ကောလဟာလများကို ပြောမိသည့်အတွက် ဆာစီးနီယာရဲ့ မုန်းတီးတာ ခံရတော့မလိုဖြစ်ခဲ့သည်။
"ကိစ္စမရှိဘူး ညီမသိသလောက် အကုန်သာပြောနော်"
စိတ်အလိုမကျသဖြင့် ဆာစီးနီယာမှာ ဗားန်နားသို့ ခုံကိုဆွဲရင်း ပိုတိုးကပ်လိုက်သည်။
"မြို့စားမင်းနေပြန်ကောင်းလာတာ ခြောက်လလောက်တော့ရှိပြီ။ အဲ့အချိန်မှာ မြို့စားမင်းခြံဝင်းထဲက အစေခံတွေအကုန်လုံးကို အသစ်တွေနဲ့ လူစားလဲလိုက်တာ"
"တပြိုင်ထဲလား"
"ဟုတ်တယ်မမလေး။ နည်းနည်းပဲကျန်တာ။ တချို့ကိုအလုပ်ထုတ်ပြီး လူသစ်တွေခန့်လိုက်တာ"
'ဒါက ဘာကိုဆိုလိုတာလဲ..?'
'ဘာတွေများဖြစ်ခဲ့တာလဲ..?'
ဆာစီးနီယာက လက်ပိုက်ရင်း နောက်မှီပေါ် မှီချလိုက်သည်။
'ထူးတော့ထူးဆန်းတယ်'
ဘန်ပျောက်သွားသည်မှာ လွန်ခဲ့သောသုံးနှစ်ခန့်ကဖြစ်ပြီး မည်သို့ဖြစ်၍ လွန်ခဲ့သော ခြောက်လခန့်ကမှ နေပြန်ကောင်းလာကာ လူကြားထဲတွင် ပေါ်ထွက်လာခဲ့သည် မသိ?
ဤသည်မှာ မြို့စားမင်းခြံဝင်းတွင် အရိုက်အရာဆက်ခံရန်နှစ်နှစ်တာ အတန်းတက်ရောက်ခဲ့သည်ပေလား?
ထိုသို့ဆိုလျှင် အရိုက်အရာဆက်ခံရန်အတွက် အချိန်နှစ်နှစ်သာ ယူခဲ့ရသည်ဟု ဆိုလိုသည်လော?
သို့ရာတွင် သူပျောက်သွားသည့် အချိန်နှင့် အစေခံများကို ထုတ်ပစ်လိုက်သည့် အချိန်အပိုင်းအခြားမှာမူ အဓိပ္ပာယ်မရှိ။ ဘန်၏ အတိတ်ကို မသိစေချင်ခဲ့လျှင် လွန်ခဲ့သောသုံးနှစ် ဘန်မရောက်မီကပင် အစေခံများကို လဲလှယ်ခဲ့ပေမည်။
"ဒါဆို ဘဏ္ဍာထိန်းကကော? သူကတော့ လုပ်နေတာကြာပြီမလား?" ဆာစီးနီယာက ချက်ချင်းမေးလိုက်သည်။
ဘဏ္ဍာထိန်းများကမူ မိသားစုအတွက် အချိန်ကြာမြင့်စွာ အလုပ်လုပ်ကြသည်မှာ သဘာဝပင်ဖြစ်သည်။
"ဘဏ္ဍာထိန်းမာချန်းကလည်း လုပ်တာသိပ်မကြာသေးပါဘူး။ သူ့မတိုင်ခင် အရင်မြို့စားမင်းကို အမှုထမ်းခဲ့တဲ့ ဘဏ္ဍာထိန်းဗားဒစ်ကတော့ ရာထူးကနေ အနားယူပြီး တခြားနေရာကိုပြောင်းသွားခဲ့တာ"
အနည်းငယ်မျှသော သဲလွန်စကို ရရန်အခွင့်အရေးသည်ပင် ဗားန်၏ အဖြေနှင့်အတူ ဖုန်ကဲ့သို့ လွင့်ပါသွားခဲ့သည်။ ဤသို့ဆိုလျှင် သိနိုင်လောက်သည့် မည်သူတစ်ယောက်မှ ကြာမြင့်စွာအလုပ်လုပ်မနေခဲ့ကြ။ သူတို့ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားတာဖြစ်နိုင်သည်။ စံအိမ်တော်အတွက် အလုပ်လုပ်နေသော အမှုထမ်းများအားလုံးကို တစ်ရက်ထဲတွင် လဲပစ်လိုက်သည်မှာ သာမန်မဟုတ်။
ဆာစီးနီယာမှာ ဝင်္ကပါထဲတွင် ထွက်ပေါက်ပျောက်နေသလိုခံစားနေရသည်။ ရှေ့သို့တိုးလေလေ စက်ဝိုင်းလိုလည်နေလေလေပင်။ သဲလွန်စတစ်ခုမျှပင် ရှာမတွေ့။ သူမခေါင်းထဲ ပြည့်နှက်နေသဖြင့် ခေါင်းလှည့်လိုက်ရင်း တစ်ခုခုများ သူမ လွတ်သွားတာရှိမလားဟု မေးစေ့ကို လက်သွယ်သွယ်လေးများဖြင့်ကိုင်ရင်း စဉ်းစားနေမိသည်။
"အားချန်! အားချန်ကကော!"
ဆာစီးနီယာက အော်လိုက်မိသည်။
သူမ မေ့နေသော တစ်စုံတစ်ယောက်ကို အခုမှ သတိရလိုက်မိသည်။ ဘန်ရဲ့ ဘေးနားတွင် အမြဲရှိသော အားချန်သည် ဘန်၏ အနီးဆုံးသော လက်ထောက်ပင်ဖြစ်သည်။
"အာ! ဟုတ်တယ်! ဆရာအားချန်က အခုအချိန် စံအိမ်တော်မှာ အကြာဆုံး အမှုထမ်းခဲ့တဲ့သူပဲနေမှာ!"
ဗားန်က အဖြေမှန်ကို စဉ်းစားလိုက်မိသလို ပြန်ဖြေလိုက်သည်။
နှစ်ယောက်လုံး စိတ်အနည်းငယ် သက်သာရ ရသွားသည်။ ဗားန်မှာ ဆာစီးနီယာကို အနည်းငယ်ကူညီလိုက်ရသဖြင့် ပျော်မိသလို ဆာစီးနီယာကလည်း အရှုပ်ထုပ်ကို စတင်ဖြည်နိုင်သလို ခံစားလိုက်ရသည်။
"ဟုတ်သားပဲ"
ပထမဆုံး သူမ အားချန်နှင့်တွေ့ရမည်။ ဘန် စံအိမ်တော်တွင် မနေကတည်းက အားချန်၏ မျက်နှာကိုတွေ့ရရန်ပင် မလွယ်ကူ။ ဆာစီးနီယာက ဘန်ကိုမေးလိုက်သည်မှာ အမြန်ဆုံးဖြစ်မည်ဟုသိသော်လည်း ဘန်က သူမကို သူ့ရဲ့ဒဏ်ရာများနှင့်ပတ်သက်၍ ပေးမသိခဲ့ချေ။
အားချန်နှင့်တွေ့ဖို့ရာမှာ ခက်ခဲသော်လည်း သူမ တွေ့ဖို့လိုအပ်သည်။ ဇာတ်လမ်းကို သူမ ကြားသိလေလေ တစ်ဖက်ဖက်ကတော့ ညာနေသည်ဟု သူမ သံသယရှိလေပင်ဖြစ်သည်။
'ဘန်ညာတာမဟုတ်ရင်တော့ ကောလဟာလတွေပဲ'
ဆာစီးနီယာ သူမအသက်ရှင်သန်ရန်အတွက် အကုန်လုံးကို သိရဖို့ လိုအပ်လေသည်။
"နေဝင်တော့မယ်"
လသာဆောင်မှပြန်လာသောမေက သူတို့နှစ်ဦးနားသို့ကပ်၍ ပြောလိုက်သည်။ ဆာစီးနီယာက ထိုင်ရာမှ ထပြီး ခုံကိုခပ်ဖြည်းဖြည်းလေး တွန်းဖယ်လိုက်သည်။
"သွားကြမလား?"
"ဟုတ်ကဲ့၊ ဆာစီးနီယာ"
ဗားန်လည်း သူမနောက်မှ လိုက်လာခဲ့သည်။
ဆာစီးနီယာမှာ ပြန်ရောက်လျှင် ရေစိမ်ကန်ထဲတွင် အကြာကြီးစိမ်ရန်စဉ်းစားထားသည်။ သူမအတွက် ပင်ပန်းသောနေ့တစ်နေ့ဖြစ်ရာ ရေကြာကြာစိမ်ဖို့ လိုအပ်နေသည်။
"ဆာစီးနီယာ?"
လှေကားပေါ်တက်ရန်ပြင်နေသော အနက်ရောင်နှင့်သူသည် ဆာစီးနီယာ၏ အမည်ကို ကြားသည်နှင့် ရေရွတ်လိုက်မိသည်။ အနက်ရောင်လူမှာ အပေါက်မှ ထွက်ခွာသွားသောသူ သုံးယောက်ကို စိုက်ကြည့်နေရင်း ထိုအထဲတွင်မှ ဆံပင်အနီရောင်နှင့် ဆာစီးနီယာကို နားမလည်နိုင်သော မျက်လုံးများဖြင့် ပျောက်ကွယ်သွားသည်အထိ စူးစိုက်ကြည့်နေလိုက်သည်။