Chapter 59
ရက်အတန်ငယ် ကြာသွားခဲ့သည်။
ဆာစီးနီယာက သဲလွန်စတစ်ခုရရန်ပင် မနည်းကြိုးစားနေခဲ့ရသည်။ သူမ ကြားခဲ့သော ကောလဟာလများကို ပတ်စုံစမ်းနေခဲ့သော်လည်း ဗားန်ပြောခဲ့သလိုပင် ထိုအချိန်တွင် ဘာတွေဖြစ်ခဲ့မှန်း မည်သူမှ မသိကြ။ သာယာသော ပန်းခြံထဲတွင် ဆာစီးနီယာ တစ်ယောက်ထဲ ထိုင်နေရင်း တီးတိုးရေရွတ်နေမိသည်။
"မျှော်လင့်ချက်ကတော့ ဆရာအားချန်ပဲရှိတော့တယ်"
အားချန်ကို သူမ မေးသင့်သည်ဟု တွေးမိသော်လည်း သူ့ကိုမတွေ့ရသည်မှာပင် အတော်ကြာပြီဖြစ်သည်။ ဘဏ္ဍာထိန်း၏ ပြောစကားအရ ဘန်နှင့် အားချန်တို့သည် ပိုင်နက်မြေကို စစ်ဆေးနေကြသည်ဟု ယခုအပတ်အတွင်း ဘန်ရောက်ရှိသည့်နေရာကို အခြားသူများထံမှ ပြန်ကြားရသည်။ ယခင်ကဆိုလျှင် သူ၏ အစီအစဉ်များကို ဘန်ကိုယ်တိုင်သူမကို ပြောပြမည်ပင်။ ယခုမူ တမင်ကို သူမကို ရှောင်နေသည်။
"အိမ်မှာ ဧည့်သည်တွေရောက်နေတာကို အိမ်ရှင်က ဘယ်ပျောက်နေတာလဲ!"
ဆာစီးနီယာက အော်ဟစ် စိတ်ရှုပ်နေသော်လည်း သူမမှာ အမှန်တကယ်တော့ ဘန်အတွက် စိတ်ပူနေမိသည်။
'သူက စံအိမ်တော်ကို ပြန်မလာနိုင်အောင်ကို တကယ် အလုပ်ရှုပ်နေတာလား?'
'အစာကော ကောင်းကောင်းစားရဲ့လား'
ဘန်နေမှ ကောင်းရဲ့လား သူမစိတ်ပူနေမိသည်။
"ဒါပေမယ့် သူ့မျက်နှာကို ခဏတောင် လာမပြနိုင်ရလောက်အောင် သူ့ကို ဂရုစိုက်တဲ့သူတွေအတွက် မတွေးဘူးလား!"
သူမက မကျေမနပ်နှုတ်ခမ်းစူပြောနေရင်းနှင့် တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ ပြန်စဉ်းစားကြည့်လျှင် ဆာစီးနီယာမှာ ဘန်၏ဇနီး မဟုတ်သလို ချစ်သူလည်း မဟုတ် ဤစံအိမ်၏ ဧည့်သည် သက်သက်သာဖြစ်သည်။ ထို့ကြောင့် သူ၏ လုပ်စရာမှန်သမျှကို သူမကို သတင်းပို့နေစရာမလို။ သို့သော် ဘန်မှာ အမြဲထိုသို့ပင်နေခဲ့ပြီး သူမတို့ ပြန်ဆုံတွေ့ချိန်မှစ၍ သူမနားမှ တစ်ဖဝါးမှ မခွာချင်ခဲ့။ ဆာစီးနီယာမှာ သူမကိုယ်သူမ သတိမထားမိခင်ပင် တုံ့ပြန်မှု လွန်ကဲနေမိသည်။ တွေးမိပြီး လည်ကုတ်တွင် စူးခနဲပင် ရှက်သွေးဖြာသွားမိသည်။ ဧည့်သည်သာဖြစ်သော သူမက ဘန့်အပေါ်ငြူစူနေမိသည်မှာ သူမဘာသာပင် မယုံနိုင်။
"ရူးပြီ။ ငါတော့ရူးနေပြီ"
နောက်ဆုံးပြန်တွေးလိုက်လျှင် သူမတို့၏ ဆက်ဆံရေးမှာ ယခင်အတိုင်းပင်ဖြစ်သည်။ သူမတို့ တစ်ယောက်၏ အတိတ်ကို တစ်ယောက်သိကြပြီး သာမန်ထက်အနည်းငယ်သာပိုသော ဆက်ဆံရေးသာဖြစ်သည်။ ထို့ကြောင့် သူမတို့ကြားထဲက စည်းကိုသေချာသတိထားရမည်။ သူမနှင့်ဘန်၏ ဆက်ဆံရေး မပျက်စီးချင်သဖြင့် ယခုကဲ့သို့ ဘောင်ကျော်ကာတွေးမိ၍မဖြစ်ချေ။
ဆာစီးနီယာမှာ ထိုင်နေရာမှ ထပြီး စိတ်ကိုကြည်လင်အောင် လှပသောဥယျာဥ်ကိုကြည့်ရင်း ခပ်ဖြည်းဖြည်းလျှောက်လာသည်။ သူမ နေ့တိုင်း ကြည့်မိနေသော ဤ ဥယျာဉ်မှာ နတ်သမီးပုံပြင်ထဲကလိုပင် လှပ ဆန်းကြယ်နေပေသည်။
ဥယျာဉ်၏ သေချာစွာ ညှိထားသော မြက်ခင်းများ သစ်ပင်များနှင့် ကောင်းကင်ပြာမှာ အပ်စပ်နေသည်။ ကျောက်စိုင်တုံးများပေါ်တွင်လည်း ငှက်လေးများက တစ်ခါတစ်ခါနားနေတတ်ကြသည်။ အရောင်အသွေးစုံလင်သော ပန်းပေါင်းမျိုးစုံမှာလည်း ဥယျာဉ်အနှံ့ဖူးပွင့်ကာ ရနံ့ပေါင်းစုံဖြင့် လွှမ်းခြုံထားသည်။
ထူးခြားသော ပန်းခြံကို ငေးမောရင်းပင် ဆာစီးနီယာ၏ ပူပန်မှုများ ကွယ်ပျောက်သွားသည်။ ပြိုးပြိုးပြက်ပြက် ရှုခင်းများဖြင့်လှပသော ဥယျာဉ်များကို သူမနှစ်ခြိုက်သည်။ ဤနေရာမှာ စံအိမ်တော်အတွင်းမှ သူမနှစ်ခြိုက်ရာ နေရာတစ်ခုဖြစ်ပြီး တိတ်လည်း တိတ်ဆိတ်သည်။ အမြဲတန်းရှုပ်ထွေးနေသော သူမ၏ အတွေးများကို ရှင်းရှင်းလင်းလင်းတွေးတောနိုင်အောင် ခေါင်းကြည်လင်သွားသည်အထိ ခံစားရအောင် ပေးစွမ်းနိုင်စွမ်းရှိသည်။
သူမသည် ကြီးမားသော ဥယျာဉ်ကိုဖြတ်ကာ ခပ်ဖြည်းဖြည်းပဲ စံအိမ်ဆီသို့လျှောက်လှမ်းလာခဲ့သည်။ လွန်ခဲ့သောရက်အနည်းငယ်က သူမအရင်တစ်ခါလို လမ်းမပျောက်စေရန် ဗားန်က သေချာလမ်းပြခဲ့သည်။ သူမ လျှောက်လာရင်းနှင့် အေးစက်သောလေပြေက တိုးအဝှေ့တွင် သူမကိုယ်လေး တုန်ခါသွားသဖြင့် တဘက်လေးကို ပုခုံးပေါ်သေချာ ပြန်ပတ်ခွေလိုက်သည်။
ဆောင်းဦးအဝင်မှာပင် တော်တော်ချမ်းစိမ့်လှသည်မှာ ဆောင်းရာသီရောက်ပြီဟု ကြွေးကြော်နေသလိုပင်။ ဆောင်းရာသီရောက်တွင် ဝတ္ထု၏ ပထမပိုင်းအစပျိုးပေလိမ့်မည်။
'သိပ်မကြာခင်ပဲ ဗားန်နဲ့ အိမ်ရှေ့မင်းသားတွေ့တဲ့အခန်း လာပါလိမ့်မယ်'
ဝတ္ထုအရ သာမန်သူကဲ့သို့ရုပ်ဖျက်ထားသော အိမ်ရှေ့မင်းသားသည် မြို့တော်တခွင်စစ်ဆေးရင်းနှင့် အန္တရာယ်ကြုံသော ဗားန်ကို ကယ်တင်လိုက်လိမ့်မည်။ နတ်သမီးပုံပြင်လိုပင် မြင်းဖြူစီးသောမင်းသားက မင်းသမီးကို အန္တရာယ်မှ ကယ်တင်လေလိမ့်မည်။
"ဒါက ပုံမှန်ဇာတ်လမ်းတစ်ပုဒ်ပါပဲ"
'ဒရာမာဇာတ်လမ်းတွေမှာ ပါနေကျအခန်းမျိုးပဲမလား?'
ဆာစီးနီယာမှာ ဗားန်နှင့် အိမ်ရှေ့မင်းသားတွေ့မည့် အခန်းကို တွေးတောနေရင်း စံအိမ်နောက်ပေါက်မှ ဝင်လာလိုက်သည်။
"ဒါဆို သူဘယ်တော့ ပြန်လာမှာလဲ?"
"ကျွန်တော်မသိပါဘူး ဒါ့ကြောင့် အတိအကျမပြောနိုင်တာ နားလည်ပေးပါ။ မမလေး အာရွန်နီးယာ"
စင်္ကြတစ်လျှောက်လမ်းလျှောက်လာရင်း လူနှစ်ယောက်စကားပြောနေသံကို ဆာစီးနီယာ မတော်တဆကြားလိုက်ရသည်။ အသံများဘယ်က လာသည်ကို လိုက်ကြည့်နေရင်း စံအိမ်၏ ရှေ့တံခါးအဝတွင် လူသုံးယောက်ရပ်နေသော ပုံပန်းသဏ္ဍာန်ကို မြင်လိုက်ရသည်။ တစ်ယောက်မှာ သူမ သိသော ဘဏ္ဍာထိန်း မားချန်ဖြစ်ပြီး အခြားနှစ်ယောက်မှာတော့ သူမ မသိသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။
"မြို့စားကလည်း သံအမတ်ကြီးနဲ့တွေ့ချင်နေတာ"
"ဟုတ်ကဲ့၊ သံအမတ်ကြီးပြန်ရောက်ရင် မြို့စား ဘလန်ဇွမ် တွေ့ချင်တဲ့အကြောင်း ပြောပြလိုက်ပါ့မယ်"
အာရွန်နီးယာ အမည်ရှိသော ဧည့်သည် အမျိုးသမီး၏ အသံမှာ ပျော့ပြောင်း ကြည်လင်နေသည်။ ဆာစီးနီယာက အနားရောက်သွားသည်နှင့် အာရွန်နီးယာ၏ ပြေပြစ်သောဝတ်စုံကို ပိုမိုရှင်းလင်းစွာ မြင်လာရသည်။ သူမ၏ တောက်ပသော စိမ်းမြရောင်မျက်ဝန်းများကို ဖြူဆွတ်သော အသားအရည်နှင့်လိုက်ဖက်သည့် အပြာနုရောင်ဆံပင်များဖြင့် တန်ဆာဆင်ထားသည်။ သူမ၏ ခရမ်းဖျော့ရောင်ဝတ်စုံတွင် လည်ပင်းနှင့် လက်များ၌ အစိမ်းနုပြောက်လေးများဖြင့် အလှဆင်ထားပြီး ရင်ဘတ်အလယ်တွင် ပန်းနုရောင်ဖဲကြိုးလေးချိတ်ဆွဲထားသည်။ ဆာစီးနီယာထက် ငယ်ပုံရသည့် အမျိုးသမီးမှာ ခြုံငုံကြည့်ရလျှင်ကျော့ရှင်း လှသည်။ သူမပြုလုပ်သော အမူအယာတိုင်းမှာလည်း ရည်မွန်ကာ သိမ်မွေ့သည်။ သူမမှာ ကောင်းမွန်စွာ ကြီးပြင်းလာသော သိမ်မွေ့စွာ မည်သို့ပြုမူပြောဆိုရန်နားလည်သည့် ဆာစီးနီယာလိုမဟုတ်သော ပြီးပြည့်စုံသောအထက်တန်းလွှာ အမျိုးသမီးတစ်ဦးပင်။
"နှုတ်ခွန်းဆက်သပါတယ် မမလေး ဆာစီးနီယာ"
ချဉ်းကပ်လာသော ဆာစီးနီယာကို သတိထားမိပြီး မားချန်က နှုတ်ဆက်လိုက်သည်။
"ဟုတ်ပြီ ဘဏ္ဍာထိန်း"
"..."
အာရွန်နီးယာမှာ ဆာစီးနီယာကို သတိပြုမိသွားပြီး သူမ၏ဘေးဘီကို ငဲ့ကြည့်လိုက်သည်။ သူမ၏ အစိမ်းရောင်မျက်ဝန်းများနှင့် ဆာစီးနီယာကို ခေါင်းအစခြေအဆုံး တစ်ချက်ကြည့်ပြီး ဘန်ကိုယ်တိုင်ခေါ်ဆောင်လာကာ ဖွက်ထားသော ဘန်၏ချစ်သူဟု ပြောကြသည့် အမျိုးသမီးမှာ မည်သည့်ပုံရှိမှန်း အကဲခတ်နေလိုက်သည်။ သူမ၏အကြည့်မှာလည်း ဆာစီးနီယာက မည်သည့်နေရာတွင်သူမထက် သာနေသလဲဟု အသေးစိတ်ကြည့်ရှုလေ့လာနေသည်။
ဆာစီးနီယာမှာမူ အာရွန်နီးယာကို နှုတ်ဆက်သင့်မဆက်သင့် ဆင်ခြင်စဉ်းစားနေသည်။ ယဉ်ကျေးမှုအရ နှုတ်ဆက်လိုသော်လည်း ထိုအမျိုးသမီး၏ ရန်လိုနေသည့်နှယ် အကြည့်စူးစူးများကြောင့် သူမ မနှုတ်ဆက်နိုင်။
"ဟမ်"
အာရွန်နီးယားက နှာခေါင်းရှုံ့ရင်း တစ်ဖက်သို့လှည့်သွားသည်။ အာရွန်နီးယား၏ ရည်ရွယ်ချက်မှာ ဆာစီးနီယာကို အရေးမစိုက်ဘဲ လျစ်လျူရှုထားရန်ပင်။ သူမက မားချန်ကိုပြောလိုက်သည်။
"ဒါဆို...ပြန်လိုက်ပါအုံးမယ်"
သူမ လှည့်မထွက်မှီ မကျေမချမ်းမျက်လုံးများဖြင့် ဆာစီးနီယာကို တစ်ချက်ကြည့်သွားပြန်သည်။
"ဂရုစိုက်ပြန်ပါ မမလေး အာရွန်နီးယာ ဘလမ်ဇွမ်"
ဘဏ္ဍာထိန်း၏စကားအဆုံးတွင် အာရွန်နီးယာကို စောင့်ရှောက်နေသော အစေခံက တံခါးမကြီးကို ဖွင့်လိုက်သည်။ အာရွန်နီးယာသည် သူမအစေခံ၏ အစောင့်အရှောက်ဖြင့် တံခါးဝမှ ကျော့ကျော့လေးလျှောက်လှမ်းသွားသည်။
"ဟမျ...ဘာလဲဟ!"
အံ့အားသင့်မှုဖြင့် ဆာစီးနီယာမှာ အာရွန်နီးယာ၏ ကျောကို စူးစိုက်ကြည့်နေမိသည်။ ထိုအမျိုးသမီး၏ မာန်မာနမှာ ငှက်တောင်ပံခပ်သလိုလျှောက်လှမ်းနေရင်းပင်ပေါ်လွင်နေသည်။
"စင်္ကြန်လျှောက်ရတာ ပျော်ပါရဲ့လား?" မားချန်က တံခါးပိတ်ရင်း မေးလိုက်သည်။
"အဲ့ဒါ ဘယ်သူလဲ?"
ဆာစီးနီယာက ညည်းတွားသံနှင့်မေးလိုက်မိသည်။ ဥယျာဉ်ထဲတုန်းကတော့ သူမ ကိုယ်သူမ စိတ်ကိုချုပ်တည်းမည်ဟု ဆုံးဖြတ်ထားသော်လည်း အခုတော့ ဒေါပွနေလေပြီ။ အဘယ့်ကြောင့် တစ်ခါမှ မတွေ့ဖူးသော အမျိုးသမီးက သူမကို လျစ်လျူရှုရပါသနည်း?
'ဘန်ရဲ့ ဧည့်သည်နှင့်တူသည်။ သူမနှင့် ဘန်ကြားဆက်ဆံရေးကို အထင်လွဲခြင်းများလား?"
အထင်လွဲသည်မှာ အမှန်ဖြစ်ရင်တောင်မှ သူမလုပ်ပုံမှာ ရိုင်းစိုင်းလှသည်။
"သူမက မမလေး အာရွန်နီးယာဘလမ်ဇွမ်ပါ။ မြို့စားဘလမ်ဇွမ်ရဲ့ တစ်ဦးတည်းသော သမီးပေါ့"
မားချန်က ဆာစီးနီယာကို မျက်လုံးချင်းတည့်တည့်ကြည့်ရင်းပြောလိုက်သည်။ ထိုအခိုက်တွင် သူ့အသက်အရွယ်အရ မျက်လုံးများထဲ၌ ခံစားချက်မပါသော်လည်း ပါးစပ်တွင်မူ အနည်းငယ် ပြုံးသယောင်ရှိနေသည်။
"ပြီးတော့ သူမက သံအမတ်ကြီးရဲ့ ဇနီးလောင်းဖြစ်လာနိုင်တယ်"
သူက ပြုံးရင်းပြောနေသော်လည်း မျက်လုံးမှာ အသက်မပါလှ။ သူ့အပြုံးတွင် အငြိုးအတေးမတွေ့ရသော်လည်း စူးများကဲ့သို့ ခံစားရသည်။ ဆာစီးနီယာမှာ မားချန်၏ မရင်းနှီးသည့် အမူအယာကို ပထမဆုံးမြင်လိုက်ရသောကြောင့် တောင့်တင်းမာကျောသွားသည်။ အမြဲတမ်းတရင်းတနှီး ပြုံးနေတတ်သော ဘဏ္ဍာထိန်းက သူ့ခံစားချက် အစစ်အမှန်တွေကို ရုတ်တရက်ဖွင့်ဟပြလိုက်ရာ သူမရုတ်တရက် အရိုက်ခံလိုက်ရသလို စိတ်လွတ်သွားရသည်။ သူမယုံကြည်ရသူတစ်ဦးက အချွန်နှင့် ထိုးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
"ကျွန်တော်အလုပ်ရှိသေးလို့ သွားလိုက်ပါအုံးမယ်"
ခုနကလို မဟုတ်ဘဲ မားချန်၏ အပြုံးမှာ မျက်လုံးထိပြန်ရောက်လာသည်။ ကျန်ခဲ့သော ဆာစီးနီယာ၏ မျက်နှာတွင်မူ အပြုံးတစိုးတစိမှ ရှာမရပေ။
သူမ၏ နီညိုရောင်မျက်လုံးများဖြင့် စံအိမ်တော်ကို တစ်ချက်ဝေ့ကြည့်လိုက်မိသည်။ သူမ ဘယ်နေရာရာရောက်ရောက် သူမကို လက်ခံသည်ဟု မခံစားရ။ ဘန် အခု ဒီမှာမရှိသည့်အတွက် သူမမှာ ဤနေရာတွင် ဘာမှ မဟုတ်ပေ။ ဘဏ္ဍာထိန်း၏ အမူအကျင့်ကြောင့် ဆာစီးနီယာမှာ သူမအတွက် အေးချမ်း သာယာစွာ နေနိုင်မည့်နေရာမရှိမှန်း သတိရမိသည်။ ဘန်မှလွဲ၍ သူမကို အလေးထား အသိအမှတ်ပြုမည့်သူ ကြိုဆိုမည့်သူမရှိပေ။
သူမမှာ ဤစံအိမ်တွင် မမျှော်လင့်ထားသော ဧည့်သည် လူတိုင်းအတွက်မကောင်းသော တစိမ်းတစ်ယောက်သာဖြစ်သည်။ သူမဤနေရာတွင် တစ်ပတ်ကျော်ကြာနေခြင်းသည် သူမကို စံအိမ်၏ အရှင်မ ဖြစ်မလာစေ။
"ငါပဲ အတွေးမှားနေတာပါ"
သူမရယ်လိုက်မိသည်။
မားချန်ပြောချင်သည်မှာလည်း ဘန်နှင့်သင့်တော်သော ကြင်ယာတော်မှာ အာရွန်နီးယားကဲ့သို့ မျိုးရိုးမြင့်မြတ်သောသူဖြစ်သည်။ သူမလိုလူ မဟုတ်။ ဤမြို့စားမင်းခြံဝင်း၏ သခင်မသည် မျိုးရိုးမြင့်မား ဂုဏ်သိက္ခာရှိကာ ပင်ပန်းစွာ မကြီးပြင်းခဲ့ရသူပင်ဖြစ်လိမ့်မည်။ ဆာစီးနီယာတွေးထင်ထားသည်မှာလည်း ထိုသို့ပင်ဖြစ်သည်။ မားချန်၏လှောင်ပြုံးမှာ သူမနဂိုကတည်းက သိထားသောအရာတစ်ခုကို သတိပေးရုံမျှသာ။ သို့သော် သူမအတွက် စိတ်အနှောင့်အယှက်ဖြစ်ရသည်။
"တွေးထားသလိုပဲ။ ငါ့ဘာသာ တစ်ယောက်ထဲ တိတ်တိတ်လေးပဲ နေခဲ့သင့်တာ.." သူမ၏ အသံမှာ ပဲ့တင်ထပ်လာသည်။
အခုအချိန်ထိ သူမကို ဘယ်နေရာကမှ အပြည့်အဝမကြိုဆို။ ဘယ်နေရာသို့ရောက်ရောက် သူမမှာ တစ်ယောက်ထဲ အထီးကျန်နေခဲ့ရသည်။
သူမ၏ ခါးသီးစွာ တုန်ခါနေသော နှလုံးသားကို မေ့ပစ်လိုက်ရင်း လှေကားထက်သို့တက်လာခဲ့သည်။
'ဘန်ဘေးနားမှာရှိနေရင် ဒါမျိုးတစ်ခါမှ မခံစားရဘူး'
လူတစ်ယောက်မရှိလိုက်သည်နှင့် ခံစားရသည်တို့ ကွဲပြားခြားနားလွန်းလှပုံမှာ သူမပင် အံ့အားသင့်ရသည်။
"မမလေး ဆာစီးနီယာ ရောက်လာပြီလား"
ဗားန်က လှေကားထက်မှ ဆင်းလာရင်း ဆာစီးနီယာကိုတွေ့သောအခါ သိသိသာသာ ပြုံးပြလိုက်သည်။
"ဗားန်"
ဆာစီးနီယာမှာ သူမရှေ့ရှိ အမျိုးသမီးကို ပြန် ပြုံးပြဖို့ ကြိုးစားနေရသည်။ ဗားန်က သူမ၏ အမူအယာအပြောင်းအလဲကို သတိထားမိကာစိတ်ပူသော်လည်း ပုံမှန်အတိုင်း ဆက်ဆံလိုက်သည်။
"ညီမဘာလို့ ဒီရောက်လာတာလဲ?"
"မမလေး ပေါ်မလာလို့ လမ်းပျောက်နေတယ်ထင်လိုက်လို့ပါ"
"အစ်မ အခု လမ်းမှတ်မိနေပါပြီ ။ စိတ်ပူစရာမလိုတော့ပါဘူး"
ဆာစီးနီယာမှာ ဗားန်နှင့်စကားပြောရင်း သူမအခန်းဆီသို့ပြန်လာခဲ့လိုက်သည်။ သူမ ဒီနေ့ ဘာ့ကြောင့်မှန်းမသိ ဘန်ကိုပိုသတိရနေမိသည်။